လင်းကြက်တွန်သံနှင့်အတူ အစောပိုင်းမီးခိုငွေ့များက အိမ်တိုင်းဆီမှ တလူလူထွက်လာသည် ။ အာရုံဆွမ်းကပ်ဖို့ကို စောစောထချက်ရမည်မဟုတ်လား ။ နေရောင်ခြည်သည် မထွန်းလင်းလာသေး ။ ဒါပေမဲ့ အိုးခွက်ထိခတ်သံတွေဟာ အိမ်နီးချင်းတွေကြား ကြားနေရလေပြီ ။
သက်ထား ပွက်ပွက်ဆူနေသည့်ထမင်းအိုးထဲမှ ဆန်စေ့များကို ယောင်းမဖြင့်ကလော်ကြည့်လိုက်၏ ။ လက်တစ်ဖက်ကလည်း ထင်းချောင်းများကို နေရာချရသေးသည် ။ ဆန်စေ့မှာ အလုံးမကွဲသေးပေ ။ ပြန်ထည့်၍ တစ်ချက်မျှ မွှေလိုက်ကာ မျှစ်နွှင်နေလိုက်သည် ။
ထိုစဉ် အောင်ဝင်းက အိပ်ချင်မူးတူးဖြင့် မီးဖိုချောင်ဘက်သို့လျှောက်လာသည် ။
"နှိုးပြီလား"
သက်ထား လှမ်းမေးလိုက်ပေမဲ့ အောင်ဝင်းက မကြာသလိုနှင့်ပြန်မဖြေပေ။ထိုအစား နောက်ဖေးအပေါက်မှဆင်း၍ အိမ်သာဆီသို့တန်းတန်းမတ်မတ်လျှောက်သွားသည် ။
"မျှစ်ကြော်မလို့လား"
ဒေါ်ပိန်သေး ဆံပင်ကို ဘီးဖြင့်သိမ်းပတ်ရင်း မီးဖိုချောင်ထဲ ဝင်လာ၏။
"အွန် ! ဆွမ်းလောင်းဖို့ပါ ပေါင်းကြော်မလို့ "
ဒေါ်ပိန်သေး မျက်နှာသွားသစ်ပြီးနောက် သူ့အင်္ကျီဖြင့်သာ မျက်နှာကိုသုတ်လိုက်သည် ။ ထို့နောက် သက်ထားထိုင်နေသည့် ခုံဘေးတွင်ဝင်ထိုင်ကာ
"ကြက်သွန်နီ သုံးလုံးလောက်ပေး"
ကြက်သွန်နီသုံးလုံးမှာ ခုံပေါ်သို့ရောက်လာသည် ။
"ဓားပါ ပေးလေ"
သက်ထားလည်း သူနှင့်မလှမ်းမကမ်းရှိ ကြက်သွန်လှီးဓားကို ယူပေးလိုက်သည် ။
" လှောင်ထားတဲ့ငါးရံ့ကိုပဲ ဝါးရောင်းချဉ်နဲ့ပဲ ချဉ်ဟင်းချက်လိုက်ရအောင်"
ကြက်သွန်လှီးနေရင်းမှ ဒေါ်ပိန်သေးက ပြောသည် ။ ဝါးရောင်းချဉ်သည် မနေ့က ကြည်မင်းတို့ ငှက်သွားပစ်ရင်း ခူးလာခဲ့တာဖြစ်သည် ။ ငါးရံ့ကလည်း အကောင်ခပ်ကြီးကြီးတစ်ကောင်တည်းမို့ သူ့တစ်ကောင်တည်းချက်လိုက်လျှင်လည်း ဟင်းကလောက်မည်မဟုတ် ။ ကြက်သွန်လှီးပြီးတော့ ပန်းကန်ထဲထည့်ထားပေးခဲ့ကာ အိမ်နောက်ဖေးသို့ဆင်းခဲ့သည် ။ ကော်ပုံးကိုဖွင့်လိုက်တော့ ငါးရံ့က ထခုန်၏ ။ ဒေါ်ပိန်သေး ငါးရံ့ကို ခေါင်းကကိုင်၍ စဉ်းနှီတုံးပေါ်တင်ကာ ဓားနှင့်ထုသတ်လိုက်သည် ။ တဆတ်ဆတ်တုန်ယင်နေသည့်ငါးကိုကြည့်ကာ သံဝေဂတွေရသော်လည်း လက်တွေက ယဉ်နေလေပြီ ။ သူ့အတွေးနှင့်သူ ပြုံးမိသွားရင်း ငါးကိုကြေးခွံတွေ ဆက်လက်ခွာနေတော့၏ ။
သက်ထားသည်လည်း တရှဲရှဲနှင့်မျှစ်ကြော်နေစဉ်အတွင်း ဝါးရောင်းချဉ်တွေကို ရှုတ်ယှက်ခတ်မနေအောင် ဖြတ်တောက်ပြီး ဆေးကြောထားလိုက်သည် ။
"ပဲပြုတ်ပူပူလေး"
အချိန်မှန်ဈေးမှန် ပဲပြုတ်သည်၏ အော်သံမှာရွာလမ်းမတလျှောက် ပျံ့လွင့်လာသည် ။ ဒေါ်ပိန်သေးက တွေးနေမိ၏ ။ ပဲပြုတ်သည်က ဒီအသံလောက်ဆို ဦးရွှေကြိုင်တို့အိမ်ရှေ့လောက်ပင် ။ သူလည်း ငါးခုတ်ပြီးဆေးကြောလို့အပြီး ပဲပြုတ်သည်မေရွက်ဝါက သူ့အိမ်ရှေ့သို့ရောက်လာသည်။
"ဟဲ့ လာဦး "
သူ့အော်သံကြားတော့ အော်မလို့ပြင်ပြီးမှ ပဲပြုတ်သည်မေရွက်ဝါမှာ နှုတ်တန့်သွားရလေ၏ ။ သူက ခေါ်သံကြားသည်နှင့် ခပ်သွက်သွက်ပဲ ခြံထဲလျှောက်လာခဲ့သည် ။ ပြီးတော့ ဒေါ်ပိန်သေးရှိရာ နောက်ဖေးသို့ တန်းသွားလေ၏ ။
"နှစ်ဆယ်သားပဲလား အစ်မ"
ပဲပြုတ်တောင်းကိုချ၍ မေရွက်ဝါက မေးသည် ။
ဒေါ်ပိန်သေး ဇလုံတစ်လုံးသွားယူကာ ကမ်းပေးရင်း
" အေး ! သုံးဆယ်သားလောက်ပေး မျှစ်ထဲရောထည့်မလို့"
ခပ်မြန်မြန်ပဲ ချိန်ပေးလိုက်သည် ။ ပန်းကန်ထဲ ထည့်ပေးပြီး မေရွက်ဝါက တောင်းထဲမှ လက်ဖျားအစုလောက်ကလေးပိုပိုသာသာထပ်ထည့်ပေးလိုက်၏။
"ဆွမ်းတော်တင်ရင် ကျွန်မဈေးရောင်းကောင်းအောင်ပါ ဆုတောင်းပေးဦးနော်"
သူက ထပ်လောင်းပြောလိုက်သေးသည် ။ ဒေါ်ပိန်သေး ဘော်လီကြားကပိုက်ဆံကိုဆွဲထုတ်၍ ပေးလိုက်၏ ။
"အေးပါအေ ! ငါဆုတောင်းမပေးလည်း ညည်းက
အစောကြီးကုန်တာပဲကို"
"သွားပြီ အစ်မရေ"
ပဲပြုတ်သည်မေရွက်ဝါက ခေါင်းခုကိုမပျယ်အောင်အနည်းငယ်လုပ်တင်းခွေလိုက်ကာ တောင်းကို ခေါင်းပေါ်စွေ့ခနဲတင်သည် ။ ထို့နောက် ဖင်လေးလှိမ်ဖယ်လှိမ်ဖယ်ဖြင့် ခြံဝသို့လျှောက်သွားလေ၏ ။ ခြံပြင်ရောက်သည်နှင့်
"ဟောဒီက ပဲပြုတ်ပူပူလေး"
ဒေါ်ပိန်သေးလည်း ပဲပြုတ်ပန်းကန်ကို သက်ထားကိုပေးကာ
"မျှစ်ထဲ နည်းနည်းရောထည့်လိုက်"
မျှစ်ကြော်ကျက်သွားသည်နှင့် အာရုံဆွမ်းတင်ဖို့ ဆွမ်းတော်ပန်းကန်တွေကိုဆေးကြောကာ ဆွမ်းနှင့်ဆွမ်းဟင်းထည့်ပြီးအိမ်ရှေ့သို့ထွက်လာခဲ့၏။
အိမ်နောက်ဖေးတွင်တော့ သက်ထား၏ ငရုတ်သီးထောင်းသံမှာ တဒုန်းဒုန်း ။
အိမ်ရှေ့တွင်တော့ ကြည်သာမှာနှိုးနှင့်နေပြီ ။ သူက အိပ်ယာကိုသိမ်းကာ ဖျာကိုလိပ်၍ ထောင့်တွင်ထောင်ထားလိုက်သည် ။ ကြည်မင်းနှင့်ရွှေကြည်တို့ကတော့ မနှိုးသေးပေ ။ သူ့အမေ ဆွမ်းတော်တင်နေတုန်း ကြည်သာ မျက်နှာသစ်ရန် အိမ်နောက်ဖေးသို့ ထွက်လာခဲ့သည် ။
အပြင်တွင်တော့ မှောင်ရိပ်မကွဲသေး ။ လင်းရောင်ခြည်မှာ ခပ်ဖျောါဖျော့သာရှိနေသေးသည် ။ ကြည်သာ ဆားအနည်းငယ်ကို လက်ဖဝါးထဲထည့်၍ နောက်ဖေးသို့ဆင်းသွား၏ ။ ထို့နောက် ပလုတ်ကျင်းပြီးမျက်နှာသစ်ကာ ဂုတ်ပိုးအား ရေဖြင့်ခပ်ဆတ်ဆတ်လေးရိုက်လိုက်သည် ။
အိမ်ထဲမှ အမေ့ရဲ့ကြေးစည်ထုသံကိုကြားလိုက်ရ၏ ။သက်ထားသည်လည်း ငရုတ်သီးထောင်းလို့ပြီးသွားလေပြီ ။ သူတို့အိမ်၌ သံပြိုင်ထုထောင်းသံများ ငြိမ်သက်တိတ်ဆိတ်သွားပေမဲ့လည်း ဘေးအိမ်များ၏ ခုတ်ထစ်သံများက တအုံးအုံး ။
ကြည်သာ အိမ်ပေါ်ပြန်တက်လာတော့
"ကိုကြီး ထမင်းစားတော့မှာလား"
သက်ထားက ထမင်းကြော်ကို ခုံပေါ်၌အဆင်သင့်တင်ထားပေးလေ၏။ငါးရံ့ခြောက်ကြော်လေးကလည်း ဆီတရွှဲရွှဲနှင့်ဝင်းဝင်းပြောင်ပြောင် ။
ကြည်သာ ပြန်ဖြေလိုက်သည် ။
"အေး ! မျက်နှာသွားသုတ်လိုက်ဦးမယ်"
.......
"မုန့်လုံးကြီးကြော်က နည်းနည်းမာတယ်"
ကော်ဖီကို မော့သောက်ပြီးနောက် မိုးသောက်က ပြောသည် ။တင်ဝေက မုန့်ကြိုးလိမ်နှင့်မုန့်လုံးကြီးကြော် သုံးခုလောက်ကို နှိုက်သွားကာ ထွက်သွား၏ ။ လှိုင်းသင်္ဘောထွက်ရဦးမည်မဟုတ်လား ။ သူမလာသေး၍ သင်္ဘောပေါ်၌ ပွက်ပွက်ညံနေလိမ့်မည် ။ ထို့အပြင် အဆဲပါ ခံရနိုင်သေးသည် ။ ဒါကြောင့် မနက်စာတောင်ဖြောင့်တန်းအောင်မစားနိုင်ဘဲ ကမန်းကတန်း နှိုက်ယူ၍ သုတ်ခြေတင်ပြေးတော့သည် ။
ဒေါ်ရတနာမှာ အခုထိ ဘုရားရှိခိုး၍မပြီးသေး ။ ပုံမှန်အားဖြင့် တစ်နာရီနီးပါးလောက်ကြာတာမို့ သူဘုရားရှိခိုး၍ မပြီးခင်မှာပဲ ခင်ထား ချက်ပြုတ်ပြီးစီးတတ်သည် ။ အခုလည်း ခင်ထားမှာ မနက်စာတင်မက ဆွမ်းလောင်းရန်ပင် အားလုံးချက်ပြုတ်ပြီးလေပြီ ။ ဒါကြောင့် အဖြူလုံးလေးနှင့်နှစ်ယောက်သား မုန့်ထိုင်စားနေမိသည် ။ အဖေကတော့ မနက်တိုင်း မုန့်ဟင်းခါးမစားရလျှင် လျှာမတင်းတိမ်နိုင်သူမို့ စောစောစီးစီးလမ်းလျှောက်ထွက်သွား၏ ။
" အစ်မ ! မုန့်ဟင်းခါးသွားစားရအောင်"
လက်ကျန် မုန့်ကြိုးလိမ်ကို ကိုက်ဝါးပြီးနောက် မိုးသောက် ပြောတော့ ခင်ထား မျက်လုံးအပြူးသားဖြစ်သွားသည် ။
"ဗိုက်ဆန့်သေးလို့လား"
မုန့်လုံးကြီးကြော်လေးခုနဲ့မုန့်ကြိုးလိမ် နှစ်ခုကို စားပြီးတာတောင်လေ။မိုးသောက်က ရယ်သည် ။
"မဝသေးလို့လေ ၊ ကျွန်တော့်စားပေါက်ကိုလည်း အစ်မသိသားနဲ့ကို"
အရွက်ညှက်ပေမဲ့လည်း တကယ်တမ်း မိုးသောက်မှာ လူနှစ်ယောက်စာနီးပါးကို စားနိုင်တာဖြစ်သည် ။
"များများစားတာကောင်းတာပေါ့ ၊ သွားမယ်လေ ။ အစ်မ ဝယ်ကျွေးမယ်"
ဆိုတော့သည်ကား မိုးသောက် ပိုက်ဆံသွားမယူတော့ပေ။မောင်နှမနှစ်ယောက် မုန့်ဟင်းခါးဆိုင်သို့ရောက်တော့ ဖခင်ဖြစ်သူ ဦးတင်ညွန့်မှာ စားနေတုန်းပင် ။
"မုန့်ဟင်းခါး အကြော်နဲ့နှစ်ပွဲ"
ခင်ထားက မှာပြီးနောက် ခင်းထားသည့် ခုံအဝိုင်းဘေးတွင်ဝင်ထိုင်လိုက်သည် ။ မိုးသောက်သည်လည်း ထိုနည်းလည်းကောင်းပင် အစ်မဖြစ်သူဘေး၌ဝင်ထိုင်၏ ။
ရောင်နီမှာ တဖြည်းဖြည်း တိုးဝင်လာကာ အမှောင်ထုကို သိသိသာသာပင် ဖြိုခွင်းလာသည် ။ မနက်ခင်း၏ ဝင်းပပနေရောင်ခြည်မှာ ချက်ခြင်းပဲ ကမ္ဘာကြီးပေါ်ဖြာကျလာ၏ ။ အလင်းရောင်မှာ တဖန်ပြန်အုပ်စိုးလာချေပြီ ။
ဒေါ်သာဂိသမီးလေးက မုန့်ဟင်းခါးနှစ်ပွဲကို သူတို့ရှေ့လာချပေးသွားသည် ။ မိုးသောက် ရှောက်သီးနှစ်စိပ်လောက်ကို ညှစ်၍ထည့်ကာ ငရုတ်သီးမှုန့်ဖြူးပြီး နယ်ဖတ်လိုက်၏ ။ သူ့ပါးစပ်ထဲ အတန်ငယ်ပေါ့သယောင်မို့ ငံပြာရည်အနည်းငယ်လောင်းထည့်လိုက်သည် ။ ဒီတော့မှ အရသာက သူ့အတွက်အနေတော်ဖြစ်သွားသည် ။ ခင်ထားကတော့ လာချပေးကတည်းကအတိုင်းပင် ။ ငရုတ်သီးမှုန့်ဖြူးစားသည်ကလွဲလို့ပေါ့ ။
"အစ်မ ငှက်ပျော်အူမစားရင် ကျွန်တော့်ကိုပေးလေ"
ခင်ထားက ငှက်ပျော်အူများကို ပန်းကန်ဘေးတွင်ထိုးသိပ်ထား၍ မိုးသောက် လှမ်းတောင်းလိုက်သည် ။
"စားမှာလေ ၊ နောက်မှဝါးဖို့ချန်ထားတာ"
ခင်ထားက ရယ်လျက် ပြောတော့ မိုးသောက် တဟိဟိဖြစ်သွားသည်။သူက အစ်မဖြစ်သူမစားဘူးထင်၍ လှမ်းတောင်းလိုက်တာ ။ ဒါပေမဲ့လည်း ခင်ထားက ငှက်ပျော်အူနှစ်ကွင်းလောက်ကို မိုးသောက်ပန်းကန်ထဲ ထည့်ပေးလိုက်သည် ။
" ကျေးဇူး "
"မလိုပါဘူးကွယ် "
မိုးသောက် သူ့အစ်မကို ရယ်ပြနေစဉ်မှာပဲ ပုံးနှစ်ပုံးကိုချိတ်မှာချိတ်၍ထမ်းပိုးဖြင့်ထမ်းလာသော ထိုသူကိုတွေ့လိုက်ရသည် ။ စောစောစီးစီးသောက်ရေသွားခပ်တော့မလို့ နေမှာ ။ သူက အကြည့်ပြန်လွှဲချင်လိုက်ပေမဲ့ ကြည်သာမှာ ထိုကောင်လေးနှင့်အကြည့်ချင်းဆုံသွားသည် ။ မနေ့က ခံစားချက်များကြောင့် အခဲမကျေဟန်ဖြစ်နေပါသော်လည်း သူက မနေနိုင်စွာပြုံးပြမိသွား၏။
မိုးသောက်သည်လည်း သူ့ကိုပြန်ပြုံးပြလာသည် ။ ခင်ထားက အဖြူလုံးလေးပြုံးပြရာဆီကြည့်လိုက်တော့ ကြည်သာကိုတွေ့လိုက်ရ၏ ။ စွပ်ကျယ်နှင့်ပုဆိုးတိုတိုဝတ်ထားသည့် ထိုသူမှာ သန်မာတောင့်တင်းလွန်း၍ အားကိုးနိုင်သည့် ခန္ဓာကိုယ်အား ခင်ကျင်းပြသထားသလိုပင် ။ ကြင်သူမထားဖူးလေသည့် ခင်ထားမှာ မသိမသာလေးသာခိုးကြည့်၍ အကြည့်လွှဲမိသည် ။ ဝင်းစက်စက်နေရောင်အောက်မှာ ကိုယ်ရောင်ကိုယ်ဝါတွေပါ တောက်ပနေသလိုမျိုးမို့ ခပ်ကြာကြာလေးသာ စိုက်ကြည့်မိလျှင် စက္ခုနှစ်ကွင်း အလင်းကင်းသွားလောက်သည် ။
အတွေးစနှင့်အတူ ခင်ထားပြုံးမိလေ၏ ။ လှုပ်ခတ်သွားသည့်ရင်မှာ တိတ်တခိုးမို့ အပြုံးမှာလည်း ခိုးကြောင်ခိုးဝှက် ။
မနေ့ကလည်း ခင်ကြည်နဲ့ပြတ်သွားပြီဟု သတင်းသဲ့သဲ့ကြားလိုက်သေးသည် ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုပေမဲ့လည်း ဖွင့်ဟဖို့ရာ သူတို့က မိန်းမသားပင်မဟုတ်လား။ကံစမ်းမဲအနှိုက်ခံရသလိုမျိုး သူတို့အလှည့်သို့ရောက်တော့မည်လားဟူ၍ မှန်းဆရင်ခုန်နေရသည် ။ ကြည်သာဟာ တကယ်ကို သိပ်ဆိုး၏ ။ဒီရွာနေဒီမြေ၌ကြီးဒီရေသောက်သည့် မယ်ပျိုဖြူကို ဘယ်သောအခါမှမကြိုက် ။ တစ်ရွာသူမရွှေထားတို့ကိုသာ ချစ်ဟယ်စကား ကြင်ကြင်နာနာဆိုတတ်သည် ။ ထို့ကြောင့် ခင်ကြည်နှင့်သတင်းကိုကြားလျှင်ကြားမိချင်း ယူကြလောက်သည်ဟု သူတို့အတင်းပြောမိကြသေးသည်။ ဟော ! အခုတော့ပြတ်သွားကြပြန်ပြီ ။ ကာလသမီးတို့အဖို့ တဖန်ရင်ဖိုရန် အချိန်ကာလတစ်ခုကို ထပ်မံဖြတ်သန်းရတော့မည် ။
ကြည်သာမှာ သူတို့ကိုကျော်၍ လမ်းမအတိုင်းဖြတ်လျှောက်သွားသည်။မိုးသောက်သည်လည်း မုန့်ဟင်းခါးတစ်ပွဲကုန်သွားလေ၏ ။ သူ့အဖေ ဦးတင်ညွန့်ကတော့ ဆိုင်ပေါ်တွင် ဟင်းရည်အဆစ်တောင်းကာဖြင့် သက်တူလူကြီးများနှင့်စကားလက်ဆုံကျနေသည် ။
"ပြန်မယ်လေ"
ခင်ထား ပိုက်ဆံရှင်းပြီး အဖြူလုံးလေးကိုခေါ်လိုက်သည် ။ မိုးသောက်မှာ နေရောင်အောက်တွင်သွားရပ်နေကာ မှိန်ဖျော့ဖျော့ကောင်းကင်ပြာကို စိုက်ကြည့်နေတာဖြစ်သည် ။ အစ်မဖြစ်သူခေါ်သံကြားတော့ လှည့်ကြည့်လာ၏ ။
" စားလို့ဝလား "
ခင်ထားက မေးသည် ။
"ဝတာပေါ့ "
မိုးသောက်က ပြန်ဖြေ၏ ။
လမ်းတွင်မုန့်စိမ်းပေါင်းသည်ကို တွေ့၍ အမေ့အတွက် သူတို့တွေ ငါးဆယ်ဖိုးလောက်ဝယ်ခဲ့လိုက်ကြသည် ။ ဒေါ်ရတနာမှာ မုန့်စိမ်းပေါင်း သိပ်ကြိုက်သည့်သူဖြစ်သည် ။
" ငါမကြိုက်ပါဘူး ၊ ကိုယ့်ဘာသာ စားစမ်းပါ "
ပြောင်းဖက်ဖွာနေရင်း ဒေါ်ပိန်သေးက ဆိုသည် ။ ထို့ကြောင့် အမေ့ကို ထပ်မကျွေးတော့ဘဲ ပန်းကန်ထဲက မုန့်စိမ်းပေါင်းကို ကိုယ့်ဘာသာပဲ နှိုက်စားနေလိုက်သည် ။ မနက်စာတော့ အားလုံးချက်ပြုတ်ပြီးစီးသွားပြီ ။ ဆွမ်းလောင်းဖို့သာ ကျန်တော့၏ ။ ဆွမ်းလောင်းပြီးရင်တော့ ဝက်စာလိုက်ယူရဦးမည်။ ဝက်စာယူရဦးမယ်ဆိုလို့ ဝက်စာပြုတ်ဖို့တောင် မေ့နေပါကောလား ။ သက်ထား ကမန်းကတန်းထ၍အိမ်နောက်ဖေးသို့ပြေးလေ၏ ။ မီးဖိုထက်မှ မီးခဲအနည်းငယ်ကိုတွေ့၍ တော်သေး၏ဟု သက်ပြင်းချကာ ဒန်အိုးထဲဆန်ကွဲထည့်၍ ပြုတ်လိုက်သည်။ ထို့နောက်
အမေ့ဘေးနားပြန်ထိုင်၍ အပြင်လောကကို ကြည့်နေမိသည် ။
"ညည်း အလှူအိမ်မသွားတော့ဘူးလား "
ဒေါ်ပိန်သေးက ပြောသည် ။
"သွားမှာလေ "
အလှူကနီးလာပြီဖြစ်၍ အကျွေးအမွေးအတွက်ပြင်ဆင်ထားရတော့မည်ဖြစ်သည် ။ ကြားရက်များကလည်း မဏ္ဍပ်ဆောက်တာတွေနှင့်ပြင်ကြဆင်ကြရသည်များပြီး လာသမျှဧည့်သည်တိုင်းကို ကျွေးမွေးရသည်မို့ အလုပ်အကိုင်က နေ့စဉ်ရက်ဆက်ပင် ။ ပြီးတော့ လူတွေကလည်း အလှူအိမ်မို့ ကူရင်းစားသလို ၊ မကူဘဲလည်း တက်စားကြသည်သာ ။အလှူ့ရှင်၏ ပျော်တဝင်းဝင်းမျက်နှာအောက်မှာ ချက်ကြပြုတ်ကြရနှင့် အလှူရက်ပင် နီးလာခဲ့ပြီ ။
"အမေသွားမလို့လား"
လက်ကျန်မုန့်စိမ်းပေါင်းအနည်းငယ်ကို နှိုက်စားရင်း သက်ထား မေးတော့
"မသွားပါဘူး ၊ သွားမယ်ဆို စောစောသွားပြောမလို့ ။ ဒီနေ့ ငါးခြောက်နွှာပြီးထောင်းမယ်ပြောမယ် "
သက်ထားတို့ လက်ချိသည့်ရက်များပင် ။ ငါးခြောက်ထောင်းဆိုသည်မှာ စားသည်ကသာ အရသာရှယ်ကောင်းတာ ။ လုပ်ရကိုင်ရ တကယ်ကိုပင်ပန်းသည် ။ နွှာလိုက်ရသည့်ငါးခြောက် ၊ နွှင်လိုက်ရသည့်ငါးခြောက် ၊ ထောင်းလိုက်ရသည့် ငါးခြောက် ။ အံသေသွားမည့်လက်နှစ်ဖက်နှင့်အတူ လူတစ်ကိုယ်လုံးပါ ငါးခြောက်အနံ့အသက်များစွဲသည် ။ ဒါပေမဲ့လည်း ငါးခြောက်ထောင်းဆိုတာ အလှူတွင်မပါမဖြစ်မဟုတ်လား ။ လုပ်အားဒါနကလည်း အလှူတစ်မျိုးမို့ သူတို့လည်း ဝမ်းသာအားရပဲ ကူကြချက်ပြုတ်ပေးကြပါသည် ။ မငြီးမငြူတတ်ကြ ၊ ကာလသမီးတွေမှာ အတင်းသတင်းတွေ အချင်းချင်းပြောဟယ်ရယ်ဟယ်နှင့် တစ်နေ့တာက အလိုလိုကုန်သွားတာပင် ။
"သက်ထားရေ"
"အိမ်ရှေ့မှာ လာခေါ်နေပြီ "
သက်ထား အိမ်နောက်ဖေးပြေး၍ ကြက်သွန်လှီးဓားကိုယူလိုက်သည် ။
"ဝက်စာပြုတ်ထားခဲ့တယ်နော် အမေ "
ဒေါ်ပိန်သေးက ခေါင်းညိတ်ပြ၏ ။ သက်ထား အိမ်အောက်ဆင်းကာ ဖိနပ်စီးပြီးနောက် အိမ်ရှေ့သို့ကြည့်လိုက်တော့ ခင်ထားကိုတွေ့လိုက်ရသည် ။အပြေးကလေးသွား၍ ပြုံးစစနှင့်ပြောလိုက်၏။
"ယောင်းမနော် ! အိမ်ထဲတောင်မလာဘူး "
ခင်ထားက သက်ထားပုခုံးစွန်းကို ညင်ညင်သာသာပုတ်၍
"လာမလို့ပဲ ၊ နင်ထွက်လာလို့ "
သက်ထားက ခင်ထား လက်ကိုဆွဲဖက်၍ ပြောလိုက်သည် ။
"သတင်းကောင်း ပြောရဦးမယ်"
သူ သိထားပြီးသားမို့ ခင်ထား ပြုံးတုံ့တုံ့ဖြစ်သွား၏ ။ ဒါကို သက်ထား တွေ့လိုက်ရကာ ပြုံးစစနှင့် ပြောသည်။
"အံမယ် ! သူသိပြီးသားပေါ့ "
ခင်ထား မပွင့်တပွင့်လေး ရယ်မိသွားတော့သည်။