ဖေယို့သည် တချို့သောလူများမှာ ထိုကဲ့သို့သော ဂေးရေဒါမျိုးအား ပိုင်ဆိုင်ထားကြောင်း သိထားနှင့်ပြီ ဖြစ်လေသည်။ ထိုလူများမှာ အချင်းချင်း အကြည့်ဖလှယ်ရုံမျှဖြင့်ပင် အချင်းချင်း လိင်စိတ်တိမ်းညွှတ်မှုအား ဒေါက်ခနဲ ပြောနိုင်ကြသော်လည်း သူကတော့ ထိုကဲ့သို့သော နယ်ပယ်မျိုးတွင် အရည်အချင်း မရှိပါချေ။
သူသည် ထိုကဲ့သို့ အရိပ်အသံဖမ်းသည့် အရည်အချင်းမျိုးအား တစ်ခါမှ မပိုင်ဆိုင်ဖူးပါချေ။ ယခုတွင်မှ ကျိုးချင်ပေါ်၏ စကားလုံးများကြောင့် သူသည် အလင်းပေါက်သွားရကာ ထိုလျှို့ဝှက်ထားသည့် စည်းမျဉ်းစည်းကမ်း အချို့အား အနည်းငယ် ရိပ်စားမိသွားရသည်။
မသိလိုက်မသိဘာသာဖြင့် ဖေယို့သည် အနားတစ်ဝိုက် လှည့်ကြည့်လိုက်ပြီးနောက် ကျိုးချင်ပေါ် ၏ စကားမှာ မှန်ကန်ကြောင်း သဘောပေါက်သွားရသည်။
ဘားအတွင်းရှိ နေရာအနှံ့ပြန့်ကျဲနေသည့် စားပွဲဝိုင်းမှ လူများသည် သူတို့အား ခပ်လျိုလျို စူးစမ်းနေကြသည်။
ဖေယို့မှာ အကြည့်ပြန်လွှဲလိုက်သော်လည်း သူသည် ဦးတည်ချက်ပေါင်းစုံမှ လာရောက်စုဝေးကြသည့် အဆုံးမရှိသည့် အကြည့်များအား ခံစားနိုင်သေးဆဲဖြစ်သည်။ ထို့အပြင် လူအများစု၏ အကြည့်များမှာ သူ့ထံ၌သာမက သူ့နံဘေးရှိ ကျိုးချင်ပေါ် ထံ၌ပါ စုဝေးနေကြောင်း ခံစားမိလေသည်။ ထိုအကြည့်များထံတွင် ပြင်းပြသော စူးစမ်းလိုစိတ်၊ သတိချပ်လိုမှုနှင့် စမ်းသပ်လိုသည့် အရိပ်အယောင်လေးများပင် ပါရှိနေသေးသည်။
ဖေယို့၏ မျက်ဆံများမှာ လှုပ်ရှားသွားရပြီး သူသည် သတိတကြီးဖြင့် သူ့ခန္ဓာကိုယ်အား လှည့်လိုက်ကာ ထိုအကြည့်တော်တော်များများ၏ ဦးတည်ရာ မြင်ကွယ်အား ကွယ်ပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဘားကောင်တာအား မှီကာ ထိုင်နေသည့် ကျိုးချင်ပေါ်မှာ ဖေယို့အား အပြုံးတစ်ပွင့်ဖြင့် ငေးကြည့်နေလေသည်။ သူသည် တစ်ဖက်သူ၏ မျက်နှာအမူအရာမှာ စိတ်ရှုပ်ထွေးနေရာမှ ချက်ချင်းသဘောပေါက်သွားဟန်သို့ ကူးပြောင်းသွားပုံအား စောင့်ကြည့်နေခဲ့ပြီး ထိုသူ၏ အခြေအနေနှစ်ခုကြား၌ အနည်းငယ် စိတ်လှုပ်ရှားနေပုံလေးမှာ အလွန်အမင်း ချစ်ဖွယ်ကောင်းလွန်းလှသည်။
ဖေယို့မှာ ဂေးများအတွင်း၌ တွေ့ရသည့် သူတို့ဘက်မှ သဘောကျကြောင်းအား ထက်သန်စွာ ထုတ်ပြတတ်ကာ စိတ်ခံစားချက် ပြင်းပြသော တခြားသော ဂေးများနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်လေသည်။ သူ၏ ပုံစံမှာ အပြင်ပန်းတွင် အမြဲလိုလို အေးအေးလူလူပင် ရှိလှသည်။ ဤသည်မှာ သူသွားခဲ့ဖူးသော ကြင်ဖက်တွေ့ဆုံပွဲများကြောင့် ဖြစ်လိမ့်မည်ဟု ကျိုးချင်ပေါ်မှာ သူ့ဘာသာသူ ကောက်ချက်ချလိုက်သည်။ ဖေယို့နှင့် တွေ့ဆုံခဲ့သည့်သူ အားလုံးမှာလဲ သူ့အပေါ်၌ ထင်မြင်ချက်ကောင်းကောင်း မရှိခဲ့ပါချေ။
"ဒီလို မြို့သေးသေးလေးမှာ ဒီလိုနေရာမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး"
ဖေယို့မှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သောဟန်ဖြင့် ဆိုလိုက်သည်။
"ကျွန်တော်က မြို့ကြီးပြကြီးတွေမှာပဲ ရှိလိမ့်မယ်လို့ ထင်ခဲ့တာ"
ကျိုးချင်ပေါ်မှာ သူ့ခေါင်းအား အနည်းငယ်ငုံ့လိုက်ပြီး ခန္ဓာကိုယ်အား ဖေယို့အနားသို့ အနည်းငယ် ယိမ်းလိုက်ကာ ဟမ်းစတားပေါက်စလေးကဲ့သို့ လျှို့ဝှက်ချက်တစ်ခုအား တီးတိုးဆိုလာသည်။
"မြို့ကြီးပြကြီးမှာက အမြင်ကျယ်ပြီး လူတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဒီလောက် စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ မြို့ငယ်လေးတွေကျတော့ အသိုင်းအဝိုင်းက သိပ်မကျယ်တော့ သူတို့တွေ ဒီလိုနေရာမျိုးကို လာပြီး တွေ့ဆုံပွဲ အသေးစားလိုမျိုး လာလုပ်ကြဖို့ လိုတယ်လေ"
ဖေယို့သည်လည်း တိတ်တဆိတ် ထောက်ခံလိုက်သည်။
လိင်တူချင်း သဘောကျခြင်းမှာ ယခုအချိန်အထိ လူ့အသိုင်းအဝိုင်းထဲတွင် လူနည်းစုသာ ဖြစ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကောင်းသည့်အရာ မဟုတ်သေးပါချေ။
အသံချဲ့စက်ဆီမှ ငြိမ့်ညောင်းသော ဂန္တဝင်ရိုးရာတေးသံလေးမှာ လွင့်ပျံ့နေပြီး ခပ်ဖျော့ဖျော့ ခရမ်းသွေးခြယ်သည့် မီးအလင်းရောင်မှာလဲ ကြမ်းပြင်ထက်တွင် ဖြေးညှင်းစွာ လှည့်ပတ်နေသည်။
ဖေယို့သည် သူ့လက်အတွင်းမှ ခွက်လေးအား စိတ်လွင့်နေသည့်ဟန်ဖြင့် လှည့်၍နေပြီး ဘာရယ်ကြောင့်မှန်းမသိ အလုပ်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများအား တစ်ဖက်သူနှင့် ပြောဆိုလိုသော အာသီဿ ဖြစ်၍လာသည်။
"ခင်ဗျား ဘယ်အချိန်တုန်းက ခင်ဗျားရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို သိခဲ့တာလဲ?"
ဖေယို့သည် စတင် မေးခွန်းထုတ်လိုက်သည်။
"အထက်တန်းကျောင်းတုန်းက"
ကျိုးချင်ပေါ်သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အနည်းငယ်မျှ ရှက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ပွင့်လင်းစွာ ဆိုလာသည်။
"ကိုယ် အဲ့ဒီတုန်းက အဆောင်မှာ နေခဲ့တာ။ တစ်ည ကိုယ့်အခန်းဖော်တွေက ကိုယ့်ကို ရုပ်ရှင်ကြည့်မယ်ဆိုပြီး ဆွဲခေါ်သွားတယ်လေ။ အဲ့ဒါကို ကြည့်နေတဲ့အချိန် ကိုယ် သဘောပေါက်သွားတာ"
အထက်တန်းကျောင်း၌ ဆယ်ကျော်သက် ကောင်လေးများမှာ အမြဲတစေ ရွှင်လန်းတက်ကြွနေပြီး အရာရာကို စူးစမ်းလိုစိတ်လဲ များလှသည်။ သူတို့၏ စူးစမ်းချင်သည့် အာသီဿ ပြင်းပြလာသည့်အခါ သူတို့သည် အတူတကွ စုဝေးကာ ဆိုးသွမ်းသော အရာတစ်ခုအား အတူတကွ လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။
ကျိုးချင်ပေါ်သည်လည်း သူ့အခန်းဖော်နောက် လိုက်ကာ အမျိုးစုံသောအရာများအား ကြည့်ဖူးခဲ့သည်။ သို့ပေမဲ့ သူ ကြည့်လေလေ ထိုသို့သောအရာများပေါ်တွင် စိတ်ဝင်စားမှု မရှိမှန်း ပို၍ သိသာလေလေ ဖြစ်သည်။
တစ်နေ့တွင်တော့ သူသည် မတော်တဆ လိင်တူဗီဒီယိုတစ်ပုဒ်အား နှိပ်မိသွားရမှ သူ၏ ကမ္ဘာအသစ်သည်လည်း တံခါးပွင့်လာရတော့သည်။
"ကိုယ် မင်းကို လျှို့ဝှက်ချက်လေး တစ်ခု ပြောပြမယ်"
ကျိုးချင်ပေါ်သည် သူ့ခွက်လေးအား လှုပ်ခါလိုက်ကာ ခပ်တိုးတိုး ဆိုလာသည်။
"ကိုယ် တကယ်တော့ အဲ့ဒီတုန်းက အတော်လေး ကြောက်သွားမိခဲ့တာ"
အလွန်စည်းကမ်းတင်းကြပ်သည့် မိသားစုတွင် ကြီးပြင်းလာခဲ့ပြီး အသက်အရွယ်အားဖြင့်လဲ အရမ်းကို ငယ်ရွယ်သေးလေရာ သူသည် လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ မွေးရာပါ သဘာဝတစ်ခုသာ ဖြစ်ကြောင်း မသိခဲ့သည့်အတွက် အချိန်အတော်ကြာသည်အထိ စိတ်ပူပန်ခဲ့ရသည်။
သူ၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် ရတက်မအေး ဖြစ်နေရသည့် တစ်ချိန်တည်းမှာပင် သူ၏ မြှီးကောင်ပေါက်အရွယ် ကာလအပိုင်းအခြားအား ဖြတ်ကျော်ခဲ့ရပြီး ကမ္ဘာပေါ်ရှိ မည်သူမှနှင့် မတူညီသည့် ထူးဆန်းထွေလာ သတ္တဝါတစ်ကောင်သဖွယ် ခံစားရခဲ့သည်။
ထိုပြင်းထန်လှသည့် မိမိကိုယ်ကို ဂရုပြုမိမှုသည် သူ၏ ပုန်ကန်လိုစိတ်အား တွန်အားပေးခဲ့ပြီး ထိုကာလတွင် သူသည် သူ့မိသားစုမှာ ပြင်းပြင်းထန်ထန် တားမြစ်ထားသည့် အရာများအား စတင် စူးစမ်းလေတော့သည်။
"အဲ့ဒီအချိန်တုန်းက ကိုယ် သူများတွေကို အတုခိုးပြီး ဆေးလိပ်သောက်တာတို့၊ ဘိလပ်ထိုးတာတို့ လုပ်ခဲ့တယ်"
ကျိုးချင်ပေါ်သည် ခပ်ဖြေးဖြေးဆိုရင်း သူ့ခေါင်းလေးအား အနည်းငယ် စောင်းလိုက်ကာ ခွက်အတွင်းမှ ရေဂယက်လေးများအား ငေးကြည့်နေသည်။ ထို့နောက်တွင် ကျိုးချင်ပေါ်သည် အပြုံးလေးတစ်ခုဖြင့် စကားဆက်လာသည်။
"ကိုယ် မိုးလင်းပေါက်ထိနေ၊ နေ့ဘက်တွေမှ အိပ်၊ ပြီးတော့ mixology ကို သင်ဖို့ အတန်းတွေတောင် လစ်လိုက်သေးတယ်"
ထိုအချိန်က သူသည် အနှီပုန်ကန်သော အပြုအမူများနှင့် ရင်လှပ်ဖွယ်ရာ အတွေ့အကြုံများအား သူ၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ပူပန်မှုများကို ဖြေဖျောက်နိုင်ရန်အတွက် အသုံးချခဲ့သည်။ သူတွေးထင်ခဲ့သည်မှာ သူသည် ထို့သော 'ထူးခြားသည်' ဟူသည့် အကျင့်စရိုက်များအား လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ပါလျှင် လိင်တူချင်းစိတ်ဝင်စားသည် ဆိုသည်မှာလဲ ထိုစရိုက်များထဲက တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်ကာ အထူးတလည် ပြောစမှတ်တွင်စရာ ဖြစ်နေလိမ့်မည် မဟုတ်တော့ပါချေ။
အနှီအခြေအမြစ်မရှိသည့် ဆယ်ကျော်သက် အရွယ် စိတ်နေစိတ်ထားမှာ ကောလိပ်သို့ ရောက်သည်အထိ သူနှင့်အတူ တည်ရှိခဲ့ပြီး နောက်ပိုင်း အရွယ်ရောက်လာသည့်အခါမှသာ သူ့စိတ်အခြေအနေသည်လည်း တဖြည်းဖြည်း အနည်ထိုင် တည်ငြိမ်လာခြင်း ဖြစ်သည်။
ကျိုးချင်ပေါ်သည် ထိုအကြောင်းများအား ပြန်လည် ပြောပြသည့်အခါ သူ၏ အသံမှာ အလွန်အမင်း နူးညံ့ကာ တိုးဖျော့နေခဲ့သည်။ သူ၏ အသံလေးမှာ ဖေယို့ထံ လျှို့ဝှက်ချက်တစ်ခုအား တီတိုးပြောပြနေသည့်သဖွယ် ခံစားရစေပြီး တစ်ချိန်တည်းမှာ သူနှင့် လုံးလုံးလျားလျားမသက်ဆိုင်သည့် ပုံပြင်တစ်ပုဒ်အား ပြောပြနေသည့်အလား သက်တောင့်သက်သာရှိလှသည်။
ဘားကောင်တာထက်ရှိ မင်းအလင်းရောင်မှာ ကျိုးချင်ပေါ်၏ မျက်တောင်ရှည်များထံ ဖြာကျ၍နေပြီး တစ်ဆက်တည်းမှာပင် သူ၏ ခွက်အတွင်းရှိ ရေခဲတုံးများအား တလက်လက် တောက်ပသွားစေသည်။ ခပ်ဖျော့ဖျော့ အပြုံးလေးမှာ ကျိုးချင်ပေါ်၏ နှုတ်ခမ်းထောင့်နားတွင် ခိုတွဲနေပြီး ဖေယို့၏ အကြည့်မှာ ကျိုးချင်ပေါ်၏ နှုတ်ခမ်းထက်သို့ ကျရောက်သွားကာ ထိုမှတဆင့် ညှပ်ရိုးလေးသို့ ရောက်သွားပြန်၍ နောက်ဆုံးတွင်တော့ ထိုအကြည့်လေးမှာ တိတ်တဆိတ်ဖြင့်ပင် တစ်ဖက်သူ၏ လက်အတွင်းမှ ဖန်ခွက်လေးဆီသို့ ရွေ့ပြောင်းသွားပြန်သည်။
ဖောက်ထွင်းမြင်နေရသည့် ရှည်မျောမျောခွက်လေး၏ အပြင်ဘက်တွင် ကြည်လင်အေးစက်သော ရေစက်လေးများ တွဲကပ်နေကာ ဖေယို့သည် ခွက်အတွင်းမှ မြုပ်တစ်ခါ ပေါ်တစ်လှည့် ဖြစ်နေသည့် ပူစီနံအရွက်လေးများအား ငေးကြည့်နေသည်။
သူ၏ နှလုံးသားမှာ ရေပြင်အား ဖြတ်၍လာသော လှိုင်းဂယက်များလိုနှင့် ဆင်တူလှသော ကျိုးချင်ပေါ်၏ အသံကြောင့် ရုတ်ချည်း ပျော့ပြောင်းသွားရသည်။
"အဲ့ဒီတုန်းက mixology ကို သင်ခဲ့တာလား?"
ဖေယို့သည် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်"
ကျိုးချင်ပေါ်သည် သူ့ဘက်သို့ လှည့်ကြည့်လာကာ အပြုံးတစ်ပွင့်စွန့်ကြဲပြီးနောက် အေးအေးလူလူ စကားဆက်လာပြန်သည်။
"နောက်ပိုင်း ကိုယ် ဒီပညာရပ်ကို လေ့လာလေလေ သဘောကျလေလေ ဖြစ်လာတာ။ ကိုယ့်ရဲ့ စိတ်အခြေအနေ တည်ငြိမ်သွားတဲ့အခါလဲ ဆက်ပြီးသင်ဖြစ်တယ်"
"အဲ့တာက တကယ် အထင်ကြီးစရာပဲ"
ဖေယို့မှာ ရိုးသားစွာဖြင့် ချီးမွမ်းလာခဲ့သည်။
"ကျွန်တော် ပြောချင်တာက... mixology တစ်ခုပဲ မဟုတ်ဘူး"
"မင်း ဘာကို ပြောချင်တာလဲ?"
ကျိုးချင်ပေါ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပုံရလေသည်။
"ကျွန်တော် ပြောချင်တာက ခင်ဗျားရဲ့ စိတ်အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ်၊ ခင်ဗျား စိတ်ဝင်စားတာကိုလဲ ရှာနိုင်ခဲ့တယ်၊ နောက်ပြီး အဲ့ဒီ ကိုယ် စိတ်ဝင်စားတဲ့အရာမှာလဲ ထူးချွန်သေးတယ်"
ဖေယို့သည် စကားဆက်လာသည်။
"ကျွန်တော်က ကောလိပ်တက်နေတုန်း ကျွန်တော့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို သိသွားတာ။ အဲ့ဒီအချိန်တုန်းက ကျွန်တော် မိန်းကလေးတွေကို သဘောမကျမှန်း သဘောပေါက်သွားပြီးတော့ ခဏတော့ တုံ့ဆိုင်းနေခဲ့မိတယ်။ ကျွန်တော် အချက်အလက်တွေ တော်တော်များများ ရှာဖွေကြည့်ပြီးတော့ ကျွန်တော့်မိသားစုကို ဖွင့်ပြောခဲ့တာ"
ဖေယို့မှာ အမြဲတစေ သူ၏ မိခင်မှာ အမြင်ကျယ်ကာ စိတ်သဘောထားပွင့်လင်းသည့်အတွက် ကျေးဇူးတင်မဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူ၏ လိင်စိတ်တိမ်းညွှတ်မှုနှင့် ပတ်သက်၍ အထူးတလည် ရုန်းကန်ကြိုးပမ်းခဲ့ရသည့် ဖြစ်ရပ်မျိုး မရှိခဲ့ပါပဲ အလျင်အမြန် လက်သင့်ခံနိုင်ခဲ့သည်။
သို့ပေမဲ့ ကျိုးချင်ပိုင်မှာ ထိုအချိန်က အလွန်ငယ်ရွယ်သေးကာ သောင်းပြောင်းထွေလာသည့် စိတ်ခံစားချက်တို့၏ စေစားရာဖြစ်ခဲ့ရပြီး စိတ်ပူပန်မှု၊ တုံ့ဆိုင်းမှုတို့နှင့်အတူ သင်းကွဲတစ်ကောင်ကဲ့သို့ ခံစားရမှုများသည် သူ့ဘဝ၌ နေရာမလပ် မောင်ပိုင်စီးခဲ့ကြသည်။
သူ့မိသားစု၏ တင်းကြပ်လှသော စည်းကမ်းများကြောင့် သူသည် ထိုကိစ္စနှင့်စပ်လျဉ်း၍ မိဘများထံမှ လမ်းပြမှု အကူအညီကိုပင် မတောင်းခံနိုင်ခဲ့ပါချေ။ ကမ္ဘာလောကကြီးတွင် အပယ်ခံတစ်ယောက် အဖြစ် ခံစားရခြင်းသည် အလွယ်တကူပင် တစ်စုံတစ်ယောက်အတွက် သူနှင့်စိတ်တူကိုယ်တူ အဖော်တစ်ယောက်အား ရှာဖွေရန်အတွက် တွန်းအားတစ်ခု ဖြစ်သွားစေသည်။
မြှီးကောင်ပေါက် အရွယ်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်အတွက် ထိုရှာဖွေမှာဟူသည် မမြင်င်သည့် အန္တရာယ်များနှင့် ပြည့်နှက်နေနိုင်ကာ တစ်ခဏတာ သတိမမူမိခြင်းကပင် တစ်သက်တာ အမှားတစ်ခုဆီသို့ ဦးတည်သွားနိုင်လေသည်။
သို့ပေမဲ့ ကျိုးချင်ပေါ်သည် လောကကြီး၏ မာယာထောင်ချောက်များအား ကျော်လွှားနိုင်ခဲ့သည်။ မုန်တိုင်းထန်နေသည့် ပင်လယ်အတွင်းမှ လှေငယ်လေးတစ်စင်း ကဲ့သို့ပင် သူသည် ကမ်းသို့ ပြန်မကပ်နိုင်ခင် ရေလယ်၌ အချိန်အတော်ကြာကြာ ရုန်းကန်ခဲ့ရသည်။
သို့ပေမဲ့ သူသည် ခြစ်ရာတစ်ခုတစ်လေပင် မရရှိပါဘဲ ပြန်လာနိုင်ခဲ့ရုံမျှမက လှေတစ်စင်းအပြည့် ရတနာများကိုပင် ပြန်လည် သယ်ယူနိုင်ခဲ့သေးသည်။
"ခင်ဗျား အရာများကြီးကို ကျော်ဖြတ်ခဲ့ရမှာပဲ"
ဖေယို့သည် ခဏတာ စကားရပ်လိုက်ပြီးမှ နူးညံ့စွာ ဆိုလာသည်။
"နောက်ဆုံးအချိန်အထိ လက်မလျှော့ဘဲနဲ့ ခင်ဗျားအတွက် ခင်ဗျား တာဝန်ယူစိတ်အပြည့်နဲ့ ကြိုးစားခဲ့တာက တကယ်ကို လေးစားဖို့ ကောင်းနေပါပြီ"
ဖေယို့၏ လေသံမှာ အမှန်တကယ် အားတက်သရောရှိလှပြီး သူအလုပ်လုပ်နေသည့် အချိန်များထက်ပင် ပို၍ လေးနက်တည်ကြည်နေသေးသည်။
ယခုအခိုက်အတန့်လေး၌ပဲ ဖြစ်ဖြစ် သူသည် ကျိုးချင်ပေါ်အား သူသည် ကျိုးချင်ပေါ်အတွက် မည်မျှပင် ဂုဏ်ယူနေကြောင်း သိစေချင်နေသကဲ့သို့ပင်။
သူသည် ပုံမှန်အားဖြင့် စိတ်ခံစားချက်နှင့် ပတ်သက်လာလျှင် အရိပ်အကဲ မသိလှသော်လည်း ယခုလိုအချိန်များတွင်တော့ မထင်မှတ်ထားလောက်အောင်ပင် ပွင့်လင်းကာ တည့်တိုးဆန်လှသည်။
ကျိုးချင်ပေါ်မှာ ဖေယို့၏ အတည်ပေါက်ကြီး ချီးကျူးမှုကြောင့် အနည်းငယ် မျက်နှာပူသွားပုံရကာ မသိစိတ်၏ စေ့ဆော်မှုကြောင့် ဖေယို့၏ မျက်ဝန်းများဆီမှ အကြည့်လွှဲသွားလေသည်။ ကျိုးချင်ပေါ်သည် သူ၏ ဘဝအကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောပြဖူးခဲ့ပါချေ။ အသက်သုံးဆယ်အရွယ်တွင် ဆယ်ကျော်သက်အရွယ်က အကြောင်းအရာများအား ပြန်လည်တွေးတောကာ တမြေ့မြေ့ အရသာခံကာ ပြောပြရခြင်းက ကြောင်တောင်တောင် နိုင်လှသလို ရှက်စရာလဲ ကောင်းလှသဖြင့် တော်ရုံ ပြောထွက်ရန် မလွယ်ကူပါချေ။
ကျိုးချင်ပေါ်သည်လည်း အများသူငှါကဲ့သို့ပင် အတိတ်မှသူသည် ကလေးဆန်ကာ သရဲဘောကြောင်လှသည်ဟု တွေးမိကာ ဘာမှမဟုတ်သည့်အရာများကို ဇာချဲ့တတ်ကာ အလွန်အမင်း အထိမခံနိုင်ဖြစ်ခဲ့သည်ဟု ခံစားရသည်။
သို့ပေမဲ့ ဖေယို့ စကားပြောသည့်အခါ သူသည် ကျိုးချင်ပေါ် အား လွန်ခဲ့သည့် ဆယ်နှစ်ကျော် အချိန်ကာလအား ပြန်လည် ဆွဲခေါ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျိုးမိသားစုသည် ချီးကျူးခြင်း၊ အားပေးခြင်း စသည်တို့တွေ အယုံအကြည်မရှိသလို ဘယ်သူကမှလဲ သူ့အား ထိုသေးသေးမွှားမွှား ကိစ္စလေးများအတွက် တခုတ်တရ ချီးမွမ်းကြလိမ့်မည် မဟုတ်ပါချေ။
ကျိုးချင်ပေါ် ကိုယ်၌ကလည်း ထိုအရာများအား မလိုအပ်ဟုပင် ထင်ခဲ့မိသည်။ သို့သော်လည်း လက်ရှိ အခိုက်အတန့်လေးတွင် သူသည် ထိုရောက်တတ်ရာရာ အတွေးဂယက်မှ မရုန်းထွက်နိုင်ခဲ့သည့် နေ့နေ့ညညများတွင် သူ အလိုအပ်ဆုံး အရာမှာ ထိုစကားလုံးများ ဖြစ်နေကြောင်းကို သဘောပေါက်သွားရသည်။
ကျိုးချင်ပေါ်သည် စနောက်ဟန်ဖြင့် ဖေယို့အား သူ့အား ချီးကျူးပေးပါရန် အရှက်မဲ့စွာ မကြာခဏဆိုသလို တောင်းဆိုခဲ့ဖူးသည်။ သို့ပေမဲ့ ယခု ဖေယို့မှာ သူ့အား အရိပ်အယောင်လေးပင် မပြပါဘဲ ရုတ်ချည်း ချီးကျူးစကားဆိုလာသည့်အခါ သူသည် အနည်းငယ် ရှက်ရွံ့မိသည်။
ရုတ်တရက် သူ့နှလုံးခုန်သံမှာ ကျယ်လောင်လာပြီး ထိုမိုးထိညံလုမတတ် အသံမှာ သူ့ရင်ဘတ်မှ ပျံ့နှံ့သွားကာ အနွေးဓာတ်လေး တစ်ခုကိုပင် အဆစ်သယ်ဆောင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကာ ဖရိုဖရဲနိုင်လှသည့် ခံစားချက်တစ်ခု၏ ရစ်သိုင်းခြင်းကို ခံထားရလေရာ ရတက်မအေးဖြစ်မှုအား ရုတ်ချည်း ခံစားနေရပြန်သည်။
သို့ပေမဲ့ ထိုရတက်မအေးဖြစ်မှုအား အနည်ထိုင်အောင် မစွမ်းဆောင်နိုင်သေးခင်မှာပင် ထိုရှုပ်ထွေးလှသည့် ခံစားချက်များအကြား ပျော်ရွှင်မှု တစ်စွန်းတစ်စကလဲ ခိုအောင်းနေပြန်ကြောင်း အာရုံခံမိလေသည်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေဖြင့် အနှီပျော်ရွှင်မှုက သူ့အား သဘာဝ၏ တုံ့ပြန်မှုအရ အလိုအလျောက် ရှက်ရွံ့မှုအနည်းငယ်အား ခံစားရစေသည်။
ကျိုးချင်ပေါ်သည် ပြုံးလိုက်ကာ အမူအရာအား ထိန်းသိမ်းလိုက်ပြီး ဝီစကီတစ်ငုံအား သောက်လိုက်လေသည်။ ဝီစကီအရည်များသည် သူ၏ လျှာထက်ရှိ အရသာဖုများအား လွှမ်းမိုးလိုက်သည်။
ခါးသက်သော အရည်က သူ၏ ရင်တွင်းမှ အပူမီးကို မငြိမ်းနိုင်သဖြင့် ကျိုးချင်ပေါ်မှာ မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။
အယ်ကိုဟော်လ်ပြင်း၏ အနည်းငယ် စပ်တက်တက်နိုင်မှုအပြင် လုံးဝဥဿုံ ခါးသက်သည့် အရသာက ပျော်ဝင်နေလေသည်။
ကျိုးချင်ပေါ််သည် မျက်ခုံးများအား တွန့်ချိုးလိုက်ပြီး သူသည် အမှတ်တမဲ့ ဘားထက်ရှိ သောက်စရာမီနူးအား မျက်လုံးထောင့်မှ မြင်လိုက်ရသည်။
ထိုမီနူးမှာ အထူးသဖြင့် ကော့တေးများအား အဓိက ပြသထားခြင်းဖြစ်ကာ ကျိုးချင်ပေါ်သည် မျက်လုံးများအား မှေးစင်း၍ ခပ်သော့သော့လေး ဖတ်ကြည့်လိုက်သည်။
ထို့နောက်တွင်တော့ သူသည် 'whiskey sour' ဟူသည့် အမည်မတိုင်ခင် 'special mix' ဆိုသည့် စကားလုံးအား တွေ့လိုက်ရသည်။
"သွားပါပြီ"
ကျိုးချင်ပေါ်သည် ခါးသီးစွာဖြင့် တွေးလိုက်မိသည်။
ထိုအခါးအရသာသည် အချိန်တစ်ခုရောက်ချိန်တွင် အငန်ဓာတ်ကိုပါ ပူးတွဲခေါ်ဆောင်လာကာ အငန်နှင့် အခါးအား တစ်ပြိုင်တည်း ခံစားရစေသည်။
ကျိုးချင်ပေါ် သည် အရက်ပြင်းအား မြိုချလိုက်ကာ သူ၏ ခံစားချက်မှာ ယခင်ထက်ပင် ပိုဆိုးလာကာ ပို၍ပင် စိတ်ပူပန်လာခဲ့သည်။
သူသည် ထိုရတက်မအေး ခံစားချက်ကြီးအား အာရုံလွှဲချင်လေရာ သူသည် ဖေယို့ဘက်သို့ လှည့်ကာ တစ်ဖက်သူ၏ အင်္ကျီလက်အား ဆွဲကိုင်လိုက်သည်။
"မင်း ဘယ်သူ့ကို ချီးကျူးနေတာလဲ?"
ကျိုးချင်ပေါ်၏ မျက်ဝန်းများသည် လခြမ်းပုံ ကွေးညွှတ်သွားကာ ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသည့်အတိုင်း ညုတုတု ဟန်ပြောင်းသွားကာ ဇွဲနပဲကြီးစွာဖြင့် မေးခွန်းထုတ်လာသည်။
"မင်းက ၁၈နှစ်အရွယ် ကိုယ့်ကို ချီးကျူးတာလား? ဒါမှမဟုတ် အခုလက်ရှိ ကိုယ့်ကို ချီးကျူးတာလား?"
ဖေယို့မှာ ထိုရွေးချယ်စရာ နှစ်ခု၌ ဘာများ ကွာခြားချက်ရှိမှန်းမသိလေရာ ရိုးရှင်းစွာပင် ထိုနှစ်ခုအား ပေါင်းကာ ဖြေလိုက်သည်။
"ကျွန်တော်က ခင်ဗျားကို ချီးကျူးတာလေ"
သူ၏ တုံ့ပြန်ချက်မှာ တဲ့တိုးဆန်ကာ ပြတ်သားလှသည်။ ကျိုးချင်ပေါ်မှာ မျက်တောင်လေး တခတ်ခတ် လုပ်နေရင်းမှ ထိုအယ်ကိုဟောလ်ပြင်း၏ အရသာကြားထဲ၌ ချိုမြမှုအနည်းငယ်အား ရရှိလိုက်ကြောင်း ခံစားမိသွားသည်။
ဖေယို့၏ အဖြေမှာ ပေါ့ပါး၍ တည်ကြည်လှကာ ကျိုးချင်ပေါ်၏ နှလုံးသားထက်သို့ သဲမှုန်ကလေးများ လာရောက်ဖြူးချသကဲ့သို့ ခံစားရစေပြီး ထိုဇစ်မြစ်မသိသည့် ပူပင်မှုအား ပျောက်ကွယ်သွားစေသည်။
တချိန်တည်းမှာပင်, ကျိုးချင်ပေါ်သည် သူ့ကိုယ်သူပင် မသေချာလှသော်လည်း ၁၈နှစ်သားအရွယ် ကျိုးချင်ပေါ်မှာတော့ ဖေယို့အား ချစ်မိသွားခဲ့ပြီ ဖြစ်သည်။
................................