ထိုညက ကျွန်မထံ ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာပါသည်။ ကိုင်လိုက်တော့ သူ့သတင်းဆို ကျွန်မကို အမြဲပြောပြတတ်သော မြို့ထဲတွင်နေသည့် သူငယ်ချင်းရယ်။ ဖုန်းမဆက်စဖူးမို့ အံ့ဩနေသည်။ ထို့ထက် ပိုအံ့ဩရသည်က သူငယ်ချင်းထံမှ ကြားရသော စကားများ။ အဆဲစကား တစ်လုံးနှစ်လုံးပါသည်။ ကျွန်မက သူတို့ကျူရှင် ကိစ္စတွင် ဝင်နှောင့်ယှက်သည်တဲ့။ သူရိန်လင်းကို သင်္ချာကျူရှင်မတက်ဖို့ ကျွန်မက အားပေးအားမြှောက်ပြုသည်တဲ့။ သူငယ်ချင်း ဒေါပွနေသည့် အကြောင်းရင်းမှာ လူများလျှင် ကျူရှင်ခသက်သာမည်။ သူရိန်လင်းက တက်မည်ပြောပြီး ကျွန်မပြောလိုက်၍ မတက်ဖြစ်တော့သည်မို့ သူတို့ပိုက်ဆံပိုကုန်တော့မည်။ ဒါပါပဲ။
ကျွန်မ ပါးစပ်အဟောင်းသားနှင့် နားပဲထောင်နေလိုက်နိုင်သည်။ ဘာမှ ပြန်ပြောခွင့်မရလိုက်။ ဒေါသတကြီး ဖုန်းချသွားသည်။
ဪ သူရိန်လင်းရယ်...မတက်နဲ့လို့ တစ်ခွန်းမှ ငါမပြောရပါဘဲ ငါက မတက်ခိုင်းလို့တဲ့လား။ ငါကြားထဲက အပြောအဆိုခံလိုက်ရတာပဲ။
ရင်တွင်းမှလာသော လေပူတစ်ချက်ကိုသာ ကျွန်မ မှုတ်ထုတ်ပစ်လိုက်သည်။ ကျွန်မ သူ့ကို ထိုကိစ္စ နှင့် ပတ်သတ်၍ တစ်ခွန်းမျှ ပြန်မမေးဖြစ်ခဲ့ပါ။
သူ့ကိုမပြောဖြစ်ခဲ့သော်လည်း ဒိုင်ယာရီထဲတွင်ကား 'မိန်းမတစ်ယောက်ဟာ သူချစ်တဲ့ ယောကျ်ားတစ်ယောက်အတွက် တခြားသူတွေရဲ့ အပြောအဆိုကို ခါးစည်းခံပါတယ်၊ ဒါပေမဲ့ ငါငြိမ်ခံနေမှာ မဟုတ်ဘူး' ဟု ရေးခဲ့မိသည်။ လက်ရှိအချိန်တွင် ပြန်စဉ်းစားကြည့်သည့်အခါ ရယ်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။ ကြီးကြီးကျယ်ကျယ်တွေ ရေးခဲ့ပါလားဟုလည်း ကိုယ့်ကိုယ်ကိုယ် အံ့ဩမိရသေး၏။
အတန်းထဲတွင် သူနှင့် ကျွန်မ သည် ခုံတန်းတစ်တန်းနှင့် တစ်တန်းကြား လျှောက်လမ်းနှင့် ကံထူးသာ ခြားသော နေရာတွင် ထိုင်ကြပါသည်။ သူသည် ကံထူးနေရာသို့ ခဏရွှေ့လာသည်။
'နွေ....ရော့' ဟုဆိုကာ ကျွန်မရှေ့သို့ ပိုက်ဆံများ ကမ်းလာသည်။
'ဘာလုပ်ရမှာလဲ'
'သိမ်းထားဦး၊ အိမ်ကတောင်းလာတာ၊ ကျူရှင်လခတွေ၊ လမကုန်ခင် ငါသုံးမိမှာစိုးလို့၊ စုစုပေါင်း လေးသောင်း'
YOU ARE READING
ရင်ထဲကနွေ
အပိုင်း(၁၉)
Start from the beginning