ရင်ထဲကပန်း
အပိုင်း(၄)
#ရင်ထဲကပန်း
01300128
"သား...သက်သာပြီလား..."
"ဟုတ်..."
လပြည့် လက်မောင်းက မပူတော့ပေမဲ့ ဦးလေးက ဆေးထည့်ပြီး ပတ်တီး ပတ်ပေးထားတော့ လက်ဖြင့် စမ်းမိသည်။
"နာသေးလား.."
"........"
လပြည့် ခေါင်းရမ်းလိုက်တော့ အန်တီက ခေါင်းညိတ်သည်။
"ပိုးပိုးက အဲလိုပဲ ဆိုးတယ်..အန်တီသူ့ကို ကောင်းကောင်း ရိုက်ထားလိုက်ပြီနော်..."
"........."
ပိုးပိုး ကို ရိုက်တယ်ဆိုတော့ လပြည့် ပိုပြီး လန့်သွားသည်။
"ဗိုက်ဆာလား.."
လပြည့် စားနေကျ အချိန် မရောက်သေးတာ သိတော့ ခေါင်းရမ်းလိုက်သည်။
"သား ဦးလေး ဆေးထည့်ပေးထားတယ်....နာသေးရင် ဆေးသောက်လိုက်လေ...မိပြာရေ....ထမင်း ထည့်ခဲ့စမ်း..."
"ဟုတ်..."
"နည်းနည်းလေးပဲ ထိလို့ တော်သေးတာပေါ့...."
လပြည့် စိတ်ထဲမှာတော့ ခုလို ထိုင်နေရတာကိုပဲ တစ်ခုခု ကို စိုးရိမ်ပြီး ကြောက်နေမိသည်။
ထိုင်နေရတာကို အပြစ်တစ်ခုခု လုပ်မိသလို ခံစားရပြီး ဆိုင်ထဲကို မြန်မြန်သွားချင်သည်။
"ယူလာ.."
ပြာလဲ့က ထမင်းပန်းကန် ယူလာတော့ အန်တီက လပြည့်ကို လှမ်းပေးသည်။
"စားလိုက်...ပြီးရင်..ဆေးသောက်လိုက်နော်..."
"ဟုတ်.."
ထမင်း ပန်းကန် ကို ယူပြီး စားနေကျအတိုင်း မြန်မြန် ပြီးအောင်စားလိုက်သည်။
ဘေးမှာ ချပေးခဲ့တဲ့ ဆေးကို သောက်ပြီး ဆိုင် ထဲကို သွားရသည်။
"ဟော...လပြည့် ဘာလို့ လာတာလဲ..နားလေကွ.."
"သား မနာတော့ပါဘူး..."
"ဆေးသောက်ပြီးပြီလား.."
"ဟုတ်..."
"အေး..ဒါဆို...ပုတု ကို နည်းနည်းကူလိုက်..."
လပြည့် ခေါင်းညိတ်ပြီး ပုတု အနားသွားကာ ချိန်ပြီးသား တစ်ပိသာ သကြားအိတ်တွေကို မီးပိတ်ပေးဖို့ ကူပေးရသည်။
လက်မောင်းက မနာတော့ပေမဲ့ ဘယ်လောက်များလဲ သိချင်သည်။
လက်ညိုးနဲ့ ထိုးကြည့်ပေမဲ့လည်း မနာတော့ မများဘူးဆိုတာ တွေးမိသည်။
.
"နာနေလားဟင်...လပြည့်.."
"မနာတော့ပါဘူး.."
"အဲ့ကောင်မ အရမ်းလွန်တာပဲ.."
ပြာလဲ့ က မျက်စောင်းထိုးပြီး ပြောတော့ လပြည့် အလန့်တကြား နောက်ကို လှည့်ကြည့်မိသည်။
အန်တီ နဲ့ ဦးလေး မရှိတော့မှ သက်ပြင်းတစ်ချက် ချရသည်။
"သူ့ကိုအန်တီ ရိုက်တယ်ဆို...ဟလား.."
"ရိုက်တာပေါ့...နည်းတောင် နည်းသေးတယ်....အပိုတွေပါဟာ..သူတို့သားသမီးကို ငါ့တို့လိုမျိုးတော့ တအား ရိုက်ပါ့မလား...ဟိုကောင်မကလည်း အောက်ထပ်က ကြားအောင် အာဗြဲအော်ငိုနေတာ.."
".........."
"ကောင်းတယ်.... ....သူတော်တော် ဒေါသထွက်နေတယ်..ဟား..ဟား..ပြောလိုက် ငိုလိုက်နဲ့....ပိုးပိုးက သူနာမှာ အားကြီးကြောက်တာ...အဲဒါ အန်တီက ကောင်းကောင်းသိတယ်...တစ်ခါရိုက်ပြီး တစ်လ နှစ်လလောက် ငါ့ကိုရန်မရှာရဲတော့ဘူး.."
"........."
လပြည့် ဘာမှ မပြောပေမဲ့ လက်မောင်း က နာသလို ခံစားရလို့ လက်နဲ့ ပြန်တို့ကြည့်ရသည်။
"နင် ...ငါ့အနာကို တွေ့သေးလားဟင်....သွေးတွေ ထွက်တာလား.."
"မထွက်ပါဘူး...နီပဲ သွားတာ....မီးပူ အချွန်းပုံလေး..."
"သြော်..."
"နာလို့လား..."
"စပ်သလိုပဲ..."
"အေးပေါ့....အဲ့မသာမ က ငါ့ကို လုပ်ချင်တာ....နင်က ဝင်ကူတော့ ဒေါသ ဖြစ်တာပေါ့..."
"သူက နင့်ကို ဘာလို့ကြည့်မရတာလဲဟင်.."
"မသိပါဘူးဟာ...အဲ့အရူးမက တမျိုး...အန်တီ ငါ့ကို နားကပ်ဝယ်ပေးလိုက်ကတည်းက မနာလို ဖြစ်နေတာပဲ...သမီး အရင်းဖြစ်ပြီး အလုပ်သမားနဲ့ လိုက်ပြိုင်ချင်နေတာ သူ့လည်း အလုပ်သမား စိတ်ပဲ..."
"........"
လပြည့် ကတော့ ပြာလဲ့ ပြောနေတာ ဘာမှ မတွေးမိပဲ ပြဿနာရဲ့ အစကိုသာ တွေးကြည့်မိသည်။
ပြာလဲ့ အပူလောင်ထားတာကို လပြည့် ဝင်ကူလို့ အခုလို ဖြစ်ရတာလေ..။
"နင့်လက် ပူသေးလားဟင်.."
"ကောင်းသွားပြီ..ငါက နည်းနည်းလေးပဲ.."
ပြာလဲ့ က လက်ကို စောင်းပြတော့ လပြည့် လိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ပလတ်စတစ်အိတ် တွေကို ကောက်ထပ်နေရင်း ပြာလဲ့က ဘာလို့မှန်း မသိ ရယ်နေတော့
လပြည့်လည်း ရယ်မိသည်။
.
"လပြည့်.."
"ဟင်..."
"ငါ ခေါ်ရင် မြန်မြန်လာလေ..."
"ဟုတ်ကဲ့..."
လပြည့် တွန့်ဆုတ်စွာဖြင့် လက်ထဲက ဘုံးကို ချပြီး ရှေ့တိုးသွားကာ ရင်တွေ တုန်နေသည်။
မနက်တုန်းက လပြည့် ကြောင့် အရိုက်ခံထားရတာ မကျေနပ်လို့ တစ်ခုခု လုပ်တော့မည်လို့ စိတ်ထဲ အလိုလို သိနေသည်။
"ဘာ...ဘာခိုင်းမလို့လဲ...မမပိုးပိုး.."
"ငါ့ဆွဲခြင်းယူသွား.."
"ဟုတ်..."
ကား တံခါးကို ပြန်ပိတ်ပြီး လှမ်းပေးတော့ ယူပြီး အိမ်ထဲ ဝင်လာရသည်။
ပြာလဲ့ နဲ့ အပုက လိုက်ကြည့်နေတော့ သူတို့ ဘာအချက်ပြမလဲ တစ်ချက် လှမ်းကြည့်မိသည်။
ပြာလဲ့က ခေါင်းနှစ်ချက် ဆတ်ပြီး မေးထိုးပြတော့ မီးဖိုခန်းထဲ အမြန် ဝင်သွားလိုက်သည်။
ဆွဲခြင်းပန်းရောင်လေးကို မီးဖိုခန်း ထဲမှာ ဝင်ထားလိုက်ကာ ကပျာကယာ ပြန်ထွက်လာချိန်
"နေဦး.."
"ဟင်..."
လပြည့်နဲ့ ရွယ်တူပဲ ဆိုပေမဲ့ နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်ပြီး မျက်လုံးပြူးကာ ကြည့်နေမိသည်။
"အင့်....စားလိုက်..ဟိုကောင်မနဲ့ အကောင်ကို မကျွေးနဲ့..ဒီမှာပဲ အကုန်စား...ကြားလား..."
"............"
လပြည့် ယောင်တောင်တောင် ဖြင့် ခေါင်းညိတ်လိုက်ကာ သူ့လက်ထဲက မုန့်ထုတ်ကို လက်နှစ်ဘက်ဖြင့် လှမ်းယူလိုက်သည်။
"စားပြီး အလကားမနေနဲ့..ရေဘူး တစ်ခါတည်းဖြည့်ပြီး ရေခဲဘုံးထဲ ထည့်ထား..မနက် ရေခဲဘူးပဲ ယူသွားမယ်.."
"ဟုတ်..."
"လက်နာသေးလား..."
"ဟင်..."
"နားကန်းနေလား..နင့်လက် နာသေးလားလို့မေးနေတာ.."
"ဟို...မ...မ..မနာတော့ပါဘူး..."
"ဟွန့်...ဒါလေး ဖြစ်တာကိုပဲ သေတော့မလိုနဲ့...လုပ်ပြနေတယ်..."
လပြည့် ကို မျက်စောင်းထိုးပြီး ထွက်သွားတော့မှ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
လက်ထဲက မုန့်ထုတ်ကို ပြန်ကြည့်လိုက်သည်။
ဈေးကြီးတဲ့ အာလူးကြော် အထုတ်ကြီးပဲ..။
သူက ဘယ်တော့မှ လပြည့်တို့ အပေါ် ကောင်းကောင်း ကျွေးမှာ မဟုတ်ဘူးဆိုတာ အလိုလိုသိနေသည်။
ပြဿနာ တစ်ခုခု တက်မယ် ဆိုတာ တွေးမိတော့ လက်ထဲက ဈေးကြီးတဲ့ မုန့်ထုတ်ကိုလည်း စားချင်စိတ် မရှိပါ..။
ရေဘူးကိုရေထည့်ပြီး ရေခဲဘုံးထဲ ထည့်ပေးလိုက်သည်။
မုန့်ကိုတော့ ပန်းကန်စင်အောက်မှာ ထိုးထည့်ဖွက်ထားရသည်။
အိမ်ရှေ့ခန်းကို ပြန်ရောက်တော့ တံမြတ်စည်းလှည်းနေတဲ့ အပြာက မေးငေါ့ပြသည်။
ခေါင်းရမ်းပြလိုက်ကာ လုပ်လက်စ စက္ကူဘုံးတွေကိုခေါက်ပြီး ရောင်းဖို့ အတွက် တွန်းလှည်းထဲ စီထည့်နေရသည်။
.
"ဟွန့်...သနားလို့မုန့် ကျွေးလိုက်တာ....."
ပိုး လက်ထဲက လွယ်အိတ်ကို ခုတင်ပေါ် ပစ်တင်လိုက်ပြီး ခုတင်ပေါ် လှဲအိပ်လိုက်သည်။
အိမ်က အလုပ်သမားတွေကြောင့် ဒေါသထွက်ရတိုင်း
မမသီတာကို သတိရသည်..။
ဟိုကောင်မ သာ မရောက်လာရင် မမသီတာ ပြန်ရမှာမဟုတ်ဘူး..။
ပြာလဲ့လဲ့ဦးဆိုတဲ့ ကောင်မကို သတ်ပစ်ချင်လောက်အောင်ကို မုန်းပါသည်။
ပိုးငယ်ငယ်ကတည်းက အတူတူနေခဲ့ရသည့် မမသီတာကို သတိရတော့ မျက်ရည်ဝဲလာပြန်သည်။
"ဘာသိလို့လဲ...ပိုးပိုး..အဲ့ဟာမကို အလုပ်မထုတ်ရင် နင့်အစ်ကိုနဲ့ ညားသွားလိမ့်မယ်..အဲဒါ နင်သိလား.."
မမ သီတာကို ပြန်လွှတ်လိုက်ပြီ ဆိုတုန်းက ပိုး လူးလှိမ့်ငိုပြီး ပြန်ခေါ်ခိုင်းခဲ့သည်။
မမသီတာကို ပိုးချစ်သည်။
ငယ်ငယ်ကတည်းက မမသီတာကို အစ်မ တစ်ယောက်လို ချစ်သည်။
မမသီတာ ပြန်သွားတော့ ပိုးမှာ စကားပြောဖော်လည်း မရှိပဲ တစ်ယောက်တည်း ဖြစ်သွားသည်။
မမသီတာက ပိုး ဘာပဲလုပ်လုပ် ဘာပဲပြောပြော သည်းခံပေးသည်။
တစ်ခါတလေ ပိုးစိတ်ဆိုးပြီး ထုရိုက်ရင်တောင် ငြိမ်နေပေးသည်။
ပိုး ကို ကျောင်းလာကြိုပြီး မုန့်ဆိုင်မှာ မုန့်ဝင်စားရင်လည်း မားမားတို့နဲ့ ပြန်မတိုင်ဘူး..။
အလှပြင် ပစ္စည်းတွေ ဝယ်ခိုင်းရင်လည်း မာမား မသိအောင် ဝယ်ပေးသည်။
ဖေကြီးက ဝိုင်းချစ်ကို ချစ်တယ်...မာမားက ကိုချစ်ကို ချစ်တယ်...ပိုးကိုတော့ မမသီတာနဲ့ ဘွားဘွားပဲ ချစ်သည်။
ပိုး ကို အလိုလိုက်ဆုံးက မမ သီတာပဲ..။
မမ သီတာ မရှိတော့ ပိုး မနေတက် ဖြစ်ပြီး နေ့တိုင်း ငိုမိသေးသည်။
သူသာ ရောက်မလာခဲ့ရင် မာမား က မမသီတာကို ပြန်ခေါ်ဖို့ စဉ်းစားနေပြီလေ.။
အိမ်အလုပ်နဲ့ ဆိုင်အလုပ်တွေ အဆင်မပြေချိန်မှာ ပြာလဲ့လဲ့ဦးဆိုတဲ့ ဟာမက ဆိုင်ကို ရောက်လာသည်။
ပိုး က သူ့ကို ရိုက်ရင်လည်း မားမားနဲ့တိုင်သည်။
ပိုး ထမင်းဘူးထဲမှာ ထမင်း မကုန်ရင်လည်း တိုင်သည်။
ထမင်းဘူးထဲ အစပ်ကြော်တွေ တွေ့ရင်လည်း တိုင်သည်။
ကျောင်းဆင်းချိန် မုန့်ဆိုင်ဝင်မိရင်လည်း တိုင်သည်။
ပိုး ဘာပဲလုပ်လုပ် စောင့်ကြည့်ပြီး မာမားကို ပြန်တိုင်သည်။
မမသီတာ ရှိတုန်းက အရိုက်မခံရတဲ့ ပိုးက အဲ့ဟာမ ရောက်လာတော့မှပဲ ခဏခဏ အဆူခံ အရိုက်ခံရသည်။
သူ ကို အမြင်ကပ်ပေမဲ့လည်း မာမားက သူ့ကို လုံး၀ အထိမခံဘူး..။
အလုပ်သမားကို သမီးထက် အရေးပေးထားသည်။
ပိုးကလည်း အဲဒါကြောင့် သူ့ကို သေအောင်မုန်းသည်။
မနက်တုန်းကလည်း သူ့ကို အမြင်ကပ်လို့ မီးပူထိုးခိုင်းတာ ဟိုကောင်စုတ်က ဝင်လုပ်လို့ ဒေါသထွက်ပြီး လုပ်လိုက်မိတာပါ..။
နောက်ပြီး ပိုး အရိုက်ခံရပြန်သည်။
အဲ့ကောင်မကြောင့် ပိုး အဆူခံံရတာလည်း ခဏခဏပါပဲ..။
လုံး၀ မကျေနပ်ဘူး..။
ပိုးကြောင့်ဟိုကောင်စုတ် အော်ငိုနေတာ တွေ့တော့ တော်တော် ကြောက်သွားသည်။
အဲဒါကြောင့် မုန့်ဝယ်ကျွေးလိုက်တာပေါ့..။
မမသီတာကလွဲရင် ဘယ်အလုပ်သမားကိုမှ ပိုးမုန့်မဝယ်ပေးဖူးပါဘူး..။
ခုတောင် ကျောင်းမှာ ခဏခဏ ခေါင်းထဲ ရောက်နေလို့ ပေးလိုက်ရတာ..။
ဘာပဲဖြစ်ဖြစ် ပိုးစိတ်ထဲမှာတော့ နည်းနည်းသက်သာသွားသည်။
"ပိုးပိုး..ရေချိုးပြီးပြီလား..ကျူရှင်သွားရမယ်လေ.."
'ဟုတ်.."
အလုပ်သမားကြောင့် သမီးကို ရိုက်တဲ့ မာမားကိုလည်း မချစ်ချင်တော့ဘူး..။
ပိုး အဝတ်အစားလဲပြီး အပေါ်ထပ် ရေချိုးခန်းထဲကို ဝင်ကာ ရေချိုးလိုက်သည်။
ရေချိုးပြီးတော့ ခေါင်းရေသုတ်ပြီး မျက်နှာကို ပေါင်ဒါ နည်းနည်း ခိုးရိုက်သည်။
ဆရာမက အလှမပြင်ရဘူးပြောပေမဲ့ ပိုးက မိတ်ကပ်တို့ ပေါင်ဒါတို့နဲ့ အလှပြင်ရတာ ကြိုက်သည်။
အရောင်သိပ် မပါတဲ့ ပန်းရောင် နှုတ်ခမ်းနီ အဆီကို ဖွဖွလေး ဆိုးလိုက်ပြီး နှုတ်ခမ်းကို ဟကြည့်ရင်း လက်နဲ့ လိုက်ဖြန့်လိုက်သည်။
ပိုး ရဲ့ လက်ခလယ်မှာ ငယ်ငယ်က ဓားရှထားတဲ့ အမာရွတ်လေးကို တွေ့လိုက်တော့ မနက်က မီးပူနဲ့ ထိုးမိတာ သတိရပြန်သည်။
ပိုး စာအုပ်တွေ ထည့်ပြီး အောက်ထပ်ကို ဆင်းလာကာ မီးဖိုခန်းထဲကို မရောင်မလည် ဝင်သွားသည်။
"သမီး...မာမား...ထမင်းချိုင့်ထည့်ပြီးပြီ.."
"အင်း..ရေသောက်မို့.."
မာမားက ရိုက်တုန်းက ရိုက်ပြီး ခုမှ လာချော့နေတာ...။
ပိုးလည်း စကားပြတ်ပြတ် ပြန်ပြောပြီး ရေသောက်ရင်း ရေဘူးကို တစ်ချက်ကြည့်လိုက်သည်။
မဆိုးပါဘူး..စကားနားထောင်သားပဲ..။
ပိုး ရေပုလင်း ပြန်ထည့်ပြီး ပန်းကန်တွေ ထားတဲ့ ဘက်ကို ရောက်တော့ အောက်မှာ မုန့်ခွံတွေ့ရသည်။
"ဟင်.."
ငါ ပေးတဲ့ မုန့်ကိုများ မစားပဲ အမှိုက်ထဲ ထည့်ထားတာ ခွေးကောင် သူတောင်းစား.။
သူ အလုပ်လုပ်နေလို့ မစားရသေးတာလား..။
ပိုး ဒေါသ ထွက်ရင်း တစ်ခု တွေးမိပြန်သည်။
"လပြည့်...လာစမ်း.."
"ဟုတ်.."
"နင် ငါပေးတဲ့ မုန့်စားပြီးပြီလား.."
"ဟုတ်..."
ပိုး ဘာမှ မပြောပဲ မီးဖိုခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။
မုန့်ထုတ်ကို ကောက်ယူပြီး ထောင်ပြလိုက်တော့ မျက်လုံးပြူးကြည့်နေသည်။
အနားမှာ ရှိတဲ့ မီးဖိုထဲကို ပစ်ထည့်ပစ်လိုက်သည်။
"နင့်ကို ငါ ဘယ်တော့မှ မုန့်ထပ်မကျွေးဘူး..မှတ်ထား..အလကားကောင်စုတ်.."
"..........."
"အမလေး...ညှော်လိုက်တာ...ပိုးပိုး..မီးဖိုထဲ ဘာတွေ ထည့်လိုက်တာလဲ..ဟမ်..."
"............"
"............."
ပိုး လွယ်အိတ်နဲ့ ဝင်တိုက်ပြီး မီးဖိုခန်းထဲ့က ထွက်လာခဲ့လိုက်သည်။
ငါ့အလုပ်တွေ အကုန် လုပ်ပေးလို့ သနားပြီး ခေါ်ပြောနေတာ အကောင်စုတ်က ပြာလဲ့မနဲ့ ပေါင်းပြီး ငါ့စကားကို နားမထောင်ဘူး..။
သူက ပြာလဲ့လဲ့ဦးရဲ့ လူပဲ..။
အဲ့ဟာမက ငါနဲ့ မပေါင်းနဲ့ လို့ ပြောထားလို့နေမှာပေါ့..။
ဟွန့်...သူ့လို အလုပ်သမားနဲ့ မခင်ရကော ဘာဖြစ်လဲ..။
ဟွန့်..လုံး၀ မသနားဘုူး..။
ပိုး ကျူရှင်သွားဖို့ ဖေကြီး စောင့်နေလို့ ကားပေါ်ကို ကပျာကယာ တက်လိုက်ရသည်။
"ဘာလုပ်နေတာလဲကွာ.."
"အိမ်သာတက်နေလို့.."
"မနက်က သမီးလွန်တယ်နာ်..ပိုးပိုး.."
"အာ..ဒါပဲ..မားမားကလည်း အလုပ်သမားကြောင့် ပိုးကို ရိုက်တယ်..ဖေကြီးကလည်း ဆူတယ်..."
"ဟ...ဆူရမှာပေါ့..မဟုတ်ရင် သမီး ထောင်ကျသွားမယ်..ဘာမှတ်လဲ.."
"အလကား..အပိုတွေ..."
"ဘာဖြစ်ဖြစ် အလကားလုပ်မနေနဲ့ ဖေကြီးက တကယ်ပြောတာ..အဲ့ကောင်လေး မိသားစုက မကျေနပ်လို့ ရဲတိုင်ရင် သမီးကို ဖမ်းမှာနော်...နောက်ဆို အလုပ်သမားတွေကို လက်မပါနဲ့ ကြားလား.."
"မာမားလည်း ရိုက်သားပဲ.."
"မားမား က တုတ်သေးသေးနဲ့ပဲ ရိုက်တာလေ...သမီးက ညှင်းပန်း နှိပ်စက်တာ ပြစ်မှု မြှောက်တယ်.."
"ဒါဆို..နောက်တစ်ခါကျ လက်နဲ့ပဲ အသေရိုက်ပစ်လိုက်မယ်.."
"ပြောလေ ဆိုးလေပဲ..နင့်အမေ မရိုက်တာကြာလို့ ဟလား.."
မနက်ကပဲ အရိုက်ခံထားရတာကိုများ ..။
ဖေကြီးလည်း ပိုးကို ဂရုစိုက်တာ မဟုတ်ပါဘူး။
ပိုး နှုတ်ခမ်းမဲ့ပြီး စာအုပ်ထုတ်ကာ ဖတ်နေလိုက်သည်။
ဒီလောကမှာ မမသီတာ လောက် ဘယ်သူမှ မကောင်းပါဘူးလေ..။
.
"ဘာဖြစ်လို့လဲ..လပြည့်.."
"စောနက ငါ့ကို မုန့်ပေးထားတာ...ငါက မစားရဲလို့ခုံအောက်မှ ဖွက်ထားတာ သူ တွေ့သွားတယ်.."
"နင့်ကို ရိုက်ကောလား.."
"ဟင့်အင်း...မီးဖိုထဲ ထည့်လိုက်တာ.."
လပြည့်ပြောရင်း ဆိုင်မှာရောင်းတဲ့ မုန့်ထုတ်တွေ သိမ်းနေရသည်။
"မစားတာကောင်းတယ်..သူက အန်တီ ရိုက်ထားတာ ကျေနပ်တာ မဟုတ်ဘူး..အဆိပ်ထည့်ထားရင် ဘယ်လို လုပ်မလဲ..."
ပြာလဲ့တို့ကို မကျွေးဖို့ပြောတယ်ဆိုတာကို လပြည့် မပြောပြဖြစ်ပါ..။
မုန့်မစားလို့ စိတ်ဆိုးသွားတာထက် လပြည့်ကို ရန်လုပ်မှာကို ပိုကြောက်ပါသည်။
"လပြည့်....သား အိမ်က ဖုန်းလာတယ်.."
"ဟင်.."
"မနက်က ကိစ္စကို မပြောနဲ့နော်..အန်တီလည်း ပိုးပိုး ကို ရိုက်ပြီးပြီနော်.."
"ဟုတ်.."
"သွား..ငိုလည်း မငိုနဲ့နော်.."
လပြည့် ခေါင်းညိတ်ပြီး ဖုန်းဆီကို ရောက်သွားကာ ဖုန်းကို နားမှာ ကပ်လိုက်သည်။
"ဟလို...လပြည့်လား.."
မေကြီး အသံကြားတော့ လပြည့် အားလျော့သွားသည်။
အဖေသာဆို လာခေါ်ဖို့များ ပြောမလားလို့ ထင်ထားမိသည်။
"ဟုတ်...မေကြီး.."
"သား...အဆင်ပြေတယ်မလား.."
"ဟုတ်..ပြေပါတယ်..."
"အေး...အေး..."
"မေကြီးတို့ကော နေကောင်းလား..အဖေကော.."
"ကောင်းပါတယ်..သားရယ်...သား အဲ့မှာ အလုပ်လုပ်တာ အဆင်ပြေတယ်မလား.."
"ဟုတ်...ပြေပါတယ်.."
လပြည့် ဒီတစ်ခေါက် ဖုန်းပြောရတာ မငိုပဲ ပြောနိုင်သည်။
လက်က အနာကို သတိရပေမဲ့လည်း ဘယ်လို မှ မနေတော့ပါ..။
"အေး...သား အဆင်ပြေတယ်ဆို..အဲ့မှာ ဆက်လုပ်နော်..မေကြီး ငွေ နည်းနည်းလိုလို့ ကြိုထုတ်ချင်လို့.."
"............"
လပြည့်ထင်ထားသလို မဟုတ်တော့ ဝမ်းနည်းသွားသည်။
"ဆေးဖိုးလေး ဘာလေးရတာပေါ့...သားရယ်...သား အကိုကလည်း အစအန ရှာမရဘူး...ဒေါ်စံပယ်ပြောတာတော့ အပေါင်းအသင်းမှားပြီး နိင်ငံခြား လိုက်သွားသလား မသိဘူးတဲ့...ခိုင်ဝင်းလစာကလည်း အကြွေးဆပ်တာတောင် မလောက်ဘူးလေ...မေကြီးတို့ တစ်မိသားစုလုံး သား ရှာကျွေးတာလေးပဲ စားနေရတာ သားရဲ့.."
မေကြီး က ငိုပြီးပြောတော့ လပြည့် မျက်ရည်ဝဲလာကာ မျက်တောင် ပုတ်လိုက်သည်။
ပြာလဲ့ပြောဖူးတာ သတိရတော့ တံတွေးတစ်ချက် မြိုချလိုက်ရသည်။
"သား အဆင်ပြေပါတယ်..မေကြီး...ဒီမှာ ပျော်ဖို့ကောင်းတယ်..ပင်လည်းမပန်းဘူး..သားလိုအရွယ်တွေ အများကြီးပဲ.."
"အေး..အေး..ဒီလိုဆို တော်သေးတာပေါ့...သား အဖေက စိတ်ပူနေတာ...မေကြီး ပြန်ပြောလိုက်မယ်နော်..လိမ်လိမ်မာမာနေနော်..သားလေး..."
"ဟုတ်..."
"အေး..အေး..ဒါပဲနော်...မနက်ဖြန်မှ ဒေါ်စံပယ်လာလိမ့်မယ်.."
"ဟုတ်.."
မေကြီး ဖုန်းချသွားတော့မှ လပြည့်လည်း ဖုန်းချလိုက်ရသည်။
သုံးလပြည့်သွားပေမဲ့ ပြန်ရပါတော့မလား မသိတော့ပါဘူး.။
"ဘာတဲ့လဲ..."
"ဟို..နေကောင်းလား မေးတာပါ...ဆေးဖိုးလိုလို့ လစာ ကြိုထုတ်ချင်လို့တဲ့..မနက်ဖြန် ဒေါ်စံပယ်ကို လွှတ်လိုက်မယ်တဲ့.."
"ဟွန့်...ဖြစ်ရပြန်ပြီ...ခြောက်လခ ပေးပြီးသားလေဟယ်....ခုက သုံးလပဲ ပြည့်တာမလား...မလွန်ဘူးလား.."
လပြည့် ဘာမှ နားမလည်ပေမဲ့ ခေါင်းငုံ့ပြီး အိတ်တွေကို ထပ်စီနေလိုက်သည်။
"မေးကြည့်...ပုပု တို့ ပြာလဲ့တို့ နင့်ထက် အရင်ရောက်နေတာနော်...တစ်ခါရှင်း ခြောက်လပဲ...အပုလောက်တောင် အားကိုးရတာ မဟုတ်ဘူး...မနက်ကလည်း မီးပူလောင်ထားလို့ ဒီတစ်ခါ ပေးလိုက်မယ်..နောက်တစ်ခါ မလာခိုင်းနဲ့...ဒေါ်စံပယ်ကိုကော နင့်အမေကိုကော ရှင်းအောင်ပြောထားနော်...လပြည့်..."
"ဟုတ်.."
".........."
လပြည့် ခေါင်းညိတ်လိုက်ပြီး အပုနဲ့ တူတူ အိတ်တွေကို တံခါးနောက်ကို ပြန်ရွေ့သွင်းရသည်။
ဆိုင်မပိတ်ခင် နှစ်နာရီလောက် ကြိုပြီး ပစ္စည်းသွင်းရင်တောင် မိုးချုပ်တဲ့အထိ ပုပုနဲ့ လပြည့်တို့ အလုပ်မပြီးသေးပါ..။
အန်တီ အိမ်ထဲ ပြန်ဝင်သွားတော့မှ ပုပုက ပခုံးတွန့် နှုတ်ခမ်းမဲ့ပြသည်။
"ငါ့အဘွား ဆေးဝယ်ဖို့ လာယူတုန်းကလည်း အဲလိုပဲ..ပွဲစားမကြီး မပါလို့ မပေးဘူးတဲ့.."
"..........."
"မင်း အမေ က နေမကောင်းလို့လား.."
လပြည့် ခေါင်းရမ်းပြလိုက်ကာ သက်ပြင်း တစ်ချက် ချမိသည်။
"ဘာမှ မပြောဘူး..ငါ့အဖေ နေမကောင်းတာလား မသိဘူး...မေကြီး ကလည်း ဗိုက်ကြီးနဲ့ ကလေး မွေးဦးမယ်...ငါတော့ နောက်နှစ်လည်း ကျောင်းပြန်တက်နိုင်မှာ မဟုတ်ပါဘူး.."
"ဟား.ဟား....မင်းကလည်း ကျောင်းတက်ချင်နေတုန်းလား..ကျောင်းတက်တာ ဘာမှမကောင်းဘူး တစ်နေ့ကုန် ကျောင်းမှာပဲ နေရတယ.်..ပိုက်ဆံလည်း မရဘူး..ငါတို့ဒီမှာ အလုပ်လုပ်ရင် လကုန်ရင် ပိုက်ဆံရတယ်...ကျောင်းတက်တာ ပိုက်ဆံပဲ ကုန်တယ်..."
ပုပု က ကျောင်းမတက်ချင်တဲ့သူမို့ သူပြောတာကို ဂရုမစိုက်ပဲ ဘေး တံခါးမှာ ချိတ်ထားတဲ့ ပစ္စည်းတွေကို ဖြုတ်ပြီး အခန်းထဲ ထည့်သိမ်းလိုက်သည်။
ဘယ်သူတွေ ဘာပြောပြော လပြည့်ကတော့ အိမ်ပြန်ရောက်ရင် ကျောင်းတက်ချင်သေးသည်။
09250817
.
"လပြည့်.."
"ဗျ.."
"ပစ္စည်းပို့ဖို့ အပုနဲ့ လိုက်သွားဦး.."
"ဟုတ်..."
လပြည့် လက်ထဲက ကြက်သွန်ခွာလက်စတွေကို ခြင်းထောင်းထဲ ထည့်ပြီး ထပြေးရသည်။
အိမ်ရှေ့ဆိုင်ခန်းထဲကို ရောက်တော့ အပုက တွန်းလှည်းထဲ ပစ္စည်းတွေ ထည့်ပြီးနေပြီ..။
"မင်း ဘာလုပ်နေတာလဲ.."
".........."
အပုမေးတာကို ခေါင်းရမ်းရင်း တွန်းလှည်းကို လမ်းဘေးကနေ နှစ်ယောက် တူတူ တွန်းလာခဲ့လိုက်သည်။
"ဘာလဲ..မမပိုးပိုး..မုန့်တွေ ကျွေးထားလို့မလား.."
"မဟုတ်ပါဘူး..သူ က ငါ့ကို စိတ်ဆိုးသွားပြီ...စကားလည်း မပြောတော့ဘူး..သနပ်ခါးတောင် မသွေးခိုင်းတော့ဘူး..."
လပြည့် မနက်တုန်းက ထမင်းချိုင့် ဆွဲခြင်း ယူပေးတော့ "နောက်တစ်ခါ ငါ့ပစ္စည်းတွေကို လုံးဝမထိနဲ့"လို့အော်သွားသေးသည်။
"ဒါဆို... မီးဖိုချောင်မှာ မင်း ဘာခိုးစားနေတာလဲ.."
ပုပု က သူထင်တာ ပြောနေတော့ လပြည့် စိတ်ညစ်ရင်း မျက်နှာရှုံ့မဲ့သွားသည်။
"မဟုတ်ပါဘူး...ကြက်သွန် နွှာနေတာ.."
"ဟမ်..ကြက်သွန်နွာတယ်...အဲဒါ ပြာလဲ့ အလုပ်မဟုတ်ဘူးလား.."
"ဟုတ်တော့ ဟုတ်တယ်လေ...သူက အဝတ်လည်းလျှော်ရတယ်..ထမင်းအိုးလည်း တည်ရတယ်...သူ လုပ်တာ ကြာနေရင် အန်တီက ဆူသေး ရိုက်သေးတယ်လေ...အဲတော့ အလုပ်နည်းတုန်း ငါလည်း ကူပေးလိုက်တာ."
"မင်း ကို အန်တီလည်း မခိုင်းပဲ..ဘာလို့လုပ်လဲ"
"ပြာလဲ့ က ငါတို့ သူငယ်ချင်းလေ..."
"ငါတော့ ..ဦးလေးနဲ့ အန်တီခိုင်းတဲ့ အလုပ်ကိုပဲ မြန်မြန်ပြီးအောင် လုပ်ပြလိုက်တယ်..သူတို့လည်း သဘောကျတယ်..ငါ့လည်း သက်သာတယ်.."
"..........."
လပြည့် ဘာမှ မပြောပဲ တွန်းလှည်းကိုပဲ တွန်းနေရင်း ပြာလဲ့ အကြောင်းကို တွေးနေမိသည်။
ပြာလဲ့က အိမ်အလုပ်လည်း လုပ်ရသည်။
ပစ္စည်းပို့ရင်လည်း တစ်ခါတလေ လိုက်တွန်းပေးရသေးသည်။
အဝတ်အစားလည်း လျှော်ရ သန့်ရှင်းရေးလည်း လုပ်ရသည်။
လပြည့်နဲ့ ပုပုကျတော့ မနက်မိုးလင်းတာနဲ့ ဆိုင်စီ ပစ္စည်းပို့ ဈေးကူရောင်းပေး ပစ္စည်းထုတ် ဆိုင်အလုပ်တွေပဲ လုပ်ရသည်။
ပြာလဲ့က မြကြည်ထက် အရပ် နည်းနည်းလောက်သာ ပိုရှည်ပေမဲ့ ကိုယ်လုံးက မြကြည်လောက်ပဲရှိသည်။
လပြည့်လည်း ပိန်ပေမဲ့ ပြာလဲ့က အပုလောက်တောင် မဝပါဘူး..။
အပူလောင်ထားတဲ့ လက်က အဝတ်လျှော်တော့ အရေခွံလန်၍ စပ်နေသည်။
အန်တီက ပလက်စတာ ကပ်ထားခိုင်းပေမဲ့ ရေထိတိုင်း လက်ကို ခါနေရတော့ လပြည့် သနားသည်..။
ဆိုင်မှာပစ္စည်းစီပြီးရင် မီးဖိုခန်းထဲမှာ ပြာလဲ့ကို သွားကူပေးနေတာ နှစ်ရက်ရှိပြီ..။
ကြက်သွန်နွှာတာ ငရုတ်သီးထောင်းတာ ဆန်ဆေးတာ လပြည့် မပင်ပန်းပေမဲ့ ပြာလဲ့က လပြည့်ကို ကျေးဇူးတင်နေသည်။
ပြာလဲ့ တစ်ယောက်တည်းဆိုရင် အလုပ်တွေ များပြီး မနိုင်မနင်း ဖြစ်ကာနေ့တိုင်း အန်တီက ဆူနေရသည်လေ..။
"ပုပု.."
"ဟင်.."
"ပြာလဲ့..နဲ့ မင်းနဲ့ ဘယ်သူ အရင်ရောက်လာတာလဲဟင်.."
"ပြာလဲ့ အရင်ရောက်တာလေ.."
"သူ့ကိုကျတော့ ဆိုင်ထဲမှာ အလုပ်သိပ်မခိုင်းဘူးနော်.."
"ပြာလဲ့ က လည်တယ်..နောက်ပြီး သူ့အမျိုးတစ်ယောက်က နှစ်အိမ်ကျော်မှာ အလုပ်လုပ်နေတာလေ..သူတို့ အဆက်အသွယ်လုပ်ပြီး ပိုက်ဆံနှိုက်မှာ စိုးလို့ ..."
"ပြာလဲ့ က အဲလိုတော့ မလုပ်တက်ပါဘူး.."
"အေး..လုပ်တော့ မလုပ်ဘူး..ဒါပေမဲ့ သူတို့က ဘယ်ယုံမလဲ..ငါ့တောင် ယုံတာ မဟုတ်ဘူး..အမြဲစာရင်းနဲ့ တိုက်စစ်နေတာ...ငါကလည်း မလုပ်ပါဘူး...ဒီအိမ်မှာနေရတာ အဆင်ပြေတယ်လေ.."
လပြည့်ကတော့ ပုပုနဲ့ ပြာလဲ့ကို နားမလည်ပါဘူး..။
အလုပ်တွေ အမြဲလုပ်ရပြီး အမြဲအဆူ အရိုက်ခံနေကြရသည်။
ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံး ဒီအိမ်မှာ အဆင်ပြေတယ်လို့ အမြဲပြောကြသည်။
တခြား အိမ်တွေမှာ ဘယ်လောက်တောင် ဆိုးနေလို့လဲ လပြည့် လိုက်တွေးကြည့်မိပေမဲ့ နားမလည်ပါ.။
ဘာပဲ ဖြစ်ဖြစ် သူတို့နှစ်ယောက်နဲ့ တူတူ အလုပ်လုပ်နေရရင် လပြည့်လည်း ပျော်နေပြီ..။
ဝင်းမြ နဲ့ မြကြည်တို့ကိုတော့ တစ်ခါတလေ သတိရသေးတာပေါ့..။
ဒါပေမဲ့ ရောက်စလောက် မပြန်ချင်တော့ပါဘူး.။
09260504
─── · · · · ✦· · · · ───
သတင်းတွေကြောင့် စိတ်မကောင်းဖြစ်နေကြချိန်
ကျနော့်စာတွေ ဖတ်ပြီး ထပ်စိတ်ညစ်ရရင် တောင်းပန်ပါတယ်။
အားလုံး စိတ်အဆင်မပြေချိန် ခုလို စာတွေရေးမိတာ တောင်းပန်ပါတယ်။
စိတ်ညစ်စရာတွေကို အချိန်ပေးဖတ်ပေးလို့ ကျေးဇူး အထူးတင်ပါတယ်နော်။
စာရေးအသား လိုအပ်ချက်တွေနဲ့ စာလုံးပေါင်းသတ်ပုံ မမှန်တာတွေကို ခွင့်လွှတ်ပေးပါ..။
အကြာကြီး စောင့်ရတာလည်း အားနာပါတယ်။
ကျနော့်မှာ အခက်အခဲ တချို့ရှိလို့ နားလည် ခွင့်လွှတ်ပေးပါလို့ပဲ တောင်းဆိုပါတယ်နော်။
အရင်တုန်းက ကျနော် ကိုယ်တိုင် Group တွေ အများကြီးမှာ Shareပါတယ်။
2021 မှာတာ့ Group တွေထဲ လုံးဝ မ Share စေချင်တာပါ။
ကိုယ့်Wallထဲ Share တာက ကိစ္စမရှိဘူးလေ။
ဘာပဲဖြစ်ဖြစ် Group တွေ အများကြီးမှာ Share ပေးကြတာ ကျေးဇူးတင်ပါတယ်။
အဲလို Group တွေထဲ Share ပေးကြတာ ကျနော့်အတွက် ဖိအားများပြီး စိတ်ထဲ တကယ်ကြီး အဆင်မပြေလို့ပါ။
စာရေးချင်စိတ်တောင် ပျောက်ပျောက် သွားလို့ပါ။ 😭
ခဏခဏ ပြောရတာလည်း အရမ်းအားနာလို့ ခုတော့ Friend Only ပဲ တင်တော့မယ်နော်။
Copy Past လုပ်ခွင့် မပြုပါ။ 🙏
ဘယ်နေရာ မှာမှ ပြန်တင် ခွင့်မပြုပါ။ 🙏
ရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။🙏
နားလည်ပေးပါ။ 🙏
စာဖတ်သူ အားလုံး ကိုယ်ရော စိတ်ပါ အေးချမ်းကြပါစေ။
ကျန်းမာရေး နဲ့ အစစ အရာရာ ဂရုစိုက်ပါနော်..။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ။
ကမ္ဘာကြီးကို ချစ်ပါ။
နိုဝင်ဘာ
အထူးအဆန်း
တိုင်းပြည်တစ်ခုမှာ
မနက်ခင်း သတင်းစာထဲ
အမွေပြတ်ကြောင်း
ကြော်ငြာပြီး
အန္တရယ်ကင်း
ဘေးရှင်းပါစေလို့
ဘုရားရှေ့မှာ
မျက်ရည်စက်စက် နဲ့
ဆုတောင်းနေရတဲ့
မိခင်တွေရဲ့ ဘဝက
သောကတွေနဲ့ ပူလောင်နေရဲ့။
Photo Credit
Love U All ❤
Spica Lin