ဆရာစွင်းမှာ ကျင်းမိသားစုအပေါ် အားကျမနာလိုသလို မုန်းလည်းမုန်းတီးမိသည်။ သည်လို ကြမ်းကြမ်းတမ်းတမ်း ဓားပြတွေက စည်းစိမ်ချမ်းသာ ခံစားရနေချိန် သူကတော့ မြင့်မားသည် ဉာဏ်ပညာနှင့် စာပေနှံ့စပ်ပြီး ကျယ်ပြန့်သော အသိပညာတို့ ရှိပါလျက်သားနှင့် အဘယ်ကြောင့် လူရမ်းကားများအတွက် အတ္ထုပတ္တိရေးပေးခြင်းဖြင့် အသက်မွေးရသည့်အဆင့်သို့ လျော့ကျသွားရပါသနည်း။ သည်လိုအလုပ်မျိုးလုပ်ရခြင်းကို ပညာဂုဏ်မာနရှိတဲ့ ဘယ်စာသင်သားကများ အထင်မသေးဘဲနေလိမ့်မည်နည်း။ သူ အလွန်တရာမှ သိက္ခာကျသလို ခံစားရသည်။
သူ မနေနိုင်ဘဲ ထိုရွှေတုံးများကို ပို၍စူးစိုက်ကြည့်လိုက်မိပြီး သူ့ပြဿနာများ အေးရန်အတွက် ၎င်းတို့ကို သူ့ကလီစာများထဲ အတုံးလိုက်သာ မျိုချချင်နေမိတော့သည်။
နောက်ဆုံးမှာတော့ ထိုလှည့်ပတ်ကြည့်နေသည့် ပုံရိပ်က ထိုင်ခုံဆီသို့ ပြန်လာသည်။ သူက နဂါးသဏ္ဍာန် ခပ်ဖျော့ဖျော့ဖြင့် အလှပုံဖော်ထားသော အထက်တန်းစား ပိုးသားထည်ကို ဝတ်ဆင်ထားပြီး ၎င်းက သူ့ဝဖိုင့်ဖိုင့်ကိုယ်ပေါ် ဝတ်လိုက်သောအခါတွင်မူ သူ့၏ အနည်းငယ်ရယ်ချင်စရာကောင်းသော ရင်ဘတ်နှင့်ဗိုက်ကလေးတို့၏ ကောက်ကြောင်းများကိုသာ ပို၍ပေါ်လွင်နေစေသည်။ သူက ထိုင်ဖို့ပြင်လိုက်သည်နှင့်အမျှ ဟန်ထုတ်လျက် သူ့ဝတ်ရုံအောက်အနားကို သာမန်ကာလျှံကာ လှစ်ခနဲမ,လိုက်ပြီး အားနှင့်ထိုင်ချလိုက်၏။
ကျွိ—
ခနော်နီခနော်နဲ့ထိုင်ခုံလေးက ဗြုန်းစားကြီး အသံထွက်ကာ ဆန္ဒပြလာသည်။
သူတို့နှစ်ယောက်စလုံး၏ မျက်နှာထားများက မဆိုစလောက် ပြောင်းသွားကြသော်လည်း အလျက်အမြန် ပုံမှန်ပြန်ဖြစ်လို့သွားသည်။
ဆရာစွင်းမှာ အပြုံးပန်းဝေလျက် အနည်းငယ် ခေါင်းညွှတ်ကာ ဆိုလာသည်။
"အိုက်ယား၊ သခင်လေးကျင်းကိုယ်တိုင် ဒီနိမ့်ကျတဲ့အိမ်ကလေးကို ကြွလာတာဟာ တကယ်ကို ကျွန်တော့်တဲစုတ်ကလေးကို အလင်းရောင် ဆောင်ကျဉ်းပေးလာတာပါပဲဗျာ၊ သခင်လေးကျင်းက သခင်ကြီးနဲ့သခင်မကြီးတို့ကို ကူညီပြီး စီးပွားရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် စီမံကွပ်ကဲပေးနေတယ်လို့ ကြားမိပါရဲ့၊ သခင်လေးရဲ့ မအားလပ်တဲ့အလုပ်တွေကြားက အချိန်ယူပြီး ဒီကိုရောက်လာပေးတာကို ဒီအဘိုးကြီးက တကယ်ဂုဏ်ယူမိပါတယ်"
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation
Chapter 2
Start from the beginning