" အမှန်ပဲလေ အစ်မရာ၊ မောင်တို့လို ချစ်မိတဲ့ယောကျာ်းလေးတွေမှာတော့ မျှော်လင့်ချက်တစ်ခုကို ပိုက်ထားရတာ၊ ချစ်လိမ့်နိုး ချစ်လိမ့်နိုးနဲ့ နေ့တိုင်းမျှော်ရတာ၊ သတ္တိမွေးပြီး ချစ်တယ်လို့ပြောမိကာမှ မချစ်ဘူးလို့ ပြန်အငြင်းခံရပြီဆိုရင် အဲတာ အမုန်းခံရတာပဲပေါ့"

"လောကြီးမှာ အချစ်နဲ့အမုန်းပဲရှိတာမှမဟုတ်တာ၊ ဥပမာ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်သူမတော်ချင်ဘူး၊ ဒါပေမဲ့ သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်မယ်ဆို ရသေးတာပဲ၊ သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာဟာ ချစ်ခြင်းနဲ့ မုန်းခြင်းရဲ့ကြားက ပေါင်းကူးတံတားပဲလေမဟုတ်ဘူးလား"

သည်လိုပြောတော့ စောမောင်က သက်ပြင်းကြီးတစ်ချက်ရှိုက်သည်။ ခေါင်းကို တဆတ်ဆတ်ညိမ့်သည်။

ထို့နောက် မှတ်ချက်ပြုသည်က_
" အစ်မက တစ်ကယ်စကားတတ်တာပဲ" ဟူ၍။

ဟုတ်ပါရဲ့လေ။ မိမိကိုယ်တိုင်ကပင် တကယ့်ကို စကားတတ်သည်ထင်ပါရဲ့။ သည်လိုမှတ်ချက်မျိုး နွယ့်ဆီက မကြာခဏ ကြားဖူးခဲ့သည်မဟုတ်ပါလား။

"အစ်မ အဘွားလေးရှိလား"

"ရှိတယ် ငုဝါရေ၊ နောက်ဖေးမှာထင်တယ်"

ရုတ်တရက် ရောက်လာသော ငုဝါကြောင့် စောမောင်၏ စကားတို့ တိခနဲတိတ်ကျသွားသည်။
အခု‌တစ်လော ငုဝါဟာ ယွန်းမှီအား ခပ်စိမ်းစိမ်းဆက်ဆံနေသည်။ စကားကိုလည်း လိုအပ်သလောက်ပင်ပြောလျက် ခါတိုင်းလို လောကွတ်မျိုးတောင် သိပ်မပြောချင်။

ဤသည်လည်း အဆန်းတော့ မဟုတ်လှ။ နွယ့်နှင့် မိမိအကြောင်းအား ရိပ်စားမိနိုင်မည့် ပထမဆုံးသူသည် ငုဝါသာလျင် ဖြစ်နိုင်သည်မဟုတ်ပါလား။ မြတ်နိုးရသူအား မျက်ဆုံးတစ်ဆုံး ငေးမောရသူအဖို့ ပြောင်းလဲမှုတိုင်းကို ဧကန်သိနိုင်လိမ့်မည်သာ။

"အဟွတ် အဟမ်း !! "

ချောင်းဟန့်သံနှင့်အတူ ဘွားမှီက အိမ်ရှေ့ရောက်လာသည်။ ထို့နောက် ထုံးစံအတိုင်းပင် ဘွားမှီ၊ စောမောင်နှင့် ငုဝါတို့သုံးယောက်သည် ရပ်ရွာရေးရာ အဖြာဖြာကို ဆွေးနွေးတိုင်ပင်ကြတော့သည်။ ထိုအခါတွင် မိမိဟာ အပြင်လူဖြစ်သွားသည်။ ကျန်မြေးဘွားသုံးယောက်၏ အရေးကြီးကိစ္စများကို ဆွေးနွေးသည့်ဝိုင်းအား ရေနွေးကြမ်း၊ အချိုပွဲတို့နှင့် ဧည့်ခံထောက်ပံ့ပေးရသူအဖြစ်သို့ ရောက်သွားတတ်သည်။ ယွန်းမှီလည်း မိမိ၏ တာဝန်ပြီးသည်နှင့် ထိုနေရာမှာ ဆက်မနေတော့။ အကြောင်းရှာ၍ အပြင်ထွက်သွားလေ့ရှိသည်သာ။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now