𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 23 [final]
"အမယ်လေး ငါတို့က ထင်ကို ထင်မထားတာပါ ဂယူဘင်းနီးက လက်တွဲဖော်ရခဲ့လည်း သူ့ထက်ကြီးတဲ့လူနဲ့ပဲ အဆင်ပြေလောက်မှာလို့ တွေးထားခဲ့တာ အမျိုးတွေကြားကို ကလေးပေါက်စလေးလက်ဆွဲပြီး ခေါ်လာပါ့မယ်တော့ မထင်ထားဘူး !"
"ဟာဗျာ ကြီးကြီးကလည်း ကျွန်တော်ဘယ်နားကမှ ကလေးပေါက်စမဟုတ်ပါဘူးနော် အနည်းဆုံးတော့ ကိုကို့ထက်ဦးနှောက်ရှိတယ် "
"ဟမ် "
လက်ကောက်ဝတ်က ကြယ်သီးလေးကိုကြိုးစားပန်းစားတပ်နေတာမြင်တော့ မနေနိုင်စွာနဲ့ ကူတပ်ပေးရင်းက သူ့မှာ ဟမ်ခနဲ။ အမျိုးတွေက ပူတင်းလုံးစကားကြောင့် သဘောတကျအော်ရယ်ကြပြီး ကြောင်စီစီကြီးဖြစ်နေသူက ဂယူဘင်းတယောက်ထဲသာ။
ဒီနေ့က အစ်မဝမ်းကွဲရဲ့ လက်ထပ်ပွဲနေ့ဖြစ်ပြီး မနက်ထဲက စောစောထကာပြင်ဆင်ရင်း အခုတော့ပွဲချိန်နီးလာခဲ့ပြီဖြစ်သည်။
ဘယ်သွားသွားထိုကလေးလက်ကိုဆွဲပြီး သည်းသည်းလှုပ်မိခြင်းအပေါ် ဂယူ့ရဲ့ နဂို သဘောကျတတ်တဲ့ပုံစံကို သိကြတဲ့ အဒေါ်တွေက တအံ့တဩဖြစ်နေကြပြီး ပူတင်းလုံးကတော့ ဘယ်အရွယ်နေနေ တည့်အောင်ပေါင်းတတ်တဲ့ ကလေးဖြစ်နေတော့ ရွှတ်နောက်နောက်နဲ့ စကားဝင်ပြောပြစ်တတ်တာပဲ....
"တနေ့တခြား ကိုကိုမင်းကို ကြောက်လာပြီကွာ "
"ကျွန်တော်လည်း သရဲကြောက်လို့သေတော့မယ် ကိုကို ပူတင်းတို့ ဒီမှာဘယ်နှရက်ထပ်နေရမှာလဲဟင် "
ခန်းမရဲ့အနောက်ဖက်မှာ မြှောက်ကြွမြှောက်ကြွဖြစ်နေတဲ့ ပူတင်းလုံးက သူတို့ရဲ့ ဂင်မ်ဘိုးဘွားပိုင်အိမ်ကြီးကို ကြောက်လန့်နေသည်မှာ ညညဆိုသူ့ကို အပျောက်မခံ။ တွယ်ကပ်တတ်တာကို ခံစားရလာတော့လည်း သူ့မှာ ဆိုးလ်တောင်မပြန်ချင်တော့ပေ။
သူ့ကိုယ်သူ ကျွန်တော်ဆိုတဲ့နာမ်စားအပြင် ပူတင်းလို့ သုံးတတ်လာပုံကလည်း မြတ်နိုးစရာဖြစ်ပြီး ကြည့်ရတာတော့ စားစရာနာမည်လေးကိုပဲ နေသားကျလာသည်ထင်။ ဒီကိုရောက်နေတဲ့ ၃ ရက်အတွင်း ဂယူဘင်းရဲ့ ဂင်မ်တမျိုးတဆွေလုံးနဲ့ တည့်အောင်နေတတ်ပြီး အချစ်လည်းခံရလွန်းသည်။
လူကြီး ၊ ကလေး နဲ့ ခွေးအဆုံးတည့်အောင်နေတတ်ပြီး တခါတခါသူသွေးတက်စရာတွေပြောရုံကလွဲရင် ကျန်တာအိုကေပါ၏။
"မမ ဟယ်ယောင်းလေ မမ ဟယ်ယောင်းကို သိလားဟင် "
"ဘယ်သူလဲဟယ်ယောင်းဆိုတာက "
"အဲ့တာ ဂယူဘင်းနီးဟျောင်းရဲ့အရင်ကရည်းစားလေ "
"ဘာ !"
"ဟေ့ကောင် !"
ခန်းမအနောက်ဘက်ထဲ သူ့အသံက လွှမ်းခနဲ။သူ့ခါးလောက်သာသာအရပ်ရှိတဲ့ အမျိုးတဝမ်းကွဲထဲက တူလေးတယောက်ဖြစ်ပြီး ပူတင်းလုံးနဲ့စကားပြောပေါက်တည့်နေရာကနေ ဘယ်ကမှန်းမသိ သူငယ်ချင်းဖြစ်သူကို အရင်ကရည်းစားလို့ ခေါင်းစဉ်တပ်ပြောလာခြင်းမှာ ကလေးရဲ့ပေါက်ကရအပြောပေမယ့် ပူတင်းလုံးက ယုံလောက်မယ့်အမျိုး။
ခပ်တိုးတိုးကြိတ်ဟန့်လို့ရပေမယ့် သူနဲ့ ကောင်လေးကြားမှာ အထင်လွဲစရာတွေဖြစ်ကုန်မှာမလိုလားပေ။
"ပူတင်းလုံး...ဟယ်ယောင်းဆိုတာက ဒီဘက်က အသိသူငယ်ချင်းတယောက်အဆက်သွယ်ပြတ်သွားတာ ကြာပြီ အဲ့ကောင်လျှောက်ပြောနေတာ မယုံနဲ့နော် "
"မယုံပါဘူး "
"တော်ပါသေး "
"မဟုတ်ဘူး ကိုကိုပြောတာကို မယုံတာ အဲ့ဟယ်ယောင်းဆိုတဲ့ တယောက်ကို မင်္ဂလာဆောင်ဖိတ်ထားသေးလား ကျွန်တော်သေချာမေးရမယ် "
နဂိုထဲက ရစ်လုံးပါဆို အခုက ရစ်လုံးကိုဘီးအပိုတပ်ပေးလိုက်သလိုပင်။ ဆက်မှတော်တဲ့အမျိုးဖြစ်သူ တူလေးကို ဂယူဘင်းအံ့ကြိတ်ကာမျက်လုံးမျက်ဆန်ပြူးပြမိသည်။ စောက်ကလေးလေး မဆိုင်ပဲဝင်ဝင်ပါတာ။ သူအဲ့တာကြောင့်ပြောပါတယ် ဘယ်ကလေးနဲ့မှ ကီးမကိုက်ဘူး မအိုကေဘူးလို့ !
ဆူပုတ်သွားတဲ့ ပူတင်းလုံးကြောင့် သူ့ရင်ထဲခုလုခုလု။ သို့ပေမယ့် ခုနှစ်အရွယ်ကလေးက ပေါက်ကရပြောသည်ကို ယုံတဲ့ သူ့ပူတင်းလုံးကိုလည်း အံ့ဩမိပါ၏။
"မျက်နှာလှလှလေးကို ဆူပုတ်မထားနဲ့လေ သူလာရင် ကိုကိုကိုယ်တိုင် ဂုတ်ကနေဆွဲခေါ်ပြီး မေးခိုင်းမယ်ဟုတ်ပြီလား "
အရင်ကရည်းစားဖြစ်ဖို့နေနေသာသာ သူနဲ့ သိပ်ပြီး တရင်းတနှီးရှိတဲ့ သူငယ်ချင်းလည်းမဟုတ်ရပါ။ ဂျယ်ဂျူဘက်ကို လာရင်းအမျိုးတွေနဲ့ခင်နေလို့ သူငယ်ချင်းဖြစ်ရုံတင်။ နောက်ပြီး ဟယ်ယောင်းဆိုတာက မိန်းကလေးဆန်ဆန်နာမည်သာ။ တကယ်တမ်းကျ ရည်းစားတောင် မိန်းကလေးမဟုတ်ရင် မထားတတ်တဲ့ သူငယ်ချင်းမျိုး။
လူပိန်းနည်းနဲ့နားလည်အောင်ပြောရရင် ပေါက်ကျော်ဖြစ်သည်။ နေပါစေ သူရှင်းပြနေရင် ပူတင်းလုံးကထပ်ရစ်နေမှာ။ မျက်နှာချင်းဆိုင်မြင်ရင် သေချာသိသွားလောက်မှာလေ။ အခုတော့ သူ့ရဲ့အိစိပုကျိပူတင်းခဲလေးက အတွေးလွန်တဲ့ မျက်နှာလေးဖြစ်သွားခဲ့ပြီပင်။
"ဖေဖေ..."
"ဟေ..."
"ကိုကို ရည်းစားဘယ်နှယောက်ထားခဲ့လဲ ဖေဖေသိလား "
"ပူတင်းလုံး အဲ့လိုမမေးရဘူးလေ လူကြီးကို "
"ကိုကို ပါးစပ်ပိတ်နော် မင်္ဂလာခန်းမထဲမှာ ကုန်းမကိုက်ဘူးလို့ထင်နေလား "
"ဟင့်အင်း ကိုကိုမထင်ပါဘူးကွာ "
ခေါင်းတခါခါနဲ့ သူ့အဖြစ်ကို သတို့သား သတို့သမီးမှ စလို့ အနားကရင်းနှီးသမျှ ဧည့်သည်တွေကပါ အသံထွက်သည်အထိရယ်မောကြတော့သည်။ မင်္ဂလာခန်းမထဲရောက်သည်အထိ ပူတင်းလုံးရဲ့ မယုံသင်္ကာဖြစ်ပြီး အူတိုနေခြင်းမှာ ဖေဖေ့ကိုပါ ဒဲ့ကြီးသွားမေးနေသည်မို့ သူမျက်နှာပူမိပါ၏။
"မေမေ...မေမေရော သိလား "
မနက်အစောကြီးက ပွဲချိန်မှီအောင်လေယာဉ်နဲ့ ရောက်ချလာသော မေမေ့ကိုပါ မေးခွန်းထုတ်နေပြန်၏။
"ဘယ်သိမလဲ သားရဲ့ မင်းကိုကိုကို မေးကြည့်လေ ရှင်ရော သိလား ရှင့်သား ရည်းစားဘယ်နှယောက်ထားခဲ့လဲဆိုတာ "
"မသိပါဘူး မင်းသားနဲ့ဘယ်တုန်းကငါသေချာတည့်ဖူးလို့လဲ "
မေမေ့အမေးကို ဖေဖေက ခေါင်းတခါခါဖြင့် ပြန်ကန်သေးသည်။ထိုအခါ ပူတင်းလုံးက ကျစ်ခနဲလုပ်ရင်း...
"ဖေဖေရော မေမေရော တုံးအတာက ကိုကိုနဲ့တူတာပဲ ကိုယ့်သားလေး ရည်းစားဘယ်နှယောက်ထားခဲ့လဲဆိုတာ စပ်စုသင့်တယ်လေဗျာ !"
"ပူတင်းလုံး...ကိုကို ကြားကနေ မျက်နှာကြီးပူလာပြီကွာ...လာပါ လူကြီးတွေကြားဝင်မနေပါနဲ့ "
"မျက်နှာကြီးပူရင် ရေခဲစိမ်ထားလေ ကျွန်တော် မေမေတို့နဲ့ နေမှာ !"
သတို့သမီးဘက်က မိသားစုနဲ့ ဆွေမျိုးတွေအတွက်ပေးထားတဲ့ စားပွဲဝိုင်းမှာ သူဝင်မထိုင်နိုင်ပဲ မတ်တပ်ရပ်ကာ ခေါင်းပူနေခဲ့ရပြီပင်။ ဖေဖေနဲ့ မေမေ့ကို လက်မောင်းတဖက်စီဆွဲကာ ပြောထွက်လာသမျှကလည်း မျက်နှာပူစရာတွေကြီးသာ။
ကံကောင်းစွာနဲ့ သူ့မိဘတွေက စိတ်မဆိုးသလို ရယ်မောကြပြီး ဖေဖေကတော့ ခေါင်းတခါခါဖြင့် ပူတင်းလုံးရဲ့ လက်ထဲကို ဝမ်၅သောင်းတန်တွေ အထပ်လိုက်ထည့်ပေးနေသေးသည်။
ဒီကလေးအခုထဲက အကုန်ရိတ်သိမ်းရေးလုပ်နေတာ နောက်ဆို မလွယ်ပေ။ နောက်တခါတော့ မုန့်ဖိုးကို အဲ့လောက်ကြီးမပေးဖို့ သူ့ဖေဖေ့ကို ပြောရလိမ့်မည်။မျက်လုံးထဲကလေးလိုမြင်နေသည်မို့ ပိုက်ဆံအများကြီးပေးမကိုင်ချင်ပါ။
"ကဲ မေးမယ်ဆို မေးလေ "
မင်္ဂလာပွဲစပြီး နာရီဝက်လောက်ကြာတော့ ဟယ်ယောင်းဆိုသည့် သူငယ်ချင်းနဲ့ တွေ့သည်ဖြစ်ပြီး စိတ်တိုင်းကျမေးခွင့်ပြုတဲ့အခါ မှင်သေသေမျက်နှာဘေးလေးဖြင့်...
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော် ဂင်မ်ဂယူဘင်းရဲ့ကောင်လေးပါ " ဟု သွားနှုတ်ဆက်သည်မှာ သွက်လက်စွာပင်။ ပြီးနောက်အကြာကြီး စကားရပ်ပြောကြပြီး သူ့ကိုတော့ အစ်မလုပ်သူက ခဏလာခေါ်သည်မို့ အဝေးကသာလှမ်းကြည့်ဖြစ်ခဲ့ပါသည်။
ဝိုင်းတခုထဲထိုင်ကာ ဟယ်ယောင်းနဲ့စကားလက်ဆုံကြပြီး သူ့ကို ပြီတီတီရုပ်ကလေးဖြင့် ရယ်ပြပြီး လျှာထုတ်ကာပြောင်ပြသေးသည်။ တမင်သက်သက်မယုံချင်ယောင်ဆောင်ကာ ရစ်ကြောထူမှန်းအခုမှသူသဘောပေါက်မိပါ၏။
အေးပေါ့လေ တုံးတော့လည်း သူက လှည့်ချင်တိုင်း လှည့်ရတဲ့ ဘောလုံးလေးဖြစ်နေတာပေါ့ !
"အစ်မဟယ်ယောင်းက ခင်ဖို့ကောင်းသားပဲ "
"ဟန်ပူတင်းမင်းကိုကို့ကို မလှိမ့်တပတ်လုပ်သွားတာပဲ ကိုယ်ကတကယ်ယုံသွားတယ်ထင်လို့ "
"ကလေးပြောတဲ့စကားထပ် ကျွန်တော့်ရည်းစားပြောတာပဲ ကျွန်တော်ယုံမှာပေါ့။ တကယ်တမ်းတုံးတာက ကိုကိုဖြစ်နေတာပဲ...ဒါပေမယ့်လေ ရပါတယ် ကိုကိုက တုံးအနေရင်တောင် ကျွန်တော်က ချစ်တယ်လေ "
"..."
"ကျောက်တုံးကြီးဖြစ်သွားလည်း ကျွန်တော်ချစ်ပါတယ် "
ထိုင်ခုံမှာ လာပြန်ဝင်ထိုင်ရင်း သူ့ပါးကိုဆတ်ခနဲဆွဲကိုင်လာသည်က အငယ်လေးတယောက်ကို ပြုမူနေသလိုမျိုး။ ဟယ်ယောင်း နဲ့ စကားပြောခဲ့ပြီး ရွှင်ပြုံးနေတဲ့ မျက်နှာဘေးလေးဟာ မျက်လုံးတောက်တောက်လေးတွေနဲ့ သတို့သမီးကို လိုက်ကြည့်နေပြန်သည်။ ဂယူဘင်းကတော့ တိတ်တိတ်လေးထိုင်ငေးမိရုံသာ။
ချစ်ခြင်းတရားရဲ့ ခေါင်းစဉ်တခုအောက်မှာ လိုလိုလားနစ်မြုပ်မိတဲ့အခါ လူတွေက နောင်တမဲ့စွာပြုံးကြတယ်။ ရင်ခုန်မှုနဲ့အတူ အစားထိုးဝင်ရောက်လာတဲ့ ရယ်မောသံတွေကြားမှာ သူရောကိုယ်ရော ပျော်ကြရတယ်။ ဒါက သူတို့ကြားတင်မကပဲ လိုက်ဖက်ညီတဲ့အတွဲတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံပင်။
"ကိုကို "
"အွန်း "
"အစ်မက တအားလှတာပဲ...."
သတို့သမီးဝတ်စုံနဲ့ အစ်မတဝမ်းကွဲကို ပူတင်းလုံးက လှလို့ပါဟု ကပ်တိုးလေးချီးကျူးသေးသည်။ ခန်းမကြီးထဲမှာ ခေါင်းလေးလည်ပြီး လိုက်စပ်စုတတ်ပြီး တခုခုစိတ်ကျေနပ်စရာတွေ့ရင် သူ့လက်ကိုအတင်းဆွဲကာ တူတူကြည့်ဖို့ပြတတ်ပြန်၏။
"တဝမ်းကွဲပေမယ့် ကိုယ့်အပေါ်ကောင်းတဲ့အစ်မလေ ကလေးတုန်းကဆို ဂျယ်ဂျူဘက်ကိုလာလည်ဖြစ်ရင် ကိုယ်က အစ်မတို့အိမ်မှာပဲ သွားသွားနေတာ။ အန်တီလုပ်ပေးတဲ့ udon ခေါက်ဆွဲက သိပ်အရသာရှိတာလေ "
ကြုံခဲ့ဖူးတာတွေ ၊ ပူတင်းလုံးမသိသေးတဲ့ လွန်ခဲ့တဲ့နှစ်တွေက သူ့ရဲ့ပုံရိပ်နဲ့အကြောင်းတရားတွေကို သတိရရင်ရသလို တခုမကျန်ပြောပြဖြစ်သည်။ သူ့အထင်တော့ ဒါက သူပေးတတ်တဲ့ love language ထဲက တခုဖြစ်မည်ထင်၏။
ဘာပဲပြောပြပြ ခေါင်းလေးညိတ်ကာ စိတ်ဝင်တစားနားထောင်တတ်သည်ကလည်း အချစ်ပိုမိချင်စရာအပြုအမုတခု ဖြစ်နေပြန်ပါရောလား။
"ထပ်ပြီး ဂုဏ်ပြုပါတယ်အစ်မ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေ "
"အစ်မ ပန်းစည်းကို ကျွန်တော့်ဆီကျအောင် သေချာချိန်ပြီးပြစ်ရမယ်နော် "
"ပူတင်းလုံး...ပေါက်ကရတွေ လူကြီးကို..."
"ဟုတ်ပါပြီ ဒါဆို အစ်မတို့ပြီးရင် နောက်တပွဲကယူဂျင်းနီးတို့ဖြစ်မယ်ထင်တယ်နော် !"
ပွဲပြီးခါနီး မိသားစုတွေနဲ့ စကားပြောလိုက်ပွေ့ဖက်လိုက်ဖြင့် ဂယူဘင်းလည်းအစ်မကို ဂုဏ်ပြုကြောင်းထပ်ပြောဖြစ်ခဲ့ပြီး ပူတင်းလုံးကတော့ မင်္ဂလာပန်းစည်းကို သေချာပြစ်ပေးဖို့ အစ်မဆီကပ်ကာ ဂျီကျနေခဲ့သည်။ ပန်းစည်းပြစ်လိုက်လို့ ကောက်ရတဲ့လူက နောက်ထပ်မင်္ဂလာဆောင်ရတော့မယ့်လူလို့ ဆိုရိုးစကားတွေရှိတတ်ပြီး ဟုတ်မဟုတ်တော့ ဂယူလည်းမသိပါ။
သို့ပေမယ့် အဲ့သလိုတွေးမိတော့လည်းမျက်နှာကိုရေနွေးစိမ်လိုက်သလိုဖြန်းခနဲပူတက်လာရသည်။ ပန်းစည်းကိုသေချာချိန်ပြီးပြစ်ဖို့ပြောတဲ့ပူတင်းလုံးရယ် စနောက်နေတဲ့ အစ်မရယ်ကြောင့် သူကြားကနေ အငွေ့ပြန်ချင်လာသည်။လူကြီးရှက်တော့ ရယ် ဆိုသည့်စကားပုံအတိုင်းရယ်ပဲ ရယ်နေရတာ ပါးတွေညောင်းမတတ်။
နောက်ကျောပေးပြီး ပန်းစည်းပြစ်တာတောင် ကွက်တိဆိုသလို မင်္ဂလာပန်းစည်းဟာ ဂျစ်တူးလက်ထဲကျခဲ့ပြီး တမျိုးတဆွေလုံးရဲ့ ဝိုင်းဝန်းစနောက်ခြင်းကို ပွဲပြီးသည်အထိ ရှက်ရှက်နဲ့ခံယူခဲ့ရပါသေး၏။
အကယ်၍ ဆိုရိုးတွေထဲကအတိုင်းသာအမှန်ဆိုရင် နောက်ထပ်တခါ ဒီမှာ လာလုပ်မယ့် မင်္ဂလာပွဲက သူတို့ပွဲဖြစ်နိုင်ပါသည်ပေါ့....
———
"ဟ...ပလုတ်တုတ်ကြီးရဲ့ ကိုကိုနဲ့ ငါနဲ့ ညား....!"
"ဟမ် ယောင်တာကလည်း အဆန်းကြီးပဲ ဟန်ပူတင်းရယ် "
"မဟုတ်ဘူး ကိုကို အရိပ်ကြီးရွေ့သွားတယ်...ဟင့်အင်း ပြန်မယ် ဆိုးလ်ကို ပြန်မယ် "
I သမားလေးက တမျိုးတဆွေလုံးနဲ့ တည့်အောင်ပေါင်းပြီးသကာလ သူအခု energy ကုန်နေခဲ့ပြီဖြစ်သည်။ အရင်ကဆို လူစုလူဝေးတွေ စကားပြောစရာတွေဆို ရှောင်တတ်ပေမယ့် ကိုကိုနဲ့ပက်သက်လာတဲ့ အသိုင်းအဝိုင်းကိုတော့ သူမရှောင်ချင်ပါ။
နှင်းဆီရနံ့ရေချိုးဆီဟု ခေါ်ပြီး ကိုကိုတို့ ဂင်မ်မျိုးရိုးမှာပဲသီးသန့်သုံးကြတဲ့ ရေချိုးဆပ်ပြာကို သူဒီနေ့ရခဲ့သည်မို့ မွှေးမွှေးအေးအေးလေးရေချိုးပြီး အခင်းပေါ်ထိုင်ရုံရှိသေးသည်။ ဘေးကနေ အေးစက်စက်အငွေ့အသက်နဲ့အတူ ဆတ်ခနဲဖြတ်သွားသည့် အရိပ်ကြောင့် အကျီကြယ်သီးတပ်နေတဲ့ ကိုကို့ဆီ သူအော်တိုပြေးကပ်ပြီးရက်သား။
သရဲကိုတော့ သူတကယ်ကြောက်တာပင်။ လိမ်သည်ညာသည်လည်းမဟုတ်သလို ရည်းစားကြီးနားကပ်နေချင်လို့လဲ မဟုတ်ပါ။ အကယ်၍ လူသာဆို နှစ်ချက်လောက်ပိတ်ရိုက်လို့ရပေမယ့် သရဲကျအကောင်အထည်လည်းမြင်ရသည်မဟုတ်။
ပြူးတူးပြဲတဲမျက်ခွက်ကြီးသာဆို သူနှစ်ရက်လောက်အပြင်းဖျားသွားနိုင်သည်။
ဒီကိုရောက်နေတဲ့ ရက်အတွင်း ခဏခဏဆိုသလို သူ့ကိုပဲခြောက်တတ်ပြီး ကိုကို့ကိုကျမခြောက်ပေ။ ပထမဆုံးညက ကိုကိုပြောသလိုမျိူး သူတို့သွေးသားမဟုတ်လို့ သူ့ကိုပဲကွက်ပြီးခြောက်သလားတော့ မသိ။
ဘာနေနေ သရဲက ဘက်လိုက်တတ်လွန်းသည်။
"ပူတင်းလုံးကကွာ...လေတိုက်လို့ အပြင်မှာလှမ်းထားတဲ့ အဝတ်ကလှုပ်သွားတာနေမှာပါ။ ဒီဘက်နံရံမှာအရိပ်လာဟပ်တာလဲဖြစ်နိုင်တာကို"
"မဟုတ်ဘူး အိပ်ယာမဝင်ခင်က ကျွန်တော် ဟိုဘက်က ဦးလေးကိုအဝတ်တွေအကုန်စုပြီး ရုတ်ပေးလိုက်ပြီးသား အပြင်မှာ အဝတ်မရှိတော့ဘူး "
"ဟန်ပူတင်းက overthinking သမားပဲ "
"ကိုကိုကဗျာ ခင်ဗျားရည်းစားလေးပြောတာတော့ ယုံသင့်တယ်လေ "
စိတ်ပျက်စွာနဲ့ ယှဉ်ရက်ခင်းထားသောကိုကို့အိပ်ယာခင်းပေါ်မှာ ခြေပြစ်လက်ပြစ် ထိုင်ချပြစ်လိုက်သည်။ ရေစိုနေတဲ့ သဘက်ကို ရေချိုးခန်းနားမှာ သွားလှမ်းပြီးအနားပြန်ရောက်လာသူက သူ့ဘေးမှာဝင်ထိုင်လာခဲ့၏။
ရေချိုးပြီးခါစ ကိုကို့ဆီက အမွှေးနံ့ကို ရသည်။သူလည်း မွှေးပေမယ့် ကိုကို့ဆီက ပိုမွှေးသည်ဟု မှတ်ယူချင်၏။
"ကိုကိုမယုံတာမဟုတ်ပါဘူး ပူတင်းကို အတွေးမလွန်စေချင်တာ..."
"ကိုကိုမကြောက်တတ်တိုင်း သူများကို လာဆုံးမနေတာလေ မုန်းဖို့ကောင်းတာ "
"မုန်းနိုင်လို့လား..မုန်းနိုင်မှပဲစကားဆက်ပြောကြမလား "
မျက်နှာရှေ့အတင်းတိုးကာ လိုက်စနှောက်နေသည်မို့ ယူဂျင်းပိုပြီးစိတ်ရှူပ်လာမိသည်။ သူ့ဘက်က စကားအပြောကိုအထအနကောက်က ပြန်စနောက်နေသည်မို့ မျက်ခုံးလေးတွေကြုံ့ထားမိရ၏။
ပေါ့ပေါ့ပါးပါး တီရှပ်အဖြူလေးနဲ့ ဒူးခေါင်းလောက်ဘောင်းဘီတို အဝါလေးသာထုတ်ဝတ်ထားဖြစ်သည်။နွေရာသီဘက်ရောက်လာတော့ အိုက်စပ်စပ်ဖြင့်။ ပေါင်ပေါ်တင်ထားတဲ့ လက်ကောက်ဝတ်ကိုလာဆွဲယူသည်မို့ ယူဂျင်းရဲ့ညာဘက်လက်လေးက ပြန်ဖယ်ချပြစ်လိုက်သည်။
ဇွဲမလျှော့စွာနဲ့ လက်ကိုလာထပ်ဆွဲသည်မို့ ကိုကို့လက်ဖမိုးကို သူတွန်းဖယ်ပြစ်လိုက်၏။ ဒါလေးပြောတာတောင် မယုံကြည်နိုင်ပေ။
"လက်ဆောင်ပေးမလို့လေ သဘောထားသေးသိမ်လိုက်တာပူတင်းလုံးရာ "
ဖယ်ဖယ်ချနေတဲ့ ညာဘက်လက်ကိုပါ ဆတ်ခနဲဖိအုပ်ကိုင်လာပြီး ကြမ်းပြင်မှာဖိထားသည်မို့ သူရုန်းမရ။ သူ့လက်လေးကို ကိုကိုကပေါင်နဲ့တက်ဖိထားပြီး ဘယ်ဘက်လက်ကောက်ဝတ်မှာ ငွေရောင်ဟမ်းချိန်းကို အမြန်ဝတ်ပေးလာခဲ့သည်။
"ကိုယ့်ရည်းစားကိုယ် လက်ဆောင်ပေးရတာ နောက်က ကျားလိုက်သလိုပဲ မြန်မြန်ဝတ်ပေးနေရတာ....ဟန်ပူတင်းကတော့ ကိုကိုမင်းကို oven ထဲ ထည့်ပြီးပေါင်းစားမိတော့မယ် "
"ကိုကို ကျွန်တော်က စားမရပါဘူးနော် ! ဘာပဲဖြစ်ဖြစ် လက်ဆောင်အတွက်ကျေးဇူးပါပဲ "
"ကြိုက်တယ်မို့လား "
Chain ကြိုးလို ပုံစံမျိုးဖြစ်ပြီး ရှင်းရှင်းလင်းလင်း ဒီဇိုင်းအနေအထားနဲ့အတူ သူ့မွေးလမှာပွင့်တဲ့ daffodil ပန်းပွင့်ပုံလေးတခုပါပြီး လက်ကောက်ဝတ်ပေါ်မှာ လိုက်ဖက်ညီစွာရှိသည်မို့ လက်ကိုငုံ့ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါ ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ရယ်ရင်း သူ့ဆံပင်တွေကို လက်ချောင်းရှည်တွေနဲ့ဆွဲဖွပြစ်၏။
"ဟိုဟိုဒီဒီ ဂျီးများတတ်တဲ့ ဟန်ပူတင်းလေးအကြိုက်တွေ့တယ်ဆိုလို့ ကျွန်တော်မျိုး ဝမ်းသာပါတယ်ခင်ဗျာ...uni တုန်းက သူငယ်ချင်းတယောက် အခု jewelry company တခုမှာ အလုပ်လုပ်နေတာလေ မင်းကို လက်ဆောင်ပေးချင်တော့ အဲ့ကောင်ကို ဖုန်းဆက်ပြီး ဒီဇိုင်းဆွဲခိုင်းထားတာ ယောကျာ်းလေးဆန်ဆန်ရှင်းရှင်းလေးနဲ့ လှလှလေးလေ ~ တကမ္ဘာလုံးမှာ တခုထဲပဲရှိနိုင်မယ့် ဒီဇိုင်းပေါ့ "
သေချာပြန်စဉ်းစားကြည့်ရင် သူ့အတွက် သရဲကြောက်တယ်ဆိုတာက ငါးမိနစ် ဆယ်မိနစ်အပြင် ပိုမလာ။ ကိုကို့ဘက်က စကားသံနဲ့ရယ်သံတွေကြားမှာ သူ့ရဲ့ကြောက််စိတ်လေးတွေက တစတစလွင့်ပြယ်သည်။ မသိရင်လေနဲ့ မှုတ်ထုတ်ခံလိုက်ရတဲ့ dandelion ပန်းရဲ့ပွင့်ဖတ်လေးတွေလိုမျိုး။
ကဗျာဆန်ဆန်ခိုင်းနှိုင်းတတ်နေခြင်းက မသင်ပဲတတ်မြောက်သည့် နှလုံးသားပညာရပ်။
နဖူးပြင်ဟာ စက္ကန့်တိုလေးအတွင်းမှာ နွေးခနဲ။နှစ်နှစ်ခြိုက်ခြိုက်ရယ်နေတဲ့ ကိုကို့ကို သူမျက်ခွံလေးအသာလှန်ကြည့်မိသည်။ အနမ်းငွေ့နွေးနွေးလေးက သူ့ကိုလုံခြုံမှုပေးနေသယောင် စိတ်တိုင်းကျရပြန်၏။
သူ့ပါးပြင်လေးတွေ သိသိသာသာအပူလှိုက်တတ်လာခဲ့သည်။ လိမ်ညာဖို့မဖြစ်နိုင်တဲ့ ကိုကို့မျက်ဝန်းတွေထဲမှာ သူ့ကို ချစ်ရိပ်တွေသန်းနေခဲ့သည်မို့ ကြာကြာစိုက်မကြည့်ရဲ။
ယူဂျင်းလည်း လူပဲမို့ ရှက်တတ်ပါ၏။ ကိုကိုဟာ သူ့အချစ်ဦး ၊ ရည်းစားဦး သူ့ရဲ့ ပထမဦးဆုံးအရာရာကို ကိုကိုကသာရယူနိုင်ခဲ့သူမို့ ရှက်စိတ်လေးဖြစ်မိတာ သူ့အလွန်တော့မဟုတ်။ ငြိမ်ကုပ်သွားမိတဲ့ စက္ကန့်ပိုင်းအတွင်း အခန်းထဲမှာ ကိုကို့ရယ်သံတွေသာအဖော်အဖြစ်ကျန်ရစ်သည်။
"ကိုကို မင်းကို ချစ်တယ်နော် "
"ကျွန်တော်က ပိုတယ် "
"အွန်း မင်းကပိုပါတယ် ဒါပေမယ့် ကိုကိုလည်းပဲ မင်းထက်တော့မလျော့ဘူး..."
ခဏခဏဆိုသလို ချစ်တယ်လို့ ထုတ်ပြောတတ်တဲ့ ပုံစံထဲမှာ မပါဘူး။ အထူးသဖြင့် အခုလိုမျိုးအထူးတလှယ်ဖြစ်သွားတတ်တဲ့ အချိန်တွေမှာပဲပြောတတ်ကြတာ။ ကိုကိုကတော့ အစဖော်သူပေါ့။ ကိုကို့ဆီက အချစ်ကိုပြန်ရဖို့အတွက် ၉ လကျော်လုံး သူကြိုးစားခဲ့တုန်းကတော့ အရှက်ခဏကုန်ခဲ့သည်ထင်ပါရဲ့။
အကယ်၍ အဲ့အချိန်တွေတုန်းက အခုလိုသာ ခဏခဏ shy boy လေးဖြစ်နေရင် သူကိုကိုနဲ့ သားဖတော်ပြစ်လိုက်ရလောက်မှာ....
"ချစ်ဖို့ကောင်းလို့ သေတော့မှာပဲကွာ..."
ခဏခဏပြောတတ်တဲ့ စကားဖြစ်လို့ ယူဂျင်းကမစိမ်းသက်။ နားရည်ဝနေခဲ့ပြီလေ။ ကိုကိုက သူ့ပါးတွေကို ဖိအုပ်ကိုင်ပြီး အဲ့ဒီ့စကားကို အမြဲလိုလိုပြောတတ်သည်မို့။
"မနက်ဖြန်ကျရင်လေ....နည်းနည်းလျှောက်လည်ကြမလား..."
"အွန်း...ရတာပဲ ပူတင်းလုံးသွားချင်တဲ့ နေရာရှိလား ပင်လယ်ထဲကလွဲလို့ကျန်တာရတယ် "
"မနက်က ဖေဖေ့ဆီကတောင်းခဲ့လို့ ကျွန်တော့်အိတ်ထဲအထပ်လိုက်ပဲ ဟဲဟဲ "
ချစ်မွှေးလေးဖြစ်နေသည်မို့ သူ့ရင်ထဲ ပုရွတ်ဆိတ်လေးတွေပြေးနေသကဲ့သို့ ယားကျိယားကျိခံစားချက်။ ပါးလေးတဖက်ကို ဖိညှစ်လိုက်ရင်း ခဏခဏဆိုသလို ထိချင် နမ်းချင်စိတ်ဟာ လွတ်လွတ်ထွက်သွားတတ်သည်။ တကယ်ကို သေးသေးလေးလုပ်ပြီး သူအိတ်ကပ်ထဲသယ်သွားချင်လာပြန်၏။
"အဆိုးအပေလေးလုပ်ပြီး ဖေဖေ့ကို ပြောရဲဆိုရဲလုပ်နေတာ တော်ကြာဖေဖေက စိတ်ဆိုးပြီး ကိုကို့ကို မင်းဆီမပေးတော့ရင် ဘယ်လိုလုပ်မလဲ ပူတင်းလုံးရဲ့ "
"မပေးရင် ဘော်ဒါကြီးမသိအောင်ခိုးရုံပေါ့ ကိုကိုကလည်း"
ပေါ့ပေါ့ပါးပါးပဲ ပြောပြလာခြင်းအတွက် သူ့ဗိုက်ကိုဖိနှပ်ပြီးရယ်လိုက်ရသည်လေ။ ဖေဖေ့ကို ဘော်ဒါကြီးဟု ခေါ်တတ်နေပြီး ပေါက်ကရဘယ်လောက်ပြောပြော စိတ်ဆိုးသယောင်ဖြစ်မသွားသည်ကတော့ တကယ်ထူးခြားလွန်းသည်ပေါ့။ သူနဲ့ ဖေဖေသာဆို မျက်နှာချင်းဆိုင်တာနဲ့ ရန်စကားတွေကြီးသာ။
အသည်းယားခြင်းအမှုမှာ ဘာမှမလုပ်မိလောက်ပါဘူးဟု ကြာကြာအာမမခံနိုင်သည်မို့ မျက်နှာလေးကို ဆွဲမော့ပြီး အိခနဲနမ်းပြစ်မိရသည်။ စိတ်တိုင်းကျလက်ထဲမှာ ရုန်းကန်ခြင်းကင်းမဲ့စွာ ပါလာသည်က သူ့နှလုံးသားထဲ ထပ်ပြီးအချစ်စိတ်ကို လှိုက်ခနဲလျှံတက်လာစေ၏။
ပန်းဝတ်ရည်တွေ ဝလင်နေတဲ့ ပန်းပွင့်ဖတ်လေးနဲ့ ဆင်တူတဲ့ အောက်နှုတ်ခမ်းပါးလေးဟာ ချိုမြိန်ခြင်းတခုကို ပေးဆောင်လိမ့်မည်။
သူသာ ပျားလုပ်သားတကောင်ဖြစ်နေမယ်ဆို ပန်းဝတ်ရည်တွေကို လောဘတ်တတ်ပြီးအကုန်စုပ်ယူမိလောက်မှာ ရာနှုန်းပြည့်သေချာပါ၏။
"ရေသောက်...ဖြေးဖြေး "
"အနာပေးလိုက် ဆေးပေးလိုက်နဲ့ ကိုကိုရာ...တော်ပြီ နောက်ဆို ကိုက်လွှတ်မယ် "
ရေကရားထဲကရေကို ဖန်ခွက်ထဲလွှဲပြောင်းထည့်ပေးပြီး ရေတိုက်တော့ အသက်ရှုမဝသလိုမောဟိုက်နေသည့်ကြားက ရေသောက်ပြီးပြန်စွာလာနိုင်သေးသည်။ ခရီးကိုအကြောင်းပြုပြီး ညအိပ်ယာဝင်ချိန်ကစလို့ မနက်အိပ်ယာထချိန်အထိ မျက်နှာခြင်းဆိုင်ရတတ်ပြီး သူတို့ကြားမှာ ဘာက အလွမ်းလဲဆိုတာ မသိနိုင်တော့သည်မို့။
"ဆိုးလ်ကို ပြန်ရောက်ရင် ကိုကို ဟိုဝယ်ထားတဲ့ ကွန်ဒိုကြီးကို မပြန်နဲ့တော့နော် "
"အွန်း...ဆေးခန်းမှာပဲ နေမယ်လေ ကိုယ်တို့လိုအပ်တဲ့အသုံးအဆောင်တွေထပ်ဝယ်ရမယ်ထင်တယ် "
"ထယ်ရီနဲ့ အွန်ပါပါးအတွက် အစာခြောက်ရော "
"နိုး နိုး ပူတင်းလုံးရာ ကလေးတွေကို အစာခြောက်တွေ သိပ်မကျွေးပါနဲ့ အဲ့အစား အသားအနှစ်ဆီသွပ်ဘူး..."
"ဒါဆိုလည်း ထယ်ရီမကို ကိုကို့ဆီပေးမယ် ထယ်ရီ ဒီနေ့ကစပြီး ဟန်ထယ်ရီမဟုတ်ပဲ ဂင်မ်ထယ်ရီပဲ !"
ဆရာကြီးအလုပ်ကောင်းတာ စကားကို ဝင်ဖြတ်ပြောခံရပြီး ဘေးမှာကွေးကွေးလေးအိပ်နေတဲ့ ထယ်ရီ့ကို ဆွဲကာ သူ့လက်ထဲလာထိုးထည့်၏။ ပြန်စနောက်စရာ အတွေးတခုရသွားသလိုမျိုး ဂယူဘင်းဟာ အကြံပါပါနဲ့ နှုတ်ခမ်းတဖက်တွန့်ရုံသာပြုံးလိုက်ပြီး....
"မင်းကရော ပူတင်းလုံး...မင်းရော ဟန်ပူတင်းကနေ ဂင်မ်ပူတင်း မဖြစ်ချင်ဘူးလား...ဥပဒေနောက်ဆုံးနှစ်ပြီးရင် ကိုကိုနဲ့ လက်ထပ်လေ "
"..."
"ဒီနေ့ အစ်မဆီကနေ ပန်းစည်းရခဲ့တယ်မို့လား...ဘယ်လိုလဲ ဂင်မ်မျိုးနွယ်အောက်ကိုဝင်ဖို့အသင့်ပဲလား "
ချက်ချင်းဆိုသလို နီရဲတွတ်လာတဲ့ နားရွက်ဖျားလေးတွေဟာ ခပ်ဖွဖွတတိတိကိုက်ပြစ်ချင်စရာ။ စွာတေးလန်ပြီး ဂျစ်တစ်တစ်သာလုပ်နေတာ ထိုကလေးက သူပုံမှန်ထပ်ပိုပြီး ချစ်ကြောင်းပြောရုံနဲ့တင် ယုန်ကလေး အိပ်ဆေးမိသလို ငြိမ်သွားတတ်တာ။
"ပူတင်း...လို့ မခေါ်ပါနဲ့ စားစရာနာမည်ကြီး "
"ဂင်မ်ပူတင်းက ပိုခေါ်လို့ကောင်းသလားလို့နော် "
"ကိုကိုကလည်း...!"
"ကိုကိုမလဲပါဘူး ကိုကိုအခုထိုင်ပြီးပြောနေတာ ပူတင်းလုံးဘေးနားမှာ "
လက်ထဲမှာ ငြိမ်ငြိမ်လေးရှိနေတဲ့ ထယ်ရီ့ကို ဘေးချပေးလိုက်သည်။ သူပေးထားတဲ့ လက်ဆောင်လေးနဲ့လိုက်ဖက်စွာ တည်ရှိနေတဲ့ လက်ကောက်ဝတ်လေးအား ဆွဲကိုင်မိ၏။
လှသည်။ အကြောစိမ်းပါးပါးလေးတွေ ယှက်ပြေးနေပြီး ဖြူဖွေးစွပ်နေပုံက ယောကျာ်းလေးဆန်ဆန်နဲ့ လှသည့် လက်ကလေးတွေ။
သို့ပေမယ့် သူ့ကြောင့် အရှက်သည်းနေသည်မို့ နီရဲရိပ်လေးတွေသန်းနေခဲ့ပြီး oven ထဲက ဆွဲထုတ်လာတဲ့ ပူတင်းလုံးလေးလိုမျိုး နွေးနွေးအိအိ။ ဒါကြောင့်လည်း သူက ပူတင်းလုံးလို့ နှုတ်ကျိုးခဲ့မိတာ။
"ကျွန်တော်...ကိုကို့ကို ချစ်တယ်နော် "
"အွန်း ကိုကိုသိပါတယ် စားမရတဲ့ပူတင်းလုံးရဲ့ "
ချစ်တာကို ချစ်မှန်းထုတ်ပြောဖို့ အစဆွဲထုတ်သူက ဂယူဘင်းဖြစ်ပြီး အဆုံးသတ်ပေးသူက ဟန်ပူတင်းဖြစ်သည်။ သူ့ကို ချစ်တယ်နော် လို့ ပြန်ပြောဖို့အတွက် မိနစ်နဲ့လည်း ချီပြီး ကြာတတ်သည်မို့ သူဟာ စိတ်ရှည်လက်ရှည်စောင့်ပြီး နားထောင်ပေးရတတ်၏။
အပြင်ဘက်က တစာစာအော်နေကြတဲ့ ပုစဉ်းရင်ကွဲသံတွေက ဆူညံတယ်ဆိုသော်ညား ဒါက နွေဆိုတဲ့သဘောတရားကို ဆောင်သည်။
စိတ်အနှောက်အယှက်မဖြစ်တဲ့အပြင် သရဲကြောက်တဲ့ ပူတင်းလုံးလေးကို သူ့မှာ ထွေးရပွေ့ရနဲ့။ တခေါက်တခါဖိညှစ်မိရင် စတော်ဘယ်ရီပူတင်းလေးလို နီရဲတွတ်လာပြီး ကြည့်ရတာ အရှက်ပိုနေပုံရသည်။
တချိန်က တွေးခဲ့ဖူးတဲ့ သူ့ရဲ့စိတ်ကူးတွေက ဒီနေ့ညမှာပြန်ပြီး အသက်ဝင်သည်။ ချစ်ရသူရှိလာရင် ခရီးတွေထွက်ချင်တယ်ဆိုသည့် စိတ်ကူး...တချိန်က မဖြစ်နိုင်လောက်ဘူးထင်ပြီး သိမ်းထုတ်ခဲ့ပေမယ့် လက်ရှိမှာတော့ မတူညီတော့ပေ။
ရာသီတွေ ကူးပြောင်းသွားလည်း သူကပူတင်းလုံးရဲ့လက်ကို ဆွဲပြီး ခရီးတွေလျှောက်သွားနေတော့မှာ။
သူ့ပိုင်ဆိုင်မှုအောက်ကို ဆွဲသွင်းချင်စရာပထမဆုံး သက်ရှိနွေးနွေးက ပူတင်းလုံးဖြစ်ခဲ့ပြီး သူတို့က ဆက်သွယ်ရေးလေးဟာ ထယ်ရီဖြစ်ခဲ့သည်။ ရှောင်ထွက်ခဲ့ပေမယ့် အထပ်ထပ်ချည်တုပ်ခံရတဲ့အခါ သူကပူတင်းလုံးထောင်ဖမ်းတဲ့ ကျော့ကွင်းထဲမှာ အချစ်နဲ့အသက်ဆက်ဖို့ ကြံကမ္မာဖြစ်လာခဲ့တယ်။
ချစ်စရာအမည်နာမတခုနဲ့ သူ့ရဲ့တစ်ဦးဆိုင်နာမ်စားလေးအဖြစ်ပြောင်းလဲခဲ့သေးသည်။ အသက်သွေးကြောမျှင်လေးကို ရင်ခွင်ထဲသိမ်းထုပ်ထားရင်း ဒီနေ့တညတာမှာလဲ သရဲမကြောက်တော့ဖို့ သူချော့မြူရလိမ့်မယ်။
ရှေးဟောင်းဆန်ဆန် ဘိုးဘွားပိုင်ဂင်မ်အိမ်ကြီးရဲ့ အိပ်ခန်းငယ်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားတဲ့ အချစ်ငှက်ကလေးတွေရှိလိမ့်မည်။ ထို့အတူ သူတို့ရဲ့ ချစ်စရာအိမ်မွေးခွေးလေးနှစ်ကောင်ရောက အဖော်ပြုပေးလောက်မည်။
အချစ်ငှက်လေးတွေကြားမှာ အဖော်မလိုလောက်ဘူးဆိုပေမယ့်ပေါ့....
Part - 23 [final]
Note : [ကဲ ~ စားမရတဲ့ ပူတင်းတို့ကို ဒီနေ့လေးမှာပဲ လှလှပပအဆုံးသတ်ခဲ့ပါတယ်။ လှလှပပလေး ဖြစ်နေပါ့မလား မသိပေမယ့် ဒါလေးကို ဖတ်ခဲ့ပြီး ခင်ဗျားတို့ရင်ထဲမှာ တစုံတခု စွဲကျန်ခဲ့ဖို့ မျှော်လင့်မိပါတယ် ~ အပိုင်း ၁ မှ စလို့ အခုဖိုင်နယ်ထိ လိုက်လာပေးတဲ့ သူတွေရော ၊ လမ်းတဝက်မှာမှ လိုက်လာပေးကြတဲ့ သူတွေရော ၊ ပြီးသွားပြီးမှ လာဖတ်ပေးကြမယ့် သူရော ဘယ်သူ့ကိုမဆိုကျေးဇူးအများကြီး တင်ပြီး ယူဂျင်းပူတင်းကြောင့် စိတ်ခံစားချက်လေး ပျော်ရွှင်ရစေဖို့ ရည်ရွယ်ပါတယ် ~
ပူတင်းလုံးတို့ကို ချစ်ပေးကြလို့လဲ ဂိုမားဝေါပါရှင် 🩶 ကြားမှာလည်း ပူတင်းလုံးဆိုပြီး စနောက်ကျတာတွေ အများကြီးတွေ့ခဲ့ရတာမို့ ပျော်မိပါတယ်။
ဆိုတော့ ဒီလောက်ပါပဲ သိုင်းကျူး ပိုဒိုနိုက်ပါဗျာ ပြောချင်တာတခုခုရှိရင်လည်း ဒီမှာပြောခဲ့လိုရပါတယ် (ngl မှာ လာပြောလည်း ရ ) btw ပြီးသွားပြီဆိုပေမယ့် extra ထပ်ရေးဖြစ်မယ့် အထဲမှာ ပူတင်းလုံးပါ ပါတယ် ဘာလို့ဆို ကိုယ်က သံယောဇဉ်မပျက်တာမို့ပါ ㅎㅎㅎအသစ်တခုနဲ့ ပြန်လာခဲ့ပါ့မယ် 🍮🩶