"ဟယ်လို..မင်း ဘယ်နားမှာလဲ.."
Happy world အရှေ့သို့ ကျွန်တော် ရောက်နှင့် နေပြီး မင်းထင်ကို မတွေ့သည့်အတွက် သူ့ကို ဖုန်း ဆက်ကြည့်လိုက်သည်..။
"မင်းရောက်နေပြီလား.."
"အေး..အပေါက်ဝ ရောက်နေပြီ.."
"အိုခေ..ခနစောင့် ငါလာထွက်ကြိုမယ်.."
"ပြီးရော.."
မင်းထင်က ချက်ချင်းပဲ ဖုန်းချသွားသဖြင့် ကျွန်တော် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်ကာ အဝင် ပေါက်ကို ကျောခိုင်းထားလျက် အဝေးတစ်နေရာကို ခပ်ဆွေးဆွေး ငေးကြည့်နေမိသည်..။ ခနကြာတော့-
"မှူး.."
ကျောခိုင်းထားသည့် အပေါက်ဝဘက်မှ မင်းထင်လှမ်း ခေါ်သံကြားလိုက်သဖြင့် ကျွန်တော် လှည့်ကြည့်လိုက် သည်..။
မင်းထင်က ကျွန်တော့်ကို လက်ဝေ့ယမ်းပြကာ ပြုံးပြ သည်..။ကျွန်တော်လည်း သူ့ဆီ လျှောက်သွားလိုက်ပြီး ကစားကွင်းအပေါက်ဝမှ အထဲသို့ ဝင်လာခဲ့သည်..။ ထို့နောက် ကျွန်တော်က ဦးဆောင်ကာ သွားမည်ဆို တော့ မင်းထင်က ကျွန်တော့်ကို လှမ်းတားကာ-
"မှူး ခနနေဦး.."ဟု ပြောပြီး အပေါက်ဝမျက်စောင်းထိုး ရှိ စားသောက်ဆိုင်တစ်ခုဆီသို့ ဦးတည်၍ လျှောက်သွား လေသည်..။
"မင်း ဗိုက်ဆာနေပြီမို့လို့လား.."
ကျွန်တော်လည်း သူ့ကိုမှီအောင် လိုက်လာရင်း မေး တော့ သူက ရှေ့ကိုလျှောက်နေရင်းမှ ခေါင်းခါပြလေ သည်။
ဗိုက်လည်းမဆာဘဲနဲ့ စားသောက်ဆိုင်ထဲ ဘာလာလုပ် တာလဲ..။
ကျွန်တော်လည်း အူကြောင်ကြောင်နှင့် စားသောက်ဆိုင် ထဲသို့ဝင်လာခဲ့လိုက်တော့-
"ကဲ ရှင်း..ကိုယ်တို့ သွားကြမယ်.."
ရှင်း....
သူ့အနောက်က လိုက်လာသဖြင့် ကျွန်တော် အရှေ့ကို မမြင်မိလိုက်သဖြင့် အရှေ့မှာ ဘာရှိတယ်ဆိုတာကို လည်း ကျွန်တော် မသိလိုက်ချေ..။
ဒါပေမဲ့..အခုတော့ သိလိုက်ပါပြီ..။ သိလိုက်သည်နှင့် ချက်ချင်းမှာပဲ စိတ်ထဲက ခနနေ ဖြစ်လာတော့မယ့် ပျော်ရွှင်မှုစိတ်ကူးတွေအားလုံး ရုတ်ချည်း ပျောက်ကွယ် သွားသည်..။
"အာ..ရှင်းသန့်ဖြူလည်း ပါတာကိုး.."
ကျွန်တော် အတတ်နိုင်ဆုံး ပြုံးထားကာ အရှေ့ထွက် နှုတ်ဆက်လိုက်သည်..။
"မတွေ့တာကြာပြီနော်..ရှင်းသန့်ဖြူ.."
"အင်း..ဟုတ်တယ်နော်.."
"မင်းထင်က နင်ပါ ပါလာမယ်လို့ မပြောထားတော့ အခုလို တွေ့လိုက်တော့ နည်းနည်းsurprise ဖြစ် သွားတယ်.."
ကျွန်တော် စကားအမှား မပါမိအောင် ထိန်းပြောရင်း နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်သပ်လိုက်သည်..။
"ဟုတ်တယ် မှူးရ ..sorry..ဒီနေ့က ရှင်းမွေးနေ့လေ.. အဲဒါရှင်းလည်း ဒီကိုလာချင်တယ်ဆိုလို့..မင်းလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်လိုက်တာ.."
"ဪ..ဟုတ်လား..Happy Birthdayနော်.. ကြိုမသိလိုက်တော့ မွေးနေ့လက်ဆောင် မပြင်ခဲ့လိုက် ရဘူး.."
"အာ..ရပါတယ်..မလိုပါဘူး.."
ကျွန်တော် ဆက်ပြီး ဘာပြောရမလဲ မသိတော့ချေ..။ သူ(မ) ဘက်က စကားသံဆုံးတော့ ကျွန်တော်တို့ကြား မှာ ခနတာ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
"ဒါဆို ကျွန်တော်တို့ အထဲသွားကြတော့မလား.."
ခနကြာတော့မှ ကျွန်တော် ဟန်ဆောင်မှုအပြုံးတုဖြင့် ပြုံးပြုံးရွှင်ရွှင် ပြောလိုက်တော့-
"အင်း..ကောင်းသားပဲ.."
မင်းထင်က ဆိုတော့ ကျွန်တော်လည်း သူတို့ကို မစောင့်တော့ဘဲ အရင်လှည့်ထွက်လာလိုက်သည်..။ ဘာကြောင့်လဲဆိုတော့ အခု ပြုံးထားသည့် အပြုံးတုက ကြာကြာ မခံတော့လို့ပင်..။
Happy World ထဲ ဝင်လာတော့ ပိတ်ရက်ဖြစ်သ ဖြင့် လူတွေက တိုးနေသည်..။ ကျွန်တော်လည်း တိုးရ မည့်လူအုပ်ကိုကြည့်နေရင်း သက်ပြင်းချနေချိန် ရုတ်တ ရက် လက်ကို လူတစ်ယောက်က လာကိုင်သလို ခံစား လိုက်ရသည်..။ ထို့ကြောင့် ကျွန်တော်လည်း နောက် လှည့်ကြည့်လိုက်တော့-
မင်းထင်..။
"ဖြတ်မယ်ဆိုရင် လက်တွဲထားသင့်တာပေါ့..ဒီလူအုပ်ကို ဖြတ်နေရင်း လူစုကွဲကုန်ဦးမယ်.."
မင်းထင်က ကျွန်တော့်လက်ကို ဆုပ်ကိုင်ကာ မြှောက်ပြ ပြောဆိုနေတော့ ကျွန်တော် သူ့အနောက်က ရှင်းသန့်ဖြူ ကို လှမ်းကြည့်မိသည်..။ သူ(မ) မျက်နှာကို ငုံ့ထား သည်..၊ သေချာတာတော့ အခု ဒီမြင်ကွင်းကို သူ(မ) မနှစ်သက်တာ ဖြစ်ပါလိမ့်မယ်..။
ထို့ကြောင့် ကျွန်တော် လုပ်ရပ်တစ်ခုကို လုပ်ဖြစ်လိုက် သည်..။ အဲဒါကတော့ ကျွန်တော့်လက်ကို ကိုင်ထား သော မင်းထင်၏လက်ကို အသာတကြည် ဆွဲဖြုတ်ကာ-
"ငါ့ကို စိတ်မပူပါနဲ့..မွေးနေ့ရှင်ကိုသာ စိတ်ပူ.. မွေးနေ့မှာ သူ့ကို ပျော်အောင် လုပ်ပေးဖို့က မင်းတာဝန်ပဲ..ငါ့အ တွက် ခေါင်းထဲမထည့်လည်း ရတယ်.."
ကျွန်တော် ပြောပြီးတာနဲ့ သူတို့နှစ်ဦးကို ထားကာ အရင် ဆုံး လူအုပ်ကြားထဲသို့ တိုးဝင်လာခဲ့သည်..။
ကျွန်တော် ဘာကြောင့် ဒီလိုလုပ်ရသလဲလို့ မေးရင် ကျွန် တော့်ဆီမှာ အဖြေတစ်ခုထဲ ရှိတယ်..။ အဲဒါက
ဝဋ်မလည်ချင်လို့ပဲ...။
အကယ်၍ တစ်ချိန်ချိန်သာ ရှင်းသန့်ဖြူနေရာမှာ ကျွန် တော်ဖြစ်ခဲ့ရင် ကျွန်တော် ဒီလိုမျိုးမခံစားချင်ဘူး..။ ပြီး တော့ အဲဒီလို ခံစားချက်ကိုလည်း ကျွန်တော် ကိုယ်ချင်း စာတယ်..။ အဲဒါကြောင့် ကျွန်တော့်လက်ကို ဆုပ်ကိုင်ခဲ့ တဲ့ ကျွန်တော်မြတ်နိုးရတဲ့ မင်းထင်ရဲ့လက်ကို ဆွဲဖြုတ်ခဲ့ တာပါ..။
မျက်ဝန်းထဲ ဝေ့ဝဲနေသော မျက်ရည်ကြည်တို့ကို အသာ ခတ်ထုတ်လိုက်ပြီး လူရှင်းသည့် ထောင့်တစ်ထောင့်သို့ လျှောက်လာခဲ့လိုက်သည်..။ ထို့နောက် ထိုင်လို့ရသော အမြင့်တစ်ခု၌ လှမ်းထိုင်လိုက်ကာ အသင့်ပါလာသော earphoneကို နားထဲထည့်လိုက်ပြီး မျက်စိမှိတ်ကာ သီချင်းနားထောင်နေလိုက်သည်..။
ကျွန်တော် အခုလို မလုပ်ဘဲ တစ်ယောက်ထဲ လူအုပ်ထဲ တိုးနေရင်လည်း အသက်ရှူကျပ်ရုံကလွဲပြီး ဘာမှ ထူး မလာချေ..။ ထို့ကြောင့် အခုလို သီချင်းနာထောင်တာက သက်သာသည့်အပြင် စိတ်ဖြေရာလည်း ရောက်သည်..။
ဒုတ်!!!!!
သံစဥ်တီးလုံးအလိုက် ခါနေသော ခြေထောက်ကို တစ်စုံတစ်ယောက်က ခလုတ်တိုက်မိသွားသည်နှင့်တူ သည်..၊ ဒုတ်ခနဲ တိုက်မိပြီး ဘုတ်ခနဲ ပြုတ်ကျသွား သည်..။
ကျွန်တော်လည်း မျက်လုံးဖွင့်ကြည့်တော့ ရေခဲမုန့်ခွက် လေးကိုင်ထားသော ကလေးမလေး တစ်ယောက်..။
"ဟာ..မီးမီး..ဘာဖြစ်သွားသေးလဲ.."
ကျွန်တော်လည်း ကျွန်တော့်ခြေထောက်နဲ့ တိုက်မိတာ ကြောင့် ချက်ချင်းပဲ ထိုင်နေရာမှ ထလာကာ ကလေး မလေးကို ပွေ့ထူလိုက်သည်..။
"ဘယ်နားနာသွားသေးလဲ မီးမီး.."
ကျွန်တော် ကလေးမလေး၏ ဒူးခေါင်းနားကို ကြည့် လိုက်တော့ ပွန်းရာပဲ့ရာတောင် မရှိသောကြောင့် တော် သေးတယ်ဟု စိတ်ထဲမှ ရေရွတ်ကာ-
"ဘာမှ မဖြစ်သွားလို့ တော်သေးတယ်.."
"တောင်းပန်ပါတယ်..မမြင်လိုက်လို့ပါ.."
"ရပါတယ်.."
"ဟုတ်ကဲ့ ကျေးဇူးပါ.."
ကလေးမလေးက ကျွန်တော့်ကို နှုတ်ဆက်ကာ ပြေး ထွက်သွားသည်ကို ကျွန်တော် ရပ်ကြည့်နေခဲ့သည်..။
ထိုစဥ်-
အာ့!!!!
လူတစ်ယောက်က ကျွန်တော့်ကို ပုခုံးကနေ တိုက်ချသွား သောကြောင့် ဟန်ချက်ပျက်သွားကာ အရှေ့ကို ယိုင်ကျ သွားသည်..။
သို့သော်..
ရုတ်တရက်ပေါ်လာသော လူတစ်ယောက်က ကျွန်တော့် ကို ခါးမှပင့်ကာ ဖမ်းထားပေးသဖြင့် မြေပြင်ပေါ်သို့ ကျမသွားချေ..။ ဒါပေမဲ့ ကျမသွားတာထက် ပိုဆိုးသည် က ထိုလူမျက်နှာနှင့် ကျွန်တော့်မျက်နှာက လက်တစ်ထွာ လောက်သာ ကွာတော့သည်..။
ထိုလူက maskအမည်း တပ်ထားသဖြင့် သူဘယ်သူ လဲဆိုတာကို ကျွန်တော်မသိချေ..။ ဒါပေမဲ့ ကျွန်တော် သိတာက မျက်လုံး..။ သူ့မျက်လုံးတွေက တော်တော် လှတယ်..၊ mask သာ အုပ်ထားပေမဲ့ ထိုလူရဲ့ ရုပ် ရည်က သာမန်ထက်ပိုမယ်ဆိုတာကို ကျွန်တော် ခန့်မှန်းမိ သည်..။
"မှူးသာ.."
ထိုလူ၏ မျက်လုံးကို ကျွန်တော် အတန်ကြာ စိုက်ကြည့် နေချိန် နားထဲ၌ သီချင်းသံကြားထဲမှ မင်းထင်၏ ခေါ်သံ ကို လျှပ်တပြတ် ကြားလိုက်သည်. ။ ထို့ကြောင့် ထိုသူ က ကျွန်တော့်ကို ခန္ဓာကိုယ် ပြန်မတ်ပေးလိုက်တော့-
"ကျေးဇူးတင်ပါတယ်.."
ကျွန်တော် ကျေးဇူးတင်စကားပြောသောအခါ ထိုသူက ခေါင်းသာ ညိတ်ပြပြီး ကျွန်တော့်ရှေ့မှ ခပ်မြန်မြန်ပင် ထွက်သွားတော့သည်..။
"မှူး.."
ထွက်သွားသည့် ထိုသူ၏ နောက်ကျောကို ကျွန်တော် ခပ်တွေတွေ ကြည့်နေစဥ် မင်းထင်၏ခေါ်သံကို ထပ် ကြားလိုက်ရသည်..။ ထို့ကြောင့် ကျွန်တော် နားထဲမှ earphoneကို ဖြုတ်ကာ မင်းထင်ဘက် လှည့်ကြည့် လိုက်ကာ-
"ပြန်တော့မလို့လား.."
ကျွန်တော်မေးလိုက်တော့ မင်းထင်က ခေါင်းခါပြကာ-
"ခုနကလူက ဘယ်သူလဲ.."
မင်းထင်က ကျွန်တော့်ကို စိုက်ကြည့်ကာ မေးလာတော့ ကျွန်တော်က -
"အာ..ဘယ်သူမှ မဟုတ်ပါဘူး..လူတစ်ယောက် ငါ့လာ တိုက်မိတာ အဲဒါ လဲကျတော့မလို ဖြစ်သွားချိန် အဲဒီ့လူ လာဖမ်းပေးတာ.."
"ဪ.."
"ဒါနဲ့ ကစားလို့ ပြီးကြပြီလား.."
"ဟင့်အင်း..မပြီးသေးပါဘူး..သရဲအိမ်ထဲဝင်ဖို့ မင်းကို လာခေါ်တာ.."
"သရဲအိမ်.."
"အင်း..မငြင်းနဲ့နော်..ငါအဝင်လက်မှတ်တောင် ဝယ် ထားပြီးပြီ.."
"ဪ..အင်းပါ.."
ကျွန်တော်လည်း ငြင်းမရသည့်အဆုံး လက်ခံလိုက်ရ သည်..။
>>>>>>>
သရဲအိမ်ထဲကို သူတို့နှစ်ယောက်က အရှေ့ကနေ ဦးစွာ ဝင်သွားပြီး ကျွန်တော်က အနောက်ကနေ ဝင်လာခဲ့လိုက် သည်..။
ကျွန်တော်သူတို့နှစ်ယောက်အတူတူ ရှိနေသည့် မြင်ကွင်း ကို မနှစ်သက်ချေ..။ ရှင်းသန့်ဖြူက မင်းထင်၏လက်ကို ဆုပ်ကိုင်ထားသည်..၊ မင်းထင်ကလည်း ပြန်ပြီး ဆုပ် ကိုင်ထားသည်..။
ရုတ်တရက် အရှေ့မှ သရဲရုပ်က ဘွားခနဲ ပေါ်လာတော့ ရှင်းသန့်ဖြူက လန့်ဖျန့်ပြီး အော်လေတော့သည်..။ ထို့ ကြောင့်လည်း မင်းထင်က သူ(မ)၏ ပုခုံးကို ဖက်ကာ နွေးထွေးမှု ပေးလေသည်..။
ဒါပေမဲ့ ကျွန်တော့်ဘက်ကရော..။
ဘယ်သူက ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားပေးမှာလဲ။ ဘယ်သူကရော ကျွန်တော် ကြောက်နေရင် ဖက်ထား ပေးမှာလဲ..။
ကျွန်တော် သူတို့နှစ်ယောက်ကို ကြည့်နေရင်း ကိုယ့်အ တွေးနှင့်ကိုယ် ဝမ်းနည်းလာရသည်။ ကျွန်တော် မှားသွား ပြီလား..၊ မင်းထင်ကို ချစ်မိသွားတဲ့ ကျွန်တော်က မှား သွားခဲ့ပြီလား..။
မျက်လုံးအောက်နှုတ်ခမ်းတွေ..၊ နှာဖျားထိပ်တွေ ကျိန်း စပ်လာသည်..၊ မငိုမိအောင် အောင့်ထားရသောကြောင့် နှုတ်ခမ်းသားတို့က မသိမသာ တုန်ရီလာသည်..။ မျက် ဝန်းထဲ၌ မျက်ရည်တို့က စိုစွတ်လာသည်..။
မဖြစ်ဘူး..၊ငါအခု မျက်ရည်ကျလို့ မဖြစ်ဘူး..။
ကျွန်တော် မငိုမိအောင် အောက်နှုတ်ခမ်းကို သွားဖြင့် ဖိကိုက်ကာ ထိန်းထားရသည်..။ အသက်ကို ခေတ္တ အောင့်ထားလိုက်သည်..။
မကြာတော့ဘူး..၊ မျက်ရည်တွေကျတော့မယ်..။
ထို့ကြောင့် ကျွန်တော် နံရံဘက်သို့ကပ်ကာ ထိုင်ချလိုက် ပြီး ကျလုဆဲဆဲ မျက်ရည်တွေကို ကျခွင့်ပြုလိုက်သည်။
"မှူး..ဘာဖြစ်တာလဲ.."
မျက်ရည်များ ကျဆင်းစေဖို့အတွက် မျက်လုံးကို မှိတ် ထားစဥ် နားထဲ၌ မင်းထင်ခေါ်သံကြားလိုက်ရပြီး အနီး နားသို့ ပြေးလာသံကြားလိုက်သည်..။
"ဘာဖြစ်တာလဲ..ဟမ်..မှူး..ဘာဖြစ်တာလဲလို့.."
မင်းထင်မေးသည်ကို ကျွန်တော် ချက်ချင်း မဖြေ..၊ ဘာကြောင့်လည်းဆိုတော့ အခု ကျွန်တော် ငိုထားသော ကြောင့် အသံတွေ တုန်ချင်တုန်နေလိမ့်မည်..။ မျက်ရည် တွေကိုကကျတော့ မှောင်ရိပ်ဘက်ခြမ်းမှာ ထိုင်နေသော ကြောင့် မမြင်ရချေ..။
ခနကြာတော့မှ ကျွန်တော် သက်ပြင်းတစ်ချက် ချကာ-
"ငါ ပြန်တော့မယ် မင်းထင်..ငါနေသိပ်မကောင်းသလို ပဲ..ခေါင်းတွေလည်း ကိုက်နေတယ်.."
"ဟုတ်လား..အဲဒါဆို ငါပြန်လိုက်ပို့ပေးမယ်လေ.."
မင်းထင်က ဆိုတော့ ကျွန်တော်က လက်ဟန့်တားကာ-
"ရတယ်..ငါ့ဖာသာပဲပြန်လိုက်မယ်..မင်း ရှင်းသန့်ဖြူနဲ့ သာ နေပေးလိုက်..ငါ သွားတော့မယ်.."
"အေးပါ..ဒါဆိုလည်း ကောင်းကောင်း သွားနော်.."
"အင်း.."
ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး သွားတော့မည်ပြု စဥ်-
"မှူး..ပြန်ရောက်ရင် ငါ့ဆီဖုန်းဆက်ဦးနော်.."
ကျွန်တော် ခေါင်းပင် မညိတ်ပြတော့ဘဲ ခပ်မြန်မြန်ပင် အဝင်ပေါက်ဘက်မှ ထွက်လာခဲ့လိုက်သည်..။ အခု မင်း ထင်၏ အဝေးသို့ ရောက်ပြီဆိုတော့မှ အောင်းထားသမျှ မျက်ရည်တို့ကို ကျဆင်းခွင့်ပြုလိုက်သည်..။ ထို့နောက် စိတ်ထဲကနေ ရေရွတ်လိုက်သည်က-
ငါပိုင်တဲ့ ငါ့မျက်ရည်ကိုတော့ ငါ့စိတ်တိုင်းကျ ကျခွင့်ပြု ပါ မင်းထင်..။
>>>>>>>
~~Hmuu Thar Khant´s Diary~~
တစ်ခါတစ်လေကျရင်..
ကျွန်တော် မင်းထင်ကို..
ပိုင်ဆိုင်ချင်တယ်...
တစ်ခါတစ်လေကျရင်လည်း..
ကျွန်တော် သူ့ကို..
ကျွန်တော့်နှလုံးသားထဲက ဆွဲထုတ်လိုက်ချင်တယ်..
ဒါပေမဲ့..
တစ်ခါတစ်လေကျတော့..
ကျွန်တော် သူ့ကို..
အရမ်း..ချစ်မိပြန်တယ်..
ဒါပေမဲ့..
တစ်ခါတစ်လေကျရင်တော့...
သူ့ကို သေလောက်အောင်ကို မုန်းပစ်လိုက်ချင်တယ်...
#Min Kha