သမီးဆီမှ ဖုန်းရပြီး ချက်ချင်းပင် ကောင်း မြို့ပြင်တွင်ရှိသော အိမ်ဆီသို့ အလျင်အမြန်ပင် ပြန်လာခဲ့သည်။သမီးနှင့်ခွဲခွာခဲ့ရသည်မှာ သုံးလကျော်ပင်ရှိနေသည်။ လင်းကိုတောင် အကျိုးအကြောင်း သေချာမရှင်းပြခဲ့ရသေး။ နောက်တော့မှပေါ့...နောက်မှပဲ လင်းကို သမီးအကြောင်းပြောပြရပေဦးမည်။
အိမ်ကိုရောက်ရောက်ချင်း သမီးနာမည်ကိုခေါ်ကာ သမီးကိုအရင်ရှာရသည်။
"ပေါင်းပေါင်းရေ...သမီးရေ...ပါပါးပြန်လာပြီနော်"
"ပါပါး...."
ကျွန်တော့် ကိုသံရှည်ဆွဲခေါ်ပြီး မီးဖိုခန်းထဲမှ ပြေးထွက်လာသော သမီးကိုတွေ့ရလေသည်။ ငါးနှစ်အရွယ်သာလျှင် ရှိသေးသော သမီးကတော့ အမြဲပင် ချစ်ဖို့ကောင်းနေတော့သည်။အမေတူ သမီးလေးသည် အသားဖြူဖြူလေး နှင့် စကားကိုလည်း ရေပတ်မဝင်ပြောတတ်သေးသည်။
"သမီး..ဘယ်သူလိုက်ပို့တာလဲ"ဟု
ကျွန်တော် သမီးကို မေးပြီးပြီးချင်း သမီးကို စွေ့ကနဲ ကောက်ပွေ့ကာ သမီး၏ ပါးဖောင်းဖောင်းလေးများကို နမ်းရှိုက်လိုက်သည်။
"ဖွားဖွားပါတယ်လေ...ပါး"
"ဟင် မား ပါလိုက်လာတာလား"
"ဟုတ်တယ် ပါးရဲ့"
သမီးဆီမှ ကြားပြီးပြီးချင်း မားရှိနေမည့် မီးဖိုခန်းထဲသို့ အပြေးတပိုင်းပင် ဝင်သွားလိုက်သည်။
"မား...ဖုန်းလည်းကြိုမဆက်ဘူး...ကြိုပြောထားရင် ကျွန်တော်လာကြိုမှာပေါ့"
"စားအလှုပ်ရှုပ် နေမယ်ထင်လို့ပါ"
"မားကလည်း ရောက်နေရင်လည်း အေးဆေးနားပါလား မီးဖိုထဲ တန်းဝင်နေတော့တာပဲ"
"မင်း အိမ်မှာ ဘာစားစရာ ရှိလို့လဲ...ထမင်းချက်ဖို့ တောင် ဆန်က နည်းနည်းပဲရှိတယ်။ မင်းသမီးက ဗိုက်ဆာလို့တဲ့လေ"
"ကျွန်တော် အပြင်ကသွားဝယ်ပေးမယ်လေ။ ဟင်းလည်းမချက်နဲ့တော့ မား...ကျွန်တော်သွားဝယ်လိုက်မယ်"
"နေပါအုန်း သားက အပြင်စာတွေပဲ စားနေတာပေါ့"
"လင်းတို့ အိမ်မှာပဲ သွားစားဖြစ်နေလို့ပါ"
"သားကလည်း...မသီရိတို့ကို အားနာလိုက်တာ"
"အားနာစရာ မလိုပါဘူး မားကလည်း တချိန် အမျိုးတွေတော်ရမှာပဲကို"
"ဟင်း...မားကတော့ မသီရိတို့ကို မျက်နှာထပ်ပူရအုန်းမယ်"
"မားရေ ကျွန်တော် သမီးကို ခေါ်သွားလိုက်မယ်နော် မြို့ထဲတွေဘာတွေ ပတ်ပြလိုက်အုန်းမယ်။ နောက်နေ့မှပဲ မားတို့ကို ဘုရားတို့၊ဈေးတို့ကို လိုက်ပို့ပေးမယ်"
"အေးအေး"
ကျွန်တော် လည်း သမီးကို ထမင်းဆိုင်ရှိရာသို့ ခေါ်သွားလိုက်သည်။ ဟင်းများကိုမှာထားစဉ် ဒီမြို့လေးသို့ ယခုမှရောက်ဖူးသော သမီးကို မြို့ထဲတစ်ပတ် လိုက်ပြပေးလိုက်သည်။ သမီးကတော့ စူးစမ်းတတ်တဲ့ အရွယ်ဖြစ်သဖြင့် အရာရာတိုင်းကို မျက်လဲလုံးလေး တလက်လက်ဖြင့် ကြည့်နေတော့သည်။
"ပါး...မီးလေ ကျောင်းမှာ သူငယ်ချင်း တွေရနေပြီ"
"ပါး သမီးလေးက တော်လိုက်တာ သူငယ်ချင်းတွေတောင် ခုကတည်းကရနေပြီပေါ့။ကြာရင် ပါးကိုတောင် မေ့သွားတော့မယ် ထင်တယ်နော်"
"ပါး...လူလိမ် ။ မီးကပါးကို တစ်ရက်မှ မမေ့ပါဘူး။ ပါးကသာလေ ဒီကိုရောက်မှ သမီးကို ဖုန်းတောင် နေ့တိုင်းမဆက်တော့ဘူး "
"ဟာ...သမီးကလည်း ပါးအလုပ်တွေ သိပ်မအားလို့ပါ ဒီကရှေ့ဆို အလုပ်တွေအားသွားပြီ။ ပါးသမီးလေးကို ပါးက အချိန်ပေးရမှာပေါ့"
"ယုံရတော့မှာပေါ့ ပါး...ပါပါးလေး လင်းနဲ့ ဘယ်တော့တွေ့ရမှာလဲဟင်"
"မကြာခင်ပေါ့ သမီးရယ်...မကြာခင်တွေ့ပေးမယ်..ဟုတ်ပြီလား"
"ဓါတ်ပုံထဲမှာတော့ ပါပါးလေး လင်းက ချစ်ဖို့ကောင်းလိုက်တာ"
"သမီးနော် ပါပါးလေး လင်းကိုတွေ့ရင် ဖက်နမ်းတာတွေ မလုပ်ရဘူးနော်"
"ပါးက အူတိုနေတာပေါ့...ဟီး..."
သမီးနှင့်စကားတွေ ပြောရင်း ထမင်းဆိုင်မှ ဟင်းဘူးဝင်ယူကာ အိမ်သို့ပြန်လာလိုက်သည်။ အိမ်ရောက်တော့ သမီးကပင် အဖွားဖြစ်သူကို စတိုင်ပါတော့သည်။
"ဖွားရေ...ပါးကလေ မီးကို အူတိုနေတာ သိလား"
"ဟင်...ပေါင်းလေး သမီးဘာပြောတာလဲ ဖွားနားမလည်တော့ဘူးကွယ်"
"ပါးပေါ့ သမီးက ပါပါးလေး လင်းကို ဖက်မနမ်းရဘူးတဲ့"
"ဘာ..သား..မြေးကို..မင်းကတော့ ပြောမပြောချင်တော့ဘူး"
"ဖွားပြတဲ့ ဓါတ်ပုံတွေထဲမှာ ပါပါလေး လင်းက အရမ်းချစ်ဖို့ကောင်းတယ်နော်"
"ဟုတ်ပါ့ မြေးရယ် လင်းလေးက သိပ်ချစ်ဖို့ကောင်းတာ...လူကြီးတွေကိုဆိုလည်း တရိုတသေရှိ၊ မိဘတွေအပေါ်ဆိုလည်း သိတတ်သေး"
"ဖွားကော ပျော်လားဟင်...ပါပါးလေး လင်းကို ပါးက သဘောကျနေတော့"
"အစကတော့ ဘယ်ပျော်မလဲမြေးရယ်...သမီးပါးကလည်း တစွတ်ထိုး သူလုပ်ချင်ရင်၊သူဖြစ်ချင်ရင် မဖြစ်ဖြစ်အောင်လုပ်တဲ့သူ ဆိုတော့...ကြာတော့လည်း ခွင့်ပြုပေးရတာပေါ့ "
"ပါပါလေး လင်းက ပါးကို စိတ်ဆိုးနေတာဆို"
"ဖွားလည်း သေချာမသိပါဘူး မြေးရယ်...သူတို့အချင်းချင်း ကြည်ဖြူနေတုန်းကတောင် ဖွားမသိခဲ့ဘူး။ သမီး ပါး ဖွင့်ပြောမှသာ ဖွားတို့ သိရတာကွယ့်"
"မား..သမီး..ရေ ထမင်းစားမယ်"
မားနှင့်သမီး အိမ်ရှေ့ခန်းတွင် စကားပြောနေသဖြင့် ထမင်းစားဖို့ ကျွန်တော် ခေါ်လိုက်တော့သည်။ ဝယ်လာသော ဟင်းများကို ခူးခပ်ထည့်ကာ ထမင်းဝိုင်းကို ဖြစ်သလို ပြင်လိုက်ရပေမယ့် တစ်ယောက်တည်း စားတာထက်စာရင် မိသားစုနှင့် လက်ဆုံစားရခြင်းက ပို၍ပင် နွေးထွေးမှုရှိကြောင်း သိလိုက်ရလေသည်။
"သမီး ဖွားနဲ့ ဘာတွေပြောနေတာလဲ"
"ပါပါးလေး လင်းအကြောင်း"
"ဟင်!"
"သမီးကလည်း ဖွားကို ဘာတွေလျှောက်ပြောနေတာလဲ..."
"သမီးက အမှန်တွေပြောတာပါနော်...နော့ ဖွား..နော့"
မားကိုကြည့်လိုက်တော့ မားဆီက ကြပ်ကြပ်သတိထား ဆိုတဲ့အကြည့်ကိုသာ လက်ခံလိုက်ရလေသည်။ ကျွန်တော်လည်း မားကို ရယ်သာ ပြလိုက်မိတော့သည်။ ဒီအရွယ်ကြီးရောက်မှတော့ ရှက်မနေနိုင်တော့ပါ။ လင်းနဲ့ နောက်တစ်ကြိမ် ပြန်နီးစပ်ဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားထားရတာ။
ရှေ့ဆက်ပြီးတော့ မျက်နှာပြောင်တိုက်ပြီး လင်းကို လိုက်ကပ်နေရမှာပဲ။ ကျွန်တော့်မှာက လင်းပဲရှိတာ။သူပဲ ကျွန်တော့် ဘေး တသက်လုံးနေပေးသွားမှာ။ သမီးကလည်း သူ့ partner သူတွေ့ရင် တစ်ချိန်ချိန် ကောင်းကို ထားသွားမှာပဲလေ။
ရှေ့ဆက်လျောက်လှမ်းရမည့် ခရီးစဉ်သည် ရှည်လျားပြီး ခက်ခဲမှန်းသိပေမယ့် ကျွန်တော်ကတော့ လင်းသာ ကျွန်တော့်ကို ခွင့်လွှတ်မည်ဆိုလျှင် အခက်အခဲမှန်သမျှကို ကျော်လွှားရပေမည်။ မေကြီးနှင့် ဦးလေး လက်ခံလာအောင်လည်း ဖျောင်းဖျရပေဦးမည်။
လင်းလေးရေ...မင်းဆီရောက်ဖို့ ကိုယ်ခြေလှမ်းပေါင်းများစွာ လှမ်းခဲ့ပြီးပေမယ့် ကိုယ်ရှေ့ဆက် လျှောက်လှမ်းနေရဦးမည်။ မင်းလေး အခုချိန် ကိုယ့်ကိုမုန်းနေပေမယ့် တစ်ချိန်ချိန်တော့ မင်းလေးကိုယ့်ကို နားလည်ပေးလာမယ်လို့ ကိုယ်ယုံကြည်တယ်။ ကိုယ်ကတော့ မင်းလေးကို ဆက်လက်စောင့်မျှော်ဆဲ....။
၁၆/၁/၂၀၂၂
ဆူးခတ်နွယ်
အခုရက်ပိုင်း စိတ်တွေမငြိမ်ဘူးရယ်။ စာရေးဖို့လည်း အာရုံစိုက်လို့မရဘူး ဖြစ်နေတယ်😢
ဖတ်ရတာ တိုသွားခဲ့ရင် sorry ပါနော်