"ခဏနေပါဦး... မင်းအခု... ငါ့အပေါ်သံသယဝင်နေတာလား...? ငါက... ငါက မင်းခမည်းတော်ကိုသတ်ခဲ့တဲ့တရားခံလို့ထင်နေတာလား...? ငါ့အခန်းထဲမှာရှိနေတဲ့ ဒီအဆိပ်ရည်ပုလင်းလေးကြောင့်လေ..."

"အဲဒါဆို မင်းငြင်းမှာလား...? ငါ့ရဲ့စွပ်စွဲချက်တွေကို..."

မေးလာတဲ့ ဂျွန့်စကားနောက် ကိုယ်ဘာမှပြန်မဖြေမိဘဲ ဂျွန့်ကိုသာမျက်ရည်တွေဝေ့ဝဲလျက်စိုက်ကြည့်နေမိသည်...။
ထင်ရက်လိုက်တာ၊ သံသယဝင်ရက်လိုက်တာ...။
ခပ်စိမ်းစိမ်းကြည့်နေတဲ့ မင်းအကြည့်တွေက ငါ့ကိုရန်သူတစ်ယောက်လို သတ်မှတ်နေတာ...၊ ငါဘယ်လိုဖြေရှင်းချက်ပေးရမလဲ ဂျွန်...။
ငါ့ရဲ့ငြင်းဆိုချက်တွေက မင်းအတွက်အရာဝင်နိုင်ပါဦးမလား...။

ပါးစပ်ကနေ စကားတစ်ခွန်းမှထွက်မလာဘဲ လက်ထဲကစက္ကူလုံးကိုသာ ကျစ်ကျစ်ပါအောင် ခပ်တင်းတင်းဆုပ်ထားမိတော့၏...။
ထိုအခါ ဂျွန်ဟာကိုယ့်အရှေ့ကိုတစ်လှမ်းချင်းလျှောက်လာပြီး ကိုယ့်မျက်နှာကို‌မျက်တောင်မခတ်စိုက်ကြည့်ကာ အနားကနေထွက်သွားလေသည်....။
အိမ်တော်အဝင်ဝအရောက်မှာတော့ အပြင်မှာရှိနေတဲ့ ရဲမက်တစ်ချို့ကို...

"ဒီကင်အိမ်တော်ကိုအစောင့်တွေထပ်ချပြီး နေ့ရောညပါ စောင့်ကြည့်...! ငါ့အမိန့်မပါဘဲ အပြင်ကလူတွေအထဲဝင်လာခွင့်မရှိသလို၊ အထဲကလူလည်းအပြင်ထွက်ပိုင်ခွင့်မရှိဘူး...! ကြားလား...!?"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး...!"

ထိုအမိန့်ကိုပေးပြီး အိမ်တော်ထဲကနေခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားပြီဖြစ်သော ဂျွန်...။
ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိတဲ့ကိုယ်ကသာ သူထားခဲ့တဲ့အတိုင်းထိုနေရာကနေ တစ်စက်ကလေးမှမရွေ့ရသေး...။

အခု ကိုယ့်ကိုအကျယ်ချုပ်ချသွားတဲ့သဘောလား...။
သံသယရှိတဲ့တရားခံတွေကို အကျယ်ချုပ်ချသလို ကိုယ့်ကိုလည်း တရားခံလိုသဘောထားပြီး အကျယ်ချုပ်ချသွားခဲ့တာလား...။

အဖေ့ရဲ့အပြစ်တွေကို ဂျွန်သိသွားပြီလို့ သတင်းရလို့ ဂျွန်များစိတ်ဆင်းရဲနေမလားဆိုတဲ့စိုးရိမ်စိတ်နဲ့ အပြေးလာခဲ့ပေမယ့် ပြန်ရလိုက်တာက ကြံရာပါဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီလိုအကျယ်ချုပ်ချခံရခြင်းသာ...။
မင်းကငါ့ကို တကယ်ပဲမင်းခမည်းတော်ကိုသတ်ခဲ့တဲ့ ကြံရာပါလို့ထင်တယ်ပေါ့လေ ဂျွန်...။
တကယ်ပဲ ထင်ရက်တယ်ပေါ့...။

Emperor's Empress [Completed]Where stories live. Discover now