( flashback )
လွန်ခဲ့သော ၁နှစ်ကျော်
ကျွန်တော်တို့တုန်းကရွာမှာအလယ်တန်းအထိပဲတက်လို့ရပါတယ်။ရှစ်တန်ပြီးရင် အ.ထ.က(သံဖြူဇရပ်)မှာဆက်တက်ရတယ်။အဲဒီတုန်းကသံဖြူဇရပ်မှာလည်းအထက်တန်းကျောင်းတစ်ကျောင်းပဲရှိသေးတယ်။အခုတော့မြို့ပေါ်မှာလည်းအထက်တန်း
ကျောင်း၂ကျောင်းလောက်ရှိလာခဲ့သလိုတောင်ကုန်း
(ရွာ)ကကျောင်းသားလေးတွေလည်းမြို့ပေါ်ထိတက်စရာမလိုဘဲကိုယ့်ရွာမှာသာစာသင်နိုင်ခဲ့ပြီ။အထက်တန်းတိုးပြီးတာမကြာသေးတဲ့အတွက် ကျောင်းတော်ကြီးမှာရပ်မိရပ်ဖတွေရောဆရာတွေကပါဝိုင်းဝန်းကြိုးပမ်းကြရတယ်။ရွာမှာတစ်ချိန်လုံးရှိနေပြီဖြစ်တဲ့အတွက်ဒီအကြောင်းတွေကိုကျွန်တော်
သိတာပါ။
အိမ်မှာအချိန်ပြည့်ရှိရတဲ့အကြောင်းရင်းကတော့ဒီနှစ်မှာကျောင်းကိုဒုတိယနှစ်အောင်ပြီးတဲ့အခြေ
အနေနဲ့ရပ်ထားခဲ့လို့လေ။တက္ကသိုလ်တက်နေစဉ်အခါကတစ်ပတ်တစ်ခါလောက်ရွာပြန်ရပြီးတစ်ပတ်မှာနှစ်ရက်လောက်ပဲ အိမ်ကလူကြီးတွေကိုဝိုင်းကူနိုင်ခဲ့တာဆိုတော့ ဆက်တက်လည်းမထူးဘူးဆိုပြီး နားထားလိုက်တာပါ။ပြီးတော့ အဲဒီနှစ်ပိုင်း(လွန်ခဲ့တဲ့နှစ်နှစ်)တုန်းကအိမ်မှာငွေရေးကြေးရေးအကြပ်
အတည်း၊အလုပ်သမားအကျပ်အတည်းလည်းကြုံခဲ့တာကိုး။
အဲဒီနှစ်ပိုင်းတွေတုန်းကဆိုရင်ရော်ဘာစျေးဟာရစရာမရှိအောင်နိမ့်လွန်းလို့ခြံစိုက်စားသူ,ဦးကြီးအတော်များများအပင်ခုတ်ပြီးရောင်းသူကရောင်း၊ခြံပါရောင်းပြီးလုပ်ငန်းရပ်ရသူကရပ်,ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီထဲမှာကိုယ့်ခြံလည်းပါတာပေါ့။
ဒါပေမယ့်ဘ(အဖေ)တို့ကတော့ ဒီလုပ်ငန်းလုပ်လာတာလည်းကြာ၊စိုက်ထားတဲ့မြေဧကလည်းများတော့ လပိုင်း(တစ်နှစ်နီးပါး)လောက်တောင့်ခံခဲ့ကြရတယ်။အခုတော့ ရော်ဘာစျေးလည်း ဟိုးအရင်ကိုယ်တွေမူလတန်း၊အလယ်တန်းတုန်းကလောက်မကောင်းပေမယ့် ၂၀၁၅ဝန်းကျင်တုန်းကလိုလည်းမဆိုးဝါးတော့ပါဘူး။
ဒီဇင်ဘာဟာခြံမှာအလုပ်များတဲ့လ။ရော်ဘာအထွက်များတဲ့ကာလဆိုတော့ခြံမှာနေ့နေ့ညညဝိုင်းကူခဲ့ရတယ်။ဒီဇင်ဘာအလွန်ဇန်နဝါရီလကုန်လောက်မှာတော့ ကြိုကြားကြိုကြားအိမ်ပြန်နားလို့ရနေပြီ။ဘ(အဖေ)တို့ကလည်း အလုပ်ပါးတဲ့အခိုက်ရွာထဲပြန်လွှတ်တတ်တယ်။လူငယ်တစ်ယောက်ရဲ့လွတ်လပ်မှုမျိုးကိုခံစားစေချင်လို့နဲ့တူတယ်။
ရွာထဲပြန်ရောက်တဲ့အချိန်လုပ်စရာများများစားစား
တော့မရှိပါဘူး။နေ့ဘက်ဆိုရင် ရပ်ရွာရဲ့သာရေး
နာရေးအသင်းမှာရံဖန်ရံခါဝိုင်းကူဖြစ်တာနဲ့ညဘက်ဆို, သူငယ်ချင်းတွေနဲ့အပြင်ထွက်လည်တာကလွဲရင်ပေါ့။သူငယ်ချင်းတွေနဲ့ဆိုရင်တော့သီချင်းညည်းလိုက်၊စားကြသောက်ကြလိုက်နဲ့ လွတ်လပ်ပေါ့ပါးရပါတယ်။
"ဟေ့ ဇော်ကြီး မင်းဒီည ဆယ်တန်း study မှာစောင့်မလို့ဆို"
ရွာအထက်တန်းကျောင်းမှာကပထမနှစ်ဝက်မဖြေခင် စက်တင်ဘာလလောက်ကတည်းက ကျောင်း
သားတွေကိုကျောင်းမှာအိပ်စေခဲ့တယ်။ night camp လိုသဘောပေါ့။နေ့ခင်းဆိုပုံမှန်ကျောင်းတက်
ချိန်လိုတက်၊ ညနေစောင်းဆိုအချိန်ပိုသင်ပြီးညကိုကျောင်းမှာအိပ်ရတာမျိုး။ ကိုယ်တို့တုန်းက သံဖြူဇရပ်မြို့ပေါ်ကျောင်းဆိုတော့ဒီလိုမျိုးမရှိခဲ့။ Study Camp ဆိုတာမျိုးကနယ်တွေရွာတွေမှာအများဆုံး
ရှိတာမဟုတ်လား။ လူကြီးတွေရဲ့ဝိုင်းဝန်းမှုနဲ့အတူ နယ်ဆရာတွေရဲ့စေတနာပေါ့လေ။
"မင်းက study စောင့်မလို့လား၊ မင်းတို့ဘ,ခရီးများထွက်လို့လား"
စက်တင်ဘာထဲကstudy camp စခဲ့ပေမယ့်ဆရာတွေကပဲကျောင်းသားကိုအဓိကစောင့်ရှောက်ပေးကြတာ။အခုလိုစာမေးပွဲနီးတော့မှ ကျောင်းသားတစ်အိမ်ကိုအုပ်ထိန်းသူတစ်ယောက်အကူခေါ်တာပဲ။ ဒီအကြောင်းကိုကျွန်တော်သိထားတယ်။ ကိုယ့်အိမ်မှာကျောင်းသားမရှိလို့၊ ရှိရင်သူလည်းဘ,ကိုယ်စား လိုက်စောင့်ပေးရမှာ။
ကျွန်တော်မေးတာကို ဇော်ကြီးကတရေးတယူပြန်ဖြေပါတယ်။
"အေးဆိုပါတော့"
"မင်းဘယ်ချိန်သွားမလို့လဲဟေ... တစ်ယောက်ထဲပဲလား"
နာရီကိုလှမ်းကြည့်တော့ည၇နာရီကျော်စပြုပြီ။
"၇နာရီခွဲအရောက်လေ ချန်း၊ တစ်ယောက်ထဲပဲကွာ ဘာလဲ မင်းလိုက်စောင့်ပေးမလို့လား"
လိုက်ခဲ့မလားဆိုပြီးသူငယ်ချင်းကခေါ်တော့မှ ကျွန်တော်တစ်ခုခုကိုအမှတ်ရသွားတယ်။ ဒီပ...။ကျွန်တော့်ညီလေးလိုလည်းဖြစ်နေတဲ့စုမွန်မောင်လေးက ဒီနှစ်ဆယ်တန်းပဲ။လွန်ခဲ့တဲ့သုံးလေးပတ်ဆုံ
တုန်းက ပင်ကိုယ်မပြည့်ရာကနေနည်းနည်းပိုပိန်ချင်နေတဲ့သူနဲ့ တွေ့ခဲ့သေးတာ။ ကျွန်တော်တောင်အားပေးစကားပြောလိုက်သေးတယ်။ သူကတော့
စာလုပ်ရလို့လူပင်ပန်းတာထက်၊ ဘောလုံးစိတ်ကြိုက်မကန်ရလို့ စိတ်ပင်ပန်းတယ်ဆိုပဲ။
"အေးကွာ မင်းအဖော်ရအောင်ငါလည်းလိုက်တာပေါ့"
သူငယ်ချင်းတွေစုနေတဲ့ရပ်ကွက်ဇရပ်မှာ ခဏလောက်နေလိုက်သေးတယ်။ ပြီးတော့မှကျောင်းဘက်ကိုနှစ်ယောက်သားထွက်လာခဲ့လိုက်တယ်။ ကျောင်းမသွားခင် ဇော်ကြီးကို ကျောင်းနဲ့သိပ်မလှမ်းတဲ့ကျွန်တော့်အိမ်ကို လိုက်ခိုင်းခဲ့သေးတယ်။မနက်ကဝယ်ထားခဲ့တဲ့ထိုင်းနို့ဗူးတွေ၊မုန့်ထုပ်တွေ ဟိုကလေးအတွက်ယူသွားဖို့လေ။
**
တိုက်ဆိုင်တယ်ပြောရမယ်၊ သူငယ်ချင်းနှစ်ယောက်ကိုဆရာမတွေချပေးတဲ့အခန်းက ဒီပရှိနေတဲ့အခန်းလေ။ကျောင်းသားအားလုံးပေါင်းလေးဆယ်ကျော်ကျော်လောက်ရှိပြီး၊ တစ်ခန်းကို ၁၃ယောက် ၁၄ ယောက်နှုန်းနဲ့အခန်းလေးခန်းခွဲထားတာ။ ဒီပကတော့ B လို့လည်းခေါ်တဲ့အခန်းနံပါတ်(၂)မှာ။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်စောင့်ဖို့တာဝန်ကျတဲ့အခန်းရှေ့ကလည်း ဒီပတို့အခန်းရှေ့ပါပဲ။ ရောက်ရောက်ချင်း အခန်းရှေ့ကနေကျွန်တော်လက်ပြနှုတ်ဆက်တာကိုမြင်တော့ ပျော်သွားတာထင်တယ်။ သူ့ကြည့်ရတာအားတက်လာတဲ့ပုံစံနဲ့။ စာကျက်လက်စဖြစ်တာကြောင့် break ချိန်ပေးတော့မှပဲ မုန့်ကျွေးတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။
တကယ်တော့ကျောင်းသားစောင့်တယ်ဆိုတာကလုံခြုံရေးမဟုတ်ပါဘူး။ ငိုက်မြည်းတာမျိုးနည်းနိုင်သမျှနည်းရအောင် မိဘလူကြီးတွေနဲ့တွန်အားပေးတာပါ။ အားလည်းတက်၊ အပျင်းလည်းမထူသွားအောင်ပေါ့လေ။
ကျွန်တော်ရောက်လာတဲ့အချိန်တည်းကနေ နားချိန်ပေးတဲ့ ၉နာရီထိကလေးက,စာကိုကြိုးစားပမ်းစားလေ့လာနေတော့ ကျွန်တော်သဘောကျသွားတယ်။ လေးလည်းလေးစားသွားတယ်။ ကိုယ်တွေတုန်းကဆိုအိမ်မှာကျက်ရတာဆိုတော့ အနားမှာလူကြီးလစ်တာနဲ့ငိုက်တာပဲ၊ခိုးအိပ်တာပဲ။
break ချိန်ရောက်တာနဲ့ကျွန်တော့်အနားကိုအပြေးလေးရောက်လာတာ။ မျက်လုံးလေးတွေလည်းလက်လို့။ အဲဒါနဲ့ သူ့အတွက်တကူးတယူလာတဲ့မုန့်ထုပ်ကိုလက်ထဲထည့်ပေးလိုက်တော့
"အများကြီးပဲ ကိုချန်းရာ ပိုက်ဆံတွေကုန်နေဦးမယ်"
အိမ်မှာရှိတဲ့အချိန်စားဖို့ မနက်ကသုံးလေးရက်စာဝယ်စုထားခဲ့တဲ့ မုန့်ကိုနောက်တစ်နေ့တစ်မနက်စာလောက်ပဲချန်ပြီး ရှိသမျှကျွန်တော်ယူလာခဲ့တာ။
"အဲလောက်မကုန်ပါဘူး ဒီပရ၊ များတော့မကောင်းဘူးလား မင်းများများစားရတာပေါ့ မုန့်မကြိုက်ဘူးလို့ညာပြောမယ်မကြံနဲ့နော်"
"ဟီး...မပြောပါဘူး ကိုကြီးရာ"
ခေါ်ကျကိုချန်းကနေကိုကြီးတွေဖြစ်ကုန်ပြီ။ အစားမက်တဲ့ကောင်လေး၊အစားကြိုက်တဲ့ကောင်လေး။
"ဟိုမှာ ဆရာမတွေရေနွေးပေးနေတယ်မဟုတ်လား သွားယူလေ ခေါက်ဆွဲထုပ်မစားတော့ဘူးလား အစိမ်းတော့မစားခိုင်းဘူးနော်"
"အင်းပါဗျာ ကိုချန်းရှေ့မှာတော့ အစိမ်းမစားဘူးလေ"
"ဘာ...ငါ့နောက်ကွယ်မှာစားမယ်ပေါ့လေ" လို့ပြောတော့မဟုတ်ပါဘူးဆိုပြီးသွားဖြီးပြတယ်။မုန့်ထုပ်ကိုပြန်ယူဟန်ဆောင်တော့ "သားက စတာကို"တဲ့လေ။
"ကဲပါ ငါနဲ့စကားများနေလို့ မစားရဘဲနေမယ် စားမယ့်ပန်းကန်သွားယူ ပြီးရင်ရေနွေးအတူသွားယူမယ်"
ဟုတ်ကဲ့လို့တစ်ခွန်းတည်းပြောပြီးအခန်းထဲပြေးဝင်၊ပြီးတော့ကျွန်တော်ရှိတဲ့အခန်းရှေ့ပြန်ထွက်နဲ့ နှစ်စက္ကန့်တောင်မကြာသလို။ သွက်လည်းသွက်နိုင်တဲ့ကောင်လေး။
သူခေါက်ဆွဲပြုတ်စားမယ်ဆိုတဲ့ခွက်ဟာပန်ကန်လုံးတောင်မဟုတ်ဘူး။ အပေါ်မှာလေလုံအဖုံးပါတဲ့ကော်လက်ကိုင်နဲ့စတီးခွက်ရှည်။ ခွက်ကအရွယ်အစားသေးပြီးအမြင့်ပဲရှည်နေတာ။ ဘယ်လိုများစားကြသလဲမသိ။ သူ့အတန်းဖော်တချို့ကိုကြည့်လိုက်တော့လည်း အဲဒီအတိုင်း။တတ်လည်းတတ်နိုင်တဲ့ကလေးတွေဆိုပြီး သဘောကျစွာတွေးမိတယ်။ ကော်ဖီလည်းရ,ခေါက်ဆွဲပြုတ်လည်းရ၊ သူတို့ဟာနဲ့သူတို့တော့ဟုတ်နေတာပဲ။
ဒီပမုန့်စားနေတုန်းမှာငယ်ငယ်ကစာသင်ပေးဖူးတဲ့ဆရာမတစ်ယောက်နဲ့ခဏလောက်စကားကျသွားသေးတယ်။အထက်တန်းပြအင်အားနဲ့ကျောင်းသားဦးရေ မမျှလို့အလယ်တန်း၊မူလတန်းဆရာမတွေကိုပါ ကျောင်းကခေါ်ထားရပုံပဲ။
နောက်တော့ဒီပဆီပြန်လာပြီး နားချိန်ပြီးမယ့်၉:၁၅ လည်းမထိုးသေးတာနဲ့ ထိုင်စကားပြောနေလိုက်သေးတယ်။
"ဒီနေ့ night study မှာအပျော်ဆုံးပဲ သိလား
ကိုချန်း"
"ငါလာလို့ပေါ့လေ"
"အင်းပေါ့"
"အေးပါ နောက်လည်းအကိုအိမ်မှာရှိရင် လာစောင့်ပေးမယ်လေ"
"ခြံထဲသွားရ ကျောင်းမှာလည်းလာစောင့်ရနဲ့ ကိုချန်းပင်ပန်းမှာပေါ့"
"အောင်မယ်..."
"ဟုတ်တာပဲကို...အဟွတ်...အဟွတ်"
ပြောပြောဆိုဆိုဒီပကချောင်းဆိုးနေပြီ။ သီးလို့ဆိုးတဲ့ချောင်းလို့ထင်လိုက်ပေမယ့် ကလေးက,နောက်နှစ်သုံးချက်လောက်ထပ်ပြီးချောင်းဟပ်သေးတယ်လေ။ ချက်ချင်းသူ့နဖူးကို လက်တင်ပြီးအပူချိန်စမ်းဖြစ်သွားတယ်။
"တော်သေးတာပေါ့ အဖျားတော့မရှိဘူးဘဲ..."
"ကျနော် ဘာမှမဖြစ်ပါဘူး ကိုချန်းရဲ့"
ဒီလောက်ချောင်းဆိုနေတာတောင်ဘာမှမဖြစ်ဘူးတဲ့ဗျာ။သူ့ကိုထားခဲ့ပြီး ဆရာမတွေကိုခွင့်တောင်းလိုက်တယ်။အိမ်ပြန်ပြီး ကလေးအတွက်သောက်ဆေးယူဖို့ကိုပေါ့။
ကျွန်တော်တို့ပြန်ရောက်လာတော့ ကျောင်းသားတွေစာပြန်ကျက်နေကြပြီ။သူ့အခန်းစောင့်ဆရာမကိုခွင့်တောင်းပြီး ဒီပကိုဆေးတိုက်လိုက်တယ်။ သူ့ဆရာမကလည်းနားလည်ပေးပါတယ်၊ နားနားနေနေစာကြည့်ပါဆိုပြီးပြောတယ်။ ဇန်နဝါရီကအရင်လထက်တောင်ပိုအေးသေးတယ်။ ဒီပဝတ်ထားတာအင်္ကျီလက်ရှည်ဆိုပေမယ့် အသားပါးနေတော့ ကျွန်တော်ကပဲကျွန်တော့်ဆွယ်တာကိုချွတ်ပြီးဝတ်ပေးလိုက်တယ်။
"အကို ချမ်းနေမှာပေါ့"
"ငါက အေးဆေးပါ၊ ခြံထဲမှာဆိုဒီ့ထက်ပိုအေးတယ် ပြီးတော့ ကြည့် လက်ရှည်တစ်ထပ်ကျန်နေသေးတယ်လေ"
ဒီလိုဆိုတော့ကျွန်တော့်ကို"ကျေးဇူးနော် ကိုချန်း"တဲ့။
ကိုယ့်မိဘတွေကညီလေးမမွေးပေးထားပေမယ့် ဒီကောင်လေးက ကျွန်တော့်ညီငယ်လေးပဲလေ။ ညီအရင်းရှိရင်တောင် ညီအရင်းထက်ပိုချစ်ရမယ့်ညီငယ်ရယ်ပါ။
*****
၂၀၁၈(အင်္ဂါ)
ည၁၂နာရီ။ ငိုထားလို့မျက်လုံးတွေအနည်းငယ်မို့အစ်နေတဲ့ ကျွန်တော့်ညီကိုကြည့်ပြီးစိတ်မသက်မသာဖြစ်ရတာအမှန်ပါ။ အကြောင်းစုံမသိရသေးပေမယ့် သူဒီလိုဖြစ်ရတဲ့အကြောင်းအရင်းဟာကျွန်တော့်သူငယ်ချင်းဟိုသူတောင်းစားပဲဖြစ်မယ်။ဒါကိုကျွန်တော်သိတယ်။သေလည်းသေချာတယ်။ မျက်လွှာကိုသမံတလင်းကြမ်းခင်းဆီမှာချထားတဲ့ သူ့ကိုကြည့်ပြီးလွန်ခဲ့တဲ့၅နာရီတုန်းက ကျွန်တော်စိုးရိမ်ပူပန်ကြီးခဲ့ရတာကို ပြန်သတိရသွားသေးတယ်။
ဒီနေ့မနက်အတန်းမတက်ဖို့ကျွန်တော့်ကိုခွင့်တောင်းထားတဲ့အတိုင်းသူအပြင်ထွက်ခဲ့တယ်။ အသိပေးရုံနဲ့ဖြစ်ပေမယ့် သူကျွန်တော့်ကိုခွင့်တောင်းခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ပတ်လုံးလုံး အကြောင်းကြောင်းကြောင့်ကျွန်တော်ပြန်သွားရသည်၊အဆောင်မှာမရှိခဲ့သည်ရှိသော် နေလို့်အဆင်ပြေအောင်ကျွန်တော်သိသလောက်သူ့ကို ပြောပြပေးခဲ့ပြီးသား။တစ်ယောက်
တည်းလွှတ်လိုက်ဖို့စိတ်မချစရာမရှိ။
သူသွားတွေ့မယ့်လူကိုကျွန်တော်သိနေတာပဲ။ ပိုပြီးအဆင်ပြေတာက မနေ့ညကအဲဒီကောင်လေးကျွန်တော့်ကို အွန်လိုင်းမှာစကားလှမ်းပြောထားသေးတယ်။ ကျွန်တော့်ညီလေးကိုသူအပြင်ခေါ်မယ့်အကြောင်း၊ သူတို့သွားမယ့်နေရာအကြောင်းအပြင် လိုအပ်ရင်ခေါ်ပြောဆက်သွယ်ဖို့ ကျွန်တော့်ဖုန်းနံပါတ်တောင်းပြီး၊သူ့နံပါတ်ကိုလည်းပေးထားခဲ့တာ။ ငယ်သလောက်လူမှုရေးနားလည်နဲ့ကောင်လေးဆိုပြီး ကျွန်တော်ချီးကျူးနေခဲ့သေးတာပဲ။ ဒီထိကအဆင်ပြေတယ််။
အပြန်ကိုလည်းအဆောင်ထိရောက်အောင် ကောင်လေးကပို့ပေးခဲ့တာ။ ပြန်လာတုန်းကသူ့မျက်နှာမဆိုစလောက်လေးတည်နေတယ်လို့ထင်လိုက်ပေမယ့် ပြီးခဲ့တဲ့ညကကျွန်တော်နဲ့ကိစ္စကြောင့်ပဲဆိုပြီးထင်ခဲ့တာ။ အဲဒါကျွန်တော့်အမှားပါ။ တကယ်ဆိုဒီပလိုတက်ကြွသွက်လက်တဲ့ကလေးက ရုတ်ချင်းငြိမ်ကျသွားတာကိုကျွန်တော်ရိပ်မိခဲ့သင့်တယ်။ သူကပဲခံစားချက်ကိုအထိန်းအချုပ်တော်တာလားမပြောတတ်ဘူး။
ဗညားကိုပြောစရာရှိလို့ဆိုပြီးထွက်သွားတဲ့အချိန်မှာ သူ့မျက်နှာသိပ်မကောင်းနေဘူး။ မိနစ်ပိုင်းလောက်အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးမှ လိုတာထက်ပိုမျက်စိမျက်နှာပျက်နေတဲ့ပုံစံကိုစဉ်းစားမိသွားတာ။ နောက်တော့ဗညားနဲ့သူ အဲဒီလောက်ထိလည်း ရင်းမှမရင်းနှီးဘဲ။ ဒါကိုသိတာနဲ့ ဗညားအခန်းဆီကိုကျွန်တော်လိုက်သွားခဲ့တယ်။ ထင်တဲ့အတိုင်းမရှိနေ။
အဲဒီမှာကျွန်တော်ထိတ်သွားတယ်။ အဆောင်သုံးထပ်လုံးကရေချိုးအခန်းတွဲနဲ့သန့်စင်ခန်းတွေဘက်မှာ သွားကြည့်တယ်။ကျွန်တော့်ညီလေးမရှိ။ မြေညီ
ထပ်မှာလည်းရှာကြည့်တယ်၊ သူ့ကိုမတွေ့။ ထူပူနေတုန်း"စီးကရက်တောင်းသွားတယ်"ဆိုတဲ့ဗညားစကားကို ပြန်စဉ်းစားမိတော့မှအခြေအနေမဟန်မှန်းသေချာသိလိုက်ရတာ။
ဒီပကစိတ်ညစ်၊စိတ်ရှုပ်တဲ့အချိန်ဆို အလင်းရောင်မကြိုက်တဲ့အကြောင်း၊အလင်းရှိတဲ့နေရာမှာသွားနေတတ်ကြောင်းသိထားတဲ့အတွက် အဆောင်ပုရဝုဏ်နဲ့နည်းနည်းလှမ်းတဲ့နေရာကို ထွက်ကြည့်တော့မှ ပိတ်ပေါင်းမကျတဲ့သစ်ပင်စုနားမှာ သူ့အရိပ်ကိုတွေ့ရတာ။ နောက်ကျောကနေသာမြင်ရပေမယ့် သူ့ပုံစံကို ကျွန်တော် အဝေးကြီးကနေ သိလိုက်တာပေါ့။
ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းမျက်ရည်တွေကျနေတယ်လေ။ မျက်နှာတစ်ခုလုံးလည်းမှိုင်းနေလိုက်တာ၊မိုးကြီးတဲ့မိုးတွင်းတစ်ရက်မှာတွေ့ရတဲ့ တိမ်အုပ်တွေလိုပဲ။ ပြိုကျတော့မယ်ကောင်းကင်ပေါ်က တိမ်ညိုတိမ်စုတွေအတိုင်းညှိုးငယ်နေလိုက်တာဗျာ။ မြင်နေရတဲ့ကျွန်တော်တောင် သူနဲ့အတူ
မျက်ရည်ကျချင်လာတယ်။
သူ့ခန္ဓာကိုယ်သေးသေးလေးကိုကျွန်တော်ပွေ့လိုက်တော့တုန်ရီလို့နေပြီ။ ကျွန်တော်သူ့ကိုဖက်ထားနေဆဲမှာ အသံတိတ်မျက်ရည်ကျရာကနေ ရှိုက်ကြီးတငင်ငိုလို့ ကြားကကျွန်တော်လည်းဝမ်းနည်းသွားရတဲ့အထိ။ သူဒီလောက်ငိုနေတာ ကျွန်တော်တစ်ခါမှမတွေ့ဖူးဘူး။ မကြည့်ရက်နိုင်တော့လို့ ဒီပဆီကနာကျင်မှုတွေလွှဲပြောင်းယူလို့ရရင် ကျွန်တော်ယူပေးလိုက်ချင်တာ။
တရားခံဘယ်သူလဲချက်ချင်းသိလိုက်တယ်။ ဒီနေ့အပြင်ခေါ်သွားတဲ့ကောင်လေးကပြန်လိုက်ပို့တုန်းကပုံစံကို ကြည့်ရသလောက်သူလည်းဘာမှသိပ်မရိပ်မိသလိုပဲ။ ဒီပလည်းသူ့ကိုအရယ်စွတ်တဲ့အသံနဲ့နှုတ်ဆက်နေသေးတာ။ တရားခံကဟိုသကောင့်သားကလွဲရင် တစ်ခြားဘယ်ရှိဦးမလဲ။
"ကိုချန်း အိပ်ရင်အိပ်တော့လေ ညဉ့်နက်နေပြီ"
ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာတောင် ကျွန်တော့်အတွက်စိုးရိမ်နေရသလား။
"ဟင့်အင်း..." ဆိုတော့"ကျွန်တော်အဆင်ပြေပါတယ်"ဆိုပြီး စိတ်ချမ်းသာအောင်ဟန်လုပ်ပြောနေပြန်တယ်။
"အကို နေ့ခင်းကအတန်းမတက်ခဲ့ဘူး အဆောင်မှာပဲအိပ်နေတာ"
ဒါကတော့သူစိတ်ချမ်းသာအောင်ပြောပေးတာပါ။ကျွန်တော်မနက်က စိတ်ညစ်ညစ်နဲ့ပဲအတန်းချိန်
၂ချိန် ၃ချိန်လောက်သွားတတ်လိုက်သေးတယ်။ practical ဆိုတော့မတက်လို့မှမရဘဲ။
သူဘာဖြစ်ခဲ့လဲဆိုတဲ့အကြောင်း ဘယ်လောက်ပဲသိချင်ပါစေဦး၊စိုးရိမ်တကြီးရှိစေဦးတော့ သူမပြောဘဲနဲ့အတင်းအကြပ်မဆွဲထုတ်မိဖို့ ကျွတ်တော်စိတ်ပိုင်းဖြတ်ထားပါတယ်။
"အင်းလေ အကိုလည်းစိတ်ပူနေမှာပေါ့..."
"မင်းပြောချင်မှပြောပါ ညီလေးရာ၊ အကို့ကိုထည့်မစဉ်းစားနဲ့"
"ဟင့်အင်း...ကျနော်ပြောချင်ပါတယ် ကိုချန်းကိုပြောပြမှ နည်းနည်းသက်သာမယ်ထင်တယ်"
"ဒီပ အဆင်ပြေသလိုလုပ်ပါ အကို့အတွက်မပူနဲ့"
တကယ်လည်းသူ့ဘက်ကပြောပြဖို့အဆင်သင့်မဖြစ်ရင်ကျွန်တော် မတိုက်တွန်းချင်ပါဘူး။
ဘယ်ကနေဘယ်လိုစပြောရမှန်းမသိလို့ပြောရခက်နေတဲ့ပုံကနေကျွန်တော့်ကိုအဖြစ်အပျက်အကြောင်း
စုံပြောပြတယ်။
သူငယ်ချင်းနဲ့လျှောက်လည်နေတုန်း mall ထဲမှာ
မထင်မှတ်ဘဲ ဝဏ္ဏကိုတွေ့ခဲ့တဲ့အကြောင်း။
ခရစ်စမတ်မှလာမယ်ပြောထားပေမယ့်နှစ်ပတ်လောက်စောပြီးရောက်လာပုံရတဲ့ ဝဏ္ဏ့ကောင်မလေးအကြောင်း။
(မိန်းကလေးကိုသူမမြင်ဖူးပေမယ့် ဝဏ္ဏ့ကိုဂုဏ်ယူစွာလက်တွဲထားတဲ့၊ ပခုံးပေါ်ခေါင်းအုံးပြသလို အကြည့်ရွှန်းရွှန်းနဲ့လည်းကြည့်နေတဲ့သူဆိုတော့
ဝဏ္ဏ့ချစ်သူမှန်းသေချာသွားရတဲ့အကြောင်း)
ဝဏ္ဏမျက်နှာမှာလည်း ကြည်နူးနေတဲ့အရိပ်၊ရင်ခုန်နေတဲ့အရိပ်အယောင်တွေ ထင်ရှားတဲ့အကြောင်း။
ချစ်သူနှစ်ယောက် တွဲလက်မြဲမြဲနဲ့ရုပ်ရှင်ရုံထဲဝင်သွားတဲ့အကြောင်း။
ကောင်မလေးကို popcorn ကျွေးပြီး အူမြူးနေတဲ့
ဝဏ္ဏ့ရုပ်ပုံအကြောင်း။
"အဲဒါပါပဲ အကိုရာ"
ကွာ...။နာနာကျင်ကျင်ပြောလာတဲ့ဒီပရဲ့စကားကိုကြားတိုင်းမှာ ကျွန်တော်အံကြိတ်ထားခဲ့မိတယ်။ အနားမှာမရှိတဲ့ဝဏ္ဏဆိုတဲ့နွားကို မျက်ခွက်တွေစုတ်ပြတ်သတ်အောင်ဆွဲထိုးချင်တဲ့စိတ်ကို မနည်းလျှော့ထားရတယ်။
"အကို့ကိုကျနော်ပြောပြစရာတစ်ခုရှိသေးတယ် အကိုစိတ်ဆိုးမှာကိုသိပေမယ့် ကျနော်မပြောလို့လဲ
မရဘူး အခုပြောမယ့်အကြောင်းကို အကို့ကိုပြောပြချင်တာကြာပါပြီ ပြောမယ်ဆိုပြီးအားယူကြည့်ပေမယ့် မပြောရဲလို့..."
ဒီပပြောလာမယ့်စကားလုံးတွေနားစိုက်ထောင်နေတဲ့အချိန်မှာကျွန်တော်ရင်ထိတ်နေတယ်။ ပြီးခဲ့တဲ့
၁၀ရက်လုံးလုံး ကျွန်တော့်ကိုပြောမယ်ပြင်ပြီးမှ
ဆက်မပြောဖြစ်ခဲ့တဲ့အခိုက်အတန့်တို့ကိုလည်း အမှတ်ရသွားတယ်။
"အကိုမရောက်ခင်ညက ကျွန်တော်သူနဲ့အိပ်မိသွားတယ် ကျွန်တော့်အပြစ်ကြောင့်ဆိုတာ ဝန်ခံပါတယ်"
ဘယ်လို...။
အံ့ဩရမှုတွေဟာ အဲဲဒီနေရာမှာသာရပ်မသွားပါ။
"ပြီးတော့ ပိတ်ရက်နှစ်ရက်မှာလည်း ကျွန်တော်သူနဲ့နှစ်ခါထပ်အိပ်မိတယ်..."
ဟာ...။
"ကျနော်မိုက်တာပါ ကိုချန်းရယ် ကျနော့်ကိုစိတ်ပျက်ချင်လည်းပျက်ပါတော့နော် ကျနော်လည်းကိုယ့်ကိုယ်ကိုအရမ်းစိတ်ပျက်နေတာပါ"
စကားစပြောတုန်းက မနည်းတည်ငြိမ်အောင်ကြိုးစားရခဲ့တဲ့သူဟာ အခုတော့ပြောနေရင်းမျက်ရည်ပြန်ကျလို့နေပြီ။ တဖြည်းဖြည်းနဲ့ရှိုက်သံသဲ့သဲ့ပါ,ရောပါလာတယ်။
သူစိတ်ထိခိုက်မှာစိုးလို့အပြင်မှာမပေါက်ကွဲပြပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဟိုကောင်ကိုအမှုန့်ချေချင်တဲ့ဒေါသပဲရှိတယ်။
ဘာတဲ့။ သူ့မှာရည်းစားရှိလို့ပါ၊ယောက်ျားချင်းမချစ်နိုင်လို့ပါတဲ့။ ဒီပကိုဖြတ်တုန်းကကျွန်တော့်မျက်နှာ
ကိုကြည့်ပြီး ဒီကောင်ပြတ်ပြတ်သားသားပြောခဲ့တဲ့စကားလုံးတွေလေ။
ကြီးကြီးကျယ်ကျယ်တွေပြောတုန်းကပြောပြီး အခုကျဘာအချိုးချိုးတာလဲ။ မချစ်ဘူး၊မကြိုက်ဘူးဆိုရင် ဘာကိစ္စ အရယူတာလဲ။ လိင်ကိစ္စသပ်သပ်သာယာတယ်ဆိုရင်လည်း အနည်းဆုံးတော့ရှင်းရှင်း
လင်းလင်းပြောပြီးမှတောင်းဆိုသင့်တယ်မဟုတ်လား။ ရှင်းပြပြီးလို့မှဒီပလက်ခံရင်ကျွန်တော်ဘာမှဝင်မပြောနေဘူး။ အခုဒီပခံစားနေရတဲ့ပုံထောက်ရင် အဲဒီ့နွားက သူ့ကိုကြိုးရှည်ရှည်နဲ့လှန်ပြီးအမြတ်ယူနေတဲ့ပုံ။ ဘာမှမသိတဲ့ကောင်လေးကိုအရူးလုပ်ပြီး အမြတ်ထုတ်နေတာ။ ဒါသေချာတယ်။
တွေးရင်းတွေးရင်းလိမ့်တက်လာတဲ့ဒေါသကိုဖြန်ဖြေရတယ်။ နာနာကျင်ကျင်ငိုနေတဲ့ညီကိုအရင်ဖြေသိမ့်ဖို့လိုတယ်မဟုတ်လား။
ကျွန်တော်ကုတင်အောက်ကိုဒူးထောက်ထိုင်ချလိုက်တယ်။ ဘုရားကျောင်းတွေမှာဆုတောင်းကြတဲ့ပုံစံဖြစ်သွားတော့ သူ့လက်ကလေးတွေကိုဖြည်းဖြည်းလေးဆုပ်ကိုင်ထားခဲ့တယ်။ ပြီးတော့မျက်ရည်ကျရက် ခေါင်းငုံ့ထားတဲ့ မျက်လုံးတွေကိုကျွန်တော်သေသေချာချာမော့ကြည့်ပါတယ်။
"အကိုပြောပြမယ် ဒီပစကားကိုနားထောင်
ရသလောက် ဒီပမှာ ဘာအပြစ်မှမရှိဘူး ဒီပစိတ်ကို အကိုသိတာပဲ ဒီပမမှားဘူး ဟိုခွေးကောင်ကပဲ ဘာမှမသိသေးတဲ့သူကိုအကြောင်းပြချက်မပေးဘဲ အမြတ်ယူနေတာ"
"ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်တယ်လို့မပြောနဲ့တော့နော် စိတ်ပျက်ချင်းပျက် ဟိုနွားကိုပျက်ရမှာ
မုန်းချင်းမုန်းသူ့ကိုပဲ မင်းမုန်းရမှာ အကိုပြောတာကြားလား... ညီလေးမှာဘာအပြစ်မှမရှိဘူး......
လူတိုင်းမှားတတ်ကြတာပဲ မသိလို့မှားတာပဲကွာ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်နဲ့တော့နော်...နော်...
ကြားလား...အကိုပြောတာ"
ခေါင်းတော့ညိတ်ပြပေမယ့်ငိုနေတာပိုဆိုးလာလို့ ဒူးထောက်ရက်ကထလိုက်ပြီး သူ့ကိုကျွန်တော်ဖက်ထားလိုက်ပါတယ်။
မင်းတတ်နိုင်သလောက်စိတ်သက်သာဖို့ ရည်ရွယ်ပါတယ်ညီလေးရေ...။
ဟိုသူတောင်းစာကိုတော့တွေ့ရင်ဆွဲထိုးပြစ်ဖို့ တေးထားလိုက်ပြီးမှ စိတ်လျှော့လိုက်နိုင်တာ။
*****
playlist
အပိုဆု - ဆောင်းဦးလှိုင် (covered by ကိုထက်)
****
A/N: ကိုယ့် record ကိုချိုးနိုင်ခဲ့ပြီ။ တစ်ရက်ထဲ chapter နှစ်ခု update ပေးလိုက်နိုင်ပါပြီ။ ချစ်စရာဇာတ်ဝင်ခန်းနဲ့စပြီး ဝမ်းနည်းစရာအခန်းနဲ့ပြီးထားခဲ့တာကို စိတ်မရှိပါနဲ့နော်။ ဒီအခန်းကိုအားရပါတယ်။ဘာဖြစ်လို့လဲ ကိုယ့်ပြည်နယ်က issues တွေကိုမဆိုစလောက်လေး ထည့်ရေးလိုက်နိုင်လို့ပါ။ နည်းနည်းလေးပေါ့။ ဇာတ်သိမ်းခါနီးပြီဖြစ်တာကြောင့်
တစ်ခုခုပြောသွားပေးကြရင် အရမ်းပျော်မိမှာပါ...,ဟီး 😁 ကင်ဆာ ဇာတ်သိမ်းပြီးထဲက ဒီလောက်အရှည်ကြီး မရေးဖြစ်သေးလို့ပါနော်။ သဘောကျမယ်မျှော်လင့်ပါတယ် 🤞
နောက်တစ်ပိုင်းကတော့ အားလုံးမျှော်နေတဲ့ ဝဏ္ဏ လာမှာပါနော် 😅😜
p.s. သီချင်းက ဆောင်းဦးလှိုင် ver ထည့်ပေးချင်ပေမယ့် ချန်းကငယ်တော့ ကိုထက် ver လေးပဲထည့်လိုက်တာပါ။
p.s.2. ရာဘာစျေးအတက်အကျ၊ ရာဘာစျေးကွက်ယိုယွင်းလာမှုက မွန်ကရောကရင်ကလူတွေရောခံခဲ့ကြရပါတယ်။ ထည့်ရေးထားတဲ့ခုနှစ်အတိအကျတော့မဟုတ်ပါဘူး။ ၂၀၁၂ နောက်ပိုင်းနှစ်တွေကနေ အခုထိပါပဲ။ ဇာတ်လမ်းနဲ့လိုက်အောင် ၂၀၁၅ မှာ
ရာဘာစျေးပျက်စပြုတယ်လို့ရေးထားတာကို နားလည်ပေးကြပါလို့ 🙏
ပြီးတော့ သံဖြူဇရပ်မရောက်တာလည်းကြာနေပြီဆိုတော့ အထက်တန်းကျောင်းအရေအတွက်အတိအကျမသိတဲ့အတွက် ၂ကျောင်းလို့ရေးလိုက်တာ fact မှားရင်လည်း သည်းခံပေးကြပါဦးနော်
အားလုံးဘေးကင်းကျန်းမာကြပါစေ 🙏🙏💙💙