"မင်းလိုရွက်ကြမ်းရေကျို ရုပ်ကို သူမပြောနဲ့...ဘယ်သူမှမယူဘူး"

သူ့ရုပ်ရည်နှင့်ပတ်သက်လာလျှင် နည်းနည်းလေးမှ သေးသေးတင်မခံသော မိုးထက်က ကောင်းထက်အား ပေစောင်းစောင်း ပြန်ကြည့်ကာ

"ဘယ်သူမှမယူလဲ မင်းတော့ယူမယ်မလား...ဝန်ခံလိုက်စမ်းပါ အချစ်ရ"

"မင်းကိုယူမဲ့အစား လမ်းဘေးက ကလေးမွေးထားတဲ့ ခွေးမကြီးကိုပဲ ပြေးယူလိုက်မယ်...မင်းလို အိုကြီးအိုမကိုတော့ မယူနိုင်ဘူး"

ကောင်းထက် စကားကြောင့် အင်တင်တင်ရုပ်ဖြစ်သွားသော မိုးထက်အားကြည့်ကာ မင်းမြတ်တို့ ပွဲကျသွားတော့သည်။ ခွန်းဆက်သည်လည်း စိတ်ညစ်တာတွေကို မေ့သွားကာ ရယ်ရယ်မောမောဖြစ်လာသည်။ မိုးထက်က ဖုန်း camera မှ သူ့ရုပ်အားပြန်ကြည့်လိုက်ရင်း ဆံပင်ကိုလည်း လက်ချောင်းများနှင့် ဖြီးလိုက်သေးသည်။

"မင်းကလည်း ငါချောပါတယ်ဟ...ငါတို့ ward တစ်ခုလုံးမှာ ငါအချောဆုံးပဲ...ငါ့မျက်နှာမြင်တာနဲ့ လူနာတွေ ရောဂါတစ်ဝက်သက်သာတယ်...ငါပြုံးပြလိုက်ရင် ရောဂါအရှင်းပျောက်ပဲ...ဟုတ်တယ်မလား မင်းမြတ်"

"အေး ဟုတ်တယ်...ဒီကောင်တော်တော်ချောတာ...ချောလွန်းလို့ လူနာလာစောင့်တဲ့သူတစ်ယောက် သူ့ကိုမြင်ပြီး နှလုံးအ‌မော‌ဖောက်လို့ ward တစ်ခုလုံးပျာယာခတ်သွားတယ်"

"ဟေ့ကောင် တော်တော့"

မိုးထက် ဆက်ပြောရန်ပြင်နေသော မင်းမြတ်ကိုလှမ်းတားသည်။ သို့သော် သူ့စကားအရာမဝင်ပေ။ ခွန်းဆက်၏ ဘာလို့လဲဟူသော မေးခွန်းအောက် မိုးထက် အငွေ့ပျံပျောက်ကွယ်သွားချင်‌တော့သည်။

"ဘာလို့လဲဆိုတော့ အဲ့နေ့က ငါတို့ night duty ကျတယ်ကွာ...ငါတို့ ward ထဲက လူနာစောင့်တစ်ယောက်က toilet သွားတယ်...ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူးကွာ... duty coat ကြီးကို ခေါင်းမြီးခြုံထားပြီး toilet နားမှာ သွားရပ်နေတယ်...အဲ့တော့ဟိုက သူ့ကိုမြင်တော့ သရဲထင်ပြီး လန့်သွားတယ် နေမှာပေါ့...နှလုံးအမောဖောက်သွားတယ်လေ...တော်သေးတာပေါ့ ဘာမှထပ်မဖြစ်လို့"

"ဟားဟား ဟားဟား"

"ဟားဟား"

မင်းမြတ်၏ စကားအဆုံး ထိုနေရာ၌ ရယ်သံတွေဖုံးသွားတော့သည်။ မိုးထက်မှာလည်း ရှက်ရယ် ရယ်နေရသည်။

          

"နေပါအုံး မင်းက ဘာလို့ duty coat ကြီးအုပ်ထားတာတုန်း"

"ငါနည်းနည်း စိတ်ရှုပ်နေလို့လေ...ပြီးတော့ လူရှင်းတဲ့နေရာမှာသွားနေတာ...ဘယ်သူကထင်မှာလဲ အဲ့လိုဖြစ်မယ်လို့"

ကောင်းထက်၏ အမေးကို မိုးထက်က ခေါင်းကုတ်ကာ‌ဖြေသည်။

"တကယ်ပဲ ငယ်ငယ်ကအကျင့် မပျောက်သေးဘူး"

"ပိုပြီးရယ်ရတာ ဘာလဲသိလား...ဟိုက သူ့ကိုမြင်ပြီးသရဲလို့ အော်တာကို သူကပါလိုက်ပြီး သရဲဆိုပြီး ထအော်တယ်လေ...အဲ့နေ့ညက ငါတို့ ward တစ်ခုလုံးအူတက်နေရောပဲ"

မင်းမြတ်ကတော့ ပြောကောင်းကောင်းနဲ့ဆက်ပြောသည်။ ကောင်းထက်နဲ့ ခွန်းဆက်မှာလည်း အရယ်မရပ်တော့။ မိုးထက်တစ်ယောက်သာ ရုပ်တည်လေးနဲ့ ဖြစ်လို့နေသည်။ ကောင်းထက် မိုးထက်အ‌ခြေအနေကို ရိပ်စားမိသည်ကြောင့် မင်းမြတ်ကို လှမ်းတားတော့သည်။

"တော်ပြီ တော်ပြီ ဒီမှာ ငိုတော့မယ်"

"မင်းနော် ငါဘယ်မှာငိုလို့လဲ"

"အခုငိုတော့မလ့ို မဟုတ်ဘူးလား"

"ကောင်းထက်!!!"

"ဟားဟား ဟားဟား"

မိုးထက်အား စနောက်နေကြတာကြောင့် သူတို့ကြား အရယ်မရပ်တော့ပေ။ ကောင်းထက် ရယ်ချင်နေသောစိတ်ကို ထိန်းချုပ်လိုက်ရင်း ပြောသည်။

"မရယ်တော့ဘူး...အကောင်းမေးမယ်...မိုးထက် မင်း ဒီကောင့်ယောက်ကျားကို တကယ်ကြိုက်နေတာလား"

"သူတောင်းစားရေ...တကယ်ကြိုက်စရာလား...အလှလေးကိုရထားပြီး မပျော်နိုင်ဖြစ်နေတဲ့သူ့ကို ကြည့်မရလို့ ရွဲ့ပြောလိုက်တာ"

မိုးထက်စကားကြောင့် ရယ်နေသောခွန်းဆက် ငြိမ်ကျသွားတော့သည်။

"အေး အေး ပြီးတာပဲ"

"ဘာလဲ မင်းငါ့ကို သဝန်တိုနေတာလား"

"Fuck မင်းကို သဝန်တိုမဲ့အစား ရေမရှိတဲ့ ချောင်းမှာ ခုန်ချပြီးသာ သတ်သေလိုက်တော့မယ်"

"အေး သေပြီးရင်လည်း လွတ်ရာကျွတ်ရာသွားနေ...ငါ့ဆီမလာနဲ့ ငါသရဲကြောက်တယ်"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now