unicode
သူ့ရှေ့တွင်ထွက်ပေါ်လာသည့် အဖြူရောင်သားရဲလေးကြောင့် ချီကျွင်း အံ့သြသွားရသည်။ ဖောင်းပွပွ အဖြူရောင်အလုံးလေးက နာကျင်နေဟန်ဖြင့် မလှုပ်မယှက်ဘဲ သစ်ပင်ကိုမှီထားသည်။ "ရုန် ရေနေသားရဲတွေက အန္တရာယ်ရှိလား"
" ဒီသားရဲတွေက ရေပေါများတဲ့ဧရိယာတွေမှာပဲ နေထိုင်ကြတာ။ စိတ်ထားသိမ်မွေ့ပြီး အခြားသတ္တဝါတွေကို ရန်မလိုတတ်တဲ့ အရွက်စားသတ္တဝါတွေပဲ။ ဒါပေမဲ့ သူတို့ရဲ့အသွေးအသားတွေက အန္တရာယ်ရှိတယ်။ ရေဘောလုံးတွေရဲ့အကိုက်ခံရရင် ရေဓာတ်ခမ်းခြောက်ပြီး သေသွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့သွားတွေနဲ့ တံတွေးမှာတော့ အဆိပ်မရှိဘူး"
" ရေဓာတ်ခမ်းခြောက်တာ.... ဘယ်လိုမျိုး ရေဓာတ်ခမ်းခြောက်ပြီးသေတာလဲ "
"ဝမ်းလျှောပြီးတော့ "
"အဲ့လောက်ကတော့ ဘာမှမဖြစ်တော့ပါဘူး။ ဒါပေမဲ့ သွားနဲ့တံတွေးမှာ အဆိပ်မရှိဘူးဆိုတော့ ဒီကောင်လေးကို ကျောက်တုံးကမ္ဘာထဲမှာ ထည့်ပြီးမွေးလို့ရမလား"
"မရဘူး ဒါက ဗီဇပြောင်းပြီးသားသတ္တဝါပဲ။ စွမ်းအားအဆင့်က ဘယ်လောက်နိမ့်တယ်ပြောပြော မင်းအတွက် အန္တရာယ်ရှိနေတုန်းပဲ။ အဆိပ်ရှိတယ်လေ "
"ငါတို့သာမစားရင် အဆိပ်ရှိတဲ့အသွေးအသားတွေက ဘာလုပ်နိုင်မှာမို့လဲ။ ကျောက်တုံးကမ္ဘာထဲက ကြက်တွေဘဲတွေဆိုလဲ ငါ့စကားကို နာခံကြတာပဲကို။ အရင်ဆုံးစမ်းကြည့်ပြီး အန္တရာယ်မရှိရင် မွေးကြတာပေါ့။ ငါကဘာဖြစ်သွားမှာမို့ မင်းကကြောက်နေရတာလဲ "
တုန်ဖန်းရုန်က ခဏမျှစဉ်းစားလိုက်သည်။ ဤသားရဲလေးသည် ရန်လိုခြင်းလဲမရှိသလို အစားလဲမကြူးပေ။ အကြီးဆုံးအရွယ်အစားက ၃၀စင်တီမီတာခန့်သာရှိသ့ဖင့် ခပ်မြန်မြန်ကြီးလာလျှင်ပင် ရှောင်ကျွင်းကို အန္တရာယ်မပေးနိုင်ပေ။ ထို့ပြင် ကျောက်တုံးကမ္ဘာလေးထဲမှ စွမ်းအင်စက်ကွင်းများက သိမ်မွေ့သဖြင့် ၎င်းနှင့်ထိတွေ့ခံလိုက်ရပါက သားရဲလေးသည် ယဉ်သွားပေလိမ့်မည်။ သု့ဇနီးလေးသည် အရင်ကတည်းကပင် သားရဲများကို မွေးမြူသည့်အကြောင်းကိုပြောဖူးပြီး ထိုအချိန်ကမူ နေရာမရှိသဖြင့် မရခဲ့သော်လဲ ယခုအခါတွင်တော့ စမ်းကြည့်ချင်မိသည်။ ထို့ပြင် သားရဲကမ္ဘာမှ အပင်အတော်များများကို ကျောက်တုံးကမ္ဘာထဲတွင် စိုက်ပျိုးနိုင်ပြီး ဆေးဝါးများနှင့် အစားအသောက်များကိုပင် ရိတ်သိမ်းနိုင်ခဲ့သည်မဟုတ်ပါလော။ အဆင့်မြှင့်ရန် တိရစ္ဆာန်များကိုလဲ လိုအပ်လောက်ပေမည်။ " ဒီတစ်ခါပဲနော် ပြဿနာဖြစ်လာရင်တော့ ထပ်မမွေးရတော့ဘူး။ ဒီကောင်လေးက သားရဲကမ္ဘာရဲ့ လွှမ်းမိုးမှုတွေရှိနေတယ်လေ"
"ဟုတ်တယ် ငါလဲတွေးနေမိတာ။ တိရစ္ဆာန်တွေသာရှိရင် ကျောက်တုံးကမ္ဘာလေးက ပိုပြီများအဆင့်မြင့်လာမလားလို့။ ထူးဆန်းတဲ့သားရဲကိုမွေးထားပြီး အဆင့်မြှင့်နိုင်မယ်ဆိုတာကလဲ မသေချာပြန်ဘူး။ ဒါပေမဲ့ ရှေးတရုတ်ဆေးပညာမှာ တိရစ္ဆာန်တွေကလဲ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်တာပဲ"
ထိုသားရဲလေးကို တုန်ဖန်းရုန်က မက်ဂါနှင့်ဆက်သွယ်ထားလိုက်သည်။ ဖက်ထုပ်လောက်သာရှိသော ထိုအကောင်လေးကို မြင်လိုက်ရသောအခါ ချီကျွင်း၏စိတ်ထဲတွင် အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားလာမိသည်။ "ကိုင်ကြည့်လို့ရလား"
သူ့ဇနီးလေး၏ တလက်လက်တောက်ပနေသောမျက်ဝန်းအစုံကြောင့် ဗိုလ်ချုပ်မှာ မငြင်းပယ်နိုင်တော့ပေ။ " ငယ်လွန်းသေးတယ်ဆိုတော့ အန္တရာယ်လဲမပေးနိုင်သေးပါဘူး။ ကိုင်ကြည့်လေ "
ဖန်သားပြင်ထဲတွင် ဝိုးတဝါးသာတွေ့ခဲ့ရပြီး ယခုမှသာ ထိုသားရဲလေး၏ပုံသဏ္ဍာန်ကို ချီကျွင်း သေချာမြင်လိုက်ရသည်။ ထိုစိတ်ဝင်စားဖွယ်သတ္တဝါလေးတွင် ကြောင်ကဲ့သို့ ခေါင်းလေးရှိပြီး ကိုယ်လုံးကမူ ဝိုင်းဝိုင်းလေးပင်။ခြေတံလက်တံတိုပြီး ပန်းနုရောင်သန်းနေသော ခြေဖဝါးလေးများရှိကာ အမြီးကမူ ယုန်မြီးကဲ့သို့ လုံးလုံးလေးဖြစ်နေသည်။ ကိုယ်လုံးလေးက ခပ်လုံးလုံးလေးဖြစ်သောကြောင့် အမြီးကို ရုတ်တရက်မတွေ့ရချေ။ အမွေးအမျှင်တို့က နူးညံ့နေပြီး သိပ်မချောမွေ့သော်ငြား ကိုင်လို့ကောင်းသည်။ "ရုန် ဒီဘောလုံးလေးက အရမ်းသေးတာပဲ။ မွေးခါစလေးလား"
"အဲ့လိုဖြစ်နိုင်တယ် ဒါပေမဲ့ သူ့အမေကို ကိုယ်ရှာမတွေ့ဘူး။ ရုတ်တရက်ကြီးပေါ်လာတာက ဘယ့်ကြောင့်မှန်းလဲ ကိုယ်မသိဘူး။ ဒီနေရာမှာ မွေးခဲ့တာမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ။ လေထဲကနေ ပြုတ်ကျလာတာဖြစ်နိုင်တယ်"
ချီကျွင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ "ပစ်ချတယ်... သေမဲ့ပုံတော့ မပေါ်သေးပါဘူး"
" မသေပါဘူး။ ရေနေသားရဲတွေမှာ အသက်မသေနိုင်တဲ့စွမ်းအား၃မျိုးရှိတယ်တဲ့။ ပထမတစ်ခုက သူတို့အမွေးတွေက အရမ်းထူတော့ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်။ တော်ရုံနဲ့ မသေနိုင်ဘူး။ ဒုတိယတစ်ခုက သူတို့အမွေးတွေက ရေပေါ်မှာပေါ်နိုင်တယ်။ တတိယအနေနဲ့ကတော့ သူတို့က အရမ်းမြန်တယ်။ ဒါလေးက အရွယ်မရောက်သေးတဲ့ အကောင်လေးပဲ။ သူတို့ရဲ့အမေတွေက ဒီရေဘောလုံးလေးတွေ အသက်နှစ်လမပြည့်မချင်း အဝေးကိုမသွားတတ်ကြဘူးလေ။ ဒါ့ကြောင့်လဲ တစ်ကောင်ကောင်က ဖမ်းလာပြီး စွန့်ပစ်ခဲ့တာလို့ ကိုယ်ကယူဆလိုက်တာ"