ဆက်သောက်ချင်စိတ် ကုန်သွားပြီဖြစ်သော စီးကရက်ကို ကျောက်ပြာခွက်အဖြူထဲ ဖိထည့်လိုက်သည်။

"စောပါသေးတယ်ကွာ..."

"မစောတော့ဘူး.. ကို.. ရွှေစင် ကလေးမဟုတ်တော့ဘူး..."

"သိပါတယ်ကွာ... မင်းသမီးကလည်း..."

ထက်ပိုင် ကုတင်ပေါ် ၀င်ထိုင်ကာ ရွှေစင့်ပါးဖောင်းဖောင်းကို ဆွဲလိမ်လိုက်သည်။ ရွှေစင် နှုတ်ခမ်းစူသွားသည်။

"ကို မသိလို့နော်... ရွှေစင့်ကို လိုချင်တဲ့သူတွေ ပုံနေတာ.."

ထက်ပိုင် ရယ်လိုက်သည်။

သူ သိပါသည်။ ရွှေစင်က နာမည်ရကာစ ဇာတ်ပို့မင်းသမီးသစ်တစ်ယောက်။ သိပ်တော့လည်း မထူးဆန်းပါ။ ရွှေစင့်ဖခင်က ရန်ကုန်မှာ နာမည်အကြီးဆုံး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် တစ်ယောက်။ ရွှေစင်ကလည်း အလှပြင်ဖို့နှင့် လှအောင်နေဖို့ကလွဲ၍ ဘာမှမလုပ်ချင်။ မော်ဒလ်ဖြစ်ချင်သော်လည်း သိပ်မမြင့်သော အရပ်ကြောင့် တိုးဝင်၍မရ။ ဖခင်ဖြစ်သူ အကူအညီဖြင့် ရုပ်ရှင်လောကသို့ ၀င်သည်။ သိပ်အပင်ပန်းခံစရာမလိုပါ။ ရွှေစင့်လမ်းက ပန်းကြဲပြီးသားဖြစ်သည်။

"အေးပါကွာ.. ဟုတ်ပါတယ်..."

ထက်ပိုင် ရေချိုးခန်းထဲဝင်ကာ ရေပူခလုတ်ကို လှည့်ဖွင့်လိုက်သည်။ သူ့ခေါင်းပေါ်မှ ကြီးမားသော လေးထောင့်ရေပန်းမှ ရေများမိုးရွာသလို စီးကျလာသည်။ တောက်ပြောင်သော ကျောက်ပြားဖြူများ အပြည့်ခင်းထားသော ရေချိုးခန်းက မီးရောင်အောက်မှာ ၀င်းလဲ့နေသည်။ အသစ်စက်စက် မျက်နှာသစ်ကြွေဇလုံမှာလည်း ရေပိုက်ဖွင့်လျှင် ရေတံခွန်သဖွယ် ရေဆင်းအောင် အထူးတပ်ဆင်ထားသည်။

ရွှေစင်သည် ပျားတိုင်းဝဲချင်သည့် ပန်းတစ်ပွင့်ဆိုတာ ထက်ပိုင်သိသည်။ ဖခင်ရဲ့အရှိန်အ၀ါ၊ ရွှေစင့်ရုပ်ရည်နှင့်စည်းစိမ် ဘာတစ်ခုမှ အပြစ်ဆိုစရာမရှိပါ။ ရွှေစင်အခုအချိန်အထိ သူ့အပေါ် သစ္စာရှိရှိ ချစ်နိုင်သည်ကိုလည်း သူအံ့သြပါသည်။ လက်ထပ်ဖို့အကြောင်း ရွှေစင်ပြောလာခဲ့သည်မှာလည်း ကြာခဲ့ပြီ။

သူ ဘယ်တုန်းကမှ အလေးအနက်ထား မစဉ်းစားခဲ့။

ဒီနေ့မနက်က ဆက်ပိုင်ပင် သူ ရွှေစင်နှင့် အမြဲလက်တွဲလိမ့်မည်မဟုတ်လားဟု မေးလာခဲ့သည်။ ဆက်ပိုင်အကြောင်းစဉ်းစားမိတော့ သူ့ရင်တွေ အလိုလိုလေးလံသွားသည်။ ကိုယ့်ကိုကိုယ်နားမလည်။

စည်းWhere stories live. Discover now