အခန်း 171- ဂိုဏ်းချုပ်ဒင်၏အံ့ဩမှု
"ဂိုဏ်းမှာ ဧည့်သည်တွေအများကြီးရောက်နေတယ်လို့ ပြောလိုက်တာလား... ဘယ်က ဧည့်သည်တွေလဲ” ဂိုဏ်းချုပ်ဒင် အခြေအနေကို စပြီးမေးမြန်းလိုက်သည်။
“အဲဒါက မီးသစ်တောတောင်ထိပ်က တစ်ယောက်.... အမ်... မဖြစ်ဘူး... မီးသစ်တောတောင်ထိပ်....!"
လီယူဟဲသည် သူမ၏ စကားကိုကို တစ်ဝက်တစ်ပျက်တွင် ပြတ်တောက်သွားခဲ့သည်။ မီးသစ်တောတောင်ထိပ်ဟု ပြောလိုက်သည်တွင် သူမ တစ်စုံတစ်ခုကို သတိရပြီး လက်ထဲက ပစ္စည်းများကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်မ မီးသစ်တောတောင်ထိပ်က လိုအပ်တဲ့အရာတွေကို အမြန်ပို့ပေးရပါဦးမယ်.... အကြီးအကဲချင်ခန်းက ပင်မခန်းမမှာ ဂိုဏ်းချုပ်ကို စောင့်နေပါတယ်... ဆရာဦးလေးက ဂိုဏ်းချုပ်ရဲ့ မေးခွန်းတွေကို ဖြေပေးပါလိမ့်မယ်... ကျွန်မ အရင်သွားလိုက်ပါဦးမယ်..."
ထိုစကားကို ပြောပြီးနောက် လီယူဟဲမှာ လမ်းအတိုင်း ခပ်သုတ်သုတ်ဖြင့် အမြန်ထွက်သွားတော့သည်။
ဂိုဏ်းချုပ်ဒင်မှာ သူမနောက်ကျောကိုသာ ကြောင်တက်တက်ဖြင့်ကြည့်ရင်း ကျန်နေခဲ့သည်။
လီယူဟဲသည် ခန်းမဆောင်၏ လမ်းမကြီးအပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမသည် ဓားပျံကိုစီးနင်း၍ ထွက်သွားတော့သည်။
"ဒါ ဘာကိုဆိုလိုတာပါလိမ့်.... ငါဒီမှာမရှိခဲ့တဲ့ကာလမှာ လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှာ အပြောင်းအလဲအသစ်တွေရှိခဲ့တာမျန်းလား..."
ဂိုဏ်းချုပ်ဒင်အနည်းငယ် စိတ်ရှုပ်သွားသည်။ ထို့နောက် ပင်မခန်းမဆီသို့ ဆက်လျှောက်လာခဲ့လိုက်သည်။
လီယူဟဲကဲ့သို့သော တပည့်များနှင့် မတူဘဲ သူသည် ဓားပျံစီးနင်းစရာမလိုပဲ တိုက်ရိုက်ပျံသန်းနိုင်သည်။
သို့သော် သူမပျံသန်းပေ။ သူ မပျံသန်းသည့် အကြောင်းရင်းမှာ နောက်ထပ် တပည့်တချို့နှင့် တွေ့ဆုံလို၍ဖြစ်သည်။
သူ ဖြည်းညှင်းစွာ ရှေ့ကို လျှောက်လာရင်း ဂိုဏ်းချုပ်ဒင်သည် နောက်ဆုံးတွင် အခြားလူတစ်ယောက်နှင့် တွေ့လိုက်သည်။
လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ပင်မတောင်တန်းနောက်ဘက်ရှိ တောင်ပေါ်မှ ပြေးဆင်းလာခဲ့၏။
"ညီလေး.... ညီလေးရှန်းကျင်း... မင်း ဒီနေ့ တော်တော်ကြည့်ကောင်းနေပါလား..."
စိတ်အားထက်သန်စွာပြောလိုက်ရင်း ဂိုဏ်းချုပ်ဒင်သည် သူ့ညီငယ်ရှေ့သို့ လျှောက်သွားခဲ့လိုက်သည်။
လျှောက်လှမ်းလာရင်းသူ၏ အော်ရာသည် အနည်းငယ် ထွက်ပေါ်လာပြီး သူ့အနီးရှိ ပတ်ဝန်းကျင်တွင် ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။
၎င်းသည် အထက်နယ်ပယ်သုံးခုမှ ပညာရှင်တစ်ဦး၏ ထူးဆန်းသော အရှိန်အဝါဖြစ်သည်။
“အမ်... ဂိုဏ်းချုပ်ပဲ.... အမ် ကျုပ်မှာ အရေးကြီးတာတွေ လုပ်စရာရှိနေသေးတယ်.... နောက်မှစကားအေးဆေးပြောကြတာပေါ့ ဂိုဏ်းချုပ်... တခြားသူတွေရဲ့ ဂုဏ်ပြုလက်ဆောင်တွေ ပို့ဖို့ မီးသစ်တောတောင်ထိပ် ကို အမြန်သွားရမယ်... ဂိုဏ်းချုပ် ခန်းမဆောင်ကို မြန်မြန်သွားသင့်တယ်..."
ဂိုဏ်းချုပ်ဒင်ထံမှ တစ်စုံတစ်ရာ တုန့်ပြန်ဖို့ စောင့်မနေဘဲ အကြီးအကဲရှန်းကျင်းလည်း ဓားတစ်ချောင်းကို ဝိညာဉ်စွမ်းအင်ဖြင့်ဖန်တီးပြီး ပင်မတောင်ထိပ်မှ ပျံသန်းထွက်ခွာ ပျောက်ကွယ်သွားခဲ့တော့သည်။
"ဒါ ဘာလဲ.... ငါက ဂိုဏ်းချုပ်လေ.... ငါက ကျင့်ကြံမှုကို အခုမှ ချိုးဖြတ်နိုင်ခဲ့တာလေ.... ငါလုပ်တာ သိပ်မပေါ်လွင်နေတာလား..."
သူ၏ တပည့်များနှင့် ညီငယ်အကြီးအကဲများရှေ့တွင် သူ၏ ကျင့်ကြံမှုကို ပြသလိုသော ဂိုဏ်းချုပ်ဒင်သည် သူ၏ နှလုံးသားထဲတွင် အေးခဲနေခဲ့လေပြီ။
"ဟူး... ထားလိုက်ပါတော့... နောက်ဆုံးတော့လည်း မီးသစ်တောတောင်ထိပ်ပဲ... ငါ နားလည်နိုင်ပါတယ်... အဲဒီမှာ အင်ပါယာတစ်ပါးရှိနေပြီပဲ...."
သူ့တပည့်များနှင့် ညီငယ်များ၏ တုံ့ပြန်မှုတွေကို သူနားလည်နိုင်ဆဲဖြစ်သည်။
သူ ဖြည်းဖြည်းချင်း လမ်းဆက်လျှောက်လာခဲ့သည်။
သူ့အမြင်အာရုံထဲတွင် နောက်ကျောတွင် ဓားရှည်တစ်လက်လွယ်ပိုးထားသည့် လူလတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်ဒင်၏ မျက်နှာသည် တောက်ပလာပြန်၏။
"ငါ့မှာ ညီအစ်ကိုတွေ အများကြီးရှိတယ်... သူတို့က ငါ့ကို တကယ် လျစ်လျူရှုမထားလောက်ပါဘူး... တစ်ယောက်မဟုတ်တစ်ယောက်တော့ သတိထားမိမှာပဲ...."
သူ၏အော်ရာကို ပိုမိုထင်ရှားစေလိုက်ပြီး ရှေ့မှလူထံသို့ ပျော်ရွှင်စွာ လျှောက်လှမ်းလာခဲ့လိုက်သည်။
"ညီလေးလျန်ယွန်... ညီလေးလျန်ယွန်..."
ဤတစ်ယောက်ကိုတော့ လက်လွတ်မခံရစေရန် ဂိုဏ်းချုပ်ဒင်သည် အကြီးအကဲလျန်ယွန်ထံသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
"ဂိုဏ်းချုပ် လား... ဂိုဏ်းချုပ်က ဘာလို့ ဒီမှာရှိနေတုန်း...."
ဂိုဏ်းချုပ်ဒင် အံ့အားသင့်သွားသည်။
'ငါ ဒီမှာ မရှိသင့်ဘူးလို့ လူတိုင်းက ဘာလို့ ခံစားရတာလဲ... ဒါဆို ငါက ဘယ်မှာနေရမှာလဲ....'
သူတွေးနေသည့်အရာကို ထုတ်ပြောလုနီးပါးဖြစ်သွားပြီးမှ မပြောဖြစ်အောင် ထိန်းလိုက်ပြီး ဂိုဏ်းချုပ်ဒင် အခြေအနေကို ရှင်းပြလိုက်သည်။
“ဟား ဟား.... ငါက တံခါးပိတ် ကျင့်ကြံနေခဲ့တာလေ.... ငါ အခုမှ ထွက်လာတာ..."
ဂိုဏ်းချုပ်ဒင်မှာ တစ်ဖက်လူမေးလာသည်ကိုပင် စောင့်ဆိုင်းမနေနိုင်တော့သဖြင့် သူ့အောင်မြင်မှုတွေအကြောင်း ပြောပြလိုက်သည်။
သို့သော် လျန်ယွန်မှာ သူ့ကြွားလုံးများကို မကြားတော့ပဲနေမည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။ ထိုအစား လျန်ယွန်မှ တခြားအရာများကို ပြောပြလိုက်သည်။
"ဘာ... ဒါဆို ပင်မခန်းမက ဧည့်သည်တွေကို လက်ခံဖို့ အကြီးအကဲချင်ခန်းပဲရှိနေတာလား..."
"ဧည့်သည်လက်ခံတာလား.... ဧည့်သည်လက်ခံတာက ဘာကိုဆိုလိုတာလဲ.... နောက်ထပ် ဧည့်သည်တွေ ရှိသေးတာလား.... မြင့်မြတ်နယ်မြေတွေကလား..."
“အစ်ကိုဂိုဏ်းချုပ်.... ဒါက မြင့်မြတ်နယ်မြေက ဧည့်သည်တွေမဟုတ်ဘူး... အပြင်လောကက ပညာရှင်တွေ... ဒီမှာ အင်ပါယာတစ်ပိုင်း အနည်းငယ်ရောက်နေတယ်လေ...”
ဂိုဏ်းချုပ်ဒင်မှာ ၎င်းကိုကြားမှ မျက်လုံးပြူးသွား၏။
"ပြင်ပလောကက ကျွမ်းကျင်သူတွေလား... အင်ပါယာတစ်ပိုင်းတွေ ဟုတ်လား.... ငါ တံခါးပိတ် ကျင့်ကြံခြင်းကို ခဏလေးပဲ ဝင်ခဲ့တာပါ... ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ..."
“အကိုဂိုဏ်းချုပ်.... အိုက်ယာ.... ပင်မခန်းမကိုသာ မြန်မြန်သွားပါတော့.... ကျုပ်တို့က တခြားအင်အားစုတွေဆီက ဂုဏ်ပြုလက်ဆောင်တွေကို လက်ခံဖို့ အပြင်ထွက်ရမှာ.... သွား သွား... ကျုပ်လည်း သွားပြီ....”
ထိုစကားကိုပြောပြီးနောက် လျန်ယွန်လည်း အမြန်ထွက်သွားတော့သည်။
ဂိုဏ်းချုပ်ဒင်သည် နောက်ဆုံးတွင် အချို့အချက်အလက်များရရှိခဲ့သည်။
ပထမအချက်မှာ လျှို့ဝှက်အစွန်အဖျားဂိုဏ်းတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပြီး ပြင်ပကမ္ဘာမှ ကျွမ်းကျင်သူများစွာကို ဧည့်သည်များအဖြစ် ရောက်ရှိလာစေခဲ့သည်။
ဒုတိယအချက်မှာ လျှို့ဝှက်အစွန်အဖျားဂိုဏ်းတွင် လူအင်အား အလုံအလောက်မရှိပေ။ အကြီးအကဲများပင်လျှင် ဂုဏ်ပြုလက်ဆောင်များကို လက်ခံနေရလေသည်။
တတိယမှာ ၎င်းမှာ ဆိုးရွားသည့်ကိစ္စတော့ မဟုတ်နိုင်ပေ။ အားလုံးမှာ ပြားပန်းခတ်မျှ လှုပ်ရှားနေခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ဝမ်းမြောက်ဖွယ်အချိန်အခါသာဖြစ်ရမည်။
နောက်ဆုံးတွင် သူသည် ဂိုဏ်းချုပ်ရာထူးတွင် နှစ်ပေါင်းများစွာ နေခဲ့သည်။ ဂိုဏ်းချုပ်ဒင်သည် အခြေအနေကို အလျင်အမြန် ခြုံငုံသုံးသပ်နိုင်နေဆဲဖြစ်သည်။
နောက်ထပ် နှောင့်နှေးမနေဘဲ ပင်မခန်းမဆီသို့ အမြန်သွားခဲ့လိုက်တော့သည်။
ပင်မခန်းမနောက်ဘက်သို့ ရောက်သောအခါ ချက်ချင်းဝင်မလာခဲ့ပေ။ ထိုအစား သူ့ ဓားပျံကို အသုံးပြုပြီ အကြီးအကဲချင်ခန်းကို အကြောင်းကြားခဲ့လိုက်သည်။
“ဂိုဏ်းချုပ်.... နောက်ဆုံးတော့ ဂိုဏ်းချုက် ထွက်လာပြီ...”
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် အကြီးအကဲချင်ခန်းသည် ပင်မခန်းမနောက်ဘက်တွင် ပေါ်လာ၏။
“အာ စီနီယာ.... နောက်ဆူံးတော့ ဂိူဏ်းချုက် တကယ်အဆင့်တက်သွားနိုင်ပြီပဲ... ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်...”
ထိုစကားများကို ကြားလိုက်သောအခါတွင် ဂိုဏ်းချုပ်ဒင်မှာ မျက်ရည်ဝဲလာသလိုပင် ခံစားလိုက်ရသည်။
နောက်ဆုံးတော့ တစ်ယောက်ယောက်မှာ သူ အဆင့်တက်ကျော်ဖြတ်သွားနိုင်သည်ကို သတိထားမိသွားလေပြီ။
"ဂျူနီယာ... အခု အခြေအနေက ဘယ်လိုလဲ... ငါ တံခါးပိတ်ကျင့်ကြံနေတုန်း အပြင်မှာ ဘာတွေဖြစ်သွားလဲ ငါမသိလိုက်ဘူး....”
လက်ရှိအခြေအနေမှာ ထူးခြားနေသည်ကို သူသိထားသည့်အတွက် သူ၏ဝမ်းသာမှုတွင် အချိန်အကြာကြီး ဖြုန်းမနေနိုင်ခဲ့ပေ။
“စီနီယာ... ကျုပ်ပြောပြမယ်.... အခြေအနေတွေက အတော်လေးရှုပ်တယ်..."
အခြေအနေမှာ အလျင်လိုနေသဖြင့် ချင်ခန်းလည်း ဂိုဏ်းချုပ်ဒင်ကို မြှောက်ပင့်မနေတော့ဘဲ အခြေအနေကို တိုက်ရိုက်ရှင်းပြတော့သည်။
“ပထမဆုံးအနေနဲ့ ဒါက ရီချန်းဂျီရဲ့ တတိယတပည့်ကနေ စရမယ်.... သူမ တစ်ချိန်က အားအကောင်းဆုံးသော အင်ပါယာဖြစ်တဲ့ ကောင်းကင်ကြယ်အင်ပါယာ ဝင်စားတာ ဖြစ်နေခဲ့တယ်...."
ဂိုဏ်းချုပ်ဒင်သည် ချင်ခန်း၏ ပထမဆုံးစကားသည် ပေါက်ကွဲအားကြီးသည့် သတင်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ထိုစကားကြောင့် သူ အလွန်အမင်းထိတ်လန့်သွား၏။
ချင်ခန်းလည်း သူ့ခံစားချက်ကို ကောင်းကောင်းသိသည်။ အမှန်တွင် သူသည် ဤသတင်းကို ပထမဆုံးကြားရသောအခါတွင် ဂိုဏ်းချုပ်နှင့် ထူးမခြားနားပေ။
“အဲဒီနေ့မှာပဲ ပြင်ပလောကက ကျူးကျော်သူစစ်တပ်ကြီးက ကျုပ်တို့ ကမ္ဘာကြီး တိုက်ခိုက်လာခဲ့တယ်.... အဲဒီအင်အားကြီးက အရမ်းများပြားသလို အရမ်းလည်းအားကောင်းတယ်.... အခြားကမ္ဘာတွေက ကျွမ်းကျင်သူအများကြီးတောင် လာရောက်ကြည့်ရှုခဲ့ကြတယ်....”
"ရီချန်းဂျီက သူ့တတိယတပည့်ကို တစ်ကိုယ်တော် ထွက်တိုက်ဖို့ လွှတ်လိုက်တယ်..."
“အဲဒီတိုက်ပွဲမှာ သူ့ရဲ့ အဲဒီတတိယတပည့်က အင်ပါယာတစ်ပိုင်း လေးဆယ့်ကိုးပါးနဲ့ တည်ဆောက်ထားတဲ့ ဝင်္ကပါကြီးကို တစ်ယောက်တည်း ခုခံတိုက်ခိုက်ခဲ့တယ်....”
၎င်းကိုကြားလျှင် ဂိုဏ်းချုပ်ဒင်မှာ ငြိမ်သက်မနေနိုင်တော့ပေ။
"မင်းပြောတာ တကယ်လား.... တစ်ဖက်ရန်သူတွေက လေးဆယ့်ကိုးယောက်တောင်လား... ဝင်္ကပါကပါသေးတယ်လား.... ဘာဝင်္ကပါမျိုးလဲ....”
ချင်ခန်းမှ ဆက်ရှင်းပြ၏။
“ဒီလို ဒီလို.... အင်ပါယာတစ်ပိုင်း လေးဆယ့်ကိုးပါးရဲ့ တိုက်ပွဲဝင်္ကပါက အရင်တစ်ချိန်က ကျူးကျော်ခဲ့ဖူးတဲ့ ပြင်ပနယ်ပယ်က ကျူးကျော်သူတွေရဲ့ ဝင်္ကပါလိုပဲ...”
"ဒါက တစ်ချိန်က လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ သွေးမီးလျှံဂိုဏ်းရဲ့ အင်ပါယာတစ်ပိုင်းကိုးယောက်ဝင်္ကပါလား... အဲဒါက အင်ပါယာတစ်ပါးအဆင့်ကိုတောင် ရောက်နေပြီ မဟုတ်ဘူးလား...”
“အဲဒါထက်တောင် ပိုကြောက်စရာကောင်းသေးတယ်.... သူတို့ရဲ့ တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားက အင်ပါယာနှစ်ပါးပေါင်း တိုက်ခိုက်တာနဲ့တောင် နှိုင်းယှဉ်နိုင်လို့တောင် ရနေလောက်ပြီ...”
"ဒါဆို လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာရဲ့ တတိယတပည့်က ဒီအတိုင်းပဲ အနိုင်ရသွားတာလား...."
ဂိုဏ်းချုပ်ဒင်မှာ ၎င်းကို စိတ်ကူးယဉ်လို့ပင် မရပေ။
"သူမက တိုက်ခိုက်တဲ့အချိန်တုန်းက အင်ပါယာအဆင့်ကို ရောက်နေပြီမို့လို့ သူ့ပြိုင်ဘက်တွေကို မကြောက်ခဲ့တာလား...."
“မဟုတ်ဘူး.... ကောင်းကင်ကြယ်အင်ပါယာက အဲဒီတိုက်ခိုက်တဲ့အချိန်တုန်းက အင်ပါယာတစ်ပိုင်းနယ်ပယ်မှာ ရှိနေတုန်းပဲ.... သူက အင်ပါယာအဆင့်ကို ဖြတ်ကျော်ဖို့ တိုက်ပွဲကို အသုံးချခဲ့တာ....”
ထိုသို့ပြောလိုက်သည့်အချိန်တွင် အကြီးအကဲချင်ခန်း၏ မျက်နှာမှာ ကြည်နူးမှုများနှင့် ပြည့်နှက်နေလေသည်။
နောက်ဆုံးတွင် ထိုကိစ္စမှာ ဘယ်အချိန်ပြန်ပြောပြော အံ့သြစရာကောင်းလွန်းနေဆဲဖြစ်သည်။
“အင်ပါယာနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်တဲ့အချိန်မှာ သူမက သူ့ကိုယ်သူ ‘ငါ ဒီနေ့ အင်ပါယာနယ်ပယ်ကို ပြန်ရောက်ပြီ' လို့ ပြောခဲ့တယ်...”
"သူမရဲ့ လက္ခဏာတွေက ထင်ရှားလွန်းနေတာကြောင့် မရေမတွက်နိုင်တဲ့လူတွေက သူမဟာ ကောင်းကင်ကြယ်အင်ပါယာ လူဝင်စားလာခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်..."
ထိုစကားကိုကြားပြီးနောက် ဂိုဏ်းချုပ်ဒင်သည် အဖြစ်အပျက်များကို ကောင်းကောင်းနားလည်သွားတော့သည်။
ယခုတွင် သူသည် သူ၏ ကျင့်ကြံခြင်းအောင်မြင်မှုကို အခြားသူများ အဘယ်ကြောင့် အလေးမထားသည်ကို သူနားလည်လာသည်။
အင်ပါယာတစ်ပါးမွေးဖွားလာသည်ကို တပ်အပ်မြင်လိုက်ရသူများအဖို့ အထက်နယ်ပယ်သုံးခုသို့ တက်ရောက်နိုင်ခြင်းမှာ မည်သို့ ထူးခြားတော့မည်နည်း။