မြို့ရိုးအောက်တွင်တော့ ရာထောင်ချီသော ပြည်သူလူထုက ထျန်ရှောင်ကို အာရုံစိုက်ကာ ကြည့်နေကြသည်။ သူ့ဘေးနားရပ်နေသော အမတ်တစ်ဦးက ထျန်ရှောင့်ကို အမိန့်တော်နှင့်တူသော စာလိပ်တစ်လိပ်ပေးလိုက်သည်။ ထျန်ရှောင် ထိုစာလိပ်ကို ယူလိုက်သည်။ သို့သော် သူ ကိုင်ရုံပဲ ကိုင်ထားပြီး ဖွင့်မဖတ်ပြပေ။ အချိန်အတော်အတန်ကြာသွားတော့ သူတကာစိတ်ထဲ ထူးဆန်းလာတော့သည်။ တချို့များကတော့ ရဲတင်းစွာပင် မော့ကြည့်ကြသည်။ မော့ကြည့်လိုက်တော့ သူတို့၏ မင်းသားလေးမှာ မြို့ရိုးအောက်ရှိ လူအုပ်ကြားမှ တစ်စုံတစ်ယောက်ကိုသာ ဝိဉာဉ်လွင့်သွားသကဲ့သို့ ငေးမောကြည့်နေလေသည်။

"ယုယောင်...!" သူ သူမအမည်ကို ဟစ်အော်ခေါ်ကာ လက်ထက်မှ အမိန့်စာလွှာကို လွှတ်ချလိုက်သည်။ ခန့်ထည်လှသော သူ့ အဝတ်အစားတို့ကိုမှ အားမနာ၊ ဖိုသီဖတ်သီနှင့်၊ တစ်စုံတစ်ယောက်ကို ဖွေရှာရန် မြို့ရိုးပေါ်မှ ခုန်ချမည်ပြုနေသည်။ သူ့အနားမှ လူအများလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားကာ သူ့ကို ဝန်းရံထားကြပြီး မသင့်တော်သည့်ကြားမှ သူ့ဝတ်ရုံကို ဆွဲကာ တားကြလေသည်။ အိမ်ရှေ့မင်းဝတ်ရုံကို သူတို့ ဆွဲထားလိုက်နိုင်သော်လည်း၊ ထျန်ရှောင် သူတကာ၏ ရှေ့မှောက်၌ပင် အပေါ်ဝတ်ရုံကို ချွတ်ကာ မြို့ရိုးပေါ်မှ ခုန်ချလိုက်သည်။ အားလုံး ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သို့သော် လူအုပ်ကြားမှ လူရိပ်သဏ္ဋာန်တစ်ခုခုန်ထွက်လာကာ အိမ်ရှေ့မင်းသားကို စီးပွေ့လိုက်ပြီး ဘေးကင်းရာ မြေပြင်ပေါ်သို့ ချပေးလိုက်လေသည်။

"ယုယောင်...!" ထျန်ရှောင့်မျက်ဝန်းတို့ ချက်ချင်း နီမြန်းသွားလေသည်။ "သူတို့ပြောတော့ နင် ငါ့ကို ရောင်းခဲ့တာဆို... နင် ငါ့ကို မလိုချင်တော့ဘူးလား..."

ယုယောင် ခေါင်းညိတ်လိုက်သည်။ "အင်း..."

ထျန်ရှောင့် မျက်နှာ ဖြူရော်သွားလေတော့သည်။ သူ သူမ အကျႌလက်ကို ဆွဲထားလိုက်သည်။ အတော်ကြာမှ သူ စကားတစ်ခွန်းကို ပြောထုတ်လိုက်နိုင်သည်။ "နင် ငါ့ကို ထားမသွားရဘူး... ငါ နင့်ပြောစကား အကုန် နားထောင်ပါ့မယ်..."

မိုးသောက်ချိန်Where stories live. Discover now