ရှမ်းပြည်နယ်ရဲ့မြို့လေးတမြို့ မူဆယ်မြို့တဲ့
လူတွေရဲ့အသက်ကိုကယ်တင်ပေးတဲ့သူလို့ ဂုဏ်ပုဒ်တတ်ရလောက်တဲ့ ဘွဲ့
ပြောရရင်ဆရာဝန်
"ဆရာမလေးရေ လုပ်ပါဦးကျွန်မ သမီးလေးဗိုက်နာလို့ "
အော်တဲ့လူကို ဆေးရုံအဝင်ပေါက်ကတောင် မမြင်ရသေး မိခင်တယောက်ရဲ့ စိုးရိမ်မှုပြည့်နေတဲ့အသံက ဆေးရုံတခုလုံးပြန့်နှံ့သွားသည်
"ဒီကို ခေါ်လာခဲ့နော် အမကြီး သမီးကမွေးတော့မှာထင်တယ် "
"ညီမလေး စိတ်မလျော့နဲ့နော် အားတင်းထား အမအတတ်နိုင်ဆုံးလုပ်ပေးမယ် "
ကလေးထွက်ခါစပြုနေပြီဖြစ်သောကြောင့် လုပ်စရာရှိတာများပြင်ဆင်ပြီး မွေးဖို့ အဆင်သင့်ဖြစ်နေပြီ ဗိုက်ခွဲမွေးလို့ရတဲ့ အခြေအနေကျော်သွားပြီမို့လို့ ကိုယ့်အားကို ကိုယ်ရမည်
"အင်း ဟုတ်ပြီ ညီမလေး ညှစ်ထားနော် ခေါင်းလေးမြင်နေရပြီ.."
"အား အမေရေ .. အား "
"နည်းနည်းထပ်ညှစ်လိုက်ဦးနော် ညီမလေး နည်းနည်းအားစိုက်လိုက်ပါဦးကွယ်"
"အူဝဲ ..အူဝဲ.."
"ရပြီ ညီမလေးရပြီ သမီးလေး မွေးတယ် "
မွေးပြီးခါစ မိခင်တယောက်ရဲ့ မျက်နှာက အပြုံးတွေ သူကိုယ်ချင်းစာသည် ကလေးနှစ်ယောက်မွေးဖူးတဲ့သူ့အတွက်တော့ အဲ့အချိန်ကအပျော်ဆုံးဖြစ်ခဲ့တာပေါ့
"ဆရာမလေးရယ် ကျေးဇူးတင်ပါတယ် သမီးလေးကို ကောင်းကောင်းမွန်မွန်မွေးပေးခဲ့လို့"
"ရပါတယ် အမကြီးရယ် ဒါ ကျွန်မအလုပ်ပဲ ကျေးဇူးတင်ဖို့မလိုပါဘူး "
ကျေးဇူးတင်စကားကို ရွှန်းရွှန်းဝေအောင်ပြောပြီး ပါလာတဲ့မုန့်တွေအအေးတွေရောပေးသွားတဲ့ ထိုအမျိုးသမီး အင်းးး မူဆယ်မြို့သူတွေကတကယ်ရိုးသားပါတယ် ပွင့်လင်းတယ်
....
"နောင့် ရေ ထမင်းစားကြမယ် "
( နောင့်=ညီမလေး)
"ဟုတ် လာပြီ "
အခန်းထဲမှာလုပ်လက်စစာရင်းများလုပ်နေသော သူမကိုလှမ်းခေါ်လိုက်သူမှာ စီနီယာဆရာဝန်မကြီး သူဇာ
"အလုပ်တွေအရမ်းမလုပ်ပါနဲ့ကွာ ထမင်းစားချိန်ထမင်းစားရမှာပေါ့ "
"မေ့နေတာပါ နယ်မြို့လေးဆိုပေမဲ့အလုပ်တွေကများသား"
"သူနာပြုလေးတွေဒီဘက်ကျတော့မယ်လို့ကြားတယ် ဘယ်နှယောက်လဲမသိပေမဲ့ အဲ့အခါကျရင် နောင့် နည်းနည်းသက်သာမှာပါ "
"အမလေး သက်သာမလား ပိုပင်ပန်းမလားဆိုတာ ရောက်မှပဲသိရတော့မယ် "
အော် မိတ်ဆက်ပေးရဦးမယ် ကျွန်မနာမည်က နန်းခင်ထားမောင် တဲ့ မူဆယ်မြို့သူပဲ ရှမ်းမလေးပေါ့ ရှမ်းမလေးဆိုတော့ မသိမသာစကားလေးဝဲပါတယ် အလုပ်အကိုင်ကတော့အပေါ်မှာပြောထားတဲ့အတိုင်း လူတိုင်းချစ်တဲ့45နှစ်အရွယ်ဆရာဝန်မလေးပေါ့ရှင် အပျိုပေါက်အရွယ်သမီးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ အပျိုကြီးပါ ရှင်တို့ပြောပြောနေကြ single mom ပေါ့
အားငယ်စရာမဟုတ်ပါဘူး အပေးမယူမတည့်လို့ကွာရှင်းလိုက်ကြတယ် ဒါပါပဲ ဒါပေမဲ့နောင်တမရခဲ့ဘူး သူနဲ့လမ်းခွဲပြီးမှပိုပြီးပျော်ရွှင်ရတဲ့ ကျွန်မ ပါ
သမီးလေးတွေအတွက်စိတ်မကောင်းပေမဲ့ မတတ်နိုင်ဘူးလေ...
.....
"သမီးရေ တာဝန်ကျတဲ့ မြို့တွေထွက်ပြီဆို "
"ဟုတ်တယ် ဖေဖေ အဝေးကြီးပဲ "
"ဘယ်မြို့လဲ သမီးရဲ့ "
"မူဆယ် တဲ့ "
"အင်းးး ဝေးပေမဲ့ သမီးရွေးချယ်ခဲ့တဲ့လမ်းပဲမလား ကောင်းကောင်းဆိုးဆိုး သမီးလျောက်ရမှာပဲ "
"ဟုတ်ကဲ့ပါ ဖေဖေရဲ့ အကောင်းဆုံးလုပ်မှာပါ ပြီးတော့ သမီးတယောက်ထဲမဟုတ်ဘူး မေဦးနဲ့ နေခြည်လည်းအဲ့ဘက်မှာပဲ "
"အဖော်ရတာပေါ့ကွယ် ဘယ်နေ့သွားရမှာလဲ "
"နောက်တပတ်ထဲ ဖေဖေ "
"အေးကွယ် ပြင်ဆင်စရာရှ်ိတာပြင်တော့နော် အချိန်ကလူကိုမစောင့်ဘူး "
"ဟုတ်ကဲ့ ဖေဖေ .. မေမေ့ကိုတော့ ဖေဖေပဲပြောလိုက်ပါတော့ သူလွှတ်မှာမဟုတ်ဘူးသိတယ်"
"နားလည်အောင်ပြောလိုက်ပါ့မယ်စိတ်မပူနဲ့သမီး"
ဆေးကျောင်းမှီရဲ့သားနဲ့ဆရာဝန်မလုပ်ချင်ဘဲ သူနာပြုသာလုပ်ချင်သော သူမကနည်းနည်း ထူးဆန်းတယ်မလား တကယ်တော့မထူးဆန်းပါဘူး အလုပ်ကတသက်လုံးလုပ်ရမှာလေ ဝါသနာမပါဘဲလုပ်ရင် တဘဝလုံးဘယ်လိုစိတ်နဲ့လုပ်ရမလဲ ဆရာဝန်နဲ့သူနာပြုဘာကွာလဲဆိုတော့ စိတ်ဖိစီးမှုအနည်းအများ ကွာတာပေါ့
အရင်ထဲက ဘာမဟုတ်တဲ့ကိစ္စလေးတောင် စိတ်ထဲထည့်ပြီးလိုက်ခံစားနေတဲ့သူမို့လို့ မိဘတွေကစိတ်မချနိုင်တာနားလည်ပါတယ် ဒါပေမဲ့ဖေဖေပြောသလိုပဲ ကျွန်မရွေးချယ်ခဲ့တဲ့လမ်း ကျွန်မလျောက်ရမှာပေါ့
ဒါပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းက မှားလား မှန်လား ဆိုတာ ကြိုသိခဲ့ရင်လေ ......
( ရှမ်းလူမျိုးဆိုပေမဲ့ရှမ်းစကားနည်းနည်းပဲသိလို့ မှားတာရှိရင် တောင်းပန်ပါတယ် )