"ဘာကိစ္စရှိလို့လဲ ကိုယ့်ကိုပြောလေ"

"မှူးငယ်တို့အဖွဲ့ အလှူလေးလုပ်မလို့လေ။ အဲဒါ ကိုကိုရော ပါရင်ကောင်းမှာပဲလို့။ ဒါပေမဲ့ ရပါတယ်။ ကိုကိုစီစဉ်ထားပြီးသားကိစ္စကို မဖျက်ပါနဲ့"

"မှူးငယ်တို့ လေးယောက်တည်းလား"

"ဟုတ်တယ်။ မှူးငယ်တို့ လေးယောက်ပဲ။ လုပ်နေကျ အလှူလေးပါပဲ။ ဘာမှ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး"

"အင်း။ မှူးငယ်က ကိုယ့်ကို ကြိုတော့မပြောဘူး"

"မှူးငယ်တို့လည်း တစ်ယောက်စောင့် တစ်ယောက်စောင့်နဲ့မလို့ ဘယ်နေ့မှန်း အတိအကျ ကြိုတွက်လို့မရဖြစ်နေတာ။ ဒီနေ့မှသာ အတည်ပြုဖြစ်တာ။ ကိုကိုလည်း ချိန်းထားတာပဲ သွားလိုက်ပါ။ ကိုကိုလည်း ကောင်းတဲ့ကိစ္စ သွားလုပ်တာပဲ"

မှူးငယ်က ကိုကို့မျက်ဝန်းများကို ကြည့်ကာ ပြုံးတော့ ကိုကိုကလည်း မှူးငယ်ကို အပြုံးအေးအေးလေးနှင့် ပြန်ပြုံးကြည့်သည်။

"ဒီနေ့ ပင်ပန်းလာတယ်မလား။ အိပ်တော့"

မှူးငယ်က မျက်လုံးလေးမှိတ်တော့ ဇွဲသူရကိုက ညမီးပြောင်းပြီး ညမီးရောင်အောက်မှ မှူးငယ်မျက်နှာလေးကို ကရုဏာသက်စွာ ငေးကြည့်နေရှာသည်။

"ကိုကို"

မျက်လုံးမှိတ်ထားသူက ခေါ်လာသည်။

"ဟင်"

"မှူးငယ် အခုတလော တော်တော်ရုပ်ဆိုးသွားလားဟင်"

"မဆိုးပါဘူး မှူးငယ်ရ။ ဘယ်သူက ပြောလဲ"

"ဘယ်သူမှ မပြောပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထင်တာ။ ပြီးတော့ အခုတလော ဝက်ခြံတွေလည်း ထွက်လာတယ်"

မှူးငယ်က ပါးရိုးဆီမှ ဝက်ခြံလေးကို လက်ညိုးလေးနှင့်ထိကာ ပြောလာသည်။

"ရုပ်မဆိုးပါဘူး။ ဝက်ခြံထွက်တာ အစားအသောက်၊ အနေအထိုင်နဲ့လည်း ဆိုင်တယ်လေ။ မှူးငယ် အခုတလော အပူအစပ်တွေ တအားစားတာရယ်၊ ညညဆို အိပ်ရာဝင်နောက်ကျတာတွေရယ်ကြောင့် ဝက်ခြံထွက်လာတာ။ အဲဒါလေးတွေ ဆင်ခြင်လိုက်ရင် ရပြီ"

ဇွဲသူရကို မှူးငယ့်နဖူးပေါ် လက်ဝါးလေးနှင့် အုပ်ကာ...

"အခုညတော့ စောစောအိပ်လိုက်တော့။ တစ်နေကုန်လည်း ပင်ပန်းထားတာ။ နောက်ညတွေလည်း စောစောအိပ်ပျော်အောင် ပြန်အကျင့်လုပ်ပေး"

မေတ္တာနွံWhere stories live. Discover now