ရှဲ့ရွှမ်းချန် အစတုန်းက သူမ ချည်ထားတဲ့ ကြိုးထုံးကိုပဲ ကြည့်နေတာ။ ဒါပေမဲ့ မုမင်ထန်ပြောတဲ့စကားကိုလည်း ကြားကော မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိုက်ကြည့်လာတယ်။ အဲဒီနောက် ရုတ်တရက် ပြုံးလိုက်ပြီး

"အွန်း မင်း ပြောတာ မှန်တယ်"

ရှဲ့ရွှမ်းချန်က ကြိုးထုံးကို ထားခဲ့ပြီး အိပ်ရာဘက် လျှောက်သွားတယ်။

"ကိုယ် မဖြည်တတ်ဘူး။ မနက်ဖြန် အစေခံလာတော့မှပဲ သူတို့ကို ဖြည်ခိုင်းလိုက်တော့"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး" မုမင်ထန် အမြန်ပဲ ရှဲ့ရွှမ်းချန်ကို လှမ်းဆွဲရတော့တယ်။ "ဒီအတိုင်း လျှောက်တွေးမိရုံပါ၊ ဘာအဓိပ္ပာယ်မှ မပါ ပါဘူး။ မြန်မြန် ဖြည်ပေးရယ်၊ မဟုတ်ရင် အစေခံတွေ ကြားကုန်လိမ့်မယ်"

မုမင်ထန် အားနဲ့ သူ့ကို ပြန်ဆွဲခေါ်ပြီး ကြိုးဖြည်ပေးဖို့ ချော့ရတော့တယ်။ ရှဲ့ရွှမ်းချန်ရဲ့ မျက်တောင်ရှည်တွေကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။

"တကယ်လို့ ဖောက်ပြန်ရင်တောင် အဲ့တာက အရှင့်သားနဲ့ပဲ ဖြစ်မှာပါ"

သူမ ပြောတာကို ကြားရတဲ့အခါ ရှဲ့ရွှမ်းချန် သူ့လက်သူ အားမထိန်းနိုင်ဖြစ်သွားပြီး နည်းနည်း အားပြင်းပြင်းနဲ့ လုပ်လိုက်မိတယ်။ ရုတ်တရက် လည်ပင်းက ချည်ထားတဲ့ဟာက ပြေသွားတာကို မုမင်ထန် ခံစားလိုက်ရတယ်။

"ပြေသွားပြီလား?"

ကြိုးထုံးကို ကိုင်ထားတဲ့လက်ကို ရှဲ့ရွှမ်းချန် လွှတ်လိုက်ပြီးနောက် တိတ်တိတ်လေး ဟင်လို့ ရေရွတ်လိုက်တယ်။

သူလုပ်တာ မြန်လှချည်လားလို့ မုမင်ထန် တွေးရင်း ကြိုးထုံးကို ယူကြည့်လိုက်တော့ ပြောစရာစကားတောင် ပျောက်ရှသွားတယ်။

ကြိုးထုံးက ဖြည်ထားတဲ့ပုံ မဟုတ်ဘဲ နှစ်ပိုင်း ဆွဲဖြဲခံလိုက်ရတာ သိသာတယ်။

အွန်း ဖြည်တာနဲ့ ဖြဲတာ သိပ်တော့ မကွာပါဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကျ ကြိုးထုံးပြေသွားပြီပဲဟာ။ သူမ ဝတ်ရုံကို ဗီရိုထဲ ပြန်ထည့်လိုက်ပြီး ဖြေးဖြေးချင်း အိပ်ရာဆီ လျှောက်လာတယ်။ အိပ်ရာနားရောက်တော့မှ အဝတ်အစား မလဲရသေးတာ သတိရတော့ လိုက်ကာပန်းချီကားချပ်နောက် ထပ်သွားရပြန်တယ်။

သူမ သွားရင်းနဲ့လည်း ပါးစပ်က ရှဲ့ရွှမ်းချန်ကို သတိပေးဖို့ မမေ့ချေ။

"မကြည့်နဲ့နော်"

ရှဲ့ရွှမ်းချန် အံကြိတ်လိုက်ပြီး

"ဒီလောက်မှောင်မည်းနေတာ၊ ကြည့်လည်း မြင်ရမှာ မို့လို့လား"

"ဘယ်ပြောလို့ရမလဲ"

ခွေးခြေခုံပေါ်က စကတ်ကို သူမ လှမ်းယူလိုက်ပြီးနောက်

"အရှင့်သားရဲ့အပေါ်ဝတ်အင်္ကျီလည်း ကိုယ့်ဘာသာကိုယ်ပဲ ချွတ်လိုက်တော့။ ကျွန်မ ဂရုမစိုက်တော့ဘူး။ အရှင့်သား ကိုယ့်ဟာကိုယ် ဝတ်နိုင်တယ်ဆိုတာ အစကတည်းက ပြောခဲ့ရမှာ"

ရှဲ့ရွှမ်းချန် မျက်ခုံးနှစ်ဖက်ကြား လက်နဲ့ထောက်ထားရင်း ဒေါသတော်တော်ထွက်နေပြီ။ သူ့အပြုအမူက လူကြီးလူကောင်း မဆန်ရင်တောင်မှ အနည်းဆုံးတော့ ကြင်နာတဲ့အပြုအမူတစ်ခုပါပဲ။ ဒါပေမဲ့ မုမင်ထန်ကတော့ ကျေးဇူးတင်ဖို့ ဝေးသေး၊ သူ့ကိုတောင် ထပ်ခါထပ်ခါ လာခနဲ့နေတယ်။

____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now