035
လျန်ဖုံးကေား စကားမပြောပဲ စိတ်ထဲကနေ ဒီလူဘယ်သူလဲ ခန့်မှန်းနေမိတယ် ။
အန်းမုက လျန်ဖုံးကေားထက်ခေါင်းနှစ်လုံးမြင့်တာမို့ ကိုယ်လေးညွှတ်ကာ အပြုံးဖြင့်
" ကိုယ်က ကိုကိုနော် ! "
ကိုကို ?
လျန်ဖုံးကေားနှုတ်ခမ်းလေးစေ့ရင်း အန်းမုကို တိတ်တိတ်လေး ကြည့်လိုက်တယ် ၊ သူ့ရဲ့မျက်နှာ နူးညံ့ပြီးခန့်ချောတာပဲ အဖေ့လို မြင့်ထွားခန့်ချောတာမဟုတ်ဘူး ၊ အမေနဲ့တူတာထင်တယ် ?
ဟုတ်သား ၊ မေမေကော ?
လျန်ဖုံးကေား ကိုယ်လေးစောင်း လည်ပင်းလေးဆန့်ပြီး ခြံထဲကို မျှော်ကြည့်လိုက်တယ် ဂါဝန်ရှည်နဲ့ ဆံပင်ကောက်ထားတဲ့ အမျိုးသမီးတဦးက ကွက်တိထွက်လာခဲ့တယ် ၊ လျန်ဖုံးကေားကို မြင်တာနဲ့ ခြေလှမ်းခဏတန့်သွားတယ် ၊ စိတ်ထဲကလည်း ဒီကလေး တကယ့်ကို လိမ္မာပြီးချစ်ဖို့ကောင်းတာပဲ.....
နောက်မှ သူမက လျန်ဖုံးကေားရှေ့သို့လျှောက်လာပြီး သူ့ခေါင်းကလေးကို ပွတ်ကာ
" ရန်ရန် ၊ မာမီတောင် မမှတ်မိတော့ဘူးလား ? "
လျန်ဖုံးကေား သူမရဲ့ပွတ်သပ်မှုကို ရှောင်ရှားမိကာ သူမကို သတိဖြင့် ကြည့်မိလိုက်တယ် ။
ဘာလို့မှန်းမသိ ဒီအမျိုးသမီးကိုယ်ပေါ်မှာ သူ့အတွက် စိတ်အေးစေတဲ့ခံစားချက်မရှိနေပဲ သူစိမ်းဆိုတဲ့ခံစားချက်ကိုသာ ရနေမိတယ် ။
သူမရဲ့ထိတွေ့မှုကို ရှောင်လိုက်ပေမဲ့ လျန်ဖုံးကေားရဲ့ လက်ကလေးက အန်းမုနောက်ကျောက အင်္ကျီစကို အတင်းအကြပ်ဆုပ်ကိုင်ထားမိတယ်၊ နွေးထွေးတဲ့အန်းမုကိုတော့ အားကိုးမိတယ်လေ ။
အန်းဖခင်က ရှေ့တက်ပြီးပြေလည်အောင် ဝင်ပြောတယ်
" ရန်ရန်က ဆေးရုံက ဆင်းတာနဲ့ လေယာဉ်ပျံစီးထားတာဆိုတော့ ပင်ပန်းလောက်ပြီ၊ သူ့ကို ခဏပေးနားလိုက်ပါအုံး၊ နောက်ကျရင် ပြန်စဉ်းစားမိမှာပါ ၊ အားလုံးအထဲ အရင် ဝင်ရအောင် ! "
အန်းမုလည်း လျန်ဖုံးကေားရဲ့လက်ကို ဆွဲပြီး
" ရန်ရန် ၊ ကိုကိုက ညီလေးအခန်းကို လိုက်ပြမယ်ကောင်းလား ? "
လျန်ဖုံးကေား ခေါင်းငြိမ့်ကာ ရွှေပါးစပ်လေးဟတော့တယ်
" အင်း "
ကလေးနှစ်ယောက်က အရှေ့ကနေ ခြံထဲကိုအရင်ဝင်သွားပြီး အိမ်ရဲ့ဧည့်ခန်းမထဲကို ရောက်သွားတယ် ။
အန်းဖခင် က ဇနီးကိုမှာကြားတယ်
" သူ့ကို ကောင်းကောင်းစောင့်ရှောက်ပါ ၊ သူ့ကို တချက်မှ အားငယ်စေတာမျိုးကို ငါမလိုချင်ဘူး "
" စိတ်ချပါ , ကျွန်မ သူ့ကို ကိုယ့်သားလို သဘောထားမှာပါ "
" အင်း "
တခွန်းထပ်မှာသေးတယ်
" အန်းမုနဲ့လည်း ကောင်းကောင်းဆက်ဆံခိုင်းပါ "
" သိပါပြီ "
ခဏတန့်ကာ အန်းမိခင်ဆက်မေးတယ်
" ရှောင်ချန်နဲ့ ရှောင်ယာ ကို အိမ်ပြန်ခေါ်လာမလား ? "
" အခုတော့ မခေါ်သေးနဲ့ ! "
အန်းဖခင် တားတယ်
" သူတို့နှစ်ယောက်က ငယ်သေးတယ် ၊ ရန်ရန်ကို တွေ့ရင် ပါးစပ်မလုံလောက်သေးဘူး ။ သူတို့ ကျောင်းတက်ရမဲ့အရွယ်လည်း မရောက်သေးတာဆိုတော့ အဖိုးအဖွားနားမှာ အရင်ပေးနေထားလိုက်လေ ! "
" ......ကောင်းပြီ "
လင်မယားနှစ်ယောက် ဆွေးနွေးနေတာထားအုံး ။ အန်းမုက လျန်ဖုံးကေားကို ပခုံးတဝက်ဖက်ပြီး လျန်ဖုံးကေားကို အိမ်ထဲ ခေါ်ဝင်လိုက်တယ် ပြီးနောက် အပေါ်ထပ်တက်ကာ ရှေ့နှစ်ရက်က မာမီပြင်ဆင်ထားပေးတဲ့ အခန်းကို ခေါ်သွားပြီး တံခါးတွန်းဖွင့်ကာ
" ရန်ရန် , ဒီအခန်းက ညီလေးအခန်းပဲ ! "
ပြောရင်း ဘေးအခန်းကို ညွှန်ပြကာ
" ဒါက ကိုကိုအခန်း ၊ ကိုယ်တွေအခန်းက ကပ်ရပ်ပဲနော် ၊ ညကျရင် ကိုကိုအခန်းမှာ ကိုကို ကို လာရှာလို့ရတယ်နော် "
လျန်ဖုံးကေား အခန်းထဲဝင်ပြီး အန်းမုပြောတာကို ပြန်မပြောနေပဲ အခန်းထဲက ကုတင်နဲ့ စာကြည့်စားပွဲကို ကြည့်ရင် မျက်လုံးထဲမှာ သံသယရိပ်တွေပေါ်လာခဲ့တယ် ။
ဒီအခန်းက လူနေဖူးပုံလည်း မပေါက်ဘူး ၊ အသစ်ထည့်ထားသလိုပဲ အခင်းက သစ်လွန်းတယ် စားပွဲကဖြူလွန်းတယ် ၊ မိသားစုဓါတ်ပုံလည်း မရှိဘူးကော ?
ဓါတ်ပုံ ? ခဏ......ဓါတ်ပုံ .....ဓါတ်ပုံ.....
လျန်ဖုံးကေား စာကြည့်စားပွဲပေါ် မှောက်ပြီး မျက်မှောင်ကြုတ်မိတယ် ၊ သူခဏက ပုံရိပ်တခုဖမ်းမိလိုက်သလိုပဲ၊ ဒါပေမဲ့ ချက်ချင်းပျောက်သွားတယ် ။ အဓိကတခုပဲ ဖမ်းမိလိုက်တယ် ---ဓါတ်ပုံ ။
သူက ဘယ်သူ့နဲ့ ဓါတ်ပုံသွားရိုက်မှာ....နောက်တော့ကော ? အဲ့ဒီလူက ဘယ်သူလဲ ? ကိုကိုလား ?
အခန်းထဲလိုက်ဝင်လာတဲ့ အန်းမုကိုခေါင်းတချက်လှည့်ကြည့်လိုက်တယ် ၊ လျန်ဖုံးကေား စိတ်ထဲက မဟုတ်ကြောင်း ငြင်းလိုက်တယ် ။
သူ ၊ မဟုတ်ဘူး ၊ အဲ့ဒီလူက ဒီလောက်မမြင့်ဘူး ၊ အသက်လည်း သူ့နဲ့ မတိမ်းမယိမ်းလောက်ပဲ ။
" ရန်ရန် ၊ ဘာဖြစ်လို့လဲ ? "
အန်းမုရှေ့တက်ပြီး လျန်ဖုံးကေားတွေဝေနေတာကိုတွေ့တော့ မေးမိတယ် ။
လျန်ဖုံးကေား ခေါင်းခါပြကာ
" ဘာမှမဖြစ်ပါဘူး "
" ဘာကိစ္စပဲရှိရှိ အစ်ကိုနဲ့ ပြောနော် ! "
အန်းမု စိတ်ရှည်ရှည်နဲ့ သူ့နဲ့ ရင်းနှီးမှုယူနေတယ် ။
သူလည်း မြင်တယ်လေ ၊ လျန်ဖုံးကေားက စကားသိပ်မပြောဘူး ၊ သံသယရှိတာကြောင့်လား၊ သူကိုယ်တိုင်ကိုက စကားပြောရတာ မကြိုက်တာလားပဲ ။
ဖြစ်နိုင်တာက ....သတိကြီးလွန်းသေးတာမလား ?
ဒါနဲ့ပဲ ၊ လျန်ဖုံးကေားက အန်းအိမ်မှာ နေထိုင်တဲ့ နေ့ရက်တွေ စတင်ပြီလေ ။
အစက သတိကြီးကြီးထားတာကနေ တဖြည်းဖြည်းဖြေလျော့လာပြီး သူနဲ့ အန်းမုကလည်း ပိုပိုရင်းနှီးလာကြတယ် ၊ အန်းမုက ထိုအချိန်မှာ အလယ်တန်းစတက်နေပြီလေ အစကတော့ ကျောင်းအိပ်ကျောင်းစားလုပ်ရမယ်ဆိုပေမဲ့ သူအဲ့လို မလုပ်ချင်တော့ဘူး၊ နေ့တိုင်း စက်ဘီးစီးပြီး အိမ်ပြန်တယ်လေ ၊ လျန်ဖုံးကေားလည်း အန်းမုစက်ဘီးနောက်မှာ လိုက်စီးပြီးထွက်ကစားရတာ အရမ်းပျော်တယ်လေ ။
ဒီနေရာက ကလေးတွေက အင်္ဂလိပ်စကားပဲ ပြောတာမို့ လျန်ဖုံးကေားလည်း အန်းမုနဲ့ အင်္ဂလိပ်စာလိုက်သင်ယူတယ် ၊ သူ ဉာဏ်အရမ်းကောင်းတယ် ၊ သင်ယူတာ အရမ်းမြန်တယ်၊ အဲ့ဒီက ကလေးတွေနဲ့ တသားတည်း ပြောနိုင်ဆိုနိုင် ကစားနိုင်သွားပြီ ။
ကလေးမို့ပဲလားမသိ စိတ်ရှုပ်တာတွေ မရှိတော့ဘူး၊ မှတ်ဉာဏ်ပျောက်ဆုံးနေတာကလည်း လျန်ဖုံးကေားကို အနှောက်အယှက်မဖြစ်စေတော့ဘူး ။
---လိမ္မာပြီးချစ်ဖို့ကောင်းတယ် ၊ ရိုးသားပြီး ရန်မလုပ်တတ်ဘူး ၊ နွေးထွေးကြင်နာပေးတတ်တယ် ၊ဉာဏ်ကောင်းကာဖြတ်လတ်တယ် ။
အန်းဖခင်နဲ့ အန်းမုက သူ့ကို ပိုပို ချစ်လာတယ် ။
အထူးသဖြင့် အန်းဖခင် ၊ ဆရာတွေ အိမ်ခေါ်ပြီး လျန်ဖုံးကေားကို one by one ပညာတွေ သင်ပေးတော့တယ် ။
အမှန်တော့ အန်းဖခင်က လျန်ဖုံးကေားကို ကျောင်းကိုမပို့တာ လျန်ဖုံးကေား သံသဝင်စရာတွေ့မှာစိုးလို့လေ ၊ ကျောင်းမှာက လူများတယ်လေ ကျောင်းသားတွေလည်းမနည်းဘူး ဘယ်လောက် အပေါက်စေ့အောင်လုပ်လုပ် စကားအစွန်းအစတွေနဲ့ ဖုံးထားတာပေါ်နိုင်တယ်လေ ။လျန်ဖုံးကေားကလည်း ဉာဏ်အတော်ကောင်းတာမို့ သူ သံသယဝင်တာကို မဖြေရှင်းနိုင်လောက်ဘူး ။ ဒီသားလေးက မနည်းသူ့ကို အဖေအဖြစ်ပေါ့ပါးစွာလက်ခံထားတာ အကယ်၍များ လျန်အိမ်ကိစ္စကို ပြန်စဉ်းစားမိရင် ခဲလေသမျှ သဲရေကျဖြစ်တော့မှာပေါ့ !
ဒါ့ကြောင့် ဆေးရုံဆင်းစ အနားယူရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျန်ဖုံးကေားကို အိမ်မှာပဲ နေခိုင်းခဲ့တယ်လေ ။
လျန်ဖုံးကေားရဲ့ တော်တဲ့အချက်တွေ တဖြည်းဖြည်း ပေါ်ထွက်လာမှ အန်းဖခင် အံ့အားသင့်ကာ ပျော်နေတော့တယ် ။
အန်းမု စန္ဒရားသင်တုန်းက လျန်ဖုံးကေားက ဘေးကဆိုဖာလက်ကိုင်ပေါ်ကို မှောက်ပြီးငြိမ်ငြိမ်လေး ခံစားနားထောင်နေတယ် ၊ အကယ်၍ အန်းမုသံစဉ်တချက်မှားနှိပ်ရင် လျန်ဖုန်းကေားက ချက်ချင်း ညွှန်ပြတယ်
" ကိုကို ခဏနောက်ဆုံးကနေရေရင် သုံးကွက်မြောက်မှာ တီးတာမှားသွားပြီ ! RE ဖြစ်ရမှာ MI မဟုတ်ဘူး "
အန်းမုက သံစဉ်စာရွက်ကို ပြန်ကြည့်ပြီး ရယ်ကာ
" ရန်ရန် တော်လိုက်တာ ! ကိုကို ခဏက တီးတာမှားသွားပြီ "
" အပြစ်ပေးရမယ် အပြစ်ပေးရမယ် ! "
လျန်ဖုံးကေား ဆိုဖာပေါ်ကနေ ခုန်ချကာ အန်းမုရှေ့ကို ပြေးပြီး သူ့ရဲ့လက်မောင်းကို ခါယမ်းကာ
" ကိုကို ညီ့ကို အပြင်ခေါ်ကစားဖို့အပြစ်ပေးရမယ် ! "
ဒီအချိန်ရောက်တိုင်း အန်းမုက လိုက်လျောလေ့ရှိကာ စက်ဘီးလေးစီးပြီး လျန်ဖုံးကေားလေးကို ခေါ်လည်တော့တယ် ။
သူတို့နေထိုင်တဲ့နေရာက တကယ်ကို မဆိုးဘူး ၊ အတော်အတန်စီးပြီးနောက်မှာ တောင်ကမူနားရောက်လာတော့တယ် ၊ နွေဦးရာသီမို့ တောင်ကမူလေးပေါ်မှာ ပန်းတွေအပြည့်ပွင့်နေတာမို့ လှပလွန်းတယ်လေ ။
ညီအစ်ကိုနှစ်ယောက် ပန်းဖတ်တွေပြည့်နေတဲ့ တောင်ကမူလေးပေါ်မှာ ကောင်းကင်ပြာနဲ့ တိမ်တိုက်ဖြူကို ကြည့်ပြီး တချက်တချက် စကားပြောနေကြတော့တယ် ။
တခါတလေ လျန်ဖုံးကေားက အိပ်ပျော်သွားတတ်သည်မို့ ထိုအချိန်တွင် အန်းမုက သူ့ကို ကျောပိုးပြီး လက်တဖက်က သူ့ကိုထိန်း လက်တဖက်က စက်ဘီးကိုတွန်းပြီး ပြန်ခဲ့လေ့ရှိတယ် ။
ဒီလိုနဲ့ လျန်ဖုံးကေားရဲ့စန္ဒရားစွမ်းရည်ကို အန်းမုတွေ့ရှိပြီး အန်းဖခင်ကို ပြောပြလိုက်တော့
" ရန်ရန် ပါရမီ ကောင်းတာပဲ ! "
အန်းဖခင်က လျန်ဖုံးကေားအတွက် ဆရာတွေ အိမ်ခေါ်ပြီး စသင်ပေးတော့တယ်၊ music၊ စုတ်တံစာရေးနည်း ၊ အင်္ဂလိပ်၊ စီးပွားရေး ၊ ရှယ်ယာ....ပြောရရင်တော့ စဉ်းစားလို့ရတာ အကုန်သင်ပေးတော့တယ် ။
ဆရာခေါ်ပြီးနောက်မှာ အန်းဖခင်က အံ့အားသင့်စွာ သိလိုက်ရသည်မှာ စီးပွားရေး နဲ့ရှယ်ယာပိုင်းဆိုင်ရာတွေကို ဒီကောင်လေး သိထားတာမနည်းဘူးပဲ ပြီးတော့အရိပ်ပြအကောင်မြင်တယ်ဆိုတော့ သူက ဒီသားလေးအပေါ် အချစ်တွေပိုရတာပေါ့ အန်းမုထက်ကို ပိုအားစိုက်ဖြစ်တယ်လေ ။
အန်းမုလည်း ဉာဏ်ကောင်းသူပါ ဒါပေမဲ့ လျန်ဖုံးကေားနဲ့ယှဉ်ရင် အသက်ပိုကြီးသည်မို့ အန်းမု တတ်မြောက်တာက ဖြစ်သင့်တယ် လျန်ဖုန်းကေားက အမြန်တတ်မြောက်တာက ပါရမီရှင်ပေါ့ !
ဒီလပိုင်းတွေမှာ အန်းဖခင်ရဲ့ ပြောင်းလဲမှုကြောင့် အန်းမိခင်က သတိစိတ်ဝင်လာခဲ့တယ် ၊ အထူးသဖြင့် အန်းဖခင်က လျန်ဖုံးကေားကို ကြည့်တဲ့အကြည့်က ဒီလိုသာဆက်သွားရင် အန်းဖခင်က လျန်ဖုံးကေားကို ပိုပျိုးထောင်နိုင်ပြီး အန်းမုတည်ရှိနေမှုကို သတိလက်လွတ်ဖြစ်နိုင်တယ်လို့ အန်းမိခင်က စိုးရိမ်စိတ် ဝင်လာခဲ့တယ် ။ နောက်ဆိုအန်းအိမ်ကို ဆက်ခံမဲ့သူက လျန်ဖုံးကေားဖြစ်သွားနိုင်တယ်၊ အန်းမုက အကူနေရာရောက်သွားနိုင်တယ် ။
နည်းလမ်းရှာမှရမယ် .....
အန်းမိခင် အကြံအစည်ကို ဖေါ်ဆောင်ခဲ့သည်မှာ နောက်နှစ်လတွင်ဖြစ်သည် ။
ထိုအချိန်က ဆောင်းရာသီရောက်ပြီမို့ အန်းဖခင်က ဝါရှင်တန်ကိုသွားပြီး စီးပွားရေးဖလှယ်ပွဲတက်ရောက်ရာ အန်းမိခင်က အန်းမုနဲ့လျန်ဖုံးကေားကို ခေါ်ပြီး နယူးယော့ခ်က နှင်းလျှောစီးကွင်းကို သွားလည်ကြတယ် ။
ဘာလို့ ဒီလောက်အဝေးကြီး သွားရတာလဲ ဆိုတာ အန်းမိခင် စိတ်ထဲမှာ တွက်ချက်ထားတာရှိလို့ပဲ ။
အန်းမုနဲ့ လျန်ဖုံးကေားက နှင်းလျှောစီးထဲမှာ ကစားရတာ ပျော်နေခဲ့တယ်၊ အန်းမိခင်မှာ လျန်ဖုံးကေားရဲ့အပြုံးမျက်နှာကိုကြည့်ပြီး မျက်စိတွေစူးနေခဲ့တယ် ။
ခဏလေးသည်းခံ ၊ မင်း ခဏလောက်တော့ ပျော်အုံးပေါ့ ။
ဟိုဟိုဒီဒီ လည်ပတ်ပြီး ပြန်တော့မဲ့အချိန်မှာ အန်းမိခင်က အန်းမုကို အိပ်ဆေးခပ်လိုက်တယ် ၊ သူက ကားထဲမှာ အိပ်ငိုက်နေတုန်း အန်းမိခင်က ခရီးဆောင်အိတ်ကို တမင်တည်းခိုရာအခန်းထဲမှာ ချန်ခဲ့ပြီး ကားက စက်နှိုးထားပြီးပြီ သူမက ကားခါးပတ်တပ်ပြီးစ လျန်ဖုံးကေားကို ပြောတယ်
" ရန်ရန် ၊ မာမီ ခရီးဆောင်အိတ်ကျန်ခဲ့တယ် ၊ မာမီအစားသွားယူပေးပါလား ? အမေတို့ နေခဲ့တဲ့အခန်းရဲ့ ဆိုဖာပေါ်မှာပဲ "
အန်းမုက မျက်လုံးအတင်းဖွင့်ရင်း
" သားသွားပေးမယ် "
လျန်ဖုံးကေားက လိမ္မာစွာ ခါးပတ်ပြန်ဖြုတ်ပြီး ကားပေါ်က ခုန်ဆင်းကာ
" သားသွားပေးမယ် ၊ ကိုကို မနေ့ညက အရမ်းပင်ပန်းလို့နေမှာပါ ၊ အရင်အိပ်လိုက်၊ ညီယူပြီး ချက်ချင်းဆင်းလာခဲ့မယ် ! "
အန်းမု မျက်လုံးပြန်မှိတ်သွားပြီး ရီရီဝေဝေနဲ့ အိပ်သွားတော့တယ် ။
လျန်ဖုံးကေားရဲ့ ကိုယ်လုံးသေးသေးလေးက ဟိုတယ်တံခါးထဲပြန်ဝင်သွားတာနဲ့ အန်းမိခင် အံတချက်ကြိတ်ပြီး စိတ်ပိုင်းဖြတ်ကာ လီဗာနင်းပြီး ကားကို မောင်းထွက်သွားတော့တယ် ။
အန်းမုက တခုခုမှားနေတယ်လို့ ခံစားမိပေမဲ့ မျက်လုံးဖွင့်လို့မရနေပဲ ဆေးရှိန်ကြောင့် လုံးဝအိပ်ပျော်သွားတော့တယ် ။
လျန်ဖုံးကေားက ခရီးဆောင်အိတ်လေးကို ပိုက်ပြီး ခုန်ခုန်ဆွဆွဖြင့် လှေကားဆင်းလာပြီး ဟိုတယ်ခန်းမ အပြင်ဘက်လည်း ထွက်လိုက်ရော ခဏကဒီမှာရပ်ထားတဲ့ ကားမတွေ့တော့ဘူး ။
ထိုနေရာမှာပဲ ခဏငိုင်ကာရပ်နေမိတယ် ၊ လျန်ဖုံးကေား နားလည်ရခက်နေတယ် ၊ မာမီနဲ့ ကိုကိုက ကိစ္စရှိလို့ သွားလိုက်တာများလား ? ဒါပေမဲ့ ကိစ္စရှိလည်း ကိုယ့်ကို စောင့်သင့်တယ်လေ !
မျက်စိအဆုံးမှာ ထိုကားသွားနေတာကို မြင်နေရသေးတယ်လေ ။
လျန်ဖုံးကေား ငိုင်နေရာကနေ အံ့အားသင့်သွားပြီး အံအားသင့်ရာကနေ ကြောက်လန့်သွားတယ် သူခရီးဆောင်အိတ်လေးပိုက်ပြီး ကားနောက်လိုက်ကာ ပြေးရင်း အော်တော့တယ်
" မာမီ ! သားကို စောင့်ပါအုံး ! "
စိတ်ထဲမှာလည်း အကြောက်တရားတွေ ပိုကြီးလာတယ် လျန်ဖုံးကေားရဲ့ အသံက ငိုသံတွေပါလာပြီး
" မာမီ ! ကိုကို ! သားဒီမှာရှိသေးတယ် မာမီ ! ကိုကို ! သားကို စောင့်ပါအုံး !......"
ဒုတိယပိုင်းပြီးပြီ