ရင်ခွင်ထဲကအနွေးဓာတ်လေးတရွေ့ရွေ့ပျောက်ဆုံးသွားချိန် ဒေးအလန့်တကြားမျက်လုံးဖွင့်ကြည့်မိသည်။ 

"ကျစ်"

ရင်းနီးနေတဲ့မျက်နှာကျက်အပြင်အဆင်ကိုတွေ့တော့ ဒေးစိတ်ရှုပ်စွာကျစ်စုပ်လိုက်သည် ။

ဒီလိုအိပ်မက်တွေချည်းမက်ပြန်ပြီ ။

ညတိုင်းနီးပါး ဒေးအိပ်မက်ထဲဝင်နှောင့်ယှက်နေတတ်တဲ့လွင်ပြင်က တအားပြုစားနိုင်လွန်းပါ၏ ။

နာရီကြည့်လိုက်တော့ မနက်ငါးနာရီသာရှိသေးပေမယ့် ဒေးမျက်လုံးကြောင်သွားပြီးပြန်အိပ်မရတော့ချေ ။

တဖွဲဖွဲကျဆင်းနေတဲ့မိုးသံကိုအာရုံစိုက်မိတော့ အိပ်မက်ထဲမှာ ချမ်းအေးနေရခြင်းအကြောင်းကိုအဖြေရှာတွေ့သွားသည်။  နောက်ဆုံး အဲယားကွန်းခဏပိတ်လိုက်ရင်း အိပ်မပျော်မယ့်တူတူနွားနို့ပူပူလေးတစ်ခွက်လောက်ထသောက်ရန်ကြံမိ၏ ။

ဧည့်ခန်းထဲဖြတ်လျှောက်လိုက်ချိန် လွင်ပြင့်အခန်းရှေ့ရောက်တော့ ဒေးအနည်းငယ်တွေဝေစွာနှင့်ခြေလှမ်းခဏရပ်လိုက်သည် ။ အပြင်မှာမိုးအရမ်းအေးနေ၍ လွင်ပြင်အအေးမိမည်စိုးရိမ်မိသောကြောင့်ပါပင် ။

"ဝင်လိုက်ရင်ကောင်းမလား?"

ဒေး အချိန်အတန်ကြာထိုတံခါးရှေ့၌ရပ်နေမိသေးသည် ။ ပြီးမှ အရဲစွန့်ပြီးတံခါးလှည့်ဖွင့်ကြည့်တော့ အထဲကလော့မချထားမှန်းတွေ့လိုက်ရသည် ။

ညမီးအိမ်မှိန်မှိန်လေးသာလင်းနေသည့်အခန်းက အအေးဓာတ်အနည်းငယ်ရှိနေ၏ ။
ဒေး ခြေသံခပ်တိုးတိုးဖြင့် ကုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေသူနား လျှောက်သွားလိုက်မိသည် ။

ခန့်မှန်းထားသည့်အတိုင်းပါပင် ။ စောင်လွတ်နေသည့်လွင်ပြင်က တစ်ကိုယ်လုံးကွေးကျုံ့ရင်း လက်ဖျားတွေအေးနေခဲ့၏ ။

ပေါင်ရင်းထိလျှောကျနေတဲ့စောင်အပြာလေးကို ဒေးဆွဲတင်ပေးလိုက်ရင်း အိပ်ပျော်နေသည့်မျက်နှာလေးကိုအတန်ကြာငေးလိုက်မိသေးသည် ။

နောက် စိတ်မထိန်းနိုင်စွာဖြင့် လွင်ပြင့်နဖူးလေးကိုတစ်ချက်နမ်းလိုက်မိ၏ ။ ပြီးမှ ကိုယ့်ကိုယ်ကိုယ်သဘောတကျပြုံးမိရပြန်သည် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now