ပုံမှန် ရှိရင်းစွဲအရပ်အမြင့်က မိန်းကလေးတစ်ယောက်မှာ ရှိသင့်သည်ထက် ပိုရှည်သည်။ ထို့ပြင် ခြေထောက်မှာ ၀တ်ထားသော Heels ကြောင့် အရပ်က ရတုထက် တော်တော်မြင့်နေသည်။

ထိုမိန်းကလေးက ရတုကို စိုက်ကြည့်နေတာကြောင့်

""ကိုယ့်ကို ခေါ်တာလား""

သူမက ခေါင်းတစ်ချက်ညိမ့်ပြသည်။ ပုံမှန်သာဆို ရတုချက်ချင်း ၀င်ရောပစ်မိမှာအမှန်ပေမဲ့ ဒီမိန်းကလေးက တော်တော်လေးထူးဆန်းနေတာကြောင့်

""ကိုယ်မင်းကို မသိဘူး""

ခပ်ချေချေ ပြောလိုက်သည်။ ထိုမိန်းကလေးက ရတုကိုပဲစိုက်ကြည့်နေသည်။ ရတုစကားကို ချက်ချင်းပြန်မဖြေပဲ အရင် အကြည့်လွှဲသွားသည်။ ထို့နောက်ခေါင်းငုံ့သွားပြီး

""ငါပါ .. ဒီပါ""

မျက်နှာမဖော်ပဲ ခေါင်းငုံ့လျှက် မိန်းကလေးက ခပ်တိုးတိုးဆိုသည်။

""ဘယ်သူ .... ""

ရတုရဲ့ သံရှည်အမေးမဆုံးခင် သူမခေါင်းတဖြည်းဖြည်း ပြန်မော့လာသည်။ ပြန်ပေါ်လာသော ထိုမိန်းကလေးရဲ့မျက်နှာကို ရတု အကြည့်မလွှဲပဲ သေချာ စူးစူးစမ်းစမ်း အာရုံစိုက်ကြည့်သည်။ စက္ကန့် .. မိနစ် အနည်းငယ်ကြာမှ ရတု စကားပြန်ပြောမိသည်။

""ကိုယ် .. မင်းကို မမှတ်မိဘူး""

ထိုမိန်းကလေးမျက်နှာက တစ်ချက်တွေဝေသွားသည်။ ထို့နောက် အသံတိုးတိုးလေးဖြင့်

""ငါ ....မင်းမြတ်ပါ""

""မင်းမြတ် .. ကိုယ့် အသိမိန်းကလေးထဲမှာ မင်းမြတ်နာမည်မရှိ ..... ""

ရယ်သွေးလွှမ်းလျှက် ပြောသော ရတုစကားတို့ တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားသည်။

မင်းမြတ် .. .မင်းမြတ် ..

""အဲ့ဒီ့မင်းမြတ်လား ... စောသီဟမင်းမြတ်""

ရတုအသံ တော်တော်ကျယ်သွားသည်။ မိမိကိုယ်မိမိမင်းမြတ်ဟု ပြောသောသူက ခေါင်းညိမ့်ပြသည်။

""ဒီပါ .. ငါလေ ... ""

ဒီပါလက်ကို ကိုင်ဆွဲရန် ကမ်းလာသော ထိုသူ့ လက်ကို ရတု ကြောက်လန့်တကြား ရှောင်မိသည်။ ရတုက အနောက်ကို ခြေသုံးလှမ်းမျှ ဆုတ်သွားသည်။ ရတုလက်ထဲရှိ ဖုန်းက Video ဖွင့်လျှက်သား မပိတ်မိသလို ဖုန်းကို မလွှတ်ချမိ။

Waking Love UPWhere stories live. Discover now