၅၉၆။ ၇ခုမြောက် ရိုက်ချက်-၃
ချီတိုင်းပြည်က သေးငယ်သော နိုင်ငံဖြစ်သည်။ သို့သော် ရူလင်းစစ်တပ်၏ ဂုဏ်သတင်းက ကုန်းမြေတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် ထင်ပေါ်ကျော်ကြားသည်။
အတိုက်အခိုက် အလွန် ကြမ်းတမ်းရက်စက်သည်ဟူ၍ နာမည်ကျော်သော အင်အားစုက အခု လေညင်းကျောင်းတော်၏ ဂိတ်တံခါးမှာ ပေါ်ပေါက်လာသည်။ သူတို့ ဒီမှာ ဘာလုပ်ကြမှာလိမ့်။
အကိုကြီး လူ ထွက်သွားတုန်းက သူ မပြောခဲ့ဘူးလား... အမကြီးနင်က... ရူလင်းစစ်တပ်က ဗိုလ်ချုပ်ကို... သတ်ဖို့ ကြိုးစားခဲ့တယ်လို့လေ... ခေါင်းသွက်သော လူငယ်တစ်ယောက်က လူဝေဂျိုင် ထွက်မသွားခင် ပြောပြခဲ့သော အကြောင်းအရာကို ရုတ်တရက် ပြန်မိသွားသည်။
လူဝေဂျိုင် ကျောင်းတော်မှ နှင်ထုတ်ခံရသော နေ့မှာ, သူ ထွက်ခွာမသွားခင် မုန်တိုင်းထန်အောင် လုပ်ဆောင်ခဲ့ပြီး နင်ရှင်း၏ ဂုဏ်သိက္ခာကို နွံထဲ ဆွဲချသွားခဲ့သည်။ သို့သော် နင်ရှင်းအား စွပ်စွဲချက်က ဂျန်ရှီ၏ လီဇီမုအား သတ်ဖြတ်ခြင်းဟူသော သတင်းက အမြန်အဆန် လွှမ်းမိုးပျောက်ပျက်သွားစေခဲ့သဖြင့် မေ့သလောက်ပင် ဖြစ်သွားရသည်။ ရူလင်းစစ်တပ်က ကြီးကျယ်ခန်းနားသော အသွင်အပြင်ဖြင့် ကျောင်းတော်ဂိတ်တံခါးရှေ့မှာ ပေါ်ပေါက်လာသဖြင့် မေ့ပျောက်လုလု ထိုကိစ္စက ပြန်လည် သက်ဝင်လှုပ်ရှားလာလေ၏။ ထိုကောလာဟလ လေရဟတ်က ကြမ်းကြမ်းတမ်းတမ်း အရှိန်ပြင်းပြင်းဖြင့် နောက်တစ်ကြိမ် ပြန်လည်လာသည်။
(ဒါက လူဝေဂျိုင် ပြောပြခဲ့တဲ့ အရာတွေက အကုန် အမှန်တွေလို့ ဆိုလိုတာ မဟုတ်လား။)
ဖန်ချီက အချိန်တိုအတွင်းမှာ ဂိတ်တံခါးရှေ့သို့ သုတ်သုတ်ပျာပျာ ရောက်ရှိလာသည်။ ခမ်းနားထည်ဝါသော ဖွဲ့စည်းခြင်းဖြင့် ရပ်တည်နေသော ရူလင်းစစ်တပ်ကို မြင်လျှင် သူ တုန်လှုပ်သွားသည်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။
ထောင်ထောင်မောင်းမောင်း စစ်သားများအကြားတွင် ဆန့်ကျင်ဘက်အသွင်အပြင်ဖြင့် ကွဲပြားထွက်နေသော မိန်းကလေးကို သူ သတိပြုမိသည်။ သူမက လောင်ချီဘေး မြင့်မားသော မြင်းပေါ်တွင် ရှိနေသည်။ သူမက ရှေ့မှောက်ရှိ အင်အားစုကို အမိန့်ပေးနိုင်သူ ဖြစ်သည်။ သူမ၏ ဇာစ်မြစ်က တကယ်ပင် သာမန်မဟုတ်သော တစ်စုံတယောက် ဖြစ်သည်။
ဗိုလ်ချုပ်လောင် ရောက်ရှိလာတာကို ကျုပ် သတိမထားမိဘူးဖြစ်သွားတယ်၊ ကျုပ် ကြိုဆိုတာ နှောင့်နှေးသွားလို့ သည်းခံပေးစေချင်ပါတယ်၊ ကျုပ်တို့ရဲ့ ဧည့်သည်တွေကို စကားစမြည် ပြောဆိုဖို့ ဖိတ်မံပါရစေ။ ဖန်ချီက ရှေ့မှောက်တွင် တည်ငြိမ်အေးဆေးသည့် အသွင်ကို ကြိုးစား ထိန်းသိမ်းထားသည်။
ပြီးခဲ့သည့် အမဲလိုက်ပွဲ ပြီးဆုံးကတည်းက ဒီလို စိတ်ပျက်စရာနေ့ရက် ရောက်လာလိမ့်မှန်း သူ သိထားသည်။ လူဝေဂျိုင်နှင့် တခြားကျောင်းသားများကို အမြန် နှင်ထုတ်ပစ်ရခြင်းကလည်း ဒီအကြောင်းကြောင့်ပင်။ ရူလင်းစစ်တပ်နှင့် မုချန်၏ အမျက်ဒေါသကို နှစ်သိမ့်ပေးနိုင်ရန် ဖြစ်သည်။
လောင်ချီက ခေါင်းညိတ်၍ သူ့လက်ကို မြှောက်ပြလိုက်သည်။ သူ့နောက်ရှိ တစ်ရာကျော်သော စစ်သားများက ချက်ချင်းပင် မြင်းဇက်ကြိုးကို တင်းတင်းဆွဲ၍ စစ်မြင်းများဘေးတွင် တင်းတင်းမာမာ ရပ်လိုက်ကြသည်။
စစ်သားများ၏ တိကျပြီး တစ်ပုံစံတည်း လှုပ်ရှားမှုကြောင့် ကျောင်းသားများ အံ့အားတသင့် ဖြစ်ကုန်သည်။ သူတို့က နှစ်သက်သဘောကျသွားသဖြင့် နှလုံးခုန် မြန်သွားကြသည်။ သူတို့ သွေးများသည်ပင် ဆူဝေလာကြသည်။
ကျောင်းသားများက မြူးကြွလန်းဆန်းသော အသက်အရွယ်၏ အထွတ်အထိပ်မှာ ရှိနေကြသည်။ ၎င်းအရွယ် ကျောင်းသားများက ချပ်ဝတ်တန်ဆာဝတ် စစ်သားများ၏ တညီတညာတည်း လှုပ်ရှားပြသမှုမှာ အဘယ့်ကြောင့် မရူးသွပ်ဘဲ နေနိုင်ကြမည်နည်း။
လောင်ချီက သူကိုယ်တိုင် မြင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် သေးသေးသွယ်သွယ် မိန်းမပျိုကို လက်ဆန့်တန်းပေး၍ မြင်းပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။
သူမက... ဖန်ချီက လှပသော်လည်း အေးစက်စက်နိုင်သော မိန်းကလေးကို ကြည့်၍ သိချင်သဖြင့် မေးသည်။
လင်းအိမ်တော် သခင်မလေး, ဂျန်ဝုရှီ လောင်ချီက သူ့ကျောပြင်ကို ဖြောင့်ဖြောင့်ဆန့်၍ ခမ်းနားထည်ဝါသော လေသံဖြင့် ဖြေသည်။
(လင်းအိမ်တော် သခင်မလေးဆိုပါလား။)
ဖန်ချီ၏ အားတင်း၍ တည်ငြိမ်ဟန်ဆောင်ထားသော အပြင်ပန်းသွင်ပြင်က တုန်လှုပ်ခြင်းကြောင့် အနည်းငယ် ယိုယွင်းသွားရသည်။ ရူလင်းစစ်တပ်က ချီတိုင်းပြည်၏ မြို့စားကြီးဖြစ်သူ ဂျန်ရှင်းယန်၏ အမိန့်ကိုသာ နာခံသည်။ ဘုရင်ကြီးက ရူလင်းစစ်တပ်အပေါ် အာဏာမသက်ရောက်ပေ။ ရူလင်းစစ်တပ်က လင်းအိမ်တော်သွေးဆက်ရှိသူများ၏ အမိန့်ကိုသာ နာခံသည်။ ဂျန်ဝုရှီက ငယ်ရွယ်ပြီး မိန်းကလေး ဖြစ်သော်ငြား, သူမ နာမည်က ဂျန် ဖြစ်နေသဖြင့် ရူလင်းစစ်တပ်အပေါ် အာဏာသက်ရောက်ကြောင်းကို ဖန်ချီအား ပြောပြနေသည်။ ဒါက ငြင်းဆိုစရာအချက် မဟုတ်ပေ။
ဖန်ချီက ဒီကိစ္စတစ်ခုလုံးကို ဘေးချိတ်ပစ်ရန် တကယ် ရည်ရွယ်ခဲ့သည်။ သို့သော် သူ အခု အတော် စိုးရိမ်ပူပန်စ ပြုလာသည်။ ဂျန်မိသားစုဝင်ကိုယ်တိုင်ပင် ဒီရောက်သည်အထိ လာခဲ့လေပြီ။ ဒီကိစ္စကို အမူမဲ့အမှတ်မဲ့ ဖြစ်သလို လွယ်လွယ်ကူကူ ဖြေရှင်းလို့ မရတော့မှန်း ဖန်ချီ သတိပြုမိသွားသည်။
နောက်ဖက်မှ စိတ်အားထက်သန်စွာ ကြည့်နေကြသော ကျောင်းသားများ အားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။ လှပပြီး ညှို့ငင်အားကောင်းသော ထိုမိန်းကလေးက သူတို့အောက် အတော့်ကို ငယ်ရွယ်သည်။ သို့သော် သူတို့ မျက်လုံးများ ပြူးကျယ်သွားအောင် အံ့အားသင့်စေနိုင်သည်။
သူမက သိသာထင်ရှားစွာ အလွန် ငယ်ရွယ်သည်။ သို့သော် သူမထံမှ စိမ့်ထွက်လာသော အရှိန်အဝါက သူမအသက်အရွယ်ကို မေ့လျော့သွားစေသည်။ သူမက အရပ်ထောင်ထောင်မောင်းမောင်းဖြင့် ရက်စက်ကြမ်းကြုတ်သော ရူလင်းစစ်သားများကြားတွင် ရပ်နေသော်လည်း အနည်းငယ်မျှ အင်အားနည်းခြင်းကို မတွေ့မမြင်ရပေ။ သူမ၏ အေးစက်မာကျောသော အမူအရာက သူမ၏ လွှမ်းမိုးနိုင်စွမ်းသော တည်ရှိမှုကို မည်သူ့အားမျှ အထင်မသေးဝံ့စေ။
သူမက ဒီတိုက်ခိုက်မှု ကြမ်းတမ်းလွန်းသော အင်အားစုကို ဦးဆောင်ဖို့ မွေးဖွားလာခဲ့ပုံ ပေါ်နေသည်။
ကျောင်းတော်သားအားလုံးကို လှပသော အမျိုးသမီးက လုံးဝ လူရာ မသွင်းထားပေ။ သို့သော် သူတို့ မည်သို့မျှ အပြစ်မဆိုဝံ့ကြချေ။ သူတို့ ခေါင်းများ ငုံ့ထားကြပြီး ဂျန်ဝုရှီကို ခခယယ ကြည့်ဖို့ပင် မဝံ့ရဲကြချေ။
ဒါဆို သူမက နာမည်ကျော် ဂျန်မိသားစုသခင်မလေးကိုး၊ ဂုဏ်သရေရှိ ဧည့်သည်ကို ကြိုဆိုဖို့ နှောင့်နှေးသွားလို့ ခွင့်လွှတ်ပေးပါ။ ဖန်ချီက ကသိကအောက်နိုင်စွာ ပြုံးပြ၍ ပြောသည်။ သူ့နှလုံးသားက တင်းတင်းကျပ်ကျပ် ဖြစ်သည်အထိ တုန်လှုပ်နေဆဲပင် ဖြစ်သည်။
ဂျန်ဝုရှီက ဖန်ချီကို အဖက်မတန်သလို ဖျတ်ခနဲ ကြည့်၍ ပြန်ပြောသည် ဒါတွေ မလိုပါဘူး၊ ကျမ ဒီလာတာ ရူလင်းစစ်တပ်အတွက် တရားမျှတမှုကို လာတောင်းဆိုတာပါ၊ ဒီကိစ္စကို ကျောင်းအုပ်ကြီးက နှေးဖင့်မနေဘဲ ဖြေရှင်းပေးတာကိုပဲ ကျမ သဘောကျတယ်။