နာရီနဲ့ချီပြီးတော့ ပုံဆွဲရတာ ကြာတော့ ပျင်းရိလာသည်။ မဝင်တာကြာသည့် စာဖတ်ခန်းထဲကို ဝင်လာလိုက်သည်။ စာဖတ်ခန်းထဲ ဝင်လာတာနဲ့ စာအုပ်ဟောင်းရနံ့ကို ချက်ချင်း တန်းပြီးတော့ ခံစားမိသည်။ စာဖတ်ခန်းထဲက စာအုပ်အများစုမှာ အင်္ဂလိပ်ဝတ္ထုရှည်များ ဖြစ်သည်။ ဂျောင်ဝူက အင်္ဂလိပ် ဝတ္ထုရှည် ဖတ်ရတာကို သဘောကျသည်။
ဒီစာအုပ်တွေက ဂျောင်ဝူ့ကို သတိရတဲ့အချိန်တိုင်း ကျွန်တော် ဝယ်စုထားသည့် စာအုပ်များဖြစ်သည်။ အခုတော့ ဒီစာအုပ်တွေက စာဖတ်ခန်းတစ်ခန်းလုံးပင် အပြည့်ဖြစ်နေပြီ။

ဝတ္ထုတစ်အုပ်ကောက်ကိုင်ပြီးတော့ ဆိုဖာမှာ ထိုင်ချလိုက်ကတည်းက ငိုက်မြည်းလာသလိုပင်။ စာအုပ် တစ်မျက်နှာ၊ နှစ်မျက်နှာလောက် ဖတ်ပြီးတော့ မျက်လုံးတွေ ပိတ်ကျသွားသည်။ ဂျောင်ဝူက စာကြာကြာဖတ်နိုင်ပေမဲ့ ကျွန်တော်ကတော့ သူနဲ့ ပြောင်းပြန်။ ဂျောင်ဝူ့လိုမျိုး စာဖတ်ရတာကို သဘောမကျပေမဲ့ စာဖတ်နေသည့် ဂျောင်ဝူ့မျက်နှာလေးကို ငေးကြည့်နေရတာကိုတော့ သဘောကျသည်။

စာဖတ်ခန်းထဲက ပြတင်းပေါက်ကို ဖွင့်ထားမိသောကြောင့် မိုးရွာလာသည့်အခါ စာဖတ်ခန်းတွေကို မိုးရေစက်တွေ
ဝင်လာသည်။ ကျွန်တော့်မျက်နှာပေါ်ကို လာစင်သည့် မိုးရေစက်တွေကြောင့် ကျွန်တော် နိုးလာရသည်။ နိုးနိုးချင်း
မြင်လိုက်ရတာက  လေတိုက်လို့ တလွင့်လွင့်ဖြစ်နေတဲ့ ခန်းဆီးလိုက်ကာစတွေရယ်၊ မိုးရေတွေ သီးနေသည့် ပြတင်းပေါက်ဘောင်တွေရယ် အရာအားလုံးက ဗရုတ်သုတ်ခဖြစ်နေသည်။ ဆိုဖာကနေ အသည်းအသန် ထကာ ပြတင်းပေါက်တွေကို လိုက်ပိတ်ရသည်။ ကံကောင်းထောက်မစွာ အခန်းထဲမှာ မိုးတွေ သိပ်မစိုသွားပေ။

နာရီကို လှမ်းကြည့်လိုက်တော့ ညနေ လေးနာရီတောင် ရှိနေပြီ။ ဒီအချိန်လောက်ဆိုရင် အလုပ်ဆင်းချိန် ရောက်သင့်နေပြီ မဟုတ်လား။ မနက် ခုနစ်နာရီကတည်းကနေ အခု ညနေ လေးနာရီအထိ ဆိုင်မှာ ခေါ်ထားသော အဘွားက လွန်လွန်းသည်ဟု ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် တွေးမိသည်။ နောက်ပြီးတော့ ဂျက်စတင့်မှာ ထီးပါသွားပုံ မရပေ။ ထီးပါသွားရင်တောင် မိုးရွာနေတာမို့လို့ ကျွန်တော် သူ့ကို သွားကြိုမှ ဖြစ်လိမ့်မည်။

Love Again In ParisWhere stories live. Discover now