Chapter 60
Imperial MeowJuly 16, 2023
Chapter 60
ဤအချိန်တွင် သူတို့က အကူအညီတောင်းသည့် သူများဖြစ်ရာ တောင်းဆိုချက်များကို ထပ်မတိုးဝံ့ပါပေ။ ထို့အပြင် လူကြီးမင်း ကျွမ်းချင်၏ အကြည့်က အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။ သူတို့က နောက်ထပ် စကားတစ်ခွန်းပြောခြင်းသည် ဤနဂါးသခင်ကို ဒေါသထွက်စေမည်ကို ကြောက်ရွံ့နေကြပေသည်။
"လူကြီးမင်းခွန်းဖမ်..."
ခွန်းဖမ်က နဂါးနန်းတော်၏ အဓိက ဝင်ပေါက်ကို အစိတ်စိတ် ဖြိုခွဲလုနီးနီးဖြစ်သည်ကို မြင်ရာ ဖူလီက ရှေ့တိုးကာ သူ့ကို တားဆီးလိုက်သည်။
"မင်းမှာ ပြောစရာတစ်ခုခုရှိရင် ငါတို့ အခုပြောလို့ရတယ်... ဒါက မလိုအပ်ပါဘူး..."
"ဟမ့်..."
ခွန်းဖမ်က မြေပြင်တွင် လဲနေသော နဂါးများကို ကြည့်လိုက်သည်။ သူ့၏ လူသားပုံစံသို့ပြောင်းကာ နဂါးတစ်ကောင်၏ ခေါင်းပေါ်သို့ တက်လိုက်သည်။
"မင်းတို့တွေက ငါ့ကို ဒုက္ခရောက်စေချင်နေတယ်လို့ ငါကြားတယ်..."
မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော နဂါးများက နာကျင်စွာ လူးလိမ့်နေပြီး ခွန်းဖမ်၏ မေးခွန်းကို လုံးဝပင် မဖြေနိုင်ပါချေ။ ခွန်းဖမ် နင်းထားသော နဂါးမှာ ပို၍ သနားစဖွယ် အခြေအနေပင် ဖြစ်နေသည်။ သူက မူလကတည်းက နာကျင်စွာ လူးလိမ့်နေသော်လည်း ခွန်းဖမ်၏ တက်နင်းခြင်းကို ခံလိုက်ရပြီးနောက် သူက မလှုပ်ဝံ့တော့ပါချေ။ သူက ဆက်လက် လှုပ်ရှားနေပါက အနာဂတ်တွင် လှုပ်ရှားနိုင်သည့် အခွင့်အရေးပင် ဆုံးရှုံးသွားနိုင်ပေသည်။
"လူကြီးမင်း ခွန်းဖမ်... ထားလိုက်ပါ... ထားလိုက်ပါ..."
ဖူလီက ရှေ့တိုးလာပြီး ခွန်းဖမ်ကို အရိုအသေပေးလိုက်သည်။
"လူကြီးမင်းမှာ ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ကျွန်တော်တို့အခုပြောလို့ရပါတယ်... အားသုံးစရာ မလိုပါဘူး..."
ခွန်းဖမ်က ဖူလီကို ဘေးသို့ တွန်းလိုက်ပြီး သူ့ခြေထောက်အောက်မှ နဂါးကို လွတ်ပေးလိုက်သည်။
"ငါ့ကို တိုင်ချင်တဲ့လူတွေ ရှေ့တက်ခဲ့စမ်း..."
နဂါးတစ်ကောင်သည်ပင် မလှုပ်ဝံ့ပါချေ။ ထိုအခိုက်တွင် နဂါးနန်းတော်၏ ဝင်ပေါက်မှာ အလွန် တိတ်ဆိတ်နေ၍ အပ်ကျသံပင် ကြားနိုင်ပေသည်။
"လူကြီးမင်းခွန်းဖမ်..."
အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက နန်းတော် တံခါးဆီမှ ထွက်လာသည်။ သူက ခွန်းဖမ်ကို အရိုအသေပေးလိုက်သည်။
"လူကြီးမင်း ခွန်းဖမ်... ကျေးဇူးပြုပြီး စိတ်လျော့ပါ..."
"မင်းလား..."
ခွန်းဖမ်မှာ ထိုညက လက်ဝါးတစ်ချက်တည်းဖြင့် နောက်ပြန်ကျသွားသည့် အသုံးမကျသည့် နဂါးတစ်ကောင်အဖြစ် သူ့အားမှတ်မိပေသည်။
"ငါ့လို ခွန်းဖမ်ရှေ့မှာ သေးသိမ်လိုက်တာ... ငါမင်းကို ဒီတစ်ခေါက် စီမံခန့်ခွဲရေး ဗျူရိုရဲ့ မျက်နှာထောက်ပြီး အသက်ချမ်းသာပေးလိုက်မယ်... ဒါမှမဟုတ်ရင် မင်းတို့ မိုးပြာနဂါးမျိုးနွယ်က ဒီတံခါးလိုဖြစ်သွားမယ်..."
သူက လေထဲတွင် လက်တစ်ဖက် မြှောက်လိုက်ပြီး နဂါးနန်းတော်၏ တံခါးကို ဖုန်မှုန့်အဖြစ် ပြောင်းပစ်လိုက်သည်။
"ငါက မင်းရဲ့ ဘိုးဘေး ဆယ်ချီကို တစ်လုပ်တည်းနဲ့ မျိုချနိုင်တယ်... မင်းတို့က ဘာမှမဟုတ်ဘူး..."
ခွန်းဖမ်က မိုးပြာနဂါးမျိုးနွယ်ကို မျက်နှာသာ လုံးဝ မပေးပါချေ။
"မင်းတို့ ဘိုးဘေးတွေကမှ သတ္တိရှိတယ်လို့ ယူဆလို့ရသေးတယ်... သူတို့က တစ်ဖက်လူကို အနိုင်မတိုက်နိုင်ရင်တောင် အကုန်လုံးထွက်လာပြီး အသက်စတေးခံကြမှာ... မင်းတို့ မျိုးဆက်ကတော့ လှည့်ကွက်တွေ ဘယ်လိုသုံးရမလဲပဲ သိတယ်... မင်းတို့ အဲ့လှည့်ကွက်တွေအကုန် ဘယ်က ထုတ်လာတယ်ဆိုတာ ဘယ်သူက သိမှာလဲ..."
ချင်ယန်းက နှစ်သုံးထောင်ကြာအောင် နာမည်ကောင်းနှင့် နေထိုင်ခဲ့ပေသည်။ သူက ဤကဲ့သို့ အရှက်ခွဲခြင်းမျိုးကို တစ်ကြိမ်ပင် မကြုံခဲ့ရဖူးပါချေ။ နဂါး မျိုးနွယ်အပေါ် ကျွမ်းချင်၏ စိတ်ထားမှာ အေးစက်သော်လည်း သူလုပ်သည်မှာ တိတ်ဆိတ်နေခြင်းသာ ဖြစ်သည်။
သူက ဘယ်တုန်းက ခွန်းဖမ်လို အညှာအတာမရှိ ပြုမူဖူးလို့လဲ...
"စောင့်ရှောက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်… လူကြီးမင်းခွန်းဖမ်..."
ချင်ယန်းက ခွန်းဖမ်ကို ဦးညွတ်ပြီးနောက် ဖူလီဘက်သို့လှည့်ကာ ကျေးဇူးတင်လိုက်သည်။
"ဖူကျင့်ကြံသူကိုလည်း ကျေးဇူးတင်ပါတယ်..."
အပြင်ပိုင်းတွင် ဖူလီက ကူညီကာ ခွန်းဖမ်ကို မတားဆီးပေးပါက ခွန်းဖမ်က သလင်းကျောက်နန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခြေ ရှိပေသည်။ သို့သော် ခွန်းဖမ်က သူတို့ စီမံခန့်ခွဲရေး ဗျူရိုသို့ တိုင်ကြားပြီးပြီးချင်းတွင် ပြဿနာလာရှာခဲ့သည်။ သူတို့ နဂါးမျိုးနွယ်မှာ သူ့မျက်စိထဲတွင် ဘာမှမဟုတ်သည်မှာ ရှင်းလင်းပေသည်။
စီမံခန့်ခွဲရေး ဗျူရိုက မကူညီဘူးလား...
ကူညီပါတယ်...
ဒါပေမဲ့ အကျိုးရှိလား...
ဒါပေါ့ ရှိတာပေါ့... အနည်းဆုံးတော့ နဂါးတစ်ကောင်မှ မသေသွားဘူးလေ...
တခြားသော မိစ္ဆာများ၏ အမြင်မှဆိုလျှင် အစွမ်းထက် မိုးပြာနဂါးမျိုးနွယ်က ခွန်းဖမ်၏ အနိုင်ကျင့်ခြင်းကို ဤမျှအထိ ခံလိုက်ရပေသည်။ စီမံခန့်ခွဲရေး ဗျူရိုက သူတို့ကို ကာကွယ်သည့်အတွက် သူတို့ကိုလည်း ထည့်တွက်ရပေမည်။ သို့သော် ဤအဖြစ်အပျက်မှာ ခွန်းဖမ်နှင့် ဖူလီတို့ပေါင်းကြံခြင်းဖြစ်သည်ကို ချင်ယန်းက ကောင်းကောင်းနားလည်ပေသည်။
ချင်ယန်းက ဖူလီနှင့် ခွန်းဖမ်ကြားတွင် လျှို့ဝှက်ချက် သို့မဟုတ် အဆက်အသွယ် ရှိနေမည်ကို သံသယ ရှိပေသည်။ သို့မဟုတ်ပါက ခွန်းဖမ်က အဘယ့်ကြောင့် စီမံခန့်ခွဲရေး ဗျူရိုထဲတွင် ဆက်လက်နေလိုမည်နည်း။
ဒီလို နက်နဲတဲ့ ကျင့်ကြံခြင်းနဲ့ ရှေးဟောင်း မိစ္ဆာကြီးတစ်ကောင်က ကိစ္စတွေ လုပ်တဲ့အခါမှာ ဘာအတွက် စီမံခန့်ခွဲရေး ဗျူရိုရဲ့ မျက်နှာကို ထောက်ဖို့ လိုမှာလဲ...
ချင်ယန်းက ထူးထူးဆန်းဆန်း လေးစားနေသည့်ပုံပေါ်သော်လည်း အနာဂတ် မိစ္ဆာလောကတွင် ဖြစ်ပွားလာမည့် ပြဿနာများကို တိတ်တဆိတ် တွေးတောနေပေသည်။ သူက ခေါင်းလှည့်ကာ ဘေးတွင် ထိုင်နေသော ကျွမ်းချင်ကို ကြည့်လိုက်သည်။ ကျွမ်းချင်က ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။
သူနှင့် ကျွမ်းချင်က မျိုးနွယ်တူသော်လည်း သူတို့ကြားတွင် အတိတ်က မကျေမချမ်းမှုများ ရှိပေသည်။
ကျွမ်းချင်ကြောင့်သာ မဟုတ်ပါက လူမျိုးစု၏ ကံတရားနှင့် ချည်နှောင်ရမည့် နဂါးမှာ သူဖြစ်ပေမည်။ မိုးပြာနဂါးမျိုးနွယ်က ကောင်းကင်ဘုံ အခွင့်အရေး ဆင်းသက်လာမည့် အချိန်ကို ကြိုတင်ဟောပြောပေးရန် ကျွမ်းကျင်သော ရှေ့ဖြစ်ဟောသူတစ်ဦးကို ဖိတ်ကြားခဲ့သည်အထိ စိတ်ရော ကိုယ်ပါ အားစိုက်ထုတ်ခဲ့ကြပေသည်။ သို့သော် ၄င်းကို ကြိုတင် ဟောထားသော်လည်း လူမျိုးစု၏ ကံတရားမှာ သူဝင်ရောက်လာသည့်အချိန်တွင် ကျွမ်းချင်နှင့် ချည်နှောင်ထားပြီး ဖြစ်လေသည်။
သူက မိုးပြာ နဂါးမျိုးနွယ်တွင် သဘာဝအလျှောက် အရည်အချင်း အရှိဆုံး နဂါးဖြစ်ပေသည်။ သူမွေးဖွားချိန်တွင် မင်္ဂလာရှိသော အလင်းတစ်ခု ထွန်းလင်းလာကာ သူ့၏ သွင်ပြင်များသည်လည်း ကံကောင်းခြင်းတို့ ကိုယ်စားပြုနေလေသည်။ နဂါးမျိုးနွယ် တစ်ခုလုံးက ဤကုန်းမြေ၏ လူသားများသို့ ပေးအပ်ခဲ့သော ကောင်းချီးများက နဂါးများဆီသို့ ပြန်ရောက်လာပြီ ဖြစ်ကာ နဂါးမျိုးနွယ်ဝင်တစ်ဦးက လူမျိုးစု ကံတရား၏ နဂါးတစ်ကောင်ဖြစ်လာပြီး ထိုနဂါးမှာ သူဖြစ်သည်ဟု ဆိုခဲ့ကြသည်။
သို့ဖြစ်၍ သူက လူသားတို့၏ မျက်နှာပေးမှု ရရှိရန်အတွက် ပိုမိုလွယ်ကူစေရန် မည်သို့ပြုံးရမည်နှင့် နဂါးများ၏ မည်သည့်အပိုင်းကို လူသားတို့က နှစ်ခြိုက်သည်ကိုသိလာပေသည်။ သို့သော် ကောင်းကင်ဘုံ စည်းမျဥ်းမှာ မမျှတပဲ ဤအခွင့်အရေးကြီးကို သွေးနှောနဂါးတစ်ကောင်အား ပေးအပ်ခဲ့သည်။
ရယ်စရာကောင်းလိုက်တာ... သူက တကယ်ပဲ ညစ်ပတ်တဲ့ သွေးတွေနဲ့ ပြည့်နေတဲ့ မျိုးစပ်နဂါးတစ်ကောင်ကို တကယ်ပဲ နှိုင်းယှဉ်လို့ မရဘူးလား... အဆင့်နိမ့်ပြီး အစွမ်းမရှိတဲ့ လူသားတွေက မြင့်မြတ်တဲ့ နဂါးမျိုးနွယ်ကို ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ...
"နဂါးသခင် ချင်ယန်း..."
ကျွမ်းချင်က လျှောက်လာပြီး ချင်ယန်းရှေ့တွင် ရပ်လိုက်သည်။
"မင်း ပုံစံကြည့်ရတာ အရမ်းကောင်းတဲ့ ပုံမရဘူး... ကျန်းမာရေး ဂရုစိုက်နော်..."
"စိုးရိမ်ပေးတာ ကျွမ်းကျင့်ကြံသူကို ကျေးဇူးတင်ပါတယ်..."
ချင်ယန်းက သူ့ကို ပြုံးပြလိုက်သည်။
"ငါတို့ မျိုးနွယ်ရဲ့ လူတွေက မတွေးတတ်ပဲ ကျွမ်းကျင့်ကြံသူကို ဒုက္ခတွေးပေးမိပြီ..."
ဤတစ်ကြိမ်တွင် သူက ခေါင်းဆောင်ကျွမ်းချင်ဟုရော နဂါးသခင်ဟုရော မခေါ်တော့ပါချေ။ ထိုအစား သူက 'ကျင့်ကြံသူ'ဟူသော အသုံးအနှုန်းကိုသာ သုံးလိုက်ပေသည်။
"ရပါတယ်... ငါ အကျင့်ဖြစ်နေပါပြီ..."
ကျွမ်းချင်က မြေပြင်တွင် ပျံ့ကျဲနေသော သလင်းကျောက်များကို ကြည့်လိုက်ပြီး သူ့မျက်နှာက ရေခဲတုံးတစ်တုံးသဖွယ် ဆင်တူနေပေသည်။
သူ့အား လှောင်ပြောင်ခဲ့သော နဂါးများနှင့် ရေသတ္တဝါများ၏ မှောင်မဲကာ စုတ်ပြတ်နေသည့် အိမ်နှင့် မြင့်မားလှသော နဂါးနန်းတော် စသည်များ အားလုံးက သူ့မှတ်ဉာဏ်များ၏ ပျင်းစရာအပိုင်းများ ဖြစ်ပေသည်။
"ကျွမ်းချင်..."
ဖူလီက ကျွမ်းချင်ဆီသို့ လျှောက်လာလေသည်။
"မိုးပြာနဂါးမျိုးနွယ်က ခွန်းဖမ်နဲ့ ပြန်သင့်မြတ်ချင်နေပြီးတော့ ခွန်းဖမ်က သူတို့ကို အလျော်ပေးစရာ မလိုတော့ဘူး... ဒီကိစ္စက..."
"မိစ္ဆာကျင့်ကြံသူတွေကြားမှာဖြစ်တဲ့ ဒီလိုမျိုး လူမှုရေး အငြင်းပွားမှုတွေ အတွက်ကတော့ နစ်နာသူတွေက ဆက်ပြီး လုပ်ဆောင်လိုစိတ်မရှိတော့ရင် ငါတို့ စီမံခန့်ခွဲရေး ဗျူရိုက ကြားဝင်လို့မရဘူး..."
ကျွမ်းချင်က မျက်နှာတည်ဖြင့် ပြန်ဖြေလိုက်သည်။
"ဒီမှာ ငါတို့ကို မလိုတော့ဘူးဆိုမှတော့ သွားကြစို့..."
ဖူလီက ကြမ်းပြင်ပေါ်တွင် လဲနေကြသော နဂါးများကို ဝေ့ကြည့်လိုက်ပြီး ချိုတစ်ဖက် ပျောက်နေသော နဂါးတစ်ကောင်နှင့် ရင်းနှီးနေသည်ကို သဘောပေါက်သွားလေသည်။ သူက သူ့အား အနည်းငယ် ထပ်မံကြည့်လိုသော်လည်း ထိုနဂါးက မမျှော်လင့်ထားစွာ သူ့အားမမြင်လိုသကဲ့သို့ သန္တာကျောက်တုံးတစ်တုံနောက်သို့ ဝင်ပုန်းလိုက်လေသည်။
နဂါးတွေက ရှက်တတ်တယ်လား...
ဖူလီက အကြည့်လွှဲကာ ချောင်းခြောက်ဆိုးလိုက်သည်။
"မိုးပြာနဂါး မျိုးနွယ်က ဒီကိစ္စကို ဆက်ပြီး မလုပ်ချင်တော့ရင်တောင် ခွန်းဖမ်ကို ငါတို့နဲ့ ခေါ်သွားဖို့ လိုတယ်... နောက်ထပ် အငြင်းပွားစရာတွေ ထပ်ဖြစ်လာရင် မိုးပြာနဂါးမျိုးနွယ်က အထိနာမှာကို စိုးရိမ်တယ်..."
မာနကြီးလှသော မိုးပြာနဂါးမျိုးနွယ်မှာ အလွန်ဆိုးဆိုးဝါးဝါး အရှက်ခွဲခံရသော်လည်း သူတို့က ခွန်းဖမ်နှင့် ရင်ဆိုင်ရပါက အမှန်တကယ်ပင် ကူကယ်ရာမဲ့နေသည်ဖြစ်ရာ မည်သူကမှ ဖူလီ၏ စကားလုံးများကို မမှန်ကန်ဟု မပြောဆိုဝံ့ပါချေ။
အကြွင်းမဲ့ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းများအားလုံးက အသုံးမဝင်ပါပေ။ ရှေးအချိန်များအတွင်း၌ မဟာမိစ္ဆာသည် ကုန်းမြေများကို လှည့်လည်သွားလာနေခဲ့ပေသည်။
သူတို့ရဲ့ ဘိုးဘေးတွေ ဘယ်လိုလုပ်ပြီး ရှင်သန်ခဲ့တာလဲ...
သူတို့ရဲ့ နဂါးမျိုးနွယ်က... တကယ်ပဲ ပြိုင်ဘက်ကင်းပြီး ခံ့ညားခဲ့တာလား...
ခွန်းဖမ်က နဂါးနန်းတော်ကို ဖျက်ဆီးကာ နဂါးများကို ရိုက်နှက်ပြီးနောက် စိတ်အခြေအနေကောင်းနေပေသည်။ ဖူလီက သူ့ကို တစ်ယောက်တည်း ပြန်ခေါ်ချင်လိုသည်ကို ကြားရာ သူက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ... ငါမင်း မျက်နှာထောက်ပြီး ပြန်လိုက်ခဲ့မယ်..."
'မျက်နှာထောက်သည်'ဟူသည်မှာ ခွန်းဖမ်၏ လက်သုံးစကား ဖြစ်ပုံရပေသည်။
ခွန်းဖမ်နှင့် ဗျူရိုမှ လူများ ထွက်သွားသောအခါ မိုးပြာနဂါးမျိုးနွယ်၏ သလင်းကျောက်နန်းတော်သည် အစီအစဉ်မကျသည့် အမှိုက်များသာ ကျန်ခဲ့ပေသည်။ ခွန်းဖမ် ပြဿနာစရှာသည့်အခါ မိုးပြာနဂါးမျိုးက တခြားသော နဂါးမျိုးနွယ်များထံမှ အကူအညီတောင်းခံထားသော်လည်း မည်သည့် နဂါးမျိုးနွယ်မှ တပ်ကူ မလွတ်ပေးပါချေ။
မိုးပြာနဂါးမျိုးနွယ်က အပျက်အစီးများကို ပြန်လည် ရှင်းလင်းပြီးနောက် နဂါးဘုရင်က နောက်ဆုံးတွင် လက်ထောက်တစ်ယောက်ကို စေလွှတ်ကာ အသုံးမဝင်သော ပုလဲနှင့် စာနာစကားများကို ပေးပို့လာပေသည်။
ဒေါသထွက်လွယ်သော မိုးပြာနဂါးတစ်ကောင်က စတင်ကာ လှောင်ပြောင်လိုက်သည်။
"နဂါးဘုရင်က တကယ့်ကို ကြင်နာတတ်တာပဲ... ငါတို့ မိုးပြာ နဂါးတွေ မသေတာကို မြင်တာတောင် လူတွေ လွှတ်ပေးနေသေးတယ်..."
"ဒီနဂါးဘုရင်ရဲ့ စကားလုံးတွေက ကြမ်းတယ်..."
နဂါးဘုရင် ပို့လိုက်သော လက်ထောက်မှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော ကုန်းလိပ်တစ်ကောင်ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းက မြင့်မားသည်ဟု ယူဆရသော်လည်း သူ့၏ စကားပြောစွမ်းရည်နှင့် ဒေါသမှာ ပထမဆုံးဖြစ်လေသည်။ သူက ဂျူနီယာတစ်ယောက်ထံမှ လှောင်ပြောင်ခံရသော်လည်း ဒေါသမထွက်ပါချေ။ ထိုအစား သူက ဖြည်းညင်းစွာ ဆိုလိုက်သည်။
"နဂါးဘုရင်က ပြောတယ် နဂါးမျိုးနွယ်ထဲမှာ စုစုပေါင်း ၅၈ယောက်ပဲ ရှိတာတဲ့... အဲ့ထဲမှာမှ တစ်ဝက်က မင်းတို့ မိုးပြာမျိုးနွယ်ကလေ... တစ်ခြား မျိုးနွယ်တွေမှာက နဂါးနည်းနည်းပဲ ရှိတာ... သူတို့က ဒီအလောင်းအစားကို မလုပ်နိုင်ဘူးလေ..."
"လက်ရှိ ကျင့်ကြံခြင်းလောကအတွက် စီမံခန့်ခွဲရေး ဗျူရိုရဲ့ အကာအကွယ်ရှိနေတာက တကယ်ကို အကျိုးရှိတဲ့ ကိစ္စပဲ... ကျွမ်းချင်က ငါတို့ နဂါးမျိုးနွယ်နဲ့ နားလည်မှုနည်းနည်း လွဲနေပေမဲ့ သူကလည်း နဂါးတစ်ကောင်ပဲဆိုတဲ့အချက်က ပြောင်းမသွားဘူးလေ... လူတိုင်းက နည်းနည်းလေး သည်းခံတတ်ဖို့ ကြိုးစားရင် နောက်ပိုင်းမှာ အဆင်ပြေသွားမှာပါ..."
ကုန်းလိပ်က ထောင့်တွင် ရပ်နေသော ချင်ယန်းကို ကြည့်လိုက်သည်။
"အမုန်းတွေကို ဖျောက်လိုက်ပါတော့..."
ချင်ယန်းက အရိုအသေပေးကာ အပြုံးဖျော့ဖျော့တစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေသည်။
"လက်ထောက်ကွေရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်ပါတယ်..."
ဖူလီက မိုးပြာနဂါးမျိုးနွယ်က သလင်းကျောက် နန်းတော် အပြင်တွင် ပြုလုပ်ထားသော အရံအတား၏ အပြင်သို့ လျှောက်ထွက်လာသည်။ ရုတ်တရက် ဖူလီက ခွန်းဖမ်ကို ကြည့်လိုက်သည်။
"ခွန်းဖမ်.. နောက်တစ်ခါဆိုရင် စိတ်မထိန်းနိုင်မဖြစ်နဲ့... ကျွမ်းချင်နဂါးပုံစံပြောင်းသွားရင် သူ့ကိုစားလိုက်..."
"စိတ်မပူပါနဲ့... နဂါးသားက သိပ်အရသာမရှိဘူးလို့ ငါမင်းကို ပြောပါတယ်..."
ခွန်းဖမ်က လက်ယမ်းလိုက်ကာ နဂါးသားကို လုံးဝမကြိုက်သည့် လူတစ်ယောက်ဟန် ပြင်လိုက်သည်။
"ပြောင်းလိုက်... ပြောင်းလိုက်..."
ကျွမ်းချင်ရပ်တန့်လာပြီး ဖူလီကို ကြည့်လိုက်သည်။
"ခဏနေကျရင် ငါ့ဆံပင်ကို မဆွဲနဲ့နော်..."
ဖူလီ : ...
အဲ့ဒါဆို သူ နဂါး လိုက်စီးလို့မရတော့ဘူးပေါ့...
ကျွမ်းချင်က သူ့၏ မူလပုံစံကို ပြန်ပြောင်းလိုက်သည်။ သူ့အမြီးက ဖူလီကို ရစ်ပတ်လိုက်ကာ သူ့နောက်ကျောပေါ်သို့တင်လိုက်သည်။ သူ့၏ နဂါးအမြီး တစ်ခါယမ်းလိုက်ပြီး သူက ရေမျက်နှာပြင်ပေါ်သို့ ကူးသွားလိုက်သည်။
ခွန်းဖမ်က ဝေ့စန်းကို လှည့်ကြည့်လိုက်သည်။ သူက ချက်ချင်းပင် ဆိုလိုက်သည်။
"ငါက ကျားတွေကို သယ်တဲ့အကျင့် မရှိဘူး... ကိုယ့်ဘာသာကိုယ် ကူးခဲ့..."
ထို့နောက် သူက ငါးတစ်ကောင်အဖြစ်ပြောင်းလိုက်ပြီး တောင်ပံခတ်ကာ ရေထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
မီတာပေါင်းများစွာသို့ လှိုင်းပုတ်ခံလိုက်ရသော ဝေ့စန်းက ကျားဖြူတစ်ကောင်သို့ တိတ်တဆိတ် ပြောင်းလဲလိုက်သည်။ လက်နက်ချကာ လက်သည်းများကို တွန်းပြီး အပြင်းအထန် ရေကူးလိုက်ပေသည်။
သူက နဂါးတွေကို စီးရဲတဲ့ ဖူလီလောက် သတ္တိမရှိဘူး...
သူကုန်းပေါ်သို့ ရောက်သောအခါ ကျွမ်းချင်က ဖူလီကို သူ့ကျော်ပေါ်မှ ခါချလိုက်သည်။ သူလေပေါ်သို့ ခုန်တက်လိုက်သည့်အချိန်တွင် သူက လူသားပုံစံသို့ ပြောင်းလိုက်လေသည်။ သူက ရေထဲသို့ ကျသွားသော ဖူလီကို တစ်ချက်ပင် မကြည့်ပါချေ။
"ဘော့စ်... ဘယ်လိုဖြစ်သွားလဲ..."
အခြေအနေကို မြင်ပြီးနောက် နှဉ်ရွှမ်နှင့် ချောင်းယွင်က သူတို့ကို လျင်မြန်စွာ ဝိုင်းလာလေသည်။
"အဆင်ပြေပါတယ်..."
ကျွမ်းချင်က လှည့်ကြည့်လိုက်သည်။ ဖူလီက ပင်လယ်ရေထဲမှ ပြန်တက်လာပြီကို မြင်သောအခါ သူက နဉ်ရွှမ်ကို ဆက်လက်စကားပြောလိုက်သည်။
"ပြန်ဖို့ လုပ်ကြတော့..."
"ယုန်လေး..."
ခွန်းဖမ်က ဖူလီနားတို့ ကပ်ပြောလိုက်သည်။
"ဒီနဂါးက ဘာလို့ ဒဏ်ရာရနေတာလဲ... သူက ကောင်းကင်ဘုံကို ဒေါသထွက်စေလို့ အပြစ်ပေးထားခံရတာလား..."
ဖူလီက တိတ်ဆိတ်နေပေသည်။
ဖူလီ စကားမပြောသည်ကိုမြင်ရာ ခွန်းဖမ်က ထိုအကြောင်း အတင်းမပြောတော့ပါချေ။
သူတို့နောက်မှ ဝေ့စန်းက ရုတ်တရက် မေးလာလေသည်။
"မကြာခင် သရဲပွဲတော် ရောက်တော့မဲ့ ပုံပဲ..."
"အမ်..."
ဖူလီက ဝေ့စန်းကို ကြည့်ကာ သူက အဘယ့်ကြောင့် ဤကဲ့သို့ သာမန်ကိစ္စတစ်ခုကို ထုတ်ပြောလာသည်နားမလည်နိုင် ဖြစ်နေလေသည်။
"သရဲပွဲတော်ကျရင် သရဲလောကရဲ့ တံခါး ဖွင့်တယ်လေ... အဲ့ဒါဆိုရင် အဲ့ရက်တွေမှာ အရမ်းကို စည်ကားနေမှာ..."
ဝေ့စန်းက ကျွမ်းချင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"ငါတို့ ပိတ်ရက်ရနိုင်တာပဲ..."
"ပိတ်ရက်ရှိရင်တောင် ပိတ်ရက်ရမှာ ဗျူရိုရဲ့ တစ္ဆေကျင့်ကြံသူတွေပဲဖြစ်မှာ... ငါတို့နဲ့ ဘာဆိုင်လို့လဲ..."
"သရဲဈေးလည်း ဖွင့်မှာလေ..."
ဝေ့စန်းက ပြန်ဖြေလာသည်။
"ငါက သရဲဈေးကို နှစ်တိုင်း အပျော်သွားတယ်... အဲ့မှာ စိတ်ဝင်စားစရာ အရုပ်တွေ အများကြီး ရှိတယ်..."
"သရဲဈေး..."
ဤသည်မှာ ထိုကဲ့သို့ အရာမျိုး ဖူလီ ပထမဆုံး ကြားဖူးသည်ဖြစ်သည်။ မျောက်ဝံဖြူကြီးက သူ့ပို ထိုအကြောင်း မပြောပြ၍ သူက ထိုနေရာကို မရောက်ဖူးသေးပါချေ။
"တစ်ခါမှ မရောက်ဖူးဘူးလား..."
ဝေ့စန်းက မယုံနိုင် ဖြစ်နေလေသည်။ ဖူလီမှာ နှစ်ပေါင်း လေးထောင်ကျော် အသက်ကြီးနေပြီ ဖြစ်သည့် ယုန်မိစ္ဆာတစ်ကောင်ဖြစ်လေသည်။
သူက ဘယ်လိုလုပ် သရဲဈေးကို တစ်ခါမှ မရောက်ဖူးရတာလဲ... ရွာက မိစ္ဆာတွေတောင် သရဲဈေးကို အပျော်လာနေတာ...
"မရောက်ဖူးဘူး..."
ဖူလီက ခေါင်းခါပြလိုက်သည်။
"ငါက တောင်ပေါ်ကလာတာ... အဲ့လိုဟာတွေ မသိဘူး..."
"မင်းတို့နှစ်ယောက် အဲ့မှာ ဘာရပ်လုပ်နေကြသေးတာလဲ... ငါးမျှားမို့လား..."
ကျွမ်းချင်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"အလုပ်သွားလုပ်တော့..."
လူသစ်လေးဝေ့စန်းက စကားဆက်မပြောရဲတော့၍ သူ့နောက်ကို နာနာခံခံနှင့် လိုက်လာပေသည်။