ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၉
အပိုင်း ၉ : ဆရာသခင်ရဲ့ ဂျင်းခွက်ထဲကို အမြန်သာ ပြေးလာခဲ့ပါတော့ကွာ
အကြီးအကဲအိုရဲ့ အကြည့်တွေဟာ လင်းဖုန်းနဲ့ ရှောင်ပုတန်လေးတို့ရဲ့ အကြားမှာ ချီတုံချတုံနဲ့ ခေါက်တုံ့ပြန်နေ ခဲ့ပါတယ်။
"ကဲ… ရှောင်ပုတန်လေးရေ… မြန်မြန်ပဲ ဆရာသခင်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်လာခဲ့ပါကွာ!" လင်းဖုန်းက သူ့ရဲ့ ရင်ထဲကနေပဲ အော်ခေါ်ပြီးနေခဲ့တယ်လေ။
ဒါပေမယ့်လည်း… အပြင်ပန်းမှာကတော့… သူ့က ရှောင်ပုတန်လေးဆီကို ထူးမခြားနား ပုံစံမျိုးနဲ့ပဲ ကြည့်လိုက်ပြီး တည်ငြိမ်စွာနဲ့ပဲ မေးလိုက်ပါပြီ… "ကဲ… ဆရာသခင်က မင်းလေးကို အဆောင်လက်ဖွဲ့ တစ်ခုကို ပေးထားခဲ့တာ… မင်းလေးက သုံးလိုက်ပြီ မဟုတ်လား?"
ရှောင်ပုတန်လေးရဲ့ မျက်နှာဟာ အနည်းငယ် နီရဲသွားခဲ့ပြီး… ရှက်ကိုးရှက်ကန်းနဲ့ သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီလေ… "အား… ကျွန်တော်က သုံးလိုက်မိပါတယ် ခင်ဗျ။ ပြီးတာနဲ့ ပြန်ရှာကြည့်လိုက်တော့လဲ… ရှာလို့ မတွေ့တော့ဘူးဗျ…"
လင်းဖုန်းကလဲ အေးစက်စက်နဲ့ပဲ ရယ်မောလိုက်ပါတယ်… "ဟားဟား… ကိစ္စမရှိပါဘူးကွာ။ ငါက မင်းလေးကို အကာအကွယ် ပေးဖို့ပဲ ထားထားခဲ့တာပဲ။ မင်းကိုပေးထားတဲ့ အဆောင်လက်ဖွဲ့လေးမှာ ပြောင်းလဲမှုတွေကို ခံစားလိုက်ရလို့ ဆရာသခင်က ပြန်လာခဲ့တာကွ…"
ရှောင်ပုတန်လေးကလဲ ပြုံးလိုက်ပါပြီ… "အား… ဒီမက်မွန်ပင်အိုကြီးကို နှိမ်နှင်းလိုက်ပြီး… အားလုံးကို ကယ်တင်ပေးလိုက်တဲ့ အတွက် ဒီက တာအိုဆရာတော်ကို ကျေးဇူးအထူး တင်ပါတယ်ခင်ဗျ…"
လင်းဖုန်းကလဲ ခပ်ဖွဖွသာ ပြုံးလိုက်တယ်လေ။ သူက နောက်ထပ် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်ပြီး ရှောင်ပုတန်လေးကို ထပ်ပေးလိုက်ပါတယ်… "ကဲ… ဒါလေးကိုတော့ လုံလုံခြုံခြုံ သိမ်းထားပြီး… အနာဂတ်မှာလဲ ဂရုစိုက်ပေါ့ကွာ။ ဆရာသခင်မှာလဲ လုပ်စရာလေးတွေက မပြီးပြတ်သေးတော့… ဒီနေရာမှာပဲ လမ်းခွဲကြပါစို့ကွာ။ ကံမကုန်ရင်လဲ ပြန်ဆုံကြဦးမှာပေါ့ကွာ…"
သူ့ရဲ့ဆီမှာက လှဲလှယ်ထားခဲ့တဲ့ မိုးကြိုးသလင်း ကျောက်တုံးတွေဟာ ကုန်သွားခဲ့ပြီ ဖြစ်တယ်လေ။ ဒီအဆောင်လက်ဖွဲ့လေး သက်သက်နဲ့ကတော့ ကောင်းကင်ကိုးလွှာ မိုးကြိုးဆင့်ခေါ်ချက်ကို အသက်သွင်းနိုင်မှာ မဟုတ်ပါဘူး… ဒါပေမယ့်လည်း ဒါက လင်းဖုန်းရဲ့ ဖိန့်လုံးတွေကို မရပ်တန့်စေ နိုင်ခဲ့ဘူးလေ။
စကားဆုံးတာနဲ့ပဲ… လင်းဖုန်းဟာ သူ့ရဲ့ အဝတ်အစားတွေကို ပြန့်အောင်လုပ်လိုက်ပြီး ထလိုက်ပါပြီ။ မြောက်ပိုင်း အရုဏ်ဦးဓားကို သိမ်းလိုက်ကာ တံခါးရှိရာဆီကို ဦးတည်လိုက်ပြီလေ။
ရှောင်ပုတန်လေးကတော့ အပြစ်ကင်းစင်စွာနဲ့ပဲ ခေါင်းကို တဆတ်ဆတ်နဲ့ ညိတ်လို့နေခဲ့ပါတယ်… ဒါပေမယ့်လည်း သူကြီးအိုကြီးကတော့ မှင်သက်စွာနဲ့ပဲ ကြည့်နေခဲ့တယ်လေ။ သူက လင်းဖုန်းဟာ အရင် အကြောင်းအရာတွေကို ပြန်ဖော်ပြီး… ရှောင်ပုတန်လေးကို တပည့်အဖြစ် သိမ်းသွင်းလိမ့်မယ်လို့ ထင်နေခဲ့တာပါ။
အဘိုးကြီးဟာ လင်းဖုန်းကို ရှောင်ပုတန်လေးရဲ့ ဆရာ ဖြစ်စေချင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်ထဲမှာပဲ ရှောင်ပုတန်လေးရဲ့ နောက်ခံ အသိုင်းအဝိုင်း အကြောင်းကို ပေါက်ကြားသွားမှာလဲ စိုးရိမ်နေခဲ့တယ်လေ။ သူက လေးလေးနက်နက် ဆင်ခြင်စဉ်းစား နေတုံးမှာပဲ… လင်းဖုန်းဟာ ဒီအတိုင်းပဲ ထထွက်သွားခဲ့မယ်လို့ လုံးဝကို ထင်မထားမိခဲ့ပါဘူး။
လင်းဖုန်းဟာ မှင်သေသေ မျက်နှာထားမျိုးနဲ့ပဲ ရွာပေါက်ဝဆီကို လျှောက်သွားခဲ့ပါတယ်။ ကျောက်ခေတ်ကျေးရွာက လူတွေကလဲ မြတ်နိုးကြည်ညိုပြီး ကျေးဇူးတင်လှစွာနဲ့ လမ်းဖယ်ပေးလိုက် ကြပါပြီ။
"၁…၂…၃…" လင်းဖုန်းက စိတ်ထဲကနေပဲ တိတ်ဆိတ်စွာနဲ့ ရေတွက်ရင်း လမ်းလျှောက်နေခဲ့တယ်လေ။ ဟုတ်တာပေါ့… ဒီအတိုင်းကြီးတော့ ထထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ နို့မဟုတ်ရင်… သူကဘာဖြစ်လို့ ဒီလောက်ကြီး ကြိုးစားပါ့မလဲ?
မင်းက သရုပ်ဆောင်လို့ရှိရင်… ဇာတ်ကောင် သဘာဝထဲမှာ အပြည့်အဝ နှစ်မြှုပ်ထားရမယ်လေ။ ဆရာသခင် သူတော်စင်လိုမျိုး သရုပ်ဆောင်မှတော့… ဆရာသခင် သူတော်စင်ရဲ့ အငွေ့အသက်တွေ အပြည့်ရှိရမှာပေါ့။
တစ်ခါတစ်လေ မှာဆိုရင်… လူတွေဟာ ပေါပေါပဲပဲ ရတဲ့အရာတွေကို သိပ်ပြီးတော့ တန်ဖိုး မထားတတ်ကြပါဘူး။ ဆရာနဲ့တပည့် ဆက်ဆံရေးမှာလဲ ဒီအတိုင်းပဲပေါ့။ တကယ်လို့များ လင်းဖုန်းက အရမ်းကြီး အသည်းအသန် စိတ်ဝင်စား နေခဲ့လို့ရှိရင်… သူကြီးအိုနဲ့ ရှောင်ပုတန်လေးတို့ဟာ သံသယတွေ ဝင်လာနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့… တကယ်လို့ လင်းဖုန်းက စိတ်ဝင်စားတဲ့ပုံ သိပ်မပြခဲ့ရင်… သူတို့ကိုယ်တိုင်ပဲ သူ့ကို လာပင့်မှာပါ။
သေချာတာပေါ့… လင်းဖုန်းရဲ့ ရေတွက်နေတာ "၁၀" ပြည့်တဲ့ အချိန်မှာပဲ သူကြီးအိုကြီးက အော်ခေါ်လိုက်ပြီလေ… "ခဏ ရပ်တော်မူပါဦး အရှင်ဘုရား!"
"ဟဲဟဲဟဲ… ကောင်းလေစွ!" လင်းဖုန်းဟာ မျက်နှာအမူအယာ တစ်စက်ကလေးမှ မပြောင်းပဲနဲ့ စိတ်ထဲကနေပဲ ရယ်လိုက်ပါတယ်။ သူဟာ လှည့်ကြည့်လိုက်ပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အကြီးအကဲအိုကြီးကိုသာ တည်ငြိမ်စွာနဲ့ပဲ ကြည့်နေခဲ့တယ်လေ။
ဒီလူကြီးက ဆုံးဖြတ်ချက် ချလိုက်တာတော့ သေချာနေပါပြီ။ သူဟာ ရှောင်ပုတန်လေးရဲ့ လက်ကိုဆွဲလိုက်ပြီး လမ်းလျှောက်လာခဲ့ပြီလေ… နှိမ့်ချစွာနဲ့ ဒါပေမယ့်လဲ လေးနက်စွာနဲ့ ပြောလိုက်ပါတယ်… "ဟင်း… ဒီကလေးလေးဟာ မွေးစကတည်းက အကျပ်အတည်း.. အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အရှင်ဘုရားရဲ့ အလေးပေးမှုကို ခံရတာက သူကလေးရဲ့ ကံကောင်းခြင်း တစ်ရပ်ပါပဲ။ သနားညှာတာတဲ့ အနေနဲ့ ဒီကောင်လေးကို တပည့်အဖြစ်နဲ့ လက်ခံတော်မူပါ… အရှင်ဘုရား…"
လင်းဖုန်းကလဲ ဒီအချိန်ဟာ သူ့ရဲ့ စိတ်ထားမြင့်မြတ်မှုကို ပြသရမယ့် အချိန်ကောင်းလို့ သိနေတဲ့အတွက်… ဘာကိုမှ အခက်အခဲဖြစ်အောင် မလုပ်ခဲ့ပါဘူး… တည်ငြိမ်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်လေ… "အင်း… ဒါက အလေးပေးတာတို့.. သနားညှာတာတာတို့ မဟုတ်ရပါဘူးကွာ။ ငါတို့ရဲ့ ဆရာ-တပည့် ဆက်ဆံရေးကို ရှေ့ဆက်နိုင်တာကိုပဲ ငါ့မှာက ဝမ်းသာလှပါပြီကွာ။ ဒါပေမယ့် ကာယကံရှင် ကိုယ်တိုင်ကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှ ရမှာပေါ့လေ…"
အကြီးအကဲအိုက အလေးအနက် စဉ်းစားပြီးတဲ့နောက်မှာ… ဘေးက ရွာသားတွေကို ပြောလိုက်တယ်… "ဟေ့ကောင်တွေ… မင်းတို့တွေ အိမ်ပြန်ကြတော့လေ။ ဒီရက်ပိုင်းတွေ အတွင်းမှာ… အဖြစ်အပျက် ကိစ္စတွေ တော်တော် ကြီးကြီးမားမားလေး ဖြစ်သွားတယ်ဟ။ မင်းတို့ရဲ့ အိမ်တွေမှာလဲ ရှုပ်ရှက်ခတ် နေကြမှာပဲ။ အိမ်လေးဘာလေး ပြန်ပြီး သန့်ရှင်းရေးလေး ဘာလေးလုပ်ပြီးတော့ အနားယူကြတော့ကွာ…"
ရွာသားတွေကလဲ တစ်ခုခု ထူးဆန်းနေပြီ ဆိုတာကို သိကြပေမယ့်… သူကြီးအိုရဲ့ အမိန့်အတိုင်းပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ ပါတော့တယ်။ ထွက်မသွားခင်မှာတော့… လင်းဖုန်းကို အကြီးအကျယ် ထပ်မံပြီး ကျေးဇူးတင်သွား ကြသေးတယ်လေ။
ခဏအကြာမှာပဲ… လင်းဖုန်းရယ်.. အကြီးအကဲအိုရယ်.. ရှောင်ပုတန်လေးရယ်ပဲ ခြံထဲမှာ ကျန်ရစ်နေခဲ့ ပါတော့တယ်။ အကြီးအကဲအိုက ဦးညွှတ်ပြီးတော့ ပြောလိုက်ပါပြီ… "အင်း… ကျွန်တော့်မှာက ထုတ်ဖော်မပြောရသေးတဲ့ လျှို့ဝှက်ချက်တချို့ ရှိပါသေးတယ်။ တကယ်လို့ ခွင့်ပြုမယ်ဆိုရင်… စကားပြောဖို့ အိမ်ထဲကိုကြွပါ အရှင်ဘုရား…"
လင်းဖုန်းကလဲ သူရဲ့ခေါင်းကို ညိတ်လိုက်တယ်လေ။ သုံးယောက်သား ကျောက်တုံးအိမ်လေး အတွင်းကို ဝင်သွားကြကာ ထိုင်လိုက်ကြပါပြီ။ သူကြီးအိုက ရှောင်ပုတန်လေးကို ချစ်မြတ်နိုးစွာနဲ့ ကြည့်လိုက်ပြီး… "ကဲ… ရှောင်ပုတန်လေးရေ… မင်းက ဒီတာအို ဆရာတော်ရဲ့ အနားမှာ တပည့်အဖြစ် ခံယူချင်သလားကွာ?"
ရှောင်ပုတန်လေးရဲ့ မျက်ဝန်းနက်ကြီးတွေဟာ အရောင်တဖိတ်ဖိတ်နဲ့ လင်းလက်လာပြီးနောက်မှာ လင်းဖုန်းကို ကြည့်လိုက်ပြီလေ… "အား… ကျွန်တော်က တာအိုဆရာတော်လိုမျိုး အလန်းစားစကေးတွေကို လေ့ကျင့်နိုင်မှာလားဗျ?"
လင်းဖုန်းကလဲ ဖွဖွလေး ပြုံးလိုက်ပါတယ်… "ဟားဟား… ဒီထက်လန်းတဲ့ဟာတွေ အပုံကြီး ရှိသေးတယ်ကွ…"
ရှောင်ပုတန်လေးရဲ့ မျက်နှာလေးဟာလည်း မျှော်လင့်ချက်တွေ အပြည့်နဲ့ ခေါင်းကို တဆတ်ဆတ်နဲ့ ညိတ်လိုက်ပါပြီ… "ဝိုး… ကျွန်တော်မျိုး ဆန္ဒရှိပါတယ်ခင်ဗျ! ကျွန်တော်မျိုး ဆန္ဒရှိပါတယ်ခင်ဗျ!"
လင်းဖုန်းက သူ့ရဲ့ အပြုံးတွေကို ရုပ်သိမ်းလိုက်ပြီး ဖြေးဖြေးလေးပဲ ပြောလိုက်ပါပြီ… "အင်း… ဒါပေမယ့်လည်း… ဆရာသခင်က ဒီနေရာမှာ ကြာကြာနေမှာတော့ မဟုတ်ဘူးဟ။ တကယ်လို့ မင်းက ငါ့ရဲ့တပည့် ဖြစ်သွားလို့ရှိရင်… ဒီရွာကနေပြီး ဆရာသခင်ရဲ့ အနောက်ကို လိုက်လာခဲ့ရမှာနော်…"
ဒီစကားကို ကြားလိုက်ရတော့… ရှောင်ပုတန်လေးဟာ ချက်ချင်းကိုပဲ တွေဝေသွားပြီး စိတ်လှုပ်ရှားစွာနဲ့… လင်းဖုန်းကိုတလှည့် အကြီးအကဲအိုကြီးကို တလှည့် ကြည့်ကာနေခဲ့တယ်လေ။
အကြီးအကဲအိုကြီးဟာ ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပြီး လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်… "အဟမ်း… ရှောင်ပုတန်လေးရေ… မင်းကငါ့ကို မင်းရဲ့ အဖေနဲ့အမေ ဘယ်ကိုသွားနေသလဲ ဆိုတာကို အမြဲတမ်းပဲ မေးနေခဲ့တယ် မဟုတ်လားကွာ?"
မျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက် လုပ်ပြီး… ရှောင်ပုတန်လေးက ပြန်ဖြေလိုက်ပါပြီ… "ဟုတ်… ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရေးတေးတေးလေးတော့ မှတ်မိနေသလိုပဲ… ဒါပေမယ့်လည်း ပြန်စဉ်းစားကြည့် လိုက်တော့လဲ ဘာကိုမှ မမှတ်မိတော့ပြန်ဘူး။ ဖိုးဖိုးကြီးက ကျွန်တော့ကို နောက်ဆုံးမှာတော့ ပြောပြတော့မယ်ပေါ့နော်?"
သူကြီးအိုဟာ သူ့ရဲ့ခေါင်းကို ညိတ်လိုက်ပြီး… လင်းဖုန်းရှိရာဆီကို လှမ်းကြည့်လိုက်ပါတယ်… "အရှင်ဘုရား… ကျွန်တော့်ကို ပြောခွင့်ပြုပါ။ ဒီကလေး… အင်း… သူ့ရဲ့နောက်ခံက တော်တော့်ကို ထူးခြားတာပဲ။ အနာဂတ်မှာ အရှင့်ကို ဒုက္ခရောက်စေနိုင်တာပဲ။ သူ… သူလေးက မဟာချင် အင်ပါယာရဲ့ တော်ဝင်မိသားစုကနေ လာတာဖြစ်ပြီး… မဟာချင် အင်ပါယာရဲ့ ယုမိသားစုနဲ့လဲ အမျိုးတော်တယ်လေ…"
လင်းဖုန်းရဲ့ ရင်ခုန်သံဟာ အတန်ငယ် မြန်သွားခဲ့ပါပြီ။ ဒီမူလကောင်းကင်ကမ္ဘာက အင်ပါယာတွေ ဆိုတာက… သူ့ရဲ့အရင် ကမ္ဘာမြေက သမိုင်းကြောင်းတွေနဲ့ ကွာခြားပါတယ်။ ဒီမူလကောင်းကင် ကမ္ဘာမှာတော့… တိုင်းပြည်တစ်ပြည်ကို အုပ်စိုးတဲ့ ဘုရင်မင်းမြတ်တွေ အားလုံးဟာ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်ကြပါတယ်။
အင်ပါယာတစ်ခုရဲ့ တော်ဝင်မိသားစုတွေ ဆိုတာက… သူတို့ကို အင်အားကြီး ကျင့်ကြံမှု မျိုးနွယ်စုတွေလို့ပဲ ခေါ်ဖို့ကောင်းပါတယ်။ ဒီလိုမျိုး ကလန်တွေဟာ ထိပ်တန်းဂိုဏ်းကြီးတွေနဲ့ ကောင်းကောင်းကြီး ယှဉ်ပြိုင်လို့ ရတယ်လေ။
လင်းဖုန်းကလဲ ဒါဟာ အဘိုးကြီးက သူ့ကိုစစ်တဲ့ နောက်ဆုံးစာမေးပွဲလို့ သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲခက်ခဲ… သူဟာ ဒီရှောင်ပုတန်ဆိုတဲ့ တပည့်လေးကို… ဘယ်လိုနည်းနဲ့မှ လက်လွတ်ခံမှာ မဟုတ်ပါဘူး။
မင်းက လာနောက်နေတာလား? ဒီရှောင်ပုတန်လေးလိုမျိုး… ဇာတ်လိုက်မင်းသားအဆင့် ဇာတ်ကောင်မျိုးရဲ့ရှေ့မှာ… နှစ်တစ်သောင်း ဂိုဏ်းပဲဖြစ်ဖြစ်.. နှစ်တစ်ထောင် မင်းဆက်ပဲဖြစ်ဖြစ်.. ဘယ်သူက သောက်ဂရုစိုက်မှာလဲ? သူတို့ အားလုံးတွေဟာ ခြေနင်းခံ ကျောက်တုံးလေးတွေ သက်သက်ပါပဲ။ ခရီးလမ်းက ခက်ခဲကြမ်းတမ်းပေမယ့်… အနာဂတ်ကတော့ တောက်ပနေမှာ အမှန်ပါပဲ။
ဒါ့အပြင်… လင်းဖုန်းရဲ့ ဂန္တဝင်ဂိုဏ်းချုပ် စနစ်ကြီးရဲ့ အန္တိမ ရည်မှန်းချက်ကလဲ သမိုင်းဝင် နံပါတ်တစ်ဂိုဏ်းကို ထူထောင်ရမှာပဲလေ။ သူ့ရဲ့တာဝန်ကို ပြီးမြောက်ဖို့အတွက်… ဒီကမ္ဘာပေါ်က လက်ရှိအင်အားစုတွေနဲ့ အတိုက်အခံလုပ်ရမှာ သဘာဝပါပဲ။
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ လေးနက်လာခဲ့ပါပြီ။ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာ ဖွဖွလေး ပြုံးလိုက်ပေမယ့်… စကားတစ်ခွန်းကိုမှ ထုတ်မပြောခဲ့ပါဘူး။
သူ့ရဲ့ အမူအရာ ပြောင်းလဲမှုဟာ အကြီးအကဲအိုကြီးကို သဘောပေါက်စေခဲ့ပါတယ်။ သူက ဒီအခြေအနေရဲ့ ကြီးလေးမှုကို သိပေမယ့်… သူဟာ ယုံကြည်မှုအပြည့် ရှိနေပြီး ဘာကိုမှမကြောက်ခဲ့ပါဘူး။
သေချာတာပေါ့… သူကြီးအိုကြီးဟာ စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ ပြုံးပြီးတော့ ပြောလိုက်ပါပြီ… "အာ… ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ အရှင်ဘုရား… ဗွေမယူပါနဲ့နော်…" စကားပြော နေရင်းကနေပဲ သူက ရှောင်ပုတန်လေး ရှိရာဆီကို လှမ်းပြီးတော့ ကြည့်လိုက်တယ်လေ… "ဟင်း… ဒီကလေးဟာ လာခြင်းကောင်းလှပေမယ့်… သူ့မှာက အခက်အခဲ အကျပ်အတည်းတွေ အများကြီးကို ရင်ဆိုင်ခဲ့ရရှာတယ်…"
ရှောင်ပုတန်လေးဟာ သူ့ရဲ့ နာမည်အရင်း မဟုတ်ပါဘူး။ အမှန်ကတော့… သူ့ရဲ့နာမည်ဟာ မဟာချင် အင်ပါယာရဲ့ တော်ဝင်မိသားစုက ရှီထျန်းဟောင် ဖြစ်ပါတယ်။ သူဟာ အဓိက သွေးမျိုးဆက်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပေမယ့်… မြင့်မြတ်တဲ့ မိသားစုကပါ။
ရှီထျန်းဟောင်လေးရဲ့ အဖိုးနဲ့ အဖေ နှစ်ယောက်စလုံးကလဲ ထိပ်သီးအဆင့် မဟာကျင့်ကြံသူတွေ ဖြစ်ကြတယ်လေ။ အထူးသဖြင့် ရှီထျန်းဟောင်လေးဟာ အလွန်ကိုမှပဲ ထူးချွန်ပြောင်မြောက် လှပါတယ်… သူဟာ မွေးရာပါ အခြေခံအုတ်မြစ် အဆင့်နဲ့ မွေးလာခဲ့တာပါ။ သူဟာ အူဝဲလေး ဘဝကတည်းက… လူအများစုက သူတို့ရဲ့ ဘဝတစ်သက်တာလုံး ကြိုးစားတာတောင် မပေါက်ရောက်.. မအောင်မြင်နိုင်ကြတဲ့ အဆင့်ကို ရောက်နေခဲ့တာလေ။
ချီဓာတ်တွေကို သူ့တို့ရဲ့ ခန္ဓာကိုယ် အတွင်းကို စုပ်ယူနိုင်တဲ့ သာမန်သိုင်းသမားတွေဟာ ချီသာဝက အဆင့်က ကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တာအိုအရင်းမြစ်ကို တည်ဆောက်နိုင်တဲ့ အခါကျရင် အခြေခံအုတ်မြစ်အဆင့်ကို တက်လှမ်းနိုင်ကြမှာပဲ ဖြစ်တယ်လေ။
ဒီတာအို အရင်းမြစ်တွေမှာလဲ အမျိုးအစားတွေ ခွဲခြားထားပါသေးတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ လေ့ကျင့်ထားတဲ့ တာအိုနည်းစနစ်နဲ့… သူ့ရဲ့ မွေးရာပါ ပင်ကိုစွမ်းရည်တို့ဟာ ဒီတာအို အရင်းမြစ်ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးမှာပါ။ တာအိုအရင်းမြစ်တွေကို အများအားဖြင့် မော်တယ်အဆင့်.. စိတ်ဝိညာဉ်အဆင့်.. မြေကြီးအဆင့်နဲ့ ကောင်းကင်အဆင့် ဆိုပြီးတော့ အဆင့်တွေကို ခွဲခြားထားပါတယ်။
တစ်စုံတစ်ယောက်ရဲ့ တာအိုအရင်းမြစ် အရည်အသွေးဟာ အဆင့်တူ ကျင့်ကြံသူတွေရဲ့ စွမ်းအားကွာခြားမှုကို ဖြစ်ပေါ်စေရုံတင် မကဘူး… သူတို့က တစ်ယောက်ရဲ့ အနာဂတ် ကျင့်ကြံမှု အလားအလာတွေကို ဆုံးဖြတ်ပေးမှာပဲ ဖြစ်တယ်လေ။
ရှီထျန်းဟောင်လေးဟာ တာအိုအရင်းမြစ်နဲ့ မွေးလာရုံတင်မကဘူး… သူ့ရဲ့ တာအိုအရင်းမြစ်ဟာ မယုံနိုင်လောက်အောင် ရှားပါးတဲ့ အန္တိမ တာအိုအရင်းမြစ်ဖြစ်ပြီး… ကောင်းကင်အဆင့်က တာအိုအရင်းမြစ်ထက်တောင် အဆင့်မြင့်ပါသေးတယ်။
နားထောင်နေရင်းကနေ… လင်းဖုန်းရဲ့ မျက်နှာပေါ်က အမူအရာကတော့ မပြောင်းလဲခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ရင်ထဲမှာတော့… အပျော်လုံးတွေ ဆို့နေခဲ့ပါပြီ… "အင်း… အရိုးအရင်းမြစ် အမှတ်၁၀… အရိုးအရင်းမြစ် အမှတ် ၁၀…"
နားထောင်နေရင်းကပဲ… လင်းဖုန်းဟာ အနည်းငယ် စိတ်ရှုပ်ထွေးလို့ လာခဲ့ပါတယ်။ ဒီလိုမျိုး အံ့ဖွယ်စွမ်းရည် မျိုးနဲ့သာဆိုရင်… ရှောင်ပုတန်လေးဟာ ရတနာတစ်ပါးလို ဖူးဖူးအမှုတ် ခံနေရမှာလေ။ ဘယ်လိုလုပ်ပြီး ဒီလိုနေရာမျိုးမှာ ရောက်နေရတာလဲဟ?
သူကြီးအိုကြီးရဲ့ နောက်ဆက်တွဲ ရှင်းလင်းချက်တွေဟာ လင်းဖုန်းရဲ့ မေးခွန်းတွေကို ဖြေကြားပြီး ဖြစ်ခဲ့တယ်လေ။
လက်စသတ်တော့… ရှောင်ပုတန်လေးရဲ့ မွေးရာပါ တာအိုအရင်းမြစ်ဟာ သူစမွေး လာကတည်းက ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့မိဘတွေကလဲ သူ့ရဲ့အဖိုးဟာ အလွန်ကိုမှပဲ အန္တရာယ်များတဲ့ နေရာတစ်ခုမှာ ပျောက်ဆုံးသွားတဲ့ အချိန်မှသာ ရှာဖွေတွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။ ရှောင်ပုတန်လေးရဲ့ မိဘနှစ်ပါးဟာ သူ့ရဲ့အဖိုးကို သွားကယ်ဖို့ ဆန္ဒစောနေတဲ့ အတွက်ကြောင့်မို့လို့… သူတို့ဟာ အသက်ခြောက်လတောင် မပြည့်သေးတဲ့ ရှောင်ပုတန်လေးကို… တခြားမိသားစု တစ်ခုမှာ ထားခဲ့ရတယ်လေ။
အဲ့ဒီအချိန်က စပြီးတော့ ရှောင်ပုတန်လေးရဲ့ ကံမကောင်းတဲ့ ဖြစ်ရပ်တွေဟာ စတင်လာတော့ တာပါပဲ။ ထိုမိသားစုမှာလဲ ပါရမီရှင် ကလေးတစ်ယောက် ရှိတယ်လေ။ သူ့ရဲ့နာမည်ဟာ ရှီထျန်းရီဖြစ်ပြီး… သူဟာ ရှောင်ပုတန်လေးထက် နှစ်အနည်းငယ် ပိုကြီးပါတယ်။ သူဟာ မျက်စိတစ်ဘက်မှာ မျက်လုံး သူငယ်အိမ် နှစ်ခုနဲ့ မွေးလာခဲ့တာဖြစ်ပြီး… ရှောင်ပုတန်လေးကို တွေ့လိုက်တဲ့အခါမှာ သူဟာ အန္တိမ တာအိုအရင်းမြစ် တစ်ခုကို ပိုင်ဆိုင်ထားတာကို သိရှိလိုက်တယ်လေ။
နောက်ဆုံးမှာတော့… ရှီထျန်းရီရဲ့ မိခင်ဖြစ်သူဟာ ရှောင်ပုတန်လေးကို မကောင်းကြံပါတော့တယ်။ သူမဟာ လူတစ်ယောက်ကို ရှာလိုက်ပြီး မှော်ကျိန်စာ တစ်ခုကို အသုံးပြုကာ ရှောင်ပုတန်လေးရဲ့ အန္တိမ တာအိုအရင်းမြစ်ကို ခိုးယူလိုက်တယ်လေ။ ပြီးတော့မှပဲ သူမရဲ့သားဖြစ်သူ… ရှီထျန်းရီဆီကို လွှဲပြောင်းပေးလိုက်ပါတယ်။
ရှောင်ပုတန်လေးရဲ့ မိဘနှစ်ပါး ပြန်ရောက်လာတဲ့ အချိန်ကျတော့… အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ ဒီအန္တိမ တာအိုအရင်းမြစ်ဟာ ရှီထျန်းရီနဲ့ အပြည့်အဝ ပေါင်းစပ်သွားပြီးခဲ့ပြီလေ။ သူ့ကို ပြန်ယူချင်တယ်ဆိုရင် ရှီထျန်းရီကို သတ်ပြီးမှ ထုတ်ယူလို့ ရတော့မှာပါ။ ဒါကလဲ တော်ဝင်မိသားစုဖြစ်တဲ့ ရှီမိသားစုက လက်ခံနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။
ရလဒ်အနေနဲ့ကတော့… ရှောင်ပုတန်လေးရဲ့ မိဘနှစ်ပါးဟာ ရုတ်ရုတ်သဲသဲ အုတ်အော်သောင်းတင်း အကြီးကြီး တစ်ခုကို ဖန်တီးခဲ့ပြီး… မဟာချင် အင်ပါယာရဲ့ မင်းနေပြည်တော်ကနေ တိုက်ခိုက်ပြီး ထွက်လာခဲ့ပါတယ်။ သေအံ့မူးမူးဖြစ်နေတဲ့ ရှောင်ပုတန်လေးကို ကယ်တင်နိုင်ဖို့အတွက်… သူတို့ဟာ ဆေးဝါးရှာဖွေရန် အန္တရာယ်တွေနဲ့ အတိပြီးတဲ့ နေရာတစ်ခုကို သွားလိုက်ရတယ်လေ။
ဒီအကြီးအကဲအိုကြီးဟာ ငယ်စဉ်တုံးက… ကမ္ဘာကြီးရဲ့ နေရာအနှံမှာ ကျင်လည်ကျက်စားခဲ့ပြီး… တာအိုနည်းစနစ် အခြေခံတချို့ကို သင်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွန့်စားခန်း တစ်ခုမှာ… ရှောင်ပုတန်လေးရဲ့ ဖခင်ဖြစ်သူနဲ့ ရင်းနှီးခဲ့တယ်လေ။ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းဟာ မိုးနဲ့မြေလို ကွာခြားသွားခဲ့ပေမယ့်… သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာ ပြောင်းလဲမသွား ခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ… ရှောင်ပုတန်လေးကို ဒီသူကြီးအိုရဲ့အိမ်မှာ ယာယီလာထားရခြင်းပဲ ဖြစ်ပါတော့တယ်။
ဒါပေမယ့်လည်း… အကြီးအကဲအိုကြီးဟာ ရှောင်ပုတန်လေးရဲ့ မိဘတွေ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုံးက ဆေးရှာသွားတဲ့ အချိန်ကစပြီး စကားတစ်လုံးကိုမှ ထပ်ပြီးတော့ မကြားခဲ့ရတော့ပါဘူး။
သူကြီးအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်ပါပြီ… "ဟင်း… သစ်ပင်အိုကြီးက ပြဿနာ မရှာခင်တုံးကလဲ ယုမိသားစုကလူတွေ ရောက်လာကြပြီ။ ဒီယုမိသားစု ဆိုတာက ရှီထျန်းရီရဲ့ အမေဘက်က အဘိုးရဲ့ မိသားစုပဲ။ ဘယ်သူကသိမှာလဲ… သူတို့တတွေဟာ ဒီလောက်အထိ ရက်စက်ကြလိမ့်မယ်ဆိုတာ။ ရှောင်ပုတန်လေးရဲ့ အန္တိမ တာအိုအရင်းမြစ်ကို ခိုးယူသွားရုံတင် မကသေးဘူး… အသက်ကိုပါ ချမ်းသာမပေး ချင်ကြဘူးကွာ…"
ယုမိသားစု ဆိုတာက မဟာချင် အင်ပါယာရဲ့ မဟာကလန် လေးခုထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီးတော့… စွမ်းအားကြီးမားတဲ့ ကျင့်ကြံမှုကလန် တစ်ခုလဲဖြစ်တယ်လေ။ မျိုးဆက်တစ်ဆက် တိုင်းမှာလဲ ခွန်အားကြီးတဲ့လူတွေ ပေါ်ထွက်လာနေကြပါပဲ။ ဟိုငနဲ နှစ်ကောင်ကတော့ အဆင့်အနိမ့်ဆုံး အစေခံ သာသာပဲလေ။
စကားဆုံးသွားတာနဲ့… သူကြီးအိုကြီးဟာ တိတ်ဆိတ်သွားပြီး လင်းဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ပါပြီ။ တစ်ချိန်ထဲမှာပဲ… လင်းဖုန်းက ရှောင်ပုတန်လေးကို အကဲခတ်နေခဲ့ပါတယ်။
အကြီးအကဲအိုရဲ့ ရှင်းပြချက် အပြီးမှာတော့… ရှောင်ပုတန်လေးဟာ အစ ပထမကတော့ တုန်လှုပ်သွားခဲ့တယ်လေ။ သူ့ရဲ့အကြည့်တွေဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပြီး နောက်ပိုင်းမှာတော့ ဝမ်းနည်းမှုတွေက အစားထိုးဝင်ရောက်လို့ လာခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးအစုံကနေ မျက်ရည်တွေ တသွင်သွင် စီးကျကာ လာခဲ့ပြီလေ။
"ဖိုးဖိုးကြီး… ကျွန်တော် မှတ်မိပြီ… အခုကျွန်တော် မှတ်မိပြီဗျ…" ရှောင်ပုတန်လေးရဲ့ မျက်နှာမှာလဲ မျက်ရည်တွေနဲ့ စိုရွှဲလို့ နေခဲ့ပါပြီ။ သူဟာ တာအိုအရင်းမြစ်နဲ့ မွေးဖွားလာခဲ့တာ ဖြစ်ပြီး… သူ့ရဲ့ အသိဉာဏ်ဟာ သာမန်ကလေးတွေထက် အများကြီး ပိုစောပါတယ်။ ရလဒ်အနေနဲ့… သူဟာ သူ့ရဲ့ ကလေးလေး ဘဝက ခါးသီးတဲ့ အတွေ့အကြုံတွေကို အကုန်သိနေခဲ့တယ်လေ။ သူတို့ဟာ လွန်စွာပဲ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းလွန်းတော့… တမင်သက်သက်ပဲ မေ့ဖျောက်ထားခဲ့တာပါ။
သူကြီးအိုကြီးဟာ သက်ပြင်းတွေကိုပဲ ထပ်ခါထပ်ခါ ချနေခဲ့ပါတယ်။ လင်းဖုန်းကတော့ ရှောင်ပုတန်လေးကို တည်ငြိမ်စွာနဲ့ပဲ မေးလိုက်ပါပြီ… "ကဲ… အခုတော့ မင်းက မင်းရဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်ပြီး မှတ်မိသွားခဲ့ပြီဟ။ မင်းရဲ့ အတွေးတွေက ဘယ်လိုရှိနေလဲကွာ?"
"အား… ကျွန်တော့်မှာက အရမ်းကိုပဲ နာကျင်ခံစား နေရတယ်ဗျာ။ အဖေ… အမေ… ခင်ဗျားကြီးတို့က ဘယ်ကိုများ ရောက်နေကြလဲဗျာ?" ရှောင်ပုတန်လေးဟာ အဆက်မပြတ်ကိုပဲ ငိုကြွေးနေခဲ့ ရှာပါတော့တယ်။
လင်းဖုန်းကလဲ ခေါင်းကိုညိတ်လိုက်ကာ တွေးလိုက်ပြီလေ… "ဟင်း… ဘယ်လောက်ထိတောင် သနားစရာ ကောင်းလိုက်တဲ့ ကလေးလေးလဲ…" ပြီးတော့မှပဲ ပါးစပ်ကိုဟကာ မေးလိုက်ပါပြီ… "အင်း… အခုတော့ မင်းက မင်းရဲ့ အန္တိမ တာအိုအရင်းမြစ်ကို ဆုံးရှုံးသွားခဲ့ပြီကွာ။ မင်းရဲ့ ကလန်အစ်ကိုဖြစ်တဲ့… ရှီထျန်းနီဆိုတဲ့ကောင်ကို မမုန်းဘူးလားကွ? သူက နဂိုကတည်းက ဒွိစုံမျက်လုံးနဲ့ မွေးလာခဲ့တာလေ… အခုတော့ မင်းရဲ့ အန္တိမ တာအိုအရင်းမြစ်ကိုပါ ရသွားပြီဟ။ အခုဆိုရင်… ကျားကိုအတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားတော့… တခြား ပါရမီရှင်တွေတောင်မှပဲ သူ့ကို အမှီလိုက်ဖို့ဆိုတာ ခက်ခဲသွားကြပြီကွ…"
ရှောင်ပုတန်လေးကလဲ တဖြေးဖြေးနဲ့ ငြိမ်သက်ကာ လာခဲ့ပါပြီ။ သူ့ရဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်းနဲ့ပဲ… ပြောလိုက်ပြီလေ… "ဟင့်… ဒါက တာအိုအရင်းမြစ် တစ်ခုပဲ မဟုတ်လား? ဦးသျှောင်ဧကရာဇ် အဆင့်ဆိုတာ ခန့်အပ်ခြင်းကို ခံထားရတာမဟုတ်ဘူးဗျ… သူတို့ကို တစ်ယောက်ရဲ့ ခြေလှမ်းတွေနဲ့ ကိုယ်တိုင်လျှောက်လှမ်းမှ ရတာလေ။ ကျွန်တော်က သူနဲ့ ကမ္ဘာဦးဝိညာဉ် အဆင့်ကျရင် တွေ့မယ်ဗျ!"
လင်းဖုန်းကလဲ ပြုံးလိုက်ပါတယ်။ ရှောင်ပုတန်လေးကလဲ ကောင်းချီးပေးတာကို ခံစားလိုက်ရပြီး… ချက်ချင်းပဲ ဒူးထောက်လိုက်ပြီလေ… "အား… ဆရာသခင်… ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပြီး တာအိုနည်းစနစ်တွေကို သင်ကြားပေးပါခင်ဗျာ…"
ဒီအချိန်မှာပဲ စနစ်ကြီးရဲ့ အကြောင်းကြားချက်ဟာ သူ့ရဲ့နားအထဲမှာ ပေါ်ပေါက်လာခဲ့ပါပြီ။ လင်းဖုန်းအတွက်ကတော့ နတ်ဘုရားမလေး တစ်ပါးရဲ့ အသံအလားပါပဲ။
"သင့်ရဲ့ ပထမဦးဆုံးသော တပည့်… ရှီထျန်းဟောင်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်…"
"သင်ဟာ အောက်ပါအရာများကို ဆုလာဘ်အဖြစ်နဲ့ ရရှိပါတယ်… ကံစမ်းမဲ နှိုက်ခွင့်တစ်ခေါက်နဲ့ ကုန်သွယ်မှု အမှတ် ၅၀၀ တို့ပဲဖြစ်ကြပါတယ်…"
လင်းဖုန်းတစ်ယောက် ဒုတိယအကြိမ်မှာ ဘာကံထူးမှာလဲ? ဘယ်လိုမျိုး ဗရုတ်သုတ်ခ ဖြစ်ဦးမလည်း? ဆိုတာကို
အပိုင်း (၁၀) : ဒုတိယအကြိမ် ကံစမ်းမဲနှိုက်ခွင့် မှာ ဆက်လက်ဖတ်ရှု ရမှာ ဖြစ်ပါတယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu