2010,ဖေဖော်ဝါရီ
ကိုးတန်းနှစ် စာမေးပွဲဖြေတဲ့အချိန်မှာတော့ ရွာဘက်မှာ အောင်မရှိပါဘူး။ နွေရာသီကျောင်းပိတ်ရက်ဖြစ်တဲ့ မတ်လတစ်လလုံးမှာလည်း အောင့်ကိုမတွေ့ရဘူး။ ကြည့်ရတာ သူ့အမေ နောက်ယောက်ျားယူလိုက်လို့ အိမ်ကိုသိပ်မကပ်တာထင်ပါတယ်။
ဧပြီလအစမှာတော့ အောင်စာရင်းတွေမထွက်သေးပေမဲ့ ကိုယ့်ကိုယ်ကိုယ် အောင်မယ်လို့ယုံကြည်တာကြောင့် ကျွန်တော်က ဘော်ဒါ စတက်ပါပြီ။ တက်တာကတော့ ရွာထဲက ဘော်ဒါဆောင်မှာပဲဖြစ်ပြီး အဲ့ဒီမှာပဲ ညအိပ်ရပါတယ်။
ဆိုတော့ သင်္ကြန်မတိုင်ခင်အထိကို ကျွန်တော် အောင်နဲ့ မတွေ့ရပါဘူး။ မတွေ့ရပေမဲ့ ကျွန်တော် အောင်တို့မိသားစုရဲ့ သတင်းတွေကိုကြားရပါတယ်။ အောင့်အမေ ယူလိုက်တဲ့ နောက်ယောက်ျားနဲ့ အောင်က သိပ်မတည့်ဘူးလို့ ကြားရတယ်။ နောက်ပြီး အောင့်အဖေကလည်း နောက်ယောက်ျားယူသွားတဲ့ အောင့်အမေကို ပြဿနာလာရှာပြီး သူတို့နေနေတဲ့အိမ်ကို ရောင်းမည်တကဲကဲပဲတဲ့။ ဒါပေမဲ့ ရောင်းတော့မရောင်းဖြစ်ပါဘူး။ အောင်ပြန်ရောက်လာတာနဲ့ သူ့အဖေလည်း နေပြည်တော်ကို ပြန်သွားတယ်။ သူ့အမေကလည်း အဲ့ဒီအိမ်မှာပဲ နောက်ယောက်ျားနဲ့ဆက်နေ။
အဲ့ဒီနှစ် သင်္ကြန်ရက် အောင်နဲ့တွေ့ရတော့ အောင် ပိန်သွားတာကို ကျွန်တော်သတိထားမိတယ်။ အဝေးကနေ လှမ်းမြင်ရတာပါ။ တကယ်တော့ အဲ့ဒီနှစ် သင်္ကြန်ရက်တုန်းက ကျွန်တော် အောင်နဲ့ နှစ်ယောက်တည်း မတွေ့ဖြစ်ဘူးရယ်။ အောင်လည်း စိတ်ညစ်နေလို့ထင်ပါတယ် ကျွန်တော့်ကို တွေ့ချင်ကြောင်းမတောင်းဆိုခဲ့ဘူး။ သို့ပေမဲ့ သူ ကျွန်တော့်ကို ရေတော့ လာလောင်းပါတယ်။
သင်္ကြန်ပြီးတော့ အောင်စာရင်းတွေထွက်တယ်။ ထင်တဲ့အတိုင်းပဲ ကျွန်တော်အောင်ပါတယ်။ အောင်တော့ ဆယ်တန်းအတွက် စာတွေပိုကြိုးစားရတယ်။ အောင်နဲ့ကတော့ သင်္ကြန်ပြီးကတည်းက မတွေ့ရတော့ပြန်ပါဘူး။
ကဆုန်လပြည့်ကျော် (၈)ရက်နေ့၊ ကျွန်တော်တို့ရွာ ညောင်ရေသွန်းပွဲနေ့မှာတော့ ဘော်ဒါက အားလပ်ရက်ပေးပါတယ်။ ဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီးတော့ ဘုရားပေါ်ကိုတက်ဖြစ်တယ်။ အောင် ရွာဘက် ရှိလား၊ မရှိလား သေချာမသိပေမဲ့ ဘုရားပေါ်မှာ သူနဲ့တွေ့ရရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိပါတယ်။
ကျွန်တော့်ဆန္ဒပြည့်ပါတယ်။ အဲ့ဒီနေ့တုန်းက အောင် ဘုရားကိုလာတယ်။ ကျွန်တော့်ကိုမြင်တော့ ပြုံးပြပြီး နှစ်ယောက်တည်းတွေ့ကြဖို့လာပြောတယ်။ အစကတော့ ကျွန်တော်လည်း တွေ့ဖို့ပါပဲ။ အောင့်ကိုတောင်မှ "အေး.. တွေ့ကြမယ်"လို့ ပြောလိုက်ပြီး နောက်မှ ဘုရားကိုရောက်နေကြတာဟာ ရွာကလူတွေပဲမို့ ကျွန်တော်တို့အကြောင်း သိသွားမှာကိုကြောက်လာတာ။ အဲ့ဒါနဲ့ အောင်ချိန်းတဲ့နေရာကို မသွားဖြစ်တော့ပါဘူး။
အောင်က ကျွန်တော့်ကို စိတ်မဆိုးပါဘူး။ မလာဖြစ်တဲ့အကြောင်းအရင်းကို ကျွန်တော်ပြောတော့လည်း နားလည်ပေးပြီး "အပြန်တော့ အတူပြန်ကြရအောင်"ဆိုပြီးပဲ တောင်းဆိုခဲ့တယ်။ ဒီတော့ ကျွန်တော်ကလည်း ခွင့်ပြုပေးလိုက်ပါတယ်။ သူငယ်ချင်းတွေ အဖွဲ့လိုက်ကြီးပြန်ကြမှာမို့ ဘယ်သူကမှလည်း တစ်မျိုးထင်စရာ အကြောင်းမရှိနိုင်ဘူးဆိုတော့လေ။
အပြန်ကျတော့ ကျွန်တော်တို့က အတော်လေနေမြင့်တဲ့အတွက် လူကရှင်းပါတယ်။ နောက်ပြီး သူငယ်ချင်းတွေကလည်း ကျွန်တော်တို့နှစ်ယောက်ကို အနောက်မှာချန်ထားပြီး နှစ်ကိုယ်ကြားစကားပြောလို့ရအောင် ရှောင်ပေးကြတယ်။
"ကျူရှင်က ဘယ်အချိန်တွေသွားရတာတုန်း"
အောင့်ဆီကထွက်လာတဲ့ ပထမဆုံးစကားပါ။ ဒီတော့ ကျွန်တော်ကလည်း
"ည (၇)နာရီ၊ နေ့ခင်း (၂)နာရီ"
"ညဘက်ကျ ဘယ်အချိန်နားတုန်း၊ အပြင်ထွက်လို့ရလား၊ မင်းထွက်တာကို ငါမမြင်လို့"
အောင့်အမေးကြောင့် ကျွန်တော် အတော်လေးအံ့သြရပါတယ်။
"မင်းလာသေးတယ်လား"
"အင်း၊ မင်းသွားတာ ဘယ်အချိန်မှန်းမသိလို့လေ၊ အစကတော့ ညဘက် မင်းအိမ်ပြန်မလားဆိုပြီး လာစောင့်နေတာ..."
"ဟာ... ည(၁၁)နာရီကြီးအထိ လာစောင့်နေတာလား"
"အင်း"
"အိပ်ရေးတွေတော့ ပျက်ကုန်တော့မှာပဲကွာ၊ ငါတို့ ညဘက် အိမ်မပြန်ရဘူး၊ အဲ့ဒီမှာပဲ အိပ်ရတာ၊ မနက်ခင်းကျ ငါးနာရီထပြီး စာကျက်ရတယ်။ (၆)နာရီမက်တင်းရင် (၁၅)မိနစ် မနက်စားဖို့ ခဏဆင်းပေးတယ်၊ မင်းလာချင်ရင် အဲ့အချိန်လာခဲ့၊ ဒါပေမဲ့ အဲ့အချိန်မလာပါနဲ့... စောလွန်းတယ်၊ နောက်ပြီး အချိန်ကလည်း ခဏလေးဆိုတော့ မင်းလာလည်း အလကားပဲ။
ဒီလိုလုပ် နေ့ခင်း (၁၁)ထိုးရင် အိမ်ပြန်ရတယ်။ နေ့လယ် (၂)နာရီထိုးမှ ကျူရှင်ပြန်သွားရတာ၊ အဲ့တော့ ငါက အိမ်ရောက်ရောက်ချင်း ထမင်းစားတယ်၊ အိပ်တယ်။ အိပ်ရာနိုးရင် ရေချိုးဆင်းတယ်၊ တကယ်လို့ မင်းတွေ့ချင်ရင် ရေချိုးဆင်းတဲ့အချိန်လာခဲ့ပါလား... အဲ့အချိန်ဆို မြစ်ဆိပ်ကလည်း လူရှင်းတယ်၊ တစ်ခါတလေများဆို တစ်ယောက်မှတောင်မရှိဘူးကွာ"
"တကယ်လာမှာနော်ကောင်းခန့်"
"အေး.. လာလေ.. လာဖို့ခေါ်နေတာကို"
ဆိုတော့ မယုံသင်္ကါနဲ့ သူ ကျွန်တော့်ကို အကဲခတ်သလိုကြည့်တယ်။ ဒီတော့ ကျွန်တော်ကလည်း စိတ်ဆိုးတဲ့လေသံနည်းနည်းစွတ်ပြီး
"ဘာလဲ... လူကိုမယုံတာလား"
"မဟုတ်ဘူး၊ မင်း ပြောင်းလဲနေလို့၊ ခါတိုင်းဆို ငါနဲ့တွေ့ရမှာကို အရမ်းကြောက်တာမလား"
"......"
ပြောင်းလဲလာတာ အမှန်ပဲမို့ ကျွန်တော် သူ့ကို ဘာမှပြန်မဖြေဖြစ်ဘူး။ ဒီတော့ အောင့်အမူအရာက တဖြည်းဖြည်းပြောင်းလဲလာပြီး စိုးရိမ်စိတ်များနေတဲ့ လေသံနဲ့
"မင်း ငါ့ကို ချစ်တော့ချစ်သေး.."
"ငါ မင်းကိုပဲ တစ်သက်လုံးချစ်မှာ"
သူ့စကားမဆုံးခင်မှာ ကျွန်တော်ဖြတ်ပြောလိုက်တယ်။ နောက်တော့ ထပ်ပြီး
"ငါ မင်းကိုပဲ တစ်သက်လုံးချစ်မှာအောင်လွင်ဦး၊ မင်းကထားခဲ့ရင်တောင် ငါ မင်းကိုပဲ တစ်သက်လုံးဆက်ချစ်နေမှာ"
"ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတာမရှိဘူး၊ မင်း ငါ့ကို လက်ထပ်မယ်လို့ပြောတယ်မလား၊ ငါစာကြိုးစားမယ်၊ ငါ အင်ဂျင်နီယာဖြစ်အောင်လုပ်မယ်၊ ငါ အင်ဂျင်နီယာဖြစ်ရင် ငါရသမျှ အဆောက်အဦးတွေအကုန်လုံး မင်းကိုပေးမယ်"
"ဟမ်!"
"ပန်းရံဆရာဖြစ်အောင်လုပ်ပါအောင်"
"အင်း.. ငါကြိုးစားမှာပါ"
အဲ့ဒီအချိန်တွေတုန်းက ခံစားချက်ကိုလေ ကျွန်တော် အခုထိမှတ်မိနေသေးတယ်။ တကယ်ကို စိတ်ကူးနဲ့ရူးပြီး လေထဲတိုက်အိမ်ဆောက်ခဲ့မိတဲ့အချိန်တွေပေါ့။
အဲ့ဒီတုန်းက နေ့ခင်းရေချိုးဆင်းတိုင်း ကျွန်တော် အောင်နဲ့တွေ့ရတယ်။ လူရှင်းတဲ့နေ့တွေဆိုရင် ကျွန်တော်တို့ ထိုင်ပြီး စကားတွေလည်းပြောဖြစ်တယ်။ အနာဂတ်အကြောင်းတွေပေါ့။ ညအိပ်ရာဝင်ပြီဆိုလည်း အောင်နဲ့အတူနေရမယ့်အချိန်တွေကို စိတ်ကူးယဉ်ရတာအမောပါပဲ။ ပျော်စရာလည်းကောင်းပါတယ်။
သို့ပေမဲ့ အပျော်တွေက ကြာကြာမခံပါဘူး။ ကျောင်းတွေဖွင့်တော့ ကျွန်တော် အောင်နဲ့ နေ့ခင်းတွေမှာ မတွေ့ရတော့ဘူး။ အောင်ကတော့ ညနေခင်း ကျွန်တော် ကျူရှင်သွားချိန်လေးကို လမ်းမှာ အပြေးလေး လာစောင့်နေရှာပါတယ်။ သို့ပေမဲ့ ကျွန်တော့်မှာက အချိန်မရတာကြောင့် စကားတော့မပြောဖြစ်ဘူး။ နောက်တော့ အောင်လည်း အလုပ်ကြိုးစားမယ်ဆိုပြီး ခရီးထွက်သွားလိုက်တာ အတော်နဲ့လည်း ပေါ်မလာတော့ပါဘူး။
ဒီတော့ ကျွန်တော့်မှာ လွမ်းလိုက်တာလေ... အကျင့်ရနေပြီဆိုပေမဲ့ သူ့ကို အတော်လေးလွမ်းမိသေးတယ်။ တစ်ခါတလေ အရမ်းလွမ်းမိလို့ စာအုပ်တွေထဲမှာပါ ချရေးမိတဲ့အထိပဲ။
// အောင်လွင်ဦးကို အရမ်းချစ်တယ် //
ဒါက ကျွန်တော် အများဆုံး ရေးနေကျဖြစ်တဲ့ စာတစ်ကြောင်းပါပဲ။ တစ်ခါတလေတော့ "အောင့်ကို သိပ်ချစ်တယ်၊ သေလောက်အောင်ချစ်တယ်"ဆိုပြီးလည်း ရေးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အဲ့အချိန်တုန်းက အချစ်စိတ်တွေ အရမ်းမွှန်နေတာမို့ သူများတွေမြင်သွားမှာကိုလည်း ကျွန်တော် မကြောက်မိပါဘူး။
23.12.2023