Code 14:Lovely Wife
Chapter 11- ကမ်းခြေ (၂)
"ကောင်မလေးတွေမပါဘဲ နှစ်ယောက်တည်း စီးရတာလည်း တစ်မျိုးကောင်းသားပဲ။"
ယာမာဇာကီက ရှေ့မှာထိုင်ရင်း ရှပ်ပြေးယာဥ်ကို မိုင်ကုန်ဖွင့်မောင်းနေသည်။ အပြာရောင်ရေပြင်အောက်မှ သဲသောင်တိမ်တိမ်ကို ဖြတ်ကျော်လာခဲ့ပြီး ရေနည်းနည်းနက်သည့်အပိုင်းသို့ ရောက်ရှိလာခဲ့ကြသည်။
ယာမာဇာကီမှာ သူ့နည်းသူ့ဟန်နှင့် ပျော်နေသော်လည်း ကိုင်းတိုမှာမူ ငါးသေမျက်လုံးကြီးများနှင့် ဖြစ်နေသည်။
"ဖူမီကိုနဲကို လွမ်းလာပြီ၊ ပြန်ချင်တယ်။"
ကမ်းခြေကိုစွန့်ခွာ၍ ပင်လယ်ဖက်သို့ဦးတည်သွားသော ရှပ်ပြေးယာဥ်မှာ ရန်ဖြစ်ကောင်းနေသည့် ဖူမီကိုနဲနှင့်ရှီရိုတို့၏အာရုံကို သိပ်မကြာခင်မှာပင် ဖမ်းစားသွားနိုင်သည်။
သူတို့နှစ်ယောက်လုံးက ရန်ပွဲကိုခတ္တ
ရပ်ထားပြီး ရှပ်ပြေးယာဥ်ပေါ်မှ ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ကိုင်းတိုက ငါးသေမျက်လုံးကြီးများဖြင့်
လှေပေါ်မှပြုတ်ကျမည်စိုး၍ ယာမာဇာကီ၏ခါးကို ဖက်ထားသည်။
သို့သော် ထိုမြင်ကွင်းက အမျိုးသမီးနှစ်ယောက်၏ မျက်လုံးထဲတွင်မူ တစ်မျိုးဖြစ်သွားသည်။
'မိန်းမတွေက စကားများပြီး နားပူတယ်၊
ကောင်လေးတွေက အကောင်းဆုံးပဲ။' ကိုင်းတိုက ယာမာဇာကီကိုခါးဖက်ထားကာ သူတို့နှစ်ယောက်ကို လက်ပြရင်း
ပင်လယ်ဖက်သို့ ထွက်သွားသည်ဟု သူတို့မြင်ယောင်မိလိုက်ကြသည်။
"မမှားနိုင်ဘူး၊ သေချာပေါက် ဘီအယ်ဇာတ်လမ်းလေးပဲ။" ဘယ်ကနေဘယ်လို
ဟာဝိုင်ရီရောက်လာမှန်းမသိသော အာယာမဲမှော်ပစ္စည်းဆိုင်မှ အဖွားအာယာမဲက သူတို့နှစ်ယောက်အနားမှ ဖြတ်သွားရင်းပြောလိုက်သည်။ အဖွားအာယာမဲနှင့်အတူ ယခုအချိန်ထိ ထူးထူးဆန်းဆန်းဝတ်ထားသော ငကြောင်သမားတော်ကောင်နှင့်တပည့်တို့အပြင် နေကာမျက်မှန်တပ်ထားသည့် ဗလကောင်းကောင်းဦးလေးကြီးတစ်ယောက်လည်း ပါလာသည်။
ချက်ချင်း အမျိုးသမီးနှစ်ယောက်၏
မျက်လုံးများက ပြောင်းလဲသွားသည်။
"ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့ကြမလား၊
ရှီရို-ချန်။"
"အိုနီးချန်ကို ဘယ်သူနဲ့ဖြစ်ဖြစ် သဘောတူတယ်ဆိုပေမဲ့ ကောင်လေးတွေတော့မပါဘူး။ လမ်းမှားသွားတဲ့ အိုနီးချန်ကို ပြန်စိတ်လည်လာအောင်လုပ်ရမယ်။"
များမကြာမီ အနက်ရောင်ဘီကနီလေးနှင့်
ဖူမီကိုနဲနှင့်ရှီရိုတို့မှာ ရှပ်ပြေးယာဥ်တစ်ယောက်တစ်စီးစီနှင့် ဖြစ်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်မှလည်း ပင်လယ်ဖက်သို့ထွက်ခွာလာပြီး ပင်လယ်ပြင်တွင်အရှိန်ပြင်းပြင်းနှင့် ပတ်မောင်းနေသည့် ကိုင်းတိုတို့ကို လိုက်မီလာသည်။
"အချစ်ရေ၊ ဒီဖက်ပြောင်းလာခဲ့ပါလား
အတူစီးကြမယ်လေ။"
"အိုနီးချန်၊ သမီးဆီလာခဲ့။"
ကိုင်းတိုမှာ ကောင်မလေးနှစ်ယောက်
သူတို့နောက်လိုက်လာသည်မြင်သည်နှင့်
မျက်ခုံးလှုပ်သွားသည်။ အကယ်၍ဖူမီကိုနဲဖက်သွားပါက ညီမလေးရှီရိုစိတ်မကောင်းဖြစ်သည်ကို မြင်ရမည်ဖြစ်ပြီး ရှီရိုဖက်သွားပါက ဖောက်ပြန်သည်ဟုဆိုကာ ဖူမီကိုနဲက သူ့ကိုခေါင်းဖြတ်ပစ်နိုင်သည်။
"ဟေ့ကောင်၊ ယာမာဇာကီ။ မြန်မြန်မောင်းတာ ကောင်းမယ်ထင်တယ်နော်။"
"အင်ဂျင်အနေနဲ့ဆိုရင်တော့ ဂိတ်ဆုံးရောက်နေပြီ၊ မှော်နဲ့ပိုမြန်အောင်လုပ်မှပဲရမယ်။"
"ချသာချကွာ။" ယာမာဇာကီမှာ ရှပ်ပြေးယာဥ်ကို မှော်နှင်တံဖြင့် ညွန်ပြလိုက်သည်။ ယာဥ်မှ ရှိရင်းစွဲအရှိန်ထက် နှစ်ဆပိုမြန်သွားပြီး ဖူမီကိုနဲနှင့်ရှီရိုတို့ကို ရေမှုတ်ရေမွှားများကြားတွင် ချန်ထားခဲ့သည်။
"သောက်စနိုက်ကျော်ကောင်၊ နင်က
ငါ့ကိုင်းတိုလေးကို အပိုင်စီးလို့ရမလား။"
"အိုနီးချန်၊ သမီးတို့ကိုထားမသွားပါနဲ့။"
များမကြာမီမှာပင် အမျိုးသမီးနှစ်ယောက်မှာလည်း မှော်ဂါထာအမျိုးမျိုးသုံးကာ သူတို့နောက်လိုက်မီလာပြန်ပြီဖြစ်သည်။
သို့သော် သူတို့၏ယာဥ်များမှာ အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်သည်။များမကြာမီမှာပင် ယာဥ်ကိုယ်ထည်ပေါ်၌
အက်ကွဲကြောင်းများပေါ်လာပြီးနောက်
ရှပ်ပြေးယာဥ်သုံးစင်းလုံး ပင်လယ်ထဲသို့
နစ်မြုပ်သွားတော့သည်။
သို့သော် ထိုပြဿနာမှာမပြီးသေးပေ။
ပင်လယ်ထဲ ယက်ကန်ယက်ကန်ဖြစ်နေသော ကိုင်းတိုကို ညီမလေးရှီရိုကတစ်ဖက် ဖူမီကိုနဲကတစ်ဖက် ဆွဲကာ
ဝိုင်းလုနေကြပြန်သည်။
"ကိုင်းတို၊ လိမ္မာတယ်နော်။ ဒီကိုလာခဲ့။"
"အိုနီးချန်၊ စုန်းမကြီးနောက်ကို လိုက်မသွားပါနဲ့။"
"ယာ...ယာမာဇာကီ... ငါ့ကိုကယျပါဦး။"
ယာမာဇာကီကတော့ သူ့ကိုလက်ပြပြီး
ကမ်းခြေဖက်သို့ ပြန်ကူးခတ်သွားသည်။
"ငါ ရှပ်ပြေးယာဥ်တွေ ပျက်စီးသွားတဲ့အကြောင်း ငှားတဲ့ဆိုင်ကို သွားပြောလိုက်ဦးမယ်။ တာ့တာ။"
"မင်း...သစ္စာဖောက်ကောင်။"
....
အသက်အရွယ်ကြီးလုပြီဖြစ်သော အဖိုးကြီးတစ်ယောက်မှာ ကမ်းခြေပေါ်တွင် ပြေးလွှားနေသည်။ နောက်မှကိုယ်ရံတော်များက အဖိုးကြီးတစ်ခုခုမဖြစ်စေရန် လိုက်ထိန်းကျောင်းနေရသည်။
အဖိုးကြီးမှာ လက်ထဲတွင် ရွှေရောင်ကတ်ပြားလေးတစ်ခုကိုကိုင်ကာ ပျော်ရွင်စွာအော်ဟစ်နေသည်။
"ကိုင်းတိုနဲ့မြေးချွေးမလေးရေ၊ ဒီမှာဖိုးဖိုးအခန်းရလာပြီ။ သန်းနှစ်ဆယ်တန် တော်ဝင်အခန်းလေးကို လာကြည့်ပါဦး။"
တခြားအုပ်စုနှစ်ခုဖြစ်သော ဝင်ဘာတန်နှင့်အိုင်းဇာဝါတို့မှာလည်း နောက်မှကပ်လျက် လိုက်ပါလာသည်။ အဖိုးကြီးနက်စုက တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"ဝင်ဘာတန်နဲ့အိုင်းဇာဝါနှစ်ဖွဲ့လုံးက
ဟာယာမီထက် ချမ်းသာပေမဲ့ အဖိုးကြီး
မိုရီလောက်တော့ မြေးတွေကို မချစ်နိုင်ပါလား။"
...
ကိုင်းတိုမှာ ကမ်းခြေသုံး ထီးကြီး၏အောက်တွင် အနားယူရန်ကြိုးစားနေသည်။ ရှီရိုမှာတော့ ဖူမီကိုနဲ၏မှော်အစွမ်းဖြင့် ဆော်လမွန်ကျွန်းစုနိုင်ငံသို့
အပို့ခံလိုက်ရပြီဖြစ်သည်။ ရှီရို၏မှော်အစွမ်းဖြင့်ပင် ပြန်လာရန် နာရီအနည်းငယ်ခန့် ယူရမည်ဖြစ်သည်။
ယခုတော့ ဖူမီကိုနဲမှာ ပြိုင်ဖက်မရှိချန်ပီယံဖြစ်နေပြီး အခင်းပေါ်တွင်
မှောက်ခုံလေးအိပ်နေသည်။
"နေကလည်း ပူလိုက်တာ၊ အသားတွေ
နေလောင်ကုန်တော့မှာပဲ။ နေလောင်ခံခရင်မ်လေး လိမ်းပေးပါလား။"
"ဖူမီကိုနဲ သဘော။" ကိုင်းတိုမှာတော့
မျက်နှာသေကြီးနှင့် နေလောင်ခံခရမ်များကို လက်ပေါ်လောင်းချလိုက်သည်။ ထို့နောက် ဖူမီကိုနဲ၏ဖြူဖွေးနုရွနေသော
ကျောပေါ်သို့ ပြန့်အောင်လိမ်းပေးလိုက်သည်။ သူ့မျက်နှာအမူအရာက ကောင်မလေးချောချောတစ်ယောက်ကို
ခရင်မ်လိမ်းပေးနေသည်ထက် လက်ဖက်ရည်ဖျော်နေသည့် ဝါရင့်ကဖေးမာစတာတစ်ယောက်နှင့် တူနေသေးသည်။
"အိုရာအိုရာ၊ ကိုင်းတိုကွန်းက ညင်သာတတ်လိုက်တာ။ နောက်ဖက်ပြီးပြီဆိုတော့ ရှေ့ဖက်ရော လိမ်းပေးဦးမလား။"
ကိုင်းတိုမှာ ချက်ချင်းမျက်နှာကြီးမဲမှောင်သွားပြီး တစ်ဖက်လှည့်ထွက်သွားသည်။
"ကိုယ့်ဘာသာကိုယ်လုပ်..."
"အိုရာအိုရာ.. ကိုင်းတိုက ကိုယ်ပဲလုပ်နေရလို့ စိတ်ညစ်နေတာများလား။ ကိုင်းတိုကိုရော ခရင်မ်လိမ်းပေးရဦးမလား။"
ကိုင်းတိုမှာတော့ ရေငုံနှုတ်ပိတ်ထားသည့်အလား ခေါင်းခါပြလိုက်သည်။ ဖူမီကိုနဲမှာတော့ အရှုံးပေးမည့်ဟန်မပေါ်ဘဲ ကိုင်းတို၏လက်တစ်ဖက်ကိုဆွဲကာ အခင်းပေါ်လှဲချလိုက်သည်။ ထို့နောက် လက်ပေါ်သို့ခရင်မ်များ လောင်းချလိုက်ပြီးနောက်...
"ရှက်မနေပါနဲ့ အချစ်ရယ်၊ လင်မယားအချင်းချင်းပဲဟာ။"
"အဲဒါကြီးကို ကြောက်တာဗျ။"
ဖူမီကိုနဲမှာတော့ ကိုင်းတို၏ရုန်းကန်ခြင်းကို လစ်လျူရှုကာ ကိုင်းတို၏ဗိုက်ပေါ်သို့လက်တင်လိုက်သည်။
"အ...အဝူး...ယားတယ်ဗျ။"
"ဘယ်နားလေက ယားတာလဲ။" ဖူမီကိုနဲက လက်ကိုပိုမြင့်မြင့်မြောက်လိုက်သည်။
ကိုင်းတို၏ရင်အုံနားသို့ လက်ကရောက်လာသည်။
"ယ...ယ..ယာ..ယားတယ်ဗျ..."
....
ငါးမိနစ်ကြာပြီးနောက်။
ကိုင်းတိုမှာ မြေပြင်ပေါ်တွင် ခွေခွေလေးဖြစ်နေပြီး တစ်ကိုယ်လုံးချွေးသီးချွေးပေါက်များ ရွဲနေသည်။ ဖူမီကိုနဲမှာတော့ ကျေနပ်နေဟန်ဖြင့် ကိုင်းတို၏ဝမ်းဗိုက်ကို ခေါင်းအုံးထားသည်။
"ကိုင်းတိုရဲ့ဗိုက်က ခေါင်းအုံးလို့ကောင်းလိုက်တာ။"
ကိုင်းတိုမှာတော့ ငါးသေမျက်လုံးကြီးများနှင့် ပြန်ဖြစ်နေပြီဖြစ်သည်။ အိမ်မှာအေးအေးချမ်းချမ်းနေရသည့် နေ့ရက်များကို ပြန်သတိရရင်း မျက်ရည်ကျမိတော့မယောင် ဖြစ်လာသည်။
"အိမ်ပြန်ချင်တယ်... ကမ်းခြေက
ကြောက်ဖို့ကောင်းတယ်။"
တဖြည်းဖြည်း နေ့လယ်ပိုင်းသို့ရောက်လာပြီး ကိုင်းတို၏ဗိုက်မှာလည်း
တဂွီဂွီအော်မြည်လာသည်။
"တစ်ခုခု သွားစားကြမလား ကိုင်းတို။"
"အင်း..." ကိုင်းတို ခေါင်းညိတ်လိုက်သည်။ ဖူမီကိုနဲက ကိုင်းတို၏လက်ကိုဆွဲကာ စားသောက်ဆိုင်များရှိရာဖက်သို့
ထွက်သွားသည်။
ကိုင်းတို၏အတန်းဖော်များမှာတော့
ခပ်ဝေးဝေးတစ်နေရာတွင်ရှိနေပြီး
သူတို့ကိုကြည့်ကာ စိတ်ဓာတ်ကျနေကြသည်။
"သူတို့က ဟန်တောင်မဆောင်နေကြတော့ဘူးပဲ။"
"အင်း...အင်း..."
"သောက်ရမ်းမနာလိုဖို့ကောင်းတယ်။"
"အင်း....အင်း...."
"ကျောင်းပြန်ရောက်ရင် ကိုင်းတိုနဲ့ငါတို့က သူငယ်ချင်းတွေမဟုတ်တော့ဘူး။"
"အင်း...အင်း..."
"ဒီနေ့ကစပြီး သူက ငါတို့ရဲ့ဆရာပဲကွ၊
သောက်ရည်းစားမရှိဘဝကနေလွတ်ဖို့
မျှော်လင့်ချက်ကြီးပဲ။"
"အင်း...အင်း..."
...
"ဒီကမ်းခြေမှာ ငါစားဖိုမှူးလုပ်နေတာ
နှစ်နှစ်ဆယ်ရှိပြီ။ ဒါပေမဲ့ ငါမဟုတ်တဲ့
တခြားတစ်ယောက်က ငါ့မီးဖိုချောင်ကို
သုံးနေတာကြုံဖူးတာတော့ ပထမဆုံးပဲ။"
သာမန်ဥရောပသားများထက် အရပ်အနည်းငယ်ပုသော သက်လတ်ပိုင်းလူတစ်ယောက်က ဆိုင်၏မီးဖိုချောင်ကို
ကိုယ့်အိမ်ကိုယ့်ရာလို အသုံးပြုနေသော
ဖူမီကိုနဲကို တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဒါ...ဒါပေမဲ့ ငါသူ့ကို ထွက်သွားဖို့မပြောနိုင်ဘူး။" အမှန်ပင်၊ သူ ဖူမီကိုနဲကို
မောင်းထုတ်လို့မရသည့် အကြောင်းအရင်းတစ်ခုရှိနေသည်။
"သူချက်တာတွေက ငါ့ထက်ကောင်းတယ်ဟ။" တကယ်တော့ စားဖိုမှူးကြီးမှာ စားသောက်ဆိုင်၏ စားပွဲတစ်ခုတွင်ထိုင်နေပြီး ဖူမီကိုနဲချက်ထားသော ဟင်းပွဲတစ်ပွဲကို အငမ်းမရစားနေသည်။
"ငါမုန်းပေမဲ့ စားကောင်းလွန်းလို့ ရပ်လို့တောင်မရဘူး။" ကိုင်းတိုမှာတော့ စားဖိုမှူးကို သနားစွာဖြင့် ပြုံးပြလိုက်သည်။
"အားနာလိုက်တာ ဖီးလစ်-ဆန်။"
"ကိစ္စမရှိပါဘူး၊ မင်းမိန်းမက တကယ့်ကို
ရွှေယောက်မဆုရှင်ပဲ။ စားဖိုမှူးတစ်ယောက်အနေနဲ့ ကိုယ့်ထက်တော်တဲ့စားဖိုမှူးကို လေးစားသမှုနဲ့ မီးဖိုချောင်
သုံးခွင့်ပေးရမှာပေါ့။"
"ကိုင်းတို၊ ကဏန်းအစပ်ရပြီ။
စားကြည့်ပါဦးလား။" ဖူမီကိုနဲက ပန်ကန်ပြားတစ်ချပ်ပေါ်တွင် တင်ထားသည့် အနံတမွှေးမွှေးနှင့် ကဏန်းကို ကိုင်းတို၏ရှေ့တွင် ချပေးလိုက်သည်။ နောက်ပန်းကန်တစ်ချပ်ကိုတော့ စားဖိုမှူးကြီးရှေ့တွင်ချပေးလိုက်သည်။
"မစ္စ ဖူမီကို၊ ဖြစ်နိုင်ရင် ကျုပ်ကို
ဒီဟင်းချက်နည်းတွေရဲ့ လျှို့ဝှက်ချက်လေး ပြောပြပေးနိုင်မလား။"
"အိုရာအိုရာ၊ သိပ်အခက်ကြီးမဟုတ်ပါဘူး။ ငရုတ်ကောင်း အချိုးအစားပြောင်းပြီး ဟင်းခတ်အမွှေးအကြိုင်တချို့ပြောင်းထည့်ရုံပါပဲ။"
ဆိုင်ထဲမှ တခြားလူများကတော့ ပါးစပ်အဟောင်းသားနှင့် သူတို့ကိုကြည့်နေကြသည်။
"ကြယ်ငါးပွင့်စားဖိုမှူးက ဘယ်ကမှန်းမသိတဲ့မိန်းမကို ပြန်ပြီးနည်းတောင်းနေတာလား။"
ဆိုင်ထဲတွင် အဖွားအာယာမဲတို့အုပ်စုလည်းရှိနေပြီး ဖူမီကိုနဲချက်ထားသည့်
ဟင်းအချို့ကို မြည်းကြည့်နေကြသည်။
အထက်တန်းကျောင်းသားပုံပေါက်နေသော သမားတော်လက်ထောက်က ပြောလိုက်သည်။
"စားလို့ကောင်းလိုက်တာ။"
...
တဖြည်းဖြည်းညရောက်သွားပြီးသည့်နောက်တွင်တော့ အနှောင့်အယှက်
အတော်လေးနည်းသွားသည်။ ကိုင်းတိုနှင့်ဖူမီကိုနဲတို့မှာ ဟိုတယ်ရှေ့တွင် နှစ်ယောက်တည်းထိုင်ကာ မီးပန်းတချို့
ထိုင်ဖောက်နေသည်။
ဆော်လမွန်ကျွန်းစုမှ ဟာဝိုင်ရီကျွန်းစုသို့
ပြန်ရောက်လာပြီဖြစ်သော ရှီရိုမှတော့
ဟိုတယ်အတွင်းမှနေ၍ သူတို့စုံတွဲကို
ယုတ်မာသည့်အကြံဖြင့် ကြည့်နေလိုက်သည်။
"ဒီဟိုတယ်က သာမန်ဟိုတယ်လေး၊
အဖိုးတွေရန်ဖြစ်နေတော့ ငါတို့တွေတခြားဟိုတယ်သွားပြီး သာမန်အခန်းတွေငှားခဲ့တာ။ ကံဆိုးစွာနဲ့ အိုနီးချန်တို့အတွဲက နှစ်ယောက်ခန်းမရလို့ ဘေးချင်းကပ်ရပ် တစ်ယောက်ခန်းနှစ်ခန်းပဲ ယူထားတယ်။ ဟိုတယ်စည်းမျဥ်းအရ
တစ်ယောက်ခန်း နှစ်ယောက်မနေရဘူးဆိုတော့ အိုနီးချန်နဲ့စုန်းမကြီးက ခွဲအိပ်ရမှာပဲ။ ဒီတော့ ဘယ်သူမှမသိအောင် အိုနီးချန်အခန်းထဲ ခိုးဝင်နိုင်မယ်ဆိုရင်။"
ရှီရိုမှ သူ့အတွေးနှင့်သူ သဘောကျစွာပြုံးရင်း ဓာတ်လှေကားထဲသို့ တိတ်တိတ်လေးဝင်သွားသည်။ ထို့နောက် လုံခြုံရေးကင်မရာများကိုရှောင်ကာ ကိုင်းတို၏အခန်းရှေ့သို့ရောက်လာသည်။
ထို့နောက် မသိမသာ ခိုးလာသော
သော့အပိုဖြင့် အခန်းတံခါးကိုဖွင့်ဝင်လိုက်သည်။ သို့သော် ဖူမီကိုနဲက မှော်နှင်တံကို ဆော့ကစားရင်း အိပ်ရာပေါ်တွင် ထိုင်လျက်စောင့်နေသည်။
"အိုရာ၊ နင့်အကွက်တွေက ဒိတ်အောက်နေပြီနော် လင်ခိုးမလေး။ နင့်အကွက်တွေကြိုမြင်လို့ ဒီမှာစောင့်နေတာ။"
"အယ်... ရှင်က အိုနီးချန်နဲ့ မီးပန်းဖောက်နေတာ မဟုတ်ဘူးလား။"
"ဟုတ်တာပေါ့၊ ဒါက ငါ့အသစ်ထွင်ထားတဲ့ ကိုယ်ပွားမှော်လေ။ လောလောဆယ်တော့ အာဖရိကတောထဲဝင်လိုက်ဦး။"
"အိယား..."