ဝေ့ချန်၏နှလုံးသားထဲတွင် အပူလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ဖြစ်ပြီး သူ ချန်လီ၏ဘေးနားကို လွင့်မျောသွားလိုက်သည်။ ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ ချန်လီ၏မျက်နှာကို အသာအယာထိတွေ့ပြီး သူ့နှုတ်ခမ်းထောင့်ကို ကွေးညွတ်စေကာ ပြုံးပြရန် ပြောလိုက်ပြီး ထိုတိရစ္ဆာန်နှစ်ကောင်ကို ဂရုမစိုက်ရန် ပြောနေမိသည်။

" ဒီအရူးက စကားပြောနိုင်တာလား..."

ချန်လီက ဒေါသထွက်နေသော်လည်း ခြိမ်းခြောက်ဟန့်တားနိုင်သည့် သက်ရောက်မှုမရှိသည်မှာ သိသာပေသည်။ ချန်ချင်းနှင့် ဝူဇီခန်းတို့၏ မျက်နှာထက်မှ လှောင်ပြောင်သရော်လိုသည့် အမူအရာများက ပိုမိုထင်ရှားလာပေသည်။ ချန်ချင်းကမူ ချန်လီ့ဘေးနားရောက်လာပြီး ချန်လီ့မျက်နှာကိုပုတ်၍ အညှာအတာကင်းမဲ့စွာ ဟားတိုက်ရယ်မောတော့သည်။

" ထွက်သွား... ထွက်သွား..."
ချန်ချင်း၏ အပြုအမူများက ရန်စလှောင်ပြောင်နေသည်ကို မသိသောချန်လီက "ထွက်သွား" ဟူသော စကားကိုသာ အထပ်ထပ်အခါခါ ပြောနေလေသည်။

" ဘာလို့ အရူးတစ်ကောင်ကို အဖက်သွားလုပ်နေတာလဲ... ငါတို့ ဒီတစ်ခါလာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့ဦး..."

ဝူဇီခန်းက သရော်လိုက်ပြီး လူနာခုတင်ပေါ်မှ ဝေ့ချန်၏အနားကို တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။

ချန်ချင်းကလည်း ဤတစ်ကြိမ်လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုသိ၍ ချန်လီ၏မျက်နှာကို တစ်ကြိမ်ပုတ်လိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးကာ ခုတင်နားသို့လျှောက်သွားလိုက်သည်။ သူတို့ ဤတစ်ကြိမ်ရောက်လာခြင်းမှာ ဝေ့ချန်ကို သတ်ပစ်ရန် ဖြစ်သည်။ ခြေရာလက်ရာတစ်ခုမှ မရှိဘဲ လုံးဝသေသွားလျှင် သူတို့အတွက် အကောင်းဆုံးဖြစ်သည်။

" နှစ်ယောက်လုံး... ထွက်သွား..."

ချန်လီက သူတို့ကို စူးစူးရဲရဲကြည့်နေပြီး သူ့မျက်ဝန်းထဲတွင် ဒေါသ၊ သတိကြီးကြီးထားမှုတို့ဖြင့် ပြည့်နေသည်။ ချန်ချင်းနှင့် ဝူဇီခန်းတို့၏လက်များက ဝေ့ချန်၏ အသက်ရှုပိုက်နားသို့ ရောက်သွားသည့်အခါ ချန်လီက ရူးနှမ်းသွားတော့သည်။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now