အိမ့်မှူးပိုင်က စာချုပ်တစ်ခုကို ဖိုင်ထဲက ထုတ်ကာ ကွန်းကို ကမ်းပေးလာသည်။ ဟန်က မည်သည့် စကားမှ မဆို။ နှုတ်ဆိတ်၍သာ နေ၏။ လှရက်လွန်းသော မျက်ဝန်းပြာလေး တစ်စုံမှာ ပကတိ တည်ငြိမ် ကြည်လင်လှသည်။

အိမ့်မှူးပိုင်က ဘောပင်ကို ပေးရင်း စာချုပ်ပေါ်က လက်မှတ် ထိုးရမည့် နေရာကိုပါ ညွှန်ပြသည်။

" ကိုသင်ခဟန်ဘက်က ဘာများ ပြောစရာ ရှိပါသေးလဲ "

ဟန်က ခေါင်းခါရုံသာ တုံ့ပြန်သည်။ ပြီးနောက် လက်မှတ်ထိုးနေသည့် ကွန်းဆီ အကြည့် ပို့၏။ ခပ်လျှမ်းလျှမ်းပင် ဖြစ်သည်။ မည်သည့် ခံစားချက် အငွေ့အသက်မှ မပါရှိ။

" ဒါဆို ကျွန်မကို ပြန်ခွင့်ပြုပါဦး "

တာဝန်ယူထားသည့် အလုပ်ကိစ္စပြီးသည်နှင့် အိမ့်မှူးပိုင်က နှုတ်ဆက်ကာ ပြန်ဖို့ ပြင်သည်။ မျက်တောင် တစ်ဖျတ် ခတ်ရင်း ဟန်က ခေါင်းညိတ် ပြသည်။ ဦးပိန်နဲ့ ဒေါ်ခင်ခင် အိမ့်မှူးပိုင်ကို အိမ်ရှေ့ထိ လိုက်ပို့ပေးဖြစ်၏။

အဘွားဖြစ်သူ နောက်ဆုံး မှာကြားခဲ့သော နှုတ်စကားနှင့် ပတ်သက်ပြီး ဟန်က သူ့ရဲ့ သဘောထားကို မည်ရွေ့မည်မျှ ထုတ်ဖော် မပြောခဲ့ပေ။

ဟန်က စကားနည်းသည်။ ဟန်က အနေအေးသည်။ ကြည်လင်လွန်းသော ဟန့်မှာ လူကို ရှိန်စေနိုင်စွမ်း ရှိသလို လွယ်လင့်တကူ အရောဝင်၍ မရနိုင်သော အဟန့်အတား တစ်ကိုလည်း ပိုင်ဆိုင်ထားသည်။

******

" ကာ .. ကာ "

" ဟင်။ ဘာလဲ ကွန်း။ ဘာလိုချင်လို့လဲ "

ရေခဲသေတ္တာထဲ အသားဘူးတွေကို စီထည့်ရင်း ဒေါ်ခင်ခင် ပြန်ထူးလိုက်သည်။ ဟန် ဘာတွေ ကြိုက်တတ်သလဲ ဒေါ်ခင်ခင် မသိပေမဲ့ အဆင်ပြေရာလေးတွေ စဉ်းစားပြီး ညနေစာကို ချက်ပြုတ်ထားသည်။ ဒါပေမဲ့ အိမ်ကို ရောက်ပြီးကတည်းက ဟန့်ကို ထမင်းစားပွဲဝိုင်းမှာ ထိုင်နေတာ မတွေ့ရသေး။ ပေါင်မုန့်တစ်ချို့နဲ့ အအေးဘူးတွေသာ လျော့သွားသည်။

" မျက်ဝန်းပြာလေးက ဘာပြောလဲ "

" ဟမ် ! ဘာ ! ဘာကို "

Between Us Where stories live. Discover now