လေယာဉ်ပေါ်မှာလည်း အလုပ်ကမပြတ်သောကြောင့် ဘေးကသူ့လက်ထောက် အစီအရင်ခံသမျှကိုနားထောင်လာရင်း လက္မှတ်ထိုးစရာရှိသည့်ဖိုင်တွေနှင့် စစ်ဆေးစရာရှိသည်များကိုကြည့်နေရသည်။
ရန်ကုန်ရောက်သည်နှင့် တွေ့စရာရှိသည့်လူကြီးပိုင်းတွေကိုဝင်တွေ့ပြီး မန္တလေးသို့တောက်လျှောက်သွားမည်ဖြစ်ကာ မန္တလေးမှာ ကိုဇော်တို့လုပ်ငန်းရှင်တစ်စုနှင့်တွေ့ပြီးလျှင် ပြင်ဦးလွင်ကိုဆက်၍ ကားနှင့်ပင်တက္မည်ဖြစ်လေသည်။တစ်လျှောက်လုံးမနားရဘဲ ဆက်တိုက်ပင်ခရီးဆက်ရမည်ဆိုပေမဲ့ ဒါတွေက သူ့အတွက် အဆန်းမဟုတ်တော့။အလုပ်နှင့်ပတ်သက်လာလျှင် သူက ကြောက်စရာကောင်းအောင် ဇွဲနဘဲကြီးသည်။စည်းကမ်းကြီးသည်။တိကျပြတ်သားသည်။ထို့ကြောင့်လည်း သူ့ Company မှာ တော်ရိရော်ရိဝန်ထမ်းမျိုးဝင်လာပြီး အလုပ်လာလုပ်၍မရ။အဝင်လည်းမခံ။အပျင်းကြီးအချောင်ခိုတတ်သည့်လူမျိုးဆိုတာ သူ့ပတ်ဝန်းကျင်မှာမရှိသလို ရှိနေအောင်လည်း မထားတတ်ပေ။
သို့ရာတွင် သူက အလုပ်နှင့်ကိုယ်ရေးကိုယ်တာကိုတော့ သေချာကွဲပြားသည်။သူများထက်ပို၍ အလုပ်ထဲတွင် စိတ်ရောကိုယ်ပါမြှုပ်နှံကာ ကြိုးစားအားထုတ်ပြီး စီးပွားရေးလောကမှာ အရှိန်အဝါကြီးလာသည်ဆိုပေမဲ့ သူသည်လည်းလူပဲလေ။စိတ်အပန်းဖြေတတ်သည်။ပျော်ပါးတတ်သည်။ကိုယ့်ကိုယ်ကိုယ် ဘာလိုအပ်သလဲ၊ဘယ်လိုအနားပေးရမလဲဆိုသည်ကို ကောင်းကောင်းနားလည်သည်။ထို့ကြောင့် သူ့အတွက် စိတ်အပန်းဖြေစရာ စိတ်ရဲ့ထွက်ပေါက်အဖြစ် ပြုလုပ်လေ့ရှိသောနည်းလမ်းကတော့ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲတတ်ခြင်းပင်။အကယ်၍ သူ့ကိုအပြစ်ရှာသည့်မျက်လုံးမျိုးနှင့် ကြံဖန်ကာကြည့်မည်ဆိုလျှင်တော့ ပွေရှုပ်သည်ဟုအမည်တပ်၍ရမည့် ရည်းစားများလှသောအချက်တစ်ချက်သာ ရှိမည်ဖြစ်လေသည်။
ရန်ကုန်ရောက်လျှင် ချိန်းဆိုထားသည့် သူ့စီးပွားဖက်ပါတနာများနှင့် အရင်သွားတွေ့သည်။ပြီးလျှင် လာရင်းကိစ္စဖြစ်သည့် အုပ်ချုပ်မှုပိုင်းက ဆိုင်ရာလူကြီးများနှင့် တွေ့ပြီးသွားသောအခါမှာတော့ တစ်နေကုန်သွားပြီဖြစ်ကာ မန္တလေးသို့ ချက်ချင်းသွားရမည်ဖြစ်၍ မနားတော့ဘဲ ခရီးပြန်ဆက်ရလေသည်။ထိုသို့ဖြင့် မန္တလေးကိုရောက်ချိန်တွင် ညပိုင်းကိုရောက်သွားပြီဖြစ်သောကြောင့် ကိုဇော်တို့က ညစာစားရင်းတွေ့ကြရန်အတွက် သူရှိသည့်ဟိုတယ်ကိုပင် လာကြမည်ဖြစ်သည်။
ရောက်သည်နှင့် ခဏပဲနားပြီးရေချိုးကာ ဟိုတယ်၏ဘူဖေးတည်ခင်းထားရာ ရေကူးကန်ဘက်ကိုထွက်လာခဲ့လိုက်လျှင် အချိန်ကစောနေသေးသည်မို့ စားပွဲဝိုင်းမှာတော့ လူမစုံသေးပေ။ရောက်နှင့်ပြီးသားဖြစ်သောကိုဇော်ကတော့ သူ့ကိုတွေ့သည်နှင့် ချက်ချင်းပဲ ဝမ်းသာအားရနှုတ်ဆက်လာရင်း
"ဘယ်လိုလဲ...။ခုနကမှရောက်တာဆိုတော့ ခရီးပန်းနေသေးလား..."
သူက ပေါ့ပေါ့ပါးပါးပင် ပြန်ပြီးပြုံးပြလိုက်ရင်းမှ
"အမြဲတမ်းဒီလိုပဲဆိုတော့ ခန္ဓာကိုယ်က ပင်ပန်းရကောင်းမှန်းတောင်မသိတော့ပါဘူး ရိုးနေပါပြီ..."
"ဟားဟား အေးပေါ့..ဒီလောက်ကတော့ ဒီခန္ဓာကိုယ်က ဘယ်ဖြုံမလဲ.....။အေးဆေးပဲပေါ့ ဟုတ်တယ်မို့လား..."
ကိုဇော်က သူ့စကားကို ဟက်ဟက်ပက်ပက်ရယ်မောကာပြောလာသည်မို့ သူက အသာပင်ပြုံးနေလိုက်တော့သည်။တကယ်လည်း သူ့အနေနှင့် အထူးအထွေပင်ပန်းနေခြင်းမျိုးမရှိပါ။ဒီလောက်က သူ့အတွက်တော့ သူ့ခန္ဓာကိုယ်အနေအထား၏ ကိုယ်ခံအားနှင့်ယှဉ်လျှင် အသေးအဖွဲလောက်သာပင်။
စီးပွားရေးလောကတွင် သူ့ရဲ့လုပ်ငန်းပိုင်းတွေမှာ အကွက်စေ့စေ့နှင့် တိကျခိုင်မာစွာ စီစဉ်လုပ်ကိုင်တတ်ရုံသာမက အပြင်လောကက သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပါ အလေးထားကာနေတတ်သောကြောင့် သူ၏ပုံပန်းအသွင်အပြင်သည်လည်း အပြစ်ပြောစရာမရှိအောင် ပြေပြစ်တင့်တယ်သည်။
ခြောက်ပေကျော်ကျော်ရှိသောအရပ်အမောင်းနှင့် ကျန်းမာရေးကိုအလေးပေးကာ သေချာကစားထားသောခန္ဓာကိုယ်က ရှည်သောအရပ်နှင့်လိုက်ဖက်အောင် ကြံ့ခိုင်ကျစ်လျစ်လှသည်။နဂိုက အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးမှာ စနစ်တကျကစားထားပြန်လေတော့ ခြေတံရှည်တွေနှင့်တောင့်တင်းသောခန္ဓာကိုယ်မှာ ဘာဝတ်ဝတ်တင့်တယ်လိုက်ဖက်နေအောင် ကြည့်ကောင်းလေသည်။ထိုကဲ့သို့သောသူဟာ ယောက်ျားလေးတန်မဲ့ ကြည်လင်ရှင်းသန့်၍ အများကြားမှာ သိသာထင်ပေါ်နေစေသည့် ဖြူစင်လင်းထွက်နေသော အသားအရေတွေကိုလည်း ပိုင်ဆိုင်ထားပြန်သေးသည်။ထို့အပြင် စီးပွားရေးလောက၏ King ဟုတင်စားခံရသူပီပီ နေပုံထိုင်ပုံကလည်းသေသပ်သောကြောင့် သူဘယ်လိုနေနေ တစ်နေကုန်ထိုင်ကြည့်နေလည်း သူ့ရဲ့အပြုအမူတွေက ရိုးသွားနိုင်မည်မဟုတ်ပေ။
ဒီလိုလူမျိုးက အချစ်ရေးမှာလည်း အညံ့မခံပါချေ။ဘာလုပ်လုပ်တင့်တယ်နေသောလူမျိုးမို့ မည်သည့်မကောင်းသတင်းမှမထွက်သော်လည်း မိန်းကလေးတွေနှင့်မပတ်သက်ဘဲ ကင်းကင်းရှင်းရှင်းနေတတ်သည့်လူမျိုးတော့မဟုတ်။သူစိတ်ပါလျှင် ဘယ်လိုမိန်းကလေးမျိုးပဲဖြစ်ဖြစ် သူအရယူနိုင်သည်။နိုင်ငံရပ်ခြားမှာအခြေချနေသူဖြစ်သောကြောင့် မိန်းကလေးတွေနှင့်အတူ ပတ်သက်ဆက်နွယ်ရသောအနေအထားတွေဆိုသည်မှာ သူ့အတွက်တော့ အထူးအဆန်းမဟုတ်လှပေ။
ထိုသို့ဖြင့် ဘယ်နေရာကိုမှအညံ့မခံချင်သောသူဟာ ဒီနေရာမှာလည်း အမြဲတမ်းလိုလို သူ့ဘက်ကသာ ဦးဆောင်ခဲ့စမြဲပင်။သို့ရာတွင် ယခုအချိန်ထိ တွဲခဲ့ဖူးလေသည့် မိန်းကလေးတွေများလှသည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်ကိုမှ သူ့ဘက်ကနေ ချစ်လှပါချည်ရဲ့ဆိုသည့်စိတ်နှင့် ပိုင်ဆိုင်လိုသောစိတ် မဖြစ်ဖူးသေးပေ။စိတ်ရှုပ်ရသည့်ကိစ္စများကိုမကြိုက်သောသူမို့ ပြတ်သွားပြီဆိုသည်နှင့် တွဲခဲ့သမျှဇယားအကုန်ရှင်းကာ အမျှင်တန်းလန်းမထားတတ်ဘဲ အပြီးဖြတ်လေ့ရှိသည်။
လတ်တလောမှာတော့ သူ့မှာ တွဲနေသည့်သူရယ်၊ရည်စားရယ်ဟူ၍ တစ်ယောက္မှမရှိသေးပါ။ဒီလတွေဟာ ပရောဂျက်အသစ်တစ်ခုစတင်ကာ အရေးကြီးသောကာလဖြစ်နေသည်ကြောင့် သူ့အနေနှင့် အလုပ်မှာသာ အထူးတလည်အာရုံစိုက်နေရသည်။တစ်လျှောက်လုံး အလုပ်ကိစ္စနှင့်လုံးလည်လိုက်ကာ အချိန်မရှိသောကြောင့် တခြားကိစ္စတွေကို စဉ်းစားချိန်မရခဲ့။အလုပ်ကိုဦးစားပေးနေရသည်နှင့်တင် စိတ်ကိုအပန်းဖြေစရာ မရှာမိသည်မှာ အနည်းငယ်ကြာလေပြီ။သို့သော် လောလောဆယ်တော့ ထိုကိစ္စတွေကိုအသာထား၍ ပြင်ဦးလွင်သို့အရင်သွားရပေဦးမည်။
တကယ်တမ်း ပြင်ဦးလွင်ပရောဂျက်သည် သူဝင်ပါရလောက်အောင် အရေးမပါလှပါ။ Resort တစ်ခုဆောက်ရန်အတွက်ကို သူကိုယ်တိုင်လိုက်ပြီးကွင်းဆင်းနေစရာမလို။သို့ရာတွင် ဒီတစ်ခေါက်လာဖြစ်ခဲ့သည်ကတော့ ရန်ကုန်မှာ အရေးကြီးပုဂ္ဂိုလ်များနှင့်တွေ့ဖို့သက်သက်သာဖြစ်ပြီး ရောက်လက်စနှင့်မထူးတော့ပြီမို့ တစ်ခါတည်း ပြင်ဦးလွင်ကိုပါ အပန်းဖြေရင်းသွားရန်အတွက် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်ပေသည်။
"ပြင်ဦးလွင်မှာ ကျွန်တော်တည်းဖို့နေရာက ပြောထားပြီးပြီပေါ့.."
သူက ကိုဇော်ကမ်းပေးသည့် ဝိုင်ခွက်ကိုလက်ခံရင်း မေးလိုက်လျှင် ကိုဇော်က ခွက်ချင်းတိုက်လိုက်ရင်းမှ
"ပြောပြီးပြီလေ...။သူရိန့်ဘက်က ပြောပြောချင်းပဲ အဲ့ဘက်ကိုအကြောင်းကြားလိုက်တာ...။မနေ့က ပိုင်ရှင်ကောင်မလေးကိုယ်တိုင် တက်သွားတယ်ဆိုတော့ သေချာစီစဉ်ပေးထားမှာပါ...''
"ပိုင်ရှင်ကောင်မလေး..."
မျက်ခုံးတစ်ချက်ပင့်ကာ မေးလိုက်သောသူ့အား ကိုဇော်က ခပ်ပြုံးပြုံးပြန်ကြည့်လာရင်း
"ဟုတ်တယ် ပိုင်ရှင်က ကောင်မလေး...။အသက်က နှစ်ဆယ့်လေးနှစ်ပဲရှိသေးတယ်...။လူငယ်ဆိုပေမဲ့ လုပ်တာကိုင်တာ အကွက်စေ့ပြီးတော်တယ်..၊အမြော်အမြင်ရှိတယ် ပြီးတော့...."
ပြောလက်စကိုဆက္မပြောသေးဘဲ သူ့မျက်နှာကို တစ်ချက်ကြည့်လာပြီးမှ
"လှလဲလှတယ်နော်..."
ထိုကဲ့သို့ မျက်ခုံးပင့်ကာ အထာနှင့်ပြုံးစစပြောလာသော ကိုဇော်ကြောင့် သူက အသာရယ်လိုက္မိသည်။ပြီးလျှင် ရယ်ဟဟနှင့်ပဲ ကိုဇော့်ကိုပြန်ကြည့်ကာ
"နှစ်ဆယ့်လေးနှစ်နဲ့ Hostel တစ်ခုထောင်ထားနိုင်တာ စိတ်ဝင်စားဖို့ကောင်းပါတယ်...။တကယ်လဲ သူ့အရည်အချင်းက အမှီအခိုကင်းတယ်ဆိုရင်တော့ ချီးကျူးရမှာပေါ့..။လှမလှကတော့ ကိုယ်တိုင်မြင်မှ လက်ခံလို့ရမှာပဲလေ..."
"အမှီအခိုကတော့ မိဘက ဒီမြေကွက်တွေ ဝယ်ပေးထားတာကလွဲရင် ကျန်တာ သူရှာတဲ့ပိုက်ဆံနဲ့ ထူထောင်ထားတာချည်းပဲ...။ကျုပ်တို့နဲ့ခင်တော့ သူက နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်...။အွန်လိုင်းမှာ သူ့မိဘလုပ်ငန်းနဲ့ သူ့လုပ်ငန်းနှစ်ခုလုံးကို ပေါက်အောင်ထိုးဖောက်ပြီးတော့ ဒီ Hostel ကိုထူထောင်နိုင်ခဲ့တာ...။အခုထိလဲ အဲ့လုပ်ငန်းတွေက အခြေကျအောင်မြင်နေတုန်း ဆက်လုပ်နေတုန်းပဲ...။ဒီခင်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူ့ရဲ့ Hostel ကို ဒီကလေးမ ဘယ်လိုတောင်ကြိုးစားထူထောင်ခဲ့လဲဆိုတာ ကျုပ်တို့မျက္မြင်ပဲ...။သူပြောနေကျစကားလို Your Dream က သူ့ရဲ့သွေးနဲ့ချွေးနဲ့ထူထောင်ထားတဲ့ သူ့ရဲ့အရာအားလုံးဆိုတဲ့စကားက ငြင်းလို့တော့မရဘူး အမှန်တရားပဲ..."
ကိုဇော်က ထိုစကားအရှည်ကြီးအား သူ့ဘက်ကနေ အာရုံစိုက်ကာနားထောင်မထောင်ကို တစ်ချက်အကဲခတ်ပြီးမှ ဆက်ပြောလာသည်။
"ကျုပ်တို့လူကြီးအသိုင်းအဝိုင်းထဲကို ဒီပေါက်စနက ဝင်ဆံ့နေတယ်ဆိုကတည်းက သူ့အရည်အချင်းကို ခန့်မှန်းလို့ရပါတယ်...။သူရိန်လာမယ်ဆိုတော့ သူ့ကို သေချာဂရုစိုက်ပေးဖို့တောင် ဖိအားပေးထားသေးတယ်...။ကျုပ်ကိုတော့ စိတ်ချ..တစ်ချက်အမှားမခံဘူး ပြောပြီးတော့ မနေ့ကတက်သွားလေရဲ့ ဟားဟား..."
ကိုဇော်၏ စားရင်းသောက်ရင်းပြောနေသော ရယ်ရယ်မောမောပြောစကားတွေကို သူကလည်း အသာပြုံးကာနားထောင်နေရင်းနှင့်ပင် ပြန်ပြောလိုက်သည်။
"ဒီလောက်တောင်ပြောပြပေးနေတယ်ဆိုတော့ နည်းနည်းတောင်စိတ်ဝင်စားသွားပြီ...။ကျွန်တော့ကို ပြင်ဦးလွင်မှာနေတုန်း စိတ်လှုပ်ရှားစရာအချိန်တစ်ခုဖြစ်အောင် ဖြတ်သန်းစေချင်နေတာထင်တယ်..."
ထိုအခါ ကိုဇော်က သူ့စကားကို ကမန်းကတန်းခေါင်းခါလိုက်ရင်းမှ ဝိုင်တစ်ကျိုက္မော့ပြီး ဆက်ပြောသည်။
"နိုး နိုး....သူရိန့်ဘက်ကစိတ်ဝင်စားတယ်ဆိုရင် ဝမ်းသာမိမှာဆိုပေမဲ့ ဒီကလေးမလေးကို အဲ့လိုစိတ်နဲ့ မိတ်ဆက်ပေးချင်တာမျိုးမဟုတ်ဘူး...။ပွင့်ပွင့်လင်းလင်းပြောရရင် တော်တဲ့ ကြိုးစားတဲ့ လူငယ်တစ်ယောက်ကို သူ့အတွက်အကျိုးရှိစေမဲ့ သူရိန့်လိုလူဆီက အသိအမှတ်ပြုခံရဖို့အတွက်ပဲ ဒီလိုပြောပြပေးတာ...။ဒီကလေးက သူရိန်ပတ်သက်ဖူးတဲ့ တခြားမိန်းကလေးတွေနဲ့မတူဘူး...။ဒီလိုပြောလို့ စိတ်တော့မဆိုးနဲ့..။ကျုပ်က နှစ်ယောက်လုံးရဲ့အကြောင်းကိုသိနေတဲ့လူဆိုတော့ ခုရှုပ်မှနောင်ရှင်း တစ်ခါတည်းပြောပြထားတာ..."
သူက မျက်ခုံးတစ်ချက်ပင့်ကာ ထပ်မေးမိပြန်သည်။
"စိတ်ဆိုးစရာမရှိပေမဲ့ ဒီလိုကြားရမှ ပိုသိချင်သွားပြီ...။ကျွန်တော်တွဲဖူးတဲ့မိန်းကလေးတွေနဲ့ ဘယ်လိုမတူတာမို့လို့လဲ..."
ကိုဇော်က သူ့ကို အကဲခတ်သလိုတစ်ချက်ကြည့်ကာ တွေးတွေးဆဆ ဆက်ပြောလာလေသည်။ကြည့်ရသည်မှာ သူ့ကိုယ်ကျင့်တရားနှင့်ပတ်သက်နေသောအနေအထားမျိုးကြောင့် စကားမှားသွားမှာစိုး၍ သတိထားကာပြောနေရပုံပင်။
"သူရိန်သိတဲ့အတိုင်းပဲ...။ပြောရရင် ခုခေတ်ကာလအရ ချစ်လို့ကြိုက်လို့အတူတူနေပြီး အချိန်တန်ရင်လမ်းခွဲကြတာက ဘာမှမထူးဆန်းတော့ဘူး...။ဒါပေမဲ့ ရွှေခေတ်က အဲ့လိုဖြစ်ဖို့နေနေသာသာ ခုထိချစ်ဖို့ကြိုက်ဖို့အတွက်ကို စိတ်တောင်မကူးသေးတဲ့အပြင် ပြောရရင် ရည်းစားတောင် တစ်ခါမှမထားဖူးသေးဘူး...။အဲ့ဒါတွေ စိတ်ကူးဖို့လဲ သူ့မှာက အချိန်မရှိဘူးလေ..."
မျက္မှောင်တစ်ချက်ကြုတ်မိသွားသောသူက ကိုဇော့်ကို သေချာပြန်မေးလိုက်သည်။
"နာမည်က ဘယ်သူ..."
"ရွှေခေတ် တဲ့...။အပြည့်အစုံက ရွှေခေတ်တိမ်လွှာ..."
" ရွှေခေတ်တိမ်လွှာ..."
တစ်ချက်ရေရွတ်ကြည့်မိရင်းမှ နှစ်လိုဖွယ်ကောင်းသည့်နာမည်လေးကိုတော့ စိတ်ထဲကနေ အသိအမှတ်ပြုလိုက္မိသည်။
ကိုဇော်က ဆက်ပြောပြန်သည်။
"ပြီးတော့ သူပြောနေကျ စကားရှိသေးတယ်...။နောက်ပိုင်းကျရင်တော့မသိပေမဲ့ ခုလောလောဆယ်တော့ ယောက်ျားမယူချင်ဘူးဆိုပြီး ကြွေးကြော်နေတာပဲ...။သူက သူ့စိတ်ကူးတွေအကောင်အထည်ဖော်ဖို့ကလွဲရင် ကျန်တာခေါင်းထဲမထည့်ချင်တဲ့လူမျိုး...။ယောက်ျားတောင်မယူချင်တာ အလုပ်ရှုပ်ခံပြီးတော့ ရည်းစားလဲထားမနေချင်ဘူးတဲ့လေ..."
ထိုစကားကြောင့် သူက သဘောကျစွာပဲ နှာခေါင်းထဲကနေ လေထွက်ရုံရယ်လိုက္မိရင်း
"အဟွန်း..နောက်ပိုင်းတော့မသိပေမဲ့ ခုလောလောဆယ်ဆိုတော့ သူ့ကိုယ်သူ အာမမခံနိုင်တဲ့သဘောလား..."
ကိုဇော်ကလည်း သူ့စကားကို အသာရယ်မောရင်းမှ
"ဟုတ်တယ်...။သူပြောတုန်းက ကျုပ်လဲ သူရိန် ခုမေးသလိုပြန်မေးတာပဲ...။အဲ့မှာ သူပြန်ဖြေတာက ယောက်ျားရမဲ့ကံပါလာရင် ရကိုရမှာပဲဆိုတော့ ဒါတွေက သူ မတတ်နိုင်တဲ့ကိစ္စတွေမို့လို့ အာမမခံနိုင်ဘူးတဲ့ ဟားဟား..."
"ကြားရတဲ့အတိုင်းဆိုရင်တော့ အဖိုးတန်လေးပဲ...။ကျွန်တော်လဲ ဒီလိုရှားပါးတွေကို အလကားနေရင်း ဖျက်ဆီးပစ်ဖို့ စိတ်ကူးမရှိပါဘူး...။ကျန်တဲ့ကိစ္စတွေကတော့ ကျွန်တော်စိတ်ဝင်စားရင် အထောက်အပံ့ဖြစ်စေမှာပါ..."
ကိုဇော်က သူ့ကို အခိုင်အမာပြုံးကြည့်လာကာ
"တွေ့ကြည့်ရင် သူ့ကိုယ်ရည်ကိုယ်သွေးကို သူရိန် သဘောကျမှာပါ..."
သူက အသာပြုံးနေမိပေမဲ့ စိတ်ထဲကတော့ လူဆိုသည်မှာ မထိရဘူးဆိုမှ ပိုပြီးထိချင်ကြသော သဘာဝရှိလေသည့်အကြောင်းကို အလေးအနက်တွေးနေမိလေသည်။
-----------------------***************-----------------------