Code 15:Greatest Mistake
Chapter 17- နှစ်သုံးရာအလွန်က လျှို့ဝှက်ချက်
"ဒါက ရှေးဟောင်းသမိုင်းတွေအကြောင်း
ရှင်းပြထားတဲ့စာအုပ်လား။" စာအုပ်ပုံထဲတွင် ထိုင်နေသည့် စင်သီယာလေးက နဂါးသားရေစာအုပ်ကို ဖတ်နေသည်။
စာအုပ်ပေါ်ရှိ ရုပ်ကြွပုံကလေးများက ပြေးလွှားနေကြပြီး စစ်ပွဲတစ်ခုကိုသရုပ်ဖော်နေသည်။
"ရှေးခေတ်မှာ ဧကရာဇ်နိုင်ငံကြီး ၆ ခုရှိခဲ့ပါတယ်။ ဖီးနစ်သူတော်စင်၊ နဂါးပြာ၊
မဟူရာကျောက်တုံး၊ ဝေလဖြူ၊ သံမဏိတံတိုင်းနဲ့ ပါရဂွန်နိုင်ငံတွေ။
ယနေ့ထက်တိုးတက်တဲ့နည်းပညာတွေကို
ပိုင်ဆိုင်ထားပြီး နည်းပညာစွမ်းအားနဲ့
ပျံသန်းနိုင်တဲ့ယာဥ်တွေ၊တိုက်ပွဲဝင်နိုင်တဲ့
ဂေါ်လမ်တွေကို ဖန်တီးခဲ့ကြပါတယ်။
အဲဒီခေတ်ကြီးကို လူမီနီယန်ခေတ်ကြီးလို့ခေါ်တွင်ပြီး ထိုခေတ်မှာ မှော်စွမ်းအင်တွေက ယနေ့ခေတ်ထက် ပါးလွှာနေခဲ့တယ်။"
စာမျက်နှာတစ်ခုတွင် မှော်စွမ်းအားနည်းပါးမှုကြောင့် အဆင့်မတက်နိုင်ဖြစ်နေသည့် ပညာရှင်အိုကြီးတစ်ယောက်၏ပုံကို သရုပ်ဖော်ထားသည်။
အိုမင်းနေသည့် အဖိုးအိုကြီးတစ်ယောက်ဖြစ်ကာ ရင်ဘတ်နေရာတွင် မှော်စွမ်းအင်ကြာပန်း ၆ခုကိုဖော်ပြထားကာ ကောင်းကင်ပေါ်သို့ မျှော်ကာကြည့်နေသည်။
"မှော်စွမ်းအင် ပါးလွှာမှုကြောင့် နဂါးအဆင့်ဆိုတာ နှစ်ပေါင်းငါးဆယ်မှတစ်ခါထွက်ပေါ်နိုင်ပြီး သူတော်စင်အဆင့်ကိုတောင် ခက်ခက်ခဲခဲ တက်ရောက်ဖို့ ကြိုးစားကြရပါတယ်။ ထိုစဥ်က ကောင်းကင်ဥက္ကာခဲကမ္ဘာကြီးကို လူမီနီယန်လို့ခေါ်ခဲ့ပြီး အဆင့်မဲ့ကမ္ဘာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။"
စင်သီယာက စာအုပ်ကို နောက်တစ်မျက်နှာလှန်လိုက်သည်။ သရုပ်ဖော်မင်များက
ဥက္ကာခဲများအဖြစ် စုစည်းသွားပြီး ကောင်းကင်မှမြေကမ္ဘာသို့ ကျဆင်းလာဟန်ဖော်ပြထားသည်။ လူသားနှင့်သတ္တဝါများက ကောင်းကင်မှဥက္ကာခဲများကို မော့ကြည့်နေကြသည်။
"လူမီနီယန် သက္ကရာဇ် ၃၇၉၉ ခုနှစ်မှာ
ကမ္ဘာမြေကို ဥက္ကာခဲများစွာကျဆင်းခဲ့ပြီး
များပြားတဲ့ မှော်စွမ်းအင်တွေ ဥက္ကာခဲတွေမှာ ပါဝင်နေပြီးတော့ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။ အလယ်အဆင့်
ကမ္ဘာကြီးတွေမှာတောင် ရှားပါးတဲ့မှော်ကျောက်တုံးအရင်းအမြစ်ကို ရရှိလာတယ်။ လေထုထဲက မှော်စွမ်းအားသန့်စင်မှုက အလယ်အဆင့်ကမ္ဘာတွေကိုကျော်လွန်သွားပြီး မှော်စွမ်းအင်မိုးတွေရွာသွန်းတယ်။ ပညာရှင်တွေရဲ့အဆင့်ကလည်း
နောက်တစ်ဆင့်ကိုမြင့်တက်သွားတယ်။"
စင်သီယာက မျက်မှောင်ကြုတ်လိုက်ပြီး
လေပူများမှုတ်ထုတ်လိုက်သည်။ "ဒါတွေက သာမန်သမိုင်းစာအုပ်တွေထဲမှာ တွေ့ရတဲ့အတိုင်း တစ်ထပ်တည်းပဲမဟုတ်လား။
ပုံလေးတွေလှုပ်နေတာက လွဲလို့လေ။"
ရွှီးရှန်းသမိုင်းဆရာ သူတို့ကိုသမိုင်းနေသည့်အချိန်မှစ၍ စင်သီယာက သမိုင်းစာအုပ်အများအပြားကို ဖတ်ရှုခဲ့ပြီး တော်တော်များများကိုသိနေကာ ဆရာအာသာကိုပင်ပြန်ထောက်ပြနိုင်ခဲ့သည်။
ထို့ကြောင့် နဂါးသားရေစာအုပ်ပါစာများအားလုံးကို သူရင်းနှီးနေသည်။ စင်စစ်
ဂရီဂိုလိုက်ခေတ်ကြီးစတင်သည်မှာ နှစ်သုံးရာခန့်သာကြာသေးပြီး သက်ကြီးနဂါးအဆင့်တချို့ပင် လူမီနီယန်ခေတ်နှင့်မဟာစစ်ပွဲကြီးကို မီလိုက်သေးသည်။
သို့သော် ထိုစဥ်က ယင်းပညာရှင်များမှာ
မရင့်ကျက်သေးသည့် စစ်သည်ငယ်လေးများသာဖြစ်ရာ အရေးပါသည့်အကြောင်းတော်တော်များများကို မသိကြပေ။
"ဘိုးဘိုးဘုရင်ကြီးရဲ့ဖေဖေ ငါ့ဘေးဘေးဆို စစ်ပွဲထဲတောင်ပါသေးတာ။ ဟွန့် စာရေးတဲ့လူကဘာမလို့လဲ။" စင်သီယာက အထင်သေးစွာဖြင့်
နှာမှုတ်လိုက်သည်။ အမှန်တကယ်လည်း
မဟူရာကျောက်တုံးနိုင်ငံ၏ ဘိုးဘေးကြီးမှာ ယနေ့အထိအသက်ရှင်နေသေးပြီး
ကြောက်စရာကောင်းသည့် နတ်တစ်ပိုင်းတစ်ယောက်ဖြစ်ကာ မြစ်မလေးစင်သီယာကို တစ်ခါတလေလာတွေ့လေ့ရှိသည်။ မဟူရာကျောက်တုံးကဲ့သို့ဧကရာဇ်နိုင်ငံများမှာ နတ်တစ်ပိုင်းများ၏ကာကွယ်စောင့်ရှောက်မှုကြောင့် တည်တံနိုင်ကြခြင်းဖြစ်သည်။
"ဖြစ်နိုင်တာက ဒါကသာမန်သမိုင်းစာအုပ်တွေရဲ့ မူရင်းများလား။" စင်သီယာက ထူးထူးဆန်းဆန်း ကိစ္စတစ်ခုကိုစဥ်းစားမိလိုက်ပြီး ကျေနပ်သွားသည်။ သမိုင်းစာအုပ်များ၏မူရင်းစာအုပ်ကို ဖြစ်သောကြောင့် ဖတ်ရမတန်သော်လည်း အမှတ်တရသိမ်းထားနိုင်ပေသည်။
"ဟွန်းဟွန်းဟွန်း... စာကြည့်တိုက်မှူးကြီး
ဒီကိုလာပါဦး။" စင်သီယာ၏ အသံပြဲကြီးနှင့်အော်သံကို ကြားသောအခါ မျက်မှန်အထူကြီးတပ်ထားသည့် အဖွားအိုတစ်ယောက် အပေါ်ထပ်မှနေ၍ စင်သီယာရှိရာစာအုပ်ပုံရှေ့သို့ ခုန်ချလာလေသည်။
အဖွားအိုက သူ့ကိုယ်ပေါ်တွင်ပေကျံနေသော မှိုနှင့်ဖုန်မှုန့်များကို ရိုတ်ပုတ်ဖယ်ရှားလိုက်ပြီး မျက်မှန်ကိုလက်ဖြင့်ကိုင်ကာ စင်သီယာကိုကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ နယ်စားသမီးတော်လေး၊
စိတ်ကြိုက်စာအုပ်မတွေ့လို့လား။"
ကျောင်းတော်၏စာကြည့်တိုက်မှူး ရင်းနစ်က သက်တော်ရှည်နဂါးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စစ်ပွဲကိုသိမီခဲ့သူတစ်ယောက်လည်းဖြစ်သည်။
"ဖွားဖွားစာကြည့်တိုက်မှူး၊ သမီးဒါလေးအိမ်ယူသွားချင်တယ်။" လက်ရှိဘုရင်၏
နှုတ်ခမ်းမွှေးကိုဆွဲနှုတ်ပြီး မိဖုရားကြီး၏အချစ်တော်ဖြစ်သော နယ်စားသမီးတော်လေးစင်သီယာအတွက် စာအုပ်တစ်အုပ်ကို အိမ်ယူသွားဖို့ကအလွန်လွယ်ကူသောအလုပ်ဖြစ်သည်။
အထူးသဖြင့် ဂေဗာ ဆေးဗား ဆိုသောရိုရန်နယ်ပယ်ရှိဆေးဗားမိသားစုခွဲက သာမန်သူကောင်းမျိုးမိသားစုမဟုတ်ဘဲ
သူတော်စင်တစ်ယောက်ရှိသောမျိုးနွယ်ဖြစ်သည်။ လက်ရှိသူကောင်းမျိုးများထဲတွင် သြဇာအကြီးဆုံးဖြစ်လေရာ စာအုပ်တစ်အုပ်အတွက် မည်သူမှပြဿနာမဖြစ်လိုကြ။
စာကြည့်တိုက်မှူးအဖွားကြီးက စာအုပ်ကိုကိုင်ကြည့်လိုက်ရင်း လက်ချောင်းရှည်ရှည်များရှိသော သူ၏လက်နှစ်ဖက်ကိုပွတ်လိုက်သည်။
"ဟေဟေ... ဒါက စာဂျပိုးကောင်လေး
ယီချန်ရဲ့မှတ်တမ်းမဟုတ်လား။ သူကိုယ်တိုင်ရေးထားတဲ့မူရင်းစာအုပ်လေ။"
"စာကြည့်တိုက်မှူးဖွားဖွားက သူ့အကြောင်းသိတာလား။"
အဖွားအိုက မျက်မှန်ကိုပင့်တင်ရင်း
ပြန်စဥ်းစားလိုက်သည်။ နဂါးအဆင့်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း
ထိုအဖွားအို၏လှုပ်ရှားပုံများက သာမန်စျေးထဲမှ အတင်းပြောနေကျအဒေါ်ကြီးများနှင့်တူနေသည်။
"အိုမှတ်မိပြီမှတ်မိပြီ... ယီချန်ဆိုတာက
တခြားလူဟုတ်ရိုးလား။ မူလသားရဲ၇ကောင်ထဲက ပျင်းရိခြင်းကိုယ်စားပြု သခင်မကိုအာလာ ရဲ့တပည့်လေးလေ။ ဒေါသနဂါးကြီးတိုက်ဖုန်းဆီမှာ နဂါးဘာသာစကားသင်ရင်း အနင်းခံရပြီးသေသွားတဲ့တစ်ယောက်။"
"ဟင်...နဂါးအနင်းခံရပြီးသေတဲ့ ပညာရှိ။"
မုတ်ဆိတ်မွှေးအရှည်ကြီးရှိသည့် အဖိုးအိုကြီးတစ်ယောက် နဂါးကိုစကားပြောဖို့ကြိုးစားရင်း ခြေထောက်ဖြင့်အနင်းခံရသောမြင်ကွင်းက စင်သီယာ၏မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာသည်။
အဖွားအိုကတော့ သူ့မြေးသမက်လေးအကြောင်း ပြောရသည့်အလားဆက်ပြောနေသည်။
"ယီချန်က နဂါးဘာသာစကားလေ့လာဖို့အတွက် တော်တော်ကြိုးစားခဲ့တာ။ သူ့ရဲ့မပြီးသေးတဲ့ နဂါးဘာသာလမ်းညွန်စာအုပ်လေးတောင် ဒီစာကြည့်တိုက်မှာရှိသေးတယ်။ နဂါးဆိုတာက မ၊မီ၊မု၊မဲ၊မို၊မော့၊
မော်၊မွ၊မွဲ ဆိုပြီးအခြေခံအသံကိုးလုံးပဲ
ပြောတတ်တာတဲ့။ ဒါပေမဲ့ဒေါသနဂါး
အမျက်ထွက်ပြီးအနင်းခံရပုံထောက်ရင်တော့ သူမှားသွားတဲ့ပုံပဲ။ သနားစရာကောင်းတဲ့ကလေး။"
မုတ်ဆိတ်ဖြူအဖိုးကြီး နဂါးကြီးရှေ့တွင်
တောင်ဝှေးကြီးကိုင်လျက်သာ ရပ်ကာ ပါးစပ်ကိုဟလိုက်သည်။ ထို့နောက် "မူ..."ဟုအော်လိုက်သည်။ ဒေါသထွက်လွယ်သည့်နဂါးကြီးက သူ့ရှေ့မှလူသေးသေးလေးကိုငုံကြည့်ကာ ပိုးကောင်အဖြစ်မှတ်ယူလိုက်ပြီး ခြေထောက်ကိုမြှောက်ကာနင်းသတ်လိုက်သည်။ သွေးများက
ဂူအပြင်သို့ပင် ပန်းထွက်လာသည်။ စင်သီယာက ပညာရှိကြီးနဂါးအနင်းခံရသည့်မြင်ကွင်းကို အမျိုးမျိုးစိတ်ကူးကြည့်ရင်း တခိခိနှင့်အူတက်နေသည်။
"ယီချန်ရဲ့မှတ်တမ်းစာအုပ်က လက်ရှိသမိုင်းစာအုပ်အားလုံးရဲ့မူလဇာစ်မြစ်ပဲ၊
ပြီးတော့ သာမန်သမိုင်းစာအုပ်တွေထဲမှာမပါတဲ့ ရှေးဟောင်းပညာရှိကြီးတစ်ယောက်အကြောင်းနဲ့တခြားလူမီနီယန်ခေတ်က စိတ်ဝင်စားစရာတွေရေးထားတယ်။ ယီချန်က ရှေးခေတ်အကြောင်းသိရဖို့ အဖွားတို့လိုသက်ကြီးပညာရှင်တွေနဲ့
ရှေးသားရဲတွေကို လိုက်မေးမြန်းခဲ့တာလေ။ ပြီးတော့ ကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တစ်ခုကိုလည်း သိခဲ့သေးတယ်တဲ့။"
"...." စင်သီယာက တဖြည်းဖြည်းနားထောင်ရင်း စိတ်ဝင်စားလာသဖြင့်
မျက်လုံးကလေးကိုပြူးကာ နားထောင်နေသည်။ အဖွားအိုက ရုတ်တရက်လက်နှစ်ဖက်ကိုကားကာ စင်သီယာကိုခြောက်လိုက်သောကြောင့် ကောင်မလေးနောက်သို့ဆုတ်သွားသည်။
"မဟူရာကျောက်တုံးတောင်တန်းကြီးရဲ့
တစ်ဖက်ခြမ်းမှာ သေခြင်းကိုးပါးအကျဥ်းထောင်ဆိုတဲ့ ချောက်နက်ကြီးရှိသတဲ့။
လူမီနီယန်ခေတ်ကြီးထက်စောတဲ့ ဂါလိုင်းရင်းခေတ်တုန်းက တည်ရှိခဲ့တဲ့နတ်ဘုရားတွေက အဲဒီထဲမှာ မကောင်းဆိုးဝါးတွေကို အချုပ်အနှောင်ချခဲ့တာတဲ့။ ခေတ်အဆက်ဆက် သူတော်စင်နဲ့နတ်တစ်ပိုင်းတွေ အဲဒီထဲဝင်ပြီးလေ့လာကြပေမဲ့
.."
အဖွားအိုက စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်ထားလိုက်ပြီး လက်ချောင်းများကို
မသတီဖွယ်ရာ လှုပ်ရှားရင်းပြောလိုက်သည်။
"တစ်ယောက်မှ ပြန်မလာနိုင်ကြဘူးတဲ့။"
စင်သီယာက အဖွားအို၏မူဟန်များကြောင့် ကြောက်လွန်းသဖြင့် နဂါးသားရေစာအုပ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း မျက်လုံးကိုမှိတ်လိုက်သည်။ အဖွားအိုကသဘောကျသွားဟန်ဖြင့် အကျယ်ကြီးရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ယီချန်ရဲ့စာအုပ်က ရှားပါးပစ္စည်းမလို့ အပိုင်ပေးလိုက်လို့မရဘူး။
အဖွားသမီးကို ငါးရက်ငှားလိုက်မယ်။
အဲဒီအချိန်လောက်ဆို သမီးအကုန်ဖတ်ပြီးလောက်မှာပါ။"
စင်သီယာက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး စာကြည့်တိုက်ထဲမှ ပြေးထွက်သွားလိုက်သည်။ အဖွားအိုပြောသော စကားလုံးများက သာမန်မျှသာဖြစ်သော်လည်း လုပ်ပြနေသောပုံစံများက စုန်းမအိုကြီးတစ်ယောက်ဆေးဖော်နေသကဲ့သို့ရှိရာ အလိုလိုကျက်သီးထလာပြီး ထွက်ပြေးလာမိခြင်းဖြစ်သည်။
...
ချစ်စရာဆံပင်အနီနှင့်ကောင်မလေးက
အခန်းတံခါးကိုဖွင့်ကာ အထဲဝင်လိုက်သည်။ ပင်ပန်းသမျှ ပြေပျောက်သွားဟန်ဖြင့် အသက်ကိုပြင်းပြင်းရှူထုတ်လိုက်သည်။ ထို့နောက် စင်သီယာက သူဝတ်ထားသော ဂါဝန်လေးကိုချွတ်လိုက်သည်။
ဖြူဝင်းဝင်းအသားအရေက မြင်ကွင်းထဲသို့ထွက်ပေါ်လာသည်။ ဂါဝန်၏အောက်တွင် အဖြူရောင်ဘောင်းဘီအပွလေးနှင့်
ရင်ကိုစည်းထားသည့် ရင်စည်းသာပါလေသည်။
စင်သီယာက ကိုယ်ကိုလှုပ်ရှားကာ အပျင်းကျောဆန့်လိုက်ရင်း ကျောပိုးအိတ်ထဲမှ
စာအုပ်ကိုထုတ်ကာ ကုတင်ပေါ်ခုန်တက်လိုက်သည်။
အကယ်၍ကောင်မလေး၏မျက်နှာကို
သေချာအနီးကပ်ကြည့်ပါက သွားရည်များပင် ကျနေသည်ကိုတွေ့နိုင်သည်။
"လာစမ်း၊လာစမ်း... အရင်နှစ်သုံးရာက
ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိခဲ့တာလဲ။"
စင်သီယာက စာအုပ်ကိုလှန်လိုက်ပြီး
ရောက်နေသည့်နေရာမှ စက်ဖတ်လိုက်သည်။ မင်နက်များက လှုပ်ရှားနေပြီးစစ်ပွဲကြီးတစ်ပွဲကို ပုံဖော်ထားသည်။
အတောင်ပံများနှင့်တန်ခိုးရှင်များအပြင်
ထူးဆန်းသောစက်ယန္တရားကြီးများလည်း
တိုက်ပွဲဝင်နေသည်။ ထိုမြင်ကွင်းက စင်သီယာ၏စိတ်ဝင်စားမှုကို အကြီးအကျယ်တိုးတက်လာစေသည်။
"စက်ယန္တရားတွေ... ငါ့ရဲ့ကြေးဝါဆိုင်ကယ်လိုအရာတွေက လူမီနီယန်ခေတ်ကြီးမှာ ရှိနေခဲ့တာလား။"
သံမဏိစက်ရုပ်ကြီးတစ်ရုပ်က တန်ခိုးရှင်တစ်ပါးကို ခြေထောက်မှဆောင့်ဆွဲကာ
ကိုင်ပေါက်လိုက်သည်။ ထို့နောက်ထိုစက်ရုပ်ကြီး၏လက်က အမြောက်အဖြစ်ပြောင်းသွားပြီး တန်ခိုးရှင်ကိုပစ်ခတ်ဖောက်ခွဲပစ်လိုက်သည်။
အခြားပုံတစ်ပုံ၌ ပျံသန်းနေသောစက်ရုပ်ကြီးကိုမြင်ရပြီး လက်နှစ်ဖက်ကဓားအဖြစ်ပြောင်းလဲသွားကာ မြေပြင်မှစစ်တပ်ကြီးကို မြက်ပင်များကဲ့သို့ရိတ်သိမ်းသွားသည်။
"လူမီနီယန်ခေတ်ကြီးရဲ့ နောက်ဆုံးအကြွင်းအကျန် စက်ယန္တရားတွေအားလုံးကို မဟူရာတောင်တန်းရဲ့အတွင်းပိုင်း ဂိုရန်တောင်ခြေမှာ မြုပ်နှံထားတယ်။ ရှေးပညာရှိကြီးတစ်ပါးဖြစ်တဲ့
မဟာစက်ယန္တရားအရှင်သခင် ဂိုရန်ကစစ်ပွဲကြီးအပြီးမှာ သူ့လက်ရာစက်ယန္တရားတိုင်းကို အဲဒီမှာဝှက်ထားပြီး
သီယွန်နပ်ဘုရားကျောင်းရဲ့ရန်ကနေ ပုန်းအောင်းနေခဲ့တယ်။ သူ့အသက်
ကုန်ဆုံးသွားချိန်အထိပေါ့။"
မင်နက်များက တဖြည်းဖြည်းမြေပုံတစ်ပုံ
အဖြစ်ပြောင်းလဲသွားပြီး မဟူရာကျောက်တုံးနိုင်ငံ မဟူရာကျောက်တုံးတောင်တန်း၏အတွင်းပိုင်းမြေပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနေရာက ရှေးခေတ်အဆက်ဆက်၏ လျှို့ဝှက်ချက်များသိုမှီးရာဖြစ်ပြီး သူတော်စင်အဆင့်များပင် အန္တရာယ်ကင်းစွာမသွားရောက်နိုင်ပေ။ ဝီလီယံတို့အဖွဲ့ပင် အစွန်အဖျားနေရာသို့ သွားခဲ့ခြင်းဖြစ်သည်။
သို့သော် စာထဲတွင်ပါသည့် ရှေးခေတ်ဟောင်းမှ စက်ယန္တရားများဆိုသည့်စကားက စင်သီယာလေး၏သိချင်စိတ်ကို
နှိုးဆွလိုက်သည်။ စင်သီယာ၏ပါးပြင်ပေါ်သို့ပင် မျက်ရည်များစီးကျလာသည်။
"ငါငယ်ငယ်လေးကတည်းက အိပ်မက်တွေမက်နေခဲ့တာ။ စက်ရုပ်ကြီးတွေကိုစီးပြီး တိုက်ပွဲဝင်တယ်လို့ပေါ့။ ဒါပေမဲ့အပြင်မှာ မမြင်ဖူးတော့ တီထွင်ရခက်နေတာ။ အခုတော့ကိုယ်တိုင်ကိုယ်ကျမြင်ရဖို့အခွင့်အရေးပဲ။"
စင်သီယာလေးက ကုတင်ပေါ်တွင်မတ်တပ်ရပ်လိုက်ပြီး လက်ညိုးကိုမိုးပေါ်သို့ညွန်ပြလိုက်သည်။
"ဘာတွေပဲဖြစ်ဖြစ် အဲဒီဂူသချိုင်းကို
ရောက်အောင်သွားမယ်။"
...
ထိုအချိန်တွင်တော့ မဟူရာကျောက်တုံးမြို့တော်၏ ချောင်ကျသော အရက်ဆိုင်တစ်ခုတွင် ဝတ်ရုံနက်ဝတ်လူတစ်စုက
စုဝေးနေသည်။ ရုတ်တရက်တံခါးပွင့်သွားပြီး ဝတ်ရုံနက်တစ်ယောက်ဝင်လာသည်။
ထိုဝတ်ရုံနက်က WSLoliအမှတ်တံဆိပ်
ကုန်ပစ္စည်းတစ်ခုစီကိုကိုင်ထားပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ထို့နောက် သူက စားပွဲဝိုင်း၏ထိပ်ဆုံးတွင်ထိုင်နေသော ဝတ်ရုံနက်ကို အရိုအသေပေးလိုက်သည်။
"မင်းသားကြီး၊ ဒါက အခုတလောနာမည်ကြီးနေတဲ့ WSLoliကုန်ပစ္စည်းတွေပါ။ သူတို့အားလုံးကိုထုတ်လုပ်ခဲ့တဲ့လူက နယ်စားသမီးတော်စင်သီယာပါ။"
ဝတ်ရုံနက်ခေါင်းဆောင်က ထိုလူကိုမော့ကြည့်လိုက်သည်။ ခေါင်းဆောင်၏မျက်နှာတွင် ဓားဒဏ်ရာ
အမာရွတ်ကြီးရှိနေပြီး အသက်လေးဆယ်ခန့်ရှိပုံရသည်။ ထိုမင်းသားကြီးဆိုသူက
ရယ်မောလိုက်သည်။
"ဟားဟားဟား.... အသိဉာဏ်သစ်တွေကို ဆောင်ကျဥ်းဖို့ကြိုးစားနေတဲ့ နောက်အရူးတစ်ယောက်လား။ သီယွန်နပ်ဘုရားကျောင်းကို ဖမ်းပြီးပို့လိုက်ရင် ငါထီးနန်းရဖို့ ပိုမြန်ဆန်သွားမှာပဲ။ အဲဒီကောင်မလေးကိုစောင့်ကြည့်နေကြ။"
ဝတ်ရုံနက်ခေါင်းဆောင်မှာ ယခင်ဘုရင်ကြီးတိုင်းပြည်တွင်းမှ နှင်ထုတ်လိုက်သော
ပထမမင်းသားဖြစ်ပြီး ယခုတိုင်အောင်
ထီးနန်းရဖို့ လက်မလျှော့သေးပေ။ မဟူရာကျောက်တုံးတိုင်းပြည်မှာ တိုင်းရေးပြည်ရေးတည်ငြိမ်သည်ထင်ရသော်လည်း ပြဿနာပေါင်းစုံနှင့်ဖြစ်သည်။ ပထမမင်းသားက တိုင်းပြည်အတွင်းရှိမြင်းစီးဓားပြများကို စုစည်းကာ
ဘုရင့်နေရာကိုလုယူရန် ကြံစည်နေသည်။ သူ၏နောက်ကွယ်တွင်တော့
သီယွန်နပ်ဘုရားကျောင်းရှိနေပေသည်။
သီယွန်နပ်ဘုရားကျောင်းမှာ ဧကရာဇ်နိုင်ငံများအောက် မနိမ့်ကျသောတည်ရှိမှုတစ်ခုဖြစ်ပြီး သူတို့တွင်စိတ်ဝိညာဥ်နတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသည်။ သို့သော်ထိုနတ်ဘုရားမှာ ယခုတိုင်အောင်ဘယ်ရောက်နေမှန်းမသိပေ။ လက်ရှိအချိန်တွင် နတ်တစ်ပိုင်းအဆင့် ပုပ်ရဟန်းမင်းကြီးက ဦးဆောင်နေပြီး ဧကရာဇ်နိုင်ငံများနှင့် အင်အားတန်းတူရှိသည်။ သီယွန်နပ်ဘုရားကျောင်းက ဂရီဂိုလိုက်ခေတ်ကြီးစတင်ကတည်းက ခေတ်သစ်နည်းပညာများမရှိအောင်
တားဆီးပိတ်ပင်ခဲ့ပြီး အသိပညာနှင့်ကြွယ်ဝချမ်းသာမှု၏နိုင်ငံဖြစ်သော
မဟူရာကျောက်တုံးနိုင်ငံက ပုပ်ရဟန်းမင်းကြီး၏မျက်စိတွင် စိုက်ဝင်နေသော ဆံပင်မွှေးဖြစ်နေသည်။ ထို့ကြောင့်
နှစ်ဖက်လုံးမှာ သူလျှိုဒလံကိုယ်စီထားရှိပြီး အေးစက်သောဆက်ဆံရေးရှိနေသည်။
စင်သီယာကဲ့သို့ဉာဏ်ကြီးရှင်တစ်ပါး
မဟူရာကျောက်တုံးတွင် ပေါ်ထွက်လာခြင်းကို ဘုရားကျောင်းက အလွယ်တကူခွင့်ပြုမည်မဟုတ်ပေ။