လခြမ်းပဲ့
အပိုင်း (၃၀)
ဇာတ်သိမ်း
#လခြမ်းပဲ့
06160152
'ကောင်း....'
ကောင်းမြတ် ပခုံးကို လက်တင် လှုပ်နှိုးပြီး ခေါ်နေပေမဲ့ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေသည်။
ညတုန်းက စာကျက်လို့ညနက်မှ အိပ်တာကိုပဲ..။
ကောင်းမြတ် မျက်မှောင်ကြုတ်လိုက်မိသည်။
ပါးရိုးပေါ်ကို အနမ်းခံလိုက်ရတော့ မျက်မှောင်ကြုတ်ထားသော်လည်း ပြုံးမိသွားသည်။
'ကောင်း'
'အင်း..'
ကောင်းမြတ် ခေါင်းညိတ်လိုက်ပြီး ထဖို့ကြိုးစားကာ မျက်လုံးဖွင့်လိုက်တော့မှ အခန်းပုံစံ ပြောင်းနေတာ ကို သတိရတော့သည်။
ဟုတ်သားပဲ..။
ကျောင်းသား အရွယ်မှ မဟုတ်တော့တာ..။
မုန်တိုင်းတွေကို ကျော်လာပြီး ခုမှ ငြိမ်သက်စ ပြုနေတဲ့ ဘ၀ အခြေအနေ..။
'မသက်သာဘူးလားဟင်...'
ကောင်းမြတ် နဖူးပေါ်ကို လက်တင်စမ်းတော့ လက်ကိုဖယ်ချလိုက်မိသည်။
'ကောင်းပြီ..'
'မကောင်းပါဘူး...ပူနေသေးတယ်...'
ကောင်းမြတ်ကို ဆရာလုပ်နေတော့ လက်ကို ဆွဲချလိုက်ကာ သူ့ရင်ခွင်ထဲ တိုးဝင်မိသည်။
ပွေ့ပိုက်ပြီး ခေါင်းကို မျက်နှာအပ်ကာ ခိုးနမ်းနေတာ သိတော့ ပြုံးမိသွားသည်။
မေ က လွဲလို့ တောင့်တမိတဲ့ မိန်းမ တစ်ယောက်ရဲ့ ရင်ခွင်က တစ်ခုတည်းပါ..။
သူ မရှိတဲ့အချိန်တွေမှာ ဖျားမှာကိုတောင် ကြောက်ရွံ့နေခဲ့မိတာ..။
ကောင်းမြတ် အတိတ်တွေကို ပြန်မတွေးချင်လို့ သူ့ခါးလေးကို တင်းနေအောင် ပွေ့ဖက်ထားမိသည်။
'ဆေးခန်းသွားမယ်လေ...'
'ဆေးသောက်ထားတယ်...'
'ဟင်...အရက်တွေ သောက်လိုက်ပြန်ပြီလား..'
'အာ...ဆေးသောက်တာပါဆိုဟာ...'
'မသိဘူးလေ..ဟိုတစ်ခါလို အရက်သောက်တယ် ထင်လို့...ခဏလေးနော်...ဆု ရေယူပေးမယ်...လည်ချောင်းခြောက်နေတယ်မလား...'
'.........'
ကောင်းမြတ် ပြုံးလိုက်မိကာ ဘာမှ မပြောပဲ ခါးကို ပိုဖက်ထားလိုက်သည်။
သူနဲ့ထပ်ဝေးရမှာ ကြောက်သလို သူတစ်ယောက်တည်း ပင်ပန်းဆင်းရဲဒုက္ခရောက်နေမှာလည်း ကြောက်ပါသည်။
'အဲဒါ ထမင်းအချိန်နဲ့မစားလို့ဖြစ်ရတာ...နောက်နေ့ နင် မနက်စာပြန်မစားရင် ငါ ချိုင့်ထည့်ပေးလိုက်မယ်..ဘယ်ရောက်ရောက် စားရမယ်..ဒါပဲ..'
'မစားချင်ပါဘူး..'
'တခြားကိစ္စတွေ စကားနားမထောင်တာ ရွဲ့တာ ငါ သည်းခံနိုင်တယ်...ထမင်းမစားတာတော့ မရဘူး..ကောင်း...နင့်အတွက် ပြောနေတာ...'
'ရွဲ့ပြီး မစားတာ မဟုတ်ပါဘူးဟ...ဒီတိုင်း..'
'ဟိုနေ့တုန်းက ငါးအရိုးနွှင်ပေးဖို့ မအားလို့ မစားတော့တာလေ..အဲ့နေ့ကတည်းက ထမင်းပြန်မစားတာ..ငါသိတယ်...အကျင့်က ငယ်ငယ်တုန်းက အတိုင်းပဲ...နင့်အကြောင်း ငါ့လောက် ဘယ်သူမှ မသိဘူး..'
'ဒါပေါ့...ငါ့မယားကိုး...'
'စိတ်ပူလို့ ပြောရင် နားမထောင်ဘူးနော်...'
'ကျစ်...တိတ်တိတ်နေဟာ...ေ-ာက်ရမ်း နားညီးတယ်...'
ကောင်းမြတ် အော်ပစ်လိုက်ပေမဲ့ စိတ်မဆိုးတဲ့ အပြင် ဆံပင်တွေကို ထိုးဖွ ပွတ်သပ်ပေးနေပြီး နဖူးကိုလည်း ငုံ့နမ်းနေသေးသည်။
မနေ့ညတုန်းကပဲ ပြဿနာ တက်ထားတာ သူ မဟုတ်သလိုပဲ..။
သူ့အဖေ နဲ့ အစ်ကို ထောင်က ထွက်လာပြီဆိုလို့ ပျော်နေခဲ့တာ ကောင်းမြတ်နဲ့ သေချာ စကားမပြောခင်အထိပေါ့..။
သူ့မိသားစုကို မကျေနပ်သေးသော်လည်း သူပျော်ရွှင် စိတ်ချမ်းသာဖို့ အတွက်လို့ တွေးပြီး ကိုယ်တိုင်ပဲ ငွေကုန်ခံ၍ လုပ်ပေးထားတာပါ..။
ဒါပေမဲ့ သူ့တစ်ယောက်တည်း အိမ် ပြန်ခိုင်းဖို့ဆိုတာတော့ တစ်သက်လုံး လက်မခံနိုင်ပါဘူး...။
ကောင်းမြတ် အတွက်တော့ အဲ့ခံစားချက်က မုန်းစရာကောင်းလွန်းသည်။
'တစ်ရက်လောက်ဖြစ်ဖြစ်ပါဟာ....ဖေဖေ တို့နဲ့ တွေ့ပြီး ပြန်လာမှာလေ...ခုလို လွှတ်လာတာ သူများတွေဆို သွားကြိုကြတာ...ငါ ဖေဖေတို့နဲ့ တွေ့ချင်လို့ပါ...နင်လိုက်ပို့စရာမလိုပါဘူး..ငါ ပဲ ပြန်မယ်..ပြီးတာနဲ့ ပြန်လာမယ်..ကတိပေးတယ်...'
'မသွားရဘူး..'
'ကောင်းမြတ်သူ...နင် ပြောတော့ ငါ့ကို..ငါ့ကို...'
'ချစ်တယ်..ဟုတ်တယ်...ဒါပေမဲ့ မသွားရဘူး...ငါ ထားတဲ့နေရာမှာပဲ နေစမ်းပါ...'
'နင်..နင်...ငါ့ကို ဘယ်အချိန်ထိ နှိပ်စက် အနိုင်ယူနေဦးမှာလဲ...'
'တစ်သက်လုံး...'
ကောင်းမြတ် ကို ဆောင့်တွန်းပြီး အခန်းထဲ ဝင်ငိုနေတာ သိပေမဲ့ မချော့နိုင်ပါဘူး..။
အလုပ်ကို ထွက်လာလိုက်တာ အိမ်ကနေ ဘယ်လောက်တောင် ကျိန်ဆဲလိုက်လဲ မသိဘူး ညနေကျတော့ ဖျားတော့တာပါပဲ..။
ညတုန်းက ညစာစားဖို့ ပြင်ထားပေမဲ့ မစားပဲ ဝင်အိပ်တော့ လာခေါ်သေးသည်။
'ထမင်းစားဖို့လေ...'
'စားပြီးပြီ...'
သူ သိပြီး စိတ်ပူနေမှာ စိုးလို့ ကောင်းမြတ် စကားများများ မပြောချင်လို့ ဝင်အိပ်နေလိုက်တာ..။
အိပ်ပျော်သွားရင် သက်သာမယ် ထင်ထားတာ..။
ညနှစ်နာရီလောက်မှာတော့ သူ့ရင်ခွင်ထဲ တိုးဝင်ရတာပါပဲ..။
စိတ်ဆိုးနေတဲ့သူကလည်း စိတ်ပူပြီး တစ်ညလုံး မအိပ်တော့ပါဘူး..။
ကောင်းမြတ် ကျေနပ်စိတ်ဖြင့် ပြုံးမိသွားပြန်သည်။
စိတ်ဆိုးနေရင်တောင် မကောက်တက်တာ တော်ပါသေးသည်။
မဟုတ်ရင် ကောင်းမြတ် ဖျားပြီး သေရင်တောင် ကောက်နေတာနဲ့ သိမှာ မဟုတ်ပါဘူး..။
'အရမ်းချမ်းနေတာလားဟင်...'
'အင်း...'
ကောင်းမြတ် ကို ပို၍ ပွေ့ပိုက်လိုက်တော့ သူ့ ရင်ခွင်ထဲ မျက်နှာတစ်ခုလုံး ထိုးအပ်ရင်း ပြုံးမိသွားသည်။
အရူးမလေး..။
နင့်ကို ငါ ထပ်ပြီး နှိပ်စက်ရဦးမှာပဲ ဆုဆုရယ်..။
အများကြီး နှိပ်စက်ရလိမ့်ဦးမယ်..။
ငါ့ဘေးနားမှာ ဖြူဖြူစင်စင်အပြုံးလေးနဲ့ ကောင်မလေးကနေ ဘယ်သူ ဘာပြောပြော ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး ရိုကျိုးနေရတာ ငါ့အတွက် အိပ်မက်ဆိုးပဲ...။
လောကမှာ ငါမရှိတော့ရင်တောင် နင့်ကိုအဲလို ပြန် မဖြစ်စေချင်ဘူး..။
နင့်ကို ချစ်လို့သာ နှိပ်စက်ရတာမို့ နင် ခံနိုင်ရည်ရှိဖို့ ဆုတောင်းတယ်..။
သူ့ကိုယ်သင်းနံ့လေးကို အဆုတ်ထဲ ရောက်တဲ့အထိ ရှိုက်ရှုလိုက်မိသည်။
.
'ဆုဆု...မနေ့က စာချုပ်မှာ အခွန်ဆောင်ပြီးသားလား စစ်ပေးစမ်းပါဦး...'
ဆု ဟင်းအိုးမွှေနေရင်းက မီးကို ကပျာကယာ ပိတ်ပြီး အိမ်ရှေ့ခန်းကို ထွက်လာခဲ့ရသည်။
ဧည့်ခန်းမှာ ဧည့်သည် နှစ်ယောက်လည်းရှိနေတော့ တစ်ချက် ပြုံးပြပြီး အိပ်ခန်းထဲကို ဝင်ကာ ဖိုင်အနီထဲမှာ အခွန်စာရွက်တွေ ပါမပါ ကြည့်ရသည်။
'အင်း...ပါတယ်...ကိုကောင်း...'
ဆု ပြောရင်းကနေ နှာခေါင်းပင် ရှုံ့မိသွားသည်။
လူရှေ့သူရှေ့ကျ ကို တပ်ခေါ် ဆိုလို့ ကိုကောင်းမြတ်သူလို့ ခေါ်ရင်လည်း မကြိုက်သေးဘူး..။
ကိုကောင်းတဲ့...အော့...ဘယ်နေရာမှ မကောင်းတဲ့လူကိုပဲ...။
လူကို ရစရာမရှိအောင် ပြောဆိုပြီး အခန်းအရောင်းအဝယ် မြေအရောင်းအဝယ် အတွက် လိုအပ်တဲ့ စာရွက်စာတမ်း စာရင်းတွေကို အလွတ်ကျက်ခိုင်းသေးသည်။
သူ ခိုင်းသမျှကို လိမ်လိမ်မာမာနဲ့ နာခံပြီး ကောင်းကောင်းမွန်မွန် လုပ်နိုင်ရင် ထိုက်ထိုက်တန်တန် ဆုပေးမယ် ပြောသော်လည်း ဆုကတော့ အဆူအပြောလည်းမခံချင်သလို ဆု လည်း မယူချင်ပါဘူး.။
ဒါကိုပဲ အတင်းတွေ ကျက်ခိုင်း မှတ်ခိုင်းနဲ့ သင်ပြပေးတော့ အနည်းအကျဉ်းတော့ နားလည်နေပါပြီ..။
ခုလည်း အခွန်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အစုံပါပြီးသားမို့ ဖိုင်ကို ပြန်ထားလိုက်ကာ အခန်းပြင် ထွက်လာခဲ့လိုက်သည်။
'လာဦး...'
ဧည့်သည်တွေ ရှိနေတော့ ဆု ခေါင်းညိတ်ပြီး အနားကို သွားရတော့သည်။
ဆိုဖာမှာ ထိုင်နေတဲ့ သူက ဖိုင် တစ်ခု လှမ်းပေးတော့ ယူလိုက်ရသည်။
"စစ်လိုက်...လိုတာ ရှိရင် တစ်ခါတည်းပြော...'
စာရွက်တွေကို သူသင်ပြထားသလိုပဲ စစ်ဆေးလိုက်ပြီး အကုန်လုံး အစုံအလင် ပါပြီးသားမို့ ခေါင်းညိတ်လိုက်မိသည်။
'အကုန် ပါပြီးသားပါ.."
ဆု့ကို မော့ကြည့်ကာ မျက်မှောင်ကြုတ်တော့မှ အတု အစစ် မခွဲကြည့်ရသေးတာကို သတိရတော့သည်။
ဧည့်သည် နှစ်ယောက်ကလည်း ဆု့ကို စောင့်ကြည့်နေလို့ မျက်နှာပူ အားနာစွာဖြင့်ပင် သူသင်ပြထားသလို စစ်ကြည့်ရသည်။
'ပြည့်စုံပါပြီ...'
'ဒါဆို တစ်ခါတည်း စရံပေး စာချုပ် လုပ်လိုက်မယ်...စာချုပ်ပါ ရက်အတိုင်း အတိအကျပေါ့..'
စာချုပ်ဖိုင်ကိုတောင် တစ်ချက် မကြည့်ပဲ လက်မှတ်ထိုးနေတော့ ဆု မျက်လုံးပြူးသွားသည်။
ထောင်ကျော်တဲ့ အခန်း ကို အရောင်းအဝယ် လုပ်ဖို့က ဆု တစ်ယောက်တည်းရဲ့ စစ်ဆေးမှုနဲ့ လုံလောက်ပါ့မလား..။
သူ သင်ပေးတဲ့အတိုင်း စစ်ဆေးပေမဲ့လည်း တစ်ခုခု လွဲချော်သွားမှာ စိတ်ပူနေမိသည်။
'ဆုဆု..လာ..လက်မှတ်ထိုး..'
'ဟင်..'
ဆု့ကိုလည်း ခေါ်လိုက်တော့ အံသြ ငေးကြောင်နေမိသည်။
သူက ခေါင်းထပ်ညိတ်ပြီး ခေါ်လိုက်တော့ ရှေ့တိုးကာ သူပေးတဲ့ ဘောပင်ကို ကိုင်လိုက်ရပေမဲ့လည်း ရင်ခုန်ပြီး လက်တွေပင်တုန်လာသည်။
'ကိုကောင်းမြတ်သူ အတွင်းရေးမှုး လားဗျ...'
'ဟုတ်ကဲ့...ကျွန်တော့်ဇနီးပါ..'
'ဪ...အလုပ်မှာဆို သိပ်တွဲမတွေ့တော့ လူပျိုကြီး ထင်နေတာဗျ...'
'ဟုတ်ကဲ့..သူက အိမ်ရှင်မပဲ လုပ်ချင်တာဆိုတော့ အိမ်မှာပဲ နေတာ များလို့ပါ...မင်္ဂလာနှစ်ပတ်လည်မှ အားလုံးနဲ့ မိတ်ဆက်ပေးရဦးမယ်.."
'ဟုတ်တယ်...အဲဒါမှပဲ သိတော့မယ်...မဟုတ်ရင် လူပျိုထင်ပြီး အရေးပေးနေတဲ့ မိန်းကလေးတွေ အများသားဗျ...'
'အဟင်း..'
'ဒါနဲ့ လက်ထပ်ထားတာ မကြာသေးဘူးထင်တယ်ဗျ...'
'ကြာပြီဗျ...ဆယ်သုံးနှစ်ကျော်ပြီလေ...'
'ဟာ..ကျွန်တော်တို့ အိမ်ထောင်သက်ထက်တောင် ကြာနေပြီပဲ...ဒါကိုဗျာ...ဖွက်ထားရတယ်လို့ပဲ...ငါ့ညီမလည်း အပြင်လေးဘာလေး လိုက်လည်ပါဗျ...ကိုကောင်းမြတ်သူက စန်းသိပ်ကြီးတာ..ကောင်မလေးတွေ ဝိုင်းလည်နေတာ လွှတ်မထားနဲ့ဗျ...'
'အဟင်း..ဟုတ်..'
ဆုမှာ လက်မှတ်ထိုးရလို့ ရင်တုန်နေရတာနဲ့ သူတို့ပြောတာကိုတောင် ဂရုမစိုက်နိုင်ပဲ စာရွက်တွေကို ထပ်စစ်ကြည့်နေရသည်။
သူကတော့ တစ်ချက်တောင်မကြည့်ပဲ ဖုန်းနဲ့ပဲ စရံငွေလွဲပေးလိုက်ပြီ..။
ဧည့်သည်တွေ ပြန်သွားတော့ ဆု သူ့ဘေးမှာ ထိုင်ကာ မျက်လုံးပြူးရင်း ကြည့်မိသည်။
'ဘာဖြစ်နေတာလဲ...ဂနာမငြိမ်နဲ့..'
'စာရွက်တွေ နည်းနည်းပါးပါးတောင် မကြည့်ပဲ ငွေလွဲပေးရလား..ကြည့်ဦး..'
'နင်ကြည့်ထားတာပဲ...'
'မတူဘူးလေ...ငါက အတွေ့အကြုံ ဘာမှ ရှိတာမဟုတ်ဘူး..ရော့...ကြည့်ဦး...တစ်ခုခု လွဲသွားရင်တော့ ဒုက္ခပါပဲ...'
ဆု ညီးတွားရင်းဖြင့် ဖိုင်ကို သူ့ဆီ အတင်းထိုးပေးလိုက်တော့ ဖိုင်ကို ဆွဲယူပြီး ခေါင်းကို ပုတ်လိုက်လို့ ဇက်ပုသွားရသည်။
'အဲလောက်တောင် အားမကိုးရဘူးလား..အသုံးမကျဘူးလား..နင့်ကို သင်ပြီးပြီပဲ..'
'ငါမှ အဲ့အလုပ်တွေ နဲ့ မရင်းနှီးတာ...ရင်တွေတုန်တယ်..'
'နောက်လည်း အဲလိုပဲ စစ်ခိုင်းမယ်..အဲဒါမှ တက်သွားမှာပေါ့...နင့်ကို ထမင်းကျွေးထားပြီး ဒီလောက်တောင်အားမကိုးရဘူးလား...'
ဆု နှာခေါင်းရှုံ့ကာ မျက်နှာလွဲလိုက်မိသည်။
ထမင်းကျွေးထားပါတယ်ဆိုပြီး အမျိုးမျိုးတွေ နှိပ်စက်နေတာ..။
ဖေဖေတို့ ထွက်လာရတော့ ဆု ပျော်သော်လည်း ခုချိန်ထိ သွားတွေ့ခွင့်မရသေးပါဘူး..။
ဖေဖေနဲ့ ဖုန်းပြောပြီးတိုင်း ဆု ငိုရသည်။
သူကတော့ ဆု ဘယ်လောက်ငိုငို ပြန်လွှတ်မှာ မဟုတ်ဘူးဆိုတာလည်း သိပါသည်။
လူကို အကြွေးနဲ့သိမ်းထားသလိုပဲ..။
အိမ်အလုပ်လည်း ခိုင်း..။
ထမင်းဟင်းလည်း ချက်ခိုင်း..။
အဝတ်တွေလျှော်ပေးရသေး..။
သင်တန်းလည်းတက်ရသေး..။
ခုလို စီးပွားရေး အလုပ်တွေလည်း ခိုင်းပြန်သေးသည်။
ပြီးတော့ အိပ်ချိန်ကျတော့လည်း..။
ဆု ဆက်မတွေးတော့ပဲ ဆိုဖာကနေ ထရပ်လိုက်တော့ လက်ကို ဆွဲထားလို့ ငုံ့ကြည့်မိသည်။
'ဘာလဲ..'
06060606
'ငါ့ အလုပ်က လူတွေသိရအောင် နင်နဲ့ နောက်တစ်ကြိမ် မင်္ဂလာ ထပ်ဆောင်ရဦးမယ် ထင်တယ်... မေမေ့ မွေးနေ့ကျရင် ပါတီ လုပ်ရအောင်...'
'ဟမ်...မလုပ်ချင်ပါဘူး...နင်နဲ့ငါ...'
'ဘာမှ မဟုတ်ဘူးလား..'
သူက ဆက်ပြောလိုက်တော့ ဆု ဘာမှ မပြောနိုင်ပဲ ငေးကြည့်နေမိသည်။
အချိန်အကြာကြီး ကွဲကွာနေပြီးမှ သူ့ဘ၀ သူ့အသိုင်းအဝိုင်းထဲကို သူ့မိန်းမ အဖြစ် ဝင်ရောက်ဖို့က ဆု့အတွက် ခက်ခဲလွန်းပါသည်။
သူ့မှာအရည်အချင်းရှိသလို ကြွယ်၀ ချမ်းသာမှုလည်း ရှိပြီးသားပါ..။
လူတွေက သူ့ရဲ့ ဇနီးနဲ ပတ်သက်ပြီး အချက်အလက်တွေ သိချင်ကြမှာပဲ..။
သာမန်ဘွဲ့ရ တစ်ယောက်..။
အလုပ်ရုံသေးသေးလေးမှာ စက်ချုပ်ရတဲ့ မိန်းမ တစ်ယောက်...။
လူတကာရဲ့ ခိုင်းဖက် ဖြစ်နေတဲ့ မိန်းမတစ်ယောက်...။
ဆု သက်ပြင်းချလိုက်မိသည်။
'ငါနဲ့ဝေးနေချိန်မှာ နင့်အလုပ်နဲ့ ဆက်စပ်တဲ့ အသိုင်းအဝိုင်းက မိန်းမတစ်ယောက်ကို ဘာလို့ လက်မထပ်ခဲ့တာလဲဟင်...'
"သိလို့လေ..."
'ဟင်...'
'နင် အိမ်ထောင်မပြုဘူးဆိုတာ သိနေလို့...နင် ဘယ်ယောက်ျားနဲ့မှ ပတ်သက်လို့ မရဘူးဆိုတာ ငါသိနေတယ်...နင့်နှလုံးသားက ငါ့ဆီမှာပဲဆိုတာလည်း သိနေတယ်...'
'........'
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းထန်လွန်းသည့် ယောက်ျားတစ်ယောက်ကို ဆု မျက်စောင်းထိုးမိသွားသည်။
'မဟုတ်ဘူးလား..ဘယ်ကောင်နဲ့ တွဲခဲ့သေးလဲ..'
'နင့်လို မဟုတ်ဘူး..'
'ငါတော့ ဘယ်ကောင်မနဲ့မှ မအိပ်ဘူး...ဒီအခန်းကိုလည်း ဘယ်မိန်းမမှ မခေါ်ခဲ့ဖူးဘူး..'
'.........'
ဒီကို မခေါ်တောင်မှ တခြားနေရာမှာတော့ ခေါ်မှာပဲ...။
သူ့အကြောင်းကို ဆု ကောင်းကောင်းသိပါသည်။
'မယုံသလို လုပ်နေတာ ငါ မုန်းတယ်...'
ဆု့ လက်ကို ဆွဲချလိုက်တော့ မျက်လုံးပြူး၍ ပြုတ်ကျသွားချိန် သူက ပွေ့ဖက် ဖမ်းလိုက်သည်။
'ပြုတ်ကျရင် သေကုန်မယ်...'
'အဟင်း...'
'ဟ...အား...ခွေးကောင်...ကောင်းမြတ်သူ...'
ဆု့ လည်ပင်းကို မျက်နှာအပ်ပြီး ဖွဖွ ကိုက်လိုက်တော့ သူ့နဖူးကို တွန်းဖယ်ပေမဲ့ မဖယ်ပါဘူး..။
ဆံပင်တွေကို ဆွဲဆုတ်လိုက်တော့ ထပ်ဖိကိုက်ပြန်သည်။
'အား..နာတယ်...ခွေးလေးရဲ့...'
'ဘယ်မိန်းမကိုမှ မကိုက်ခဲ့ဘူး..'
'ဘယ်ကိုက်မလဲ...ခွေးစိတ်ပေါက်နေမှန်း သိသွားကြမှာ စိုးလို့လေ...'
'ငါ ဘာဖြစ်ရင် ကိုက်တာလဲ...နင်သိပါတယ်...'
'အသည်းယားရင် ကုတ်စမ်းပါ...နာတယ်လို့...တော်ပြီ...ပေါက်ကုန်လိမ့်မယ်...နင် လူလား မကောင်းဆိုးဝါးလား..'
'အဟင်း..ဟင်း...ဒီနားက အရိုးတောင် ပျောက်လာပြီ...နင် အဆီတက်လာပြီ..ဆုဆု...ဒီနားကို ကိုက်ရတာ အိကျိကျိလေး...'
ဆု ပခုံးသားကိုပါ ငုံ့ခဲနေတော့ မတက်နိုင်တဲ့အဆုံး လက်လျော့လိုက်ကာ ပခုံးကျုံ့၍ ရယ်နေလိုက်ရပါသည်။
ဒီလူသားရဲ့ အချစ်ခံဘဝက နာကျင်သော်လည်း ကျေကျေနပ်နပ်ဖြင့် ပြုံးနေမိတဲ့ အဖြစ်ပါ..။
.
'ဘယ်ကိုသွားနေတာလဲဟင်...'
ဆု မေးလိုက်ပေမဲ့လည်း ဘာမှ ပြန်မပြောပါဘူး..။
စကားပြောချင်စိတ်လည်း သိပ်မရှိလို့ ကားအပြင်ဘက်ကိုပဲ ငေးနေလိုက်သည်။
ဂါဝန်ရှည် ဝတ်ထားရတော့ ကားထဲမှာ အဲကွန်းဖွင့်ထားသော်လည်း ပူအိုက်စပ်စပ်ဖြစ်နေသည်။
ဆု့မှာ တကယ်ပဲ သူ့အရုပ်တစ်ရုပ်လို ခံစားနေရသည်။
မနက်တုန်းက သင်တန်းပြန်လာတော့ သူလည်း ရှိနေသည်။
အပြင်သွားမယ်ဆိုတော့ လိုက်လာမိတာ ဟိုတယ်တစ်ခုဆီကိုပါ..။
'သူတို့ ပြင်ပေးလိမ့်မယ်...ပြီးမှ ငါလာခေါ်မယ်...'
ဆု့ကို ထားသွားတော့ ဘာမှ မပြောပဲ မိတ်ကပ်ပြင်ပေး အဝတ်အစားလဲခိုင်းနေတဲ့ မိန်းကလေးတွေရဲ့ စကားကို နားထောင်နေရသည်။
သူ ပြန်ရောက်လာတော့ သူလည်း အဝတ်အစားလဲဝတ်ထားပြီး အဖြူရောင် ဝတ်စုံပြည့်နေပါ..။
'ဘာဖြစ်တာလဲဟင်..ဘယ်သွားမလို့လဲ..ကောင်း..'
'မင်္ဂလာဆောင်လေ..'
'ဟင်..မင်္ဂလာဆောင်ကို ဒီလိုတွေ ဝတ်သွားလို့ကောင်းပါ့မလား...'
'ငါတော့မသိဘူး.ဒီဇိုင်နာကတော့ ကောင်းတယ် ပြောတာပဲ...'
သတို့သမီးဝတ်စုံလို ဂါဝန်ကားကားကြီး မဟုတ်သော်လည်းပဲ ဂါဝန်ရှည်မို့ဆု့ စိတ်ထဲ တစ်မျိုးဖြစ်နေသည်။
သူက လက်ချိတ်ခိုင်းလို့ လက်ချိတ်ပြီး လှေကားကနေ ထွက်လာတော့ ဟိုတယ် အပေါ်ဆုံးမှာ စားသောက်ဝိုင်းတွေနဲ့ လူအပြည့်..။
စင်ပေါ်မှာ ရေးထိုးထားတာ မင်္ဂလာသက်တမ်း ၁၃နှစ်ပြည့်တဲ့..။
ဆု တို့ လက်မှတ်ရေးထိုးတုန်းက ပုံကိုလည်း တွေ့ရသည်။
ဆု့မှာ ချက်ချင်း မျက်ရည်ပြည့်လာသည်။
'ဒါ...ဒါကို ဘာလို့ မပြောတာလဲ..'
'ပြောသားပဲ....မေ့မွေးနေ့ကျရင် လုပ်မယ် ငါပြောတယ်...နင့်ဟာနင်မေ့ထားတာ...'
လူအများကြီးရှေ့မှာမို့ ဘာမှ ထပ်မပြောသော်လည်း စိတ်ထဲမှာတော့ အဆင်မပြေပါဘူး..။
'ကိုကောင်းမြတ်သူရဲ့ ဇနီးကို ခုမှ မြင်ဖူးတော့တယ်....နေနဲ့လ ရွှေနဲ့မြပဲ...'
'ခုမှ တွေ့တော့တယ်...'
'ဟုတ်တယ်နော်...ဇနီးက ချစ်စရာလေးပဲ...'
'ဒေါ်စန္ဒာ ကလည်းဗျာ...ချောတယ်လောက်ပဲ ပြောပါဗျာ...'
'ဟင်...ဪ...ဟား..ဟား...ဆောရီး..ဆောရီး...'
'သဝန်တိုတက်မယ် မထင်ထားဘူး..'
'အဟင်း..'
'ဒီလောက်ကြာတာတောင် တုန်နေအောင်ချစ်နေတုန်းပဲပေါ့...ကိုကောင်းမြတ်သူ...'
'ဒါပေါ့..ချစ်လို့ရွေးချယ်ထားတဲ့ မိန်းမပဲလေ...'
"ကျွန်တော်က လူပျိုကြီးပေမဲ့လည်း...လေးစားအားကျရပါတယ်ဗျာ..."
'ကျေးဇူးတင်ပါတယ်...'
'ငယ်လင်...ငယ်မယားတွေပေါ့...'
'အသက်ငယ်ပေမဲ့လည်း အားကျလေးစားဖို့ ကောင်းလိုက်တာနော်...အိမ်ထောင်သက် အကြာကြီး လက်တွဲနိုင်တာ ရှားတယ်...'
'ရတုပေါင်းများစွာ ဖြတ်ကျော်ပြီး သက်ဆုံးတိုင် လက်တွဲနိုင်ကြပါစေဗျာ...'
ဟိုတယ်အကောင်းစားကြီးရဲ့ အပေါ်ဆုံးမှာ ခမ်းခမ်းနားနားနဲ့ မင်္ဂလာပွဲပုံစံ လုပ်တာ ဆိုသော်လည်း ဆု မပျော်ပါဘူး..။
ကိုယ်နဲ့သိတဲ့ အသိဆိုလို့ ဆယ်နှစ်ကျော်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်သာပါသည်။
ဆု လည်း စကားတွေ အများကြီး မပြောချင်လို့ သူ ပြောခဲ့သလို သူ့အရုပ်အတိုင်းပဲ မိတ်ဆက်ပေးသမျှ ပြုံးပြလိုက်သည်။
ဆု မိသားစုနဲ့ သူက ရန်သူ ဖြစ်နေတာ စိတ်မကောင်းစရာပါပဲ။
မေမေကလည်း အများကြီး ပြောင်းလဲပေမဲ့ သူ့ဘက်ကတော့ မုန်းနေတုန်းပါပဲ။
ဒီလို ပွဲမှာတောင် မိဘတွေကို မဖိတ်ဘူး..။
ဖေဖေနဲ့ ခဏ သွားတွေ့ဖို့ကိုတောင် ဆု ဘယ်လောက်ပြောပြော လက်ခံတာမှ မဟုတ်တာ..။
မိသားစုနဲ့သူ့ကို အဆင်ပြေစေချင်သေ်ာလည်း သူ့ဘက်က မကျေနပ်မုန်းတီးနေတာကို ဆု သိပါသည်။
သူ့အလွန်မဟုတ်ဘူး ဆိုသေ်ာလည်း ဆု့ဘက်ကတော့ ဒီလိုပွဲလေးမှာ မိဘတွေ ပါဝင်ရရင်ကောင်းမည်လို့ တွေးမိတာပါ..။
ဟိုတယ်က ပြန်ရတော့လည်း ကားမောင်းနေတာက တခြားလမ်းတစ်ခုပါပဲ..။
သူကလည်း ဘာမှ မပြောသလို ဆု မေးတော့လည်း မတုန့်ပြန်ပါဘူး..။
ဆု သက်ပြင်းချလိုက်ပြီး လမ်းဘေးကို ငေးကြည့်နေမိသည်။
ကားက ဂိုဒေါင်လို တိုက်တစ်ခု ရှေ့မှာ ရပ်လိုက်ပြီး သူက ကားတံခါးဖွင့်ကာ ဆင်းသွား၍ သော့ဖွင့်နေသည်။
'ဆုဆု...လာလေ...'
ဆု့ဘက်ကို လှည့်ကြည့်ပြီး မြင်ရခဲတဲ့ အပြုံးဖြင့် ခေါ်နေတော့ ကားတံခါးဖွင့်ပြီး ဆင်းသွားလိုက်ရသည်။
တန်ဖိုးကြီး လက်ဝတ်လက်စားတွေနဲ့မို့ မသိတဲ့သူစိမ်းဝန်းကျင်မှာ ကောင်းပါ့မလား..။
ကားတံခါး ပြန်ပိတ်ပြီး သူ့အနားကို ရောက်သွားတော့ ဆု့လက်ကို ဆုပ်ကိုင်လိုက်လို့ အံသြမိသည်။
'.........'
လက်ကိုကိုင်ပြီး အထဲကို ခေါ်သွားကာ မီးခလုတ် တစ်ခုကို တင်လိုက်တော့ မီးချောင်းပေါင်းများစွာ လင်းထိန်သွားသည်။
ဆု မျက်လုံးရှေ့မှာ ညီညီတန်းတန်း စီ ထားသည့် အပ်ချုပ်စက်တွေ ရှိနေသည်။
'.........'
'နင် မနက်ဖြန်က စပြီး အလုပ်စဝင်ရတော့မယ်...'
'ဟင်...'
'ဒီမှာလေ...'
'ငါလား..'
'အင်း..'
ဆု့ကို စက်ပြန်ချုပ်ခိုင်းတာဆိုတော့ နားမလည်သေ်ာလည်း သူထားရာနေ စေရာသွားပဲမို့ ခေါင်းညိတ်လိုက်ပါသည်။
'နင့်မှာ အတွေ့အကြုံ ရှိပြီးသားပါ..လုပ်နိုင်မှာပါ...'
'ရပါတယ်..စက်မတူပေမဲ့လည်း...အလုပ်က အတူတူပါပဲ...စက်ဆွဲတက်ရင် ရပါတယ်...'
'ဟမ်...စက်ဆွဲဖို့ မဟုတ်ပါဘူးဟ...ဒီစက်ရုံကို ဦးစီးဖို့ပြောနေတာ...'
'ဟင်..'
ဆု မျက်လုံးပြူးရင်း ဘေးကို ကြည့်လိုက်တော့ သူက ရယ်နေသေးသည်။
'ဒါ...ဒါက...'
'ဟုတ်တယ်...ဒီစက်ရုံက နင့်အတွက်...'
'ငါ...ငါမယူဘူး..ကောင်းမြတ်သူ...'
ဆု အလန့်တကြား ငြင်းလိုက်မိသည်။
စက်ရုံကြီး တစ်ခုလုံး ကို ဦးစီးဖို့တဲ့... ဆု မယူနိုင်ပါဘူး..။
'ဘာဖြစ်လို့လဲဟ...နင် အလုပ်ကကျွမ်းနေပါပြီ...ကိုပိုင်တို့ စက်လိုပါပဲ...ဒီဇိုင်းတောင် ကိုယ်တိုင် ဆွဲတက်နေပြီပဲ...ကိုယ်ပိုင် ဘရန်းထုတ်လည်း ရတာပဲ...'
'ဟင့်အင်း...ငါ မလုပ်ချင်ဘူး...နင့်ရဲ့အဆင့်အတန်း အသိုင်းအဝိုင်းနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးတာ သိပေမဲ့ ငါ မလုပ်နိုင်ဘူး..ကောင်းမြတ်သူ...နင့်ဘေးမှာ..ဒီတိုင်းလေးပဲ..နေရရင် ဖြစ်ပါတယ်...နင် ငါ့ကို ဆုချမယ်ဆိုတာ ဒါလား..ဒါဆိုရင် ငါမလိုချင်ဘူး...မေမေတို့နဲ့ တစ်ရက်လောက်ပဲ တွေ့ခွင့်ပေးပါ...ငါ ဖေဖေတို့ကို အရမ်းတွေ့ချင်နေလို့ပါ...'
ဆု မဖြစ်နိုင်မှန်းသိသော်လည်း နောက်တစ်ကြိမ် ထပ်၍ တောင်းဆိုလိုက်မိသည်။
ဆု့ ပခုံးပေါ် တင်းကြပ်တဲ့ ဆုပ်ကိုင်မှုနဲ့အတူ ဒေါသထွက်နေတဲ့သူ့မျက်ဝန်းတွေကို ငေးကြည့်ရင်း မျက်ရည်ပြည့်လာသည်။
'နင် နားမလည်ဘူး..နင့်အပေါ်ထားတဲ့...ငါ့မေတ္တာ စေတနာ တစ်ခုမှ နင်နားမလည်ဘူး...နင့်ကို ငါ ပြန်တွေ့ချိန် သူများ ခိုင်းဖက် လုံးလုံးဖြစ်နေတဲ့ နင်ကို မြင်ရတာ ငါ ဘယ်လောက် ရင်နာရလဲ သိလား..ဘယ်လောက် နာကျင် ခံပြင်း ဒေါသဖြစ်ရလဲ နင်သိလား...ငါ သေသွားရင်တောင် နင် အဲလို ဘ၀ ပြန်ရောက်မှာစိုးလို့ အသေဖြောင့်မှာ မဟုတ်ဘူး...နင့်အတွေ့အကြုံနဲ့ ကျွမ်းကျင်တဲ့ အလုပ်မျိုးကို ငါ သေချာ ရွေးချယ်ပြီး အများကြီး ပေးဆပ်ပြီး ကြိုးစားပြင်ဆင်ထားတာ...နင့်အတွက်တော့ ငါ့အချစ်က ဟိုးအရင်ကတည်းက ခုချိန်ထိ စော်ကားဖို့အတွက်ပဲ...'
'ဟင်...'
'ကောင်းမြတ်သူ...'
ဆု့ကို ဆောင့်တွန်းပြီး ခြေလှမ်းကြဲကြဲဖြင့် လျှောက်သွားတော့ ဆု ပြေးလိုက်သွားမိသည်။
မင်္ဂလာပွဲကိုလည်း သူလုပ်ချင်သလို လုပ်တော့ အဲ့ကိစ္စနဲ့ ပတ်သက်နေတယ် ထင်မိတာပါ..။
ဆု့ ဂါဝန်ကို တက်နင်းမိလို့ ဟက်ထိုးဖြစ်ကာ ထိန်းပေမဲ့လည်း ပြုတ်ကျသွားသည်။
'ကျစ်...'
ဆု့အနားကို ပြန်ရောက်လာပြီး လက်ကို ဆွဲကြည့်နေတဲ့သူ့ကို မျက်ရည်ပြည့်နေတဲ့ မျက်လုံးများဖြင့် မော့ကြည့် တောင်းပန်မိသည်။
'ခုမှ ငိုမပြနဲ့...နင်ဘာလို့ ငါ့ကို မချစ်တာလဲ...'
'ငါ ချစ်တာပေါ့..ချစ်လွန်းလို့...နင့်အနားမှာပဲ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားတာ...ဘယ်လို အခြေအနေနဲ့ ဖြစ်ဖြစ် နင့်အနားမှာ ထားပေးဖို့ ငါ တောင်းဆိုထားတာပါ...'
'တကယ်ချစ်ရင် နားလည်ရမှာ မဟုတ်ဘူးလား..ငါက အဲ့လို ေ-ာက်အသိုင်းအဝိုင်း နဲ့ ေ-ာက်ပတ်ဝန်းကျင်က ပြောတာတွေကို လိုက်ခံစားမဲ့ ကောင်စားမျိုးလား..'
'ဒါပေမဲ့..အဆင့်အတန်းက ကွာလွန်းပြီး...'
'အွင်း...'
'.........'
ဆု့ စကား မဆုံးခင်မှာပဲ အနမ်းခံလိုက်ရတော့ မျက်လုံးကို စုံမှိတ်လိုက်ကာ မျက်ရည်တွေကို စီးကျခွင့်ပြုလိုက်သည်။
'ငါ...တောင်းပန်ပါတယ်...ဒီလောက်စက်ရုံကြီးကို ငါ..မ..မလုပ်ရဲဘူး..'
'လုပ်ရဲရမယ်...နင်က ငါ့မိန်းမ...'
'ငါ...'
'မရဘူး..ငါခိုင်းတာ လုပ်ရမယ်...နင် ငါ့ကို အကြွေးဆပ်ရဦးမယ်..'
သူ့ဆီက စကားလုံးပြတ်ပြတ်ထွက်လာတော့ ဆု ပြောစရာ စကားမဲ့သွားရသည်။
သူ့ကို ဘာလို့မချစ်တာလဲ...။
ဘာလို့ နားမလည်တာလဲတဲ့..။
အခုပဲ ခိုင်းတာလုပ်ရမယ်တဲ့လေ..။
ဆု က သူချစ်တဲ့သူ့မိန်းမလား..။
သူ အမိန့်ကို နာခံနေရသည့် အရုပ်တစ်ရုပ်လား..။
'လာ...ပြမယ်...'
ဆု့ လက်ကို ဆွဲထူတော့ အလိုက်သင့်ပဲ ထလိုက်မိသည်။
'အလုံးနှစ်ရာ..နောက်ဆို ထောင်ချီတဲ့အထိ တိုးလာမှာပါ...နင့်ကို ငါယုံတယ်...'
'ငါ တစ်ခုခု မှားလုပ်မိရင် နင်ဆူဦးမှာမလား...'
'မဆူပါဘူး.."
ဆု ကြည်နူးစိတ်ဖြင့် ပြုံးလိုက်မိသည်။
သူ့လက်ကို ပိုတိုး ဆုပ်ကိုင်လိုက်တော့ လက်ကို လွဲပြီး ရယ်နေသည်။
'နည်းနည်းမှ မဆူဘူး...ဆဲမှာ...ဝန်ထမ်းတွေ ရှေ့မှာ ပိုးစိုးပက်စက်နဲ့ မျက်ရည်ပေါက်ပေါက်ကျအောင်ကို အော်ဆဲပစ်မှာ...ေ-ာက်တလွဲတစ်ခုမှ မလုပ်နဲ့နော်...ငွေအများကြီး ကုန်ထားတာ...'
'ဟမ်...'
'အပတ်စဉ် လစဉ် နှစ်စဉ် စာရင်း အကုန် ငါ့ဆီပြရမယ်..ဘတ်ဂျက်အတွက် လိုအပ်တာကိုပဲ ချပေးမှာ...ငွေဝင်တာပဲ လိုချင်တယ်..ငွေထွက်လို့မရဘူး...'
'ဟယ်...ငါသိတယ်..အဲဒါကြောင့် မလုပ်ချင်တာ...'
သူ့လက်ကို ဆောင့်ရုန်းရင်း ဆု ပြောလိုက်တော့ ပါးကို လက်နဲ့ခွ ဖျစ်ကိုင်လိုက်လို့ နှုတ်ခမ်းစူသွားသလို မျက်ခုံးလည်း တွန့်ကုတ်သွားရသည်။
'တော်တော် အာခံနေတဲ့ ပါးစပ်...'
ဆု့ နှုတ်ခမ်းကိုနမ်းလိုက်တော့ မရုန်းနိုင်လို့ ငြိမ်နေလိုက်ရသည်။
သင်တန်းတက်ခိုင်းကတည်းက အဲ့အကြံရှိနေတာလား..။
ဆု့ကို လက်မှတ်ထိုးခိုင်းတဲ့ စာချုပ်..။
သူ့ရဲ့အမုန်းကိုပဲ ထိုက်တန်တဲ့ မိန်းမ တစ်ယောက် ဒုက္ခရောက်နေတာကို သူ က ရင်နာသည်တဲ့..။
သူပေးတဲ့ ဒုက္ခက လွဲလို့ လောကကြီး တစ်ခုလုံးရဲ့ ဒုက္ခကိုတော့ ဆု့အပေါ် မသက်ရောက်စေချင်တဲ့ စေတနာကြီးကြီးမားမားရှိသည့်ပုံပါပဲ..။
ဆု့ ကိုယ်တိုင်ကလည်း ဒီလူ ပေးသမျှ ချစ်ဒုက္ခတွေကို ခံယူပြီး သူ့ဘေးနားမှာပဲ နေချင်မိတာပါ..။
သူ့ခါးကို ပွေ့ဖက်လိုက်ပြီး ခေါင်းမော့ကာ တစ်ချက်ထပ်နမ်းလိုက်သည်။
'ကျေးဇူး ယောက်ျား..'
'ချက်ချင်းနော်...နင်လည်း ကိုပိုင့်မိန်းမနဲ့နေတာများပြီး တော်တော်တူနေပြီ...'
'ဟင်...'
'ေ-ာက်ရမ်း ငွေမက်တယ်..."
'ဟမ်...မဟုတ်ပါဘူး..စွပ်စွဲပြန်ပြီ...ငါ့အပေါ်သိတက်တာကို ကျေးဇူးလို့ပြောတာပါ...'
'အလကားတော့ မဟုတ်ပါဘူး...နှစ်ရှည်စီမံကိန်းနဲ့ ငွေထုတ်ချေးတာ..မကျေမချင်း ငါ့ဘေးမှာ နေပြီး ဆပ်ရမှာနော်...ထွက်ပြေးလို့ မရဘူး...'
'အင်း...ဒီအကြွေးကို နောက်ဘဝတွေအထိ နင့်ဘေးမှာ နင့်မိန်းမအဖြစ်နေပြီး ဆပ်ချင်တယ်...'
'ဒါပေါ့...ငယ်ငယ်ကတည်းက ငါ့ကို အသေအကြေ လိုချင်နေမှန်း သိပါတယ်...'
ငယ်ငယ်တုန်းက အကြောင်းကိုပါ ပြောပြီး ကြွားနေတဲ့ လူကို မျက်စောင်းထိုးလိုက်မိသည်။
မိဘတွေမပါတဲ့ ပွဲအတွက် စိတ်မကောင်းသော်လည်းပဲ ဆု့အပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတရားကိုတော့ အကြွင်းမဲ့ ယုံကြည်ပါသည်။
.
'ကောင်းမြတ်သူ....နင်..မယုံးဘူးဆို...ဘာလို့လဲ...မေမေတို့နဲ့ တိုင်ပင်ပြီး ဆရာတွေ ခေါ်ပြီး ငါ့အတွက်လုပ်ပေးတာဆို...ရန်ကုန်ကို ခေါ်သွားတာလည်း အဲဒါကြောင့်ဆို...နင်...နင် ငါ့ကို စိတ်ပူပြီး အများကြီး လုပ်ပေးခဲ့တာတဲ့...'
ကောင်းမြတ် ထိုင်နေရာကနေ ထလိုက်ကာ မျက်ရည်ပြည့်နေတဲ့ သူနဲ့ မျက်နှာချင်းဆိုင်လိုက်ရသည်။
ဆယ်နှစ်ကြာသွားပေမဲ့လည်း သတို့သမီး အဖြစ် လှပနေဆဲပါပဲ..။
'ဖေဖေ နဲ့ ကိုကို့ ကို ထွက်လာအောင်လည်း နင်ပဲ...အင့်....အီး...ဘာလို့လဲ...ငါ့အတွက်...နင် အဲလောက် မပေးဆပ်ပါနဲ့...ငါ အပြစ်ပိုကြီးနေသလို ခံစားရတယ်...ဟင့်...နင် က မချစ်တက်တဲ့လူလေ...ငါ့ကိုချစ်ရင်တောင် နည်းနည်းလေးပဲ ချစ်ပေးမှာဆို....ဘာလို့..အဲလောက်ထိ ပေးဆပ်ရတာလဲ....နင်နဲ့ စတွဲကတည်းက မချစ်တက်တဲ့ နင့်ကို ငါကပဲ ပိုချစ်ပါ့မယ်လို့ ငါ ကတိပေးထားတယ်လေ...ခုကျတော့ ဘာလို့ ပြောင်းပြန်တွေ ဖြစ်နေတာလဲ...ဘာဖြစ်လို့ အဲလောက်ထိ...ငါ့အတွက်နဲ့...ဟင့်...အီး...'
'ငါ့ဘဝမှာ နင် မရှိလို့ မဖြစ်ဘူး...အဲဒါကြောင့် ငါ အကုန်လုပ်ခဲ့တာ...ငါ က နင့်ရဲ့ငါပဲလေ...နင့်အတွက် ငါ ဘာပဲလုပ်ပေးပေး..ထူးဆန်းတာမှ မဟုတ်တာပဲ...'
ကောင်းမြတ် ရှေ့မှာ ခေါင်းငုံ့ငိုနေတဲ့ သူ့မေးဖျားကို ဆွဲမော့လိုက်ပြိး မျက်ရည်တွေကို လက်မနဲ့ ဖွဖွ ဖယ်သုတ်ပေးလိုက်သည်။
စိန်နဲ့စီခြယ်ထားတဲ့ လခြမ်းပုံ နားစွဲလေး လှုပ်နေတာကို တွေ့တော့ ကောင်းမြတ် ရင်ထဲမှာ ကြည်နူးမိသည်။
မေ ပေးခဲ့တဲ့ လပြည့်လေးကနေ လခြမ်းပဲ့လေး ဖြစ်သွားတဲ့ ရွှေပြားလေးကတော့ သူ့ရင်ဘတ်ပေါ်မှာ ငြိမ်သက်စွာ ရှိနေလိမ့်မည်။
မေ ပေးတဲ့ လက်ဆောင်ကို ထုရိုက် ဖျက်စီးမိခဲ့သော်လည်း ကောင်းမြတ်ချစ်ရသူအတွက် ဖြစ်နေလို့ မေ က ခွင့်လွှတ်မှာပါ..။
သဘောတူကြည်ဖြူပြီး မင်္ဂလာလက်ဆောင် အဖြစ် သတ်မှတ်ပေးမှာပါ..။
ဘာဖြစ်လို့လဲဆိုတော့ ဒီမိန်းကလေး ရှိနေရင် ကောင်းမြတ်ဘဝက ပြီးပြည့်စုံနေသည်ကို မေ သိနေပါလိမ့်မည်။
'ငါ...ငါ နင့်ကို အများကြီး...အများကြီး အထင်တွေလွဲခဲ့တာ...အဲဒါက ငါ့ကို နောင်တနဲ့ နာကျင်စေတယ်...နင်သိလား...'
'သိတယ်...အဲလို ဖြစ်အောင်ပဲ တမင် လုပ်တာ...ငါက ငယ်ငယ်ကတည်းက အကျင့်ကောင်းတာ မဟုတ်ဘူးလေ...'
'ဟင်...'
'ခုဆို..နင် ငါ့ကို အားနာမယ်..သနားမယ်..ပြီးတော့ အပြစ်ရှိသလို ခံစားရပြီး ငါ့အနားမှာပဲ တစ်သက်လုံး ရိုရိုကျိုးကျိုး နေတော့မှာလေ...နောက်ထပ်လည်း မောင်းထုတ်ရက်မှာ မဟုတ်တော့ပါဘူး..ဟုတ်တယ်မလား..''
"ဟင့်...အီး..လူယုတ်မာကြီး....ယုတ်မာလိုက်တာ...ရင်ထဲမှာနာနေတာပဲ....အဲလောက် ယုတ်မာဖို့လိုလား..ဘယ်လောက် ရင်နာစရာကောင်းလဲ သိလား...နင့်ကို ဘယ်လောက်အားနာသနားပြီး ...ဘယ်လောက် ရင်နာနေလဲ သိလားလို့...ငါ့ကို နှိပ်စက်ဖို့ နင့်ရဲ့နည်းလမ်းတွေ မကုန်နိုင်တော့ဘူးလား..နှစ်နှစ်ဆယ်ရှိနေပြီ..မကုန်နိုင်သေးဘူးလား...ကောင်းမြတ်သူရဲ့...ဟင်..."
'မကုန်ဘူး...ငါ့အနားမှာ တစ်သက်လုံးနေပြီး စောင့်ကြည့်ပေါ့..'
ကောင်းမြတ် ရင်ဘတ်မှာ မျက်နှာအပ် ပြီး ရင်ဘတ်ကို ထု၍ ငိုနေတော့ လွှတ်ထားလိုက်ရပါသည်။
ဘာမဟုတ်တာလေးကို ခံစားနေလိုက်တာ..။
သူ နှင်လွှတ်တုန်းက ကိုယ်ဘယ်လောက် ခံစားခဲ့ရလည်းဆိုတာ သိရင် ရူးများသွားမလားပဲ..။
နာကျင်စရာကောင်းတဲ့အတိတ်ကို ပြန်လည် မတွေးချင်သလို ပြောလည်း မပြချင်တော့လို့ ကောင်းမြတ် ခေါင်းထဲက ထုတ်ထားတာ ကြာပါပြီ..။
ရင်ခွင်ထဲမှာ ငိုနေတဲ့ သူ့ကျောကို ဖွဖွလေး ပွတ်ပေးနေတော့ ပို၍ ငိုသည်။
'ဆုဆု..နင် ခံစားပြီး ငိုနေတာ အားတော့နာတယ်ဟာ...ကိုပိုင်တို့ အိမ်မှာ အကုန်လုံး အလုပ်ရှုပ်နေကြတုန်း..ငါတို့ အခန်းထဲမှာ ခဏဝင်ခိုရအောင်....ငါ ဆာလာလို့...'
'ဘာ...'
'နင် ခုလို ငိုနေတာ ငါသဘောကျလို့...'
'နှာဘူးကောင်ကြီး..'
ကောင်းမြတ် ရင်ဘတ်ကို ထုပြီး ချက်ချင်း ခွာသွားတော့ ရယ်ချင်စိတ်ကို ထိန်းကာ မျက်ခုံးပင့်ပြပေမဲ့လည်း မျက်နှာလွဲ၍ တဲပေါ်က ဆောင့်အောင့်ကာ ဆင်းသွားတော့သည်။
ကောင်းမြတ် အိပ်ခန်းကျဉ်းလေးကို တစ်ချက်ကြည့်ကာ ရယ်မိသွားသည်။
ဘယ်လောက်ပဲ ငြင်းငြင်းပါလေ..။
ညကျရင်တော့ ဒီအခန်ကျဉ်းထဲ ဆွဲသွင်းဦးမည်။
ဒီအခန်းလေးမှာ အမှတ်တရတွေမှ အများကြီး..။
လခြမ်းပဲ့လေးကို ရင်ခွင်ထဲ ပြန်ထည့်နိုင်ခဲ့တဲ့ ပထမဆုံးသော နေရာလေးလေ..။
ကောင်းမြတ် အခန်းလေးအဝကိုသွားကြည့်ကာ အခန်းပြည့်ခင်းထားတဲ့ မွေ့ယာအသစ်ကို ခြေထောက်နဲ့ နည်းနည်း ဖိကြည့်သည်။
ထူတော့ ထူပါတယ်..။
ဖနောင့်နဲ့ နှစ်ချက်လောက် ပေါက်ကြည့်တော့လည်း အဆင်ပြေသည်မို့ စိတ်ချလက်ချဖြင့် တဲပေါ်က ဆင်းခဲ့လိုက်သည်။
တဲပေါ်က ဆင်းလာတော့ ရှေ့ ဝါးတန်းခုံပေါ်မှာ ပန်းအိုးလေး တစ်အိုးချထားပြီး ပန်းကန် တချို့ကို အုပ်ခြင်းနဲ့ အုပ်ထားတော့ ပြုံးမိသွားပြန်သည်။
ဆယ်ကျော်သက်တုန်းက ရင်ခုန်ခြင်းမျိုး ပြန်ခံစားခဲ့ရတဲ့ ရိပ်မြုံလေးမို့ လူတွေအတွက် အပိုဟုထင်ချင်စရာကောင်းသော်လည်း ကောင်းမြတ်ကတော့ တကူးတကန့် ဒီကို လာပြီး ပွဲလုပ်ချင်ခဲ့လို့ ကိုပိုင့်ကို အပူကပ်ခဲ့ရတာလေ....။
သူ့အဖေနဲ့အမေကိုလည်း ဖုန်းနဲ့တောင်းဆိုခဲ့ရတာ မာနကို တော်တော်လေး ထိခိုက်ပါသည်။
ဘယ်တက်နိုင်မလဲ..။
ဒီအရူးမလေးက ဟိုတယ်မှာ ပွဲလုပ်တုန်းက သူ့မိဘတွေ မပါလို့ ဆိုပြီး စိတ်မကောင်းဖြစ်နေတာလေ..။
အဲ့တုန်းက မင်္ဂလာဆောင် မဟုတ်ပဲ ပါတီပွဲမို့လို့ မဖိတ်ရတာပါလို့ ညာထားရတာ.။
ဒီမှာ ပွဲလုပ်တာကို မခေါ်ရင်တော့ အမျိုးချစ် အရူးမက တကယ် စိတ်ဆိုးတော့မှာ မို့လို့ ရန်သူတော်တွေကို အောက်ကျနောက်ကျ ပင့်ဖိတ်ထားရတာ..။
ကောင်းမြတ် နှာခေါင်းရှုံ့မိချိန် ခင်ခင် တစ်ယောက်ကို တဲဘက်ကို ဦးတည်လာပြန်သည်။
ခင်ခင် စွပ်စွဲသလို မဟုတ်ဘူးဆိုတာလည်း အကုန်သိရအောင် ပုံအဟောင်းတွေကို ပုံကြီးထုတ်ပြီးကို ချိတ်ထားတာ..။
ပါးစပ်နဲ့ လိုက်ရှင်းပြစရာမလိုတော့ဘူး...။
'အစ်ကို့ကို လိုက်ရှာနေတာ...'
'ဟုတ်လား..ဘာဖြစ်လို့လဲ...'
'အစ်ကို လက်ဆောင်ပေးထားတာတွေ ပြန်မပေးတော့ဘူးနော်...မမဆုကို ပြန်ပိုးပန်းချင်လို့ ခင်ခင့်ကို အသုံးချပြီး မျက်နှာလို မျက်နှာရ ဖြစ်အောင် ပေးထားတာတွေဆိုတော့ ပြန်ပေးဖို့ မလိုဘူး ထင်တယ်'
'အဟက်...ကောင်းပါပြီဗျာ...'
အရူးမလေးရဲ့ ဆွေတော်မျိုးတော်ဆိုတော့လည်း ဒီလောက်ရူးတာမဆန်းပါဘူးဆိုပြီး ကောင်းမြတ် ခေါင်းသာ ညိတ်ပြလိုက်ရပါသည်။
'သတို့သားက ဘယ်သွားနေတာလဲ...လာလေ...'
ကိုပိုင့် မိန်းမက လှမ်းအော်ခေါ်တော့ ကောင်းမြတ် ခေါင်းညိတ်ပြီး သွားရတော့သည်။
'မမဆုက နဂိုတုန်းက ဒီလောက်လှမှန်းမသိဘူး...ခုကျတော့ အရုပ်လေးအတိုင်းပဲ..မျက်လုံးတို့ နှုတ်ခမ်းတို့ သိပ်လှတာပဲ...'
'ဒါပေါ့...သူ့ယောက်ျားက ခေါ်သွားပြီး ပြောင်းလဲပေးလိုက်တာ...ငါဆို တွေ့နေပေမဲ့ မမှတ်မိလို့ နှုတ်တောင် မဆက်မိဘူး..'
'အရင်လို ပိန်ညောင်ညောင် အသားညိုညို မဟုတ်တော့ဘူး...ခုကျတော့ တော်တော်ကြည့်ကောင်းသွားတယ်...အသားကလည်း ဖြူကြည်နေတာပဲတော်...'
'ဟုတ်တယ်...အရမ်းလှလာတာတော်..'
အဲလို ဖြစ်အောင် ဘယ်လောက် အမုန်းခံပြီး ပြင်ဆင်ပေးခဲ့ရတယ် မှတ်လို့လဲ..။
သူလည်း မိန်းကလေးပဲမို့ဒီလို အရေးမပါတဲ့ စကားတွေကိုပဲ ကျေနပ်နေမယ်ဆိုတာ သိပါသည်။
အိမ်ပေါ်မှာ ဝိုင်းပြောနေကြတဲ့ စကားသံတွေကို ကျော်လွန်ပြီး အနားကို ရောက်အောင်သွားရသည်။
'ဆုဆု ပြီးပြီလား..'
'ဟုတ်...'
လူရှေ့ကျမှ အိနြေ္ဒ တစ်ခွဲသားနဲ့ ခေါင်းညိတ်ပြတော့ ကောင်းမြတ် အသည်းယားသွားသည်။
'အစ်ကို က တကယ် ဟန်ဆောင်ကောင်းတယ်နော်...ကျွန်မတို့က ခင်ခင် နဲ့ မှတ်နေတာ..'
'........'
သတို့သမီးအဟောင်းလေးက အလှပြင်ထားသော်လည်း မျက်ဝန်းလဲ့လဲ့လေးတွေက ညိုးသွားသလို ခံစားရတော့ ကောင်းမြတ် မကျေနပ်ပါ..။
'ခင်ခင်က...ဆုဆု့ကို'
ကောင်းမြတ် ကို အလန့်တကြား ကြည့်လာတော့ စကားရပ်လိုက်ရပြန်သည်။
'အဟင်း...ပြီးရင် ပြောပြမယ်...လာ..မိန်းမ...လူကြီးတွေ စုံနေပြီ...ဖေဖေ တောင် မေးနေတာ...ပွဲမစသေးဘူးလားတဲ့...'
'ဆုရေ...ဖြည်းဖြည်းထ....နင်းမိဦးမယ်...'
ကိုပိုင့် မိန်းမက ဆုဆု လုံချည်အရှည် အောက်နားစတွေ လိုက်ဖြန့်ပေးပြီး နောက်ဘက်က ချထားတဲ့ ပဝါ စ အရှည်ကိုလည်း ပြန့်နေအောင် နေရာချပေးသေးသည်။
'ရပါတယ်...မမ...'
'ဘာပဲဖြစ်ဖြစ် ဒီကလေး ကို စိတ်ချသွားပါပြီ...ကောင်းမြတ်သူ...အများကြီး တန်ဖိုးထားပါနော်...'
ကိုပိုင့်မိန်းမက ဆုဆု လက်ကို ပေးရင်း ပြောတော့ ခေါင်းညိတ်လိုက်ရသော်လည်း ခေါင်းထဲ အသိတစ်ခု ဝင်လာမိသေးသည်။
ကိုပိုင် ပြောသလိုများ သူတို့ချင်း ....။
မဖြစ်နိုင်ပါဘူး..။
ခေါင်းထဲ က အတွေးကို အဆုံးသတ်လိုက်ပြီး လက်ဖျားလေးကို ဖွဖွ ကိုင်ကာ အိမ်အတက်အဆင်းကို သတိထား၍ ဆင်းလိုက်သည်။
'........'
ထမင်းပွဲတွေကို စားပွဲတွေပေါ်မှာ နေရာချနေပြီမို့ ကောင်းမြတ် ဘေး က သူ့ကို တစ်ချက်ကြည့်မိသည်။
'အဟမ်း...ကျွန်တော်တို့ရဲ့ မင်္ဂလာသက်တမ်း ဆယ်သုံးနှစ်ပြည့် ပွဲလေးကို ကြွရောက် ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...ကိုပိုင် အစ်မနွယ်နဲ့ ဒီရပ်ဝန်းက ကျွန်တော့် ဇနီးကို အများကြီး စောင့်ရှောက်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်..ဒီနေရာလေးက ကျွန်တော်တို့ကို ပြန်လည် ပေါင်းစည်းပေးတဲ့ နေရာမို့ ဒီမှာ ပွဲလုပ်ချင်ခဲ့တာကို ကူညီပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်..'
လက်ခုပ်သံတွေကြားမှာ ခင်ခင့်ကို လက်ခုပ်တီးနေတာ တွေ့တော့ ကောင်းမြတ်ပြုံးလိုက်မိသည်။
'ကျွန်တော်တို့ရဲ့ ညီမလေး ခင်ခင်မြကိုလည်း ကျေးဇူးတင်ပါတယ်...သူ့ကို အထင်လွဲနေကြတာကိုလည်း တစ်ခါတည်း ဖြေရှင်းခဲ့ပါမယ်...သူ့အစ်မနဲ့ ကျွန်တော် ပြန်ပေါင်းရဖို့အတွက် သူ အများကြီး ကူညီပေးခဲ့တာပါ...ပတ်ဝန်းကျင်က ဆုဆု့ကို အမြင်လွဲမှာစိုးလို့ သူက အထင်လွဲခံပေးခဲ့တာပါ...သူက သူ့အစ်မနဲ့ ကျွန်တော့်ကို ပြန်ပေါင်းစေချင်လို့ အများကြီး အနစ်နာခံ ကြိုးစားပေးခဲ့သူပါ...အစ်မ အပေါ် သိတက်တဲ့ဖြူစင်တဲ့ ကလေးမလေးပါ...ခုလည်း သူ့ကို လက်ဆောင် အဖြစ် ပေးထားတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ပြန်ပေါင်းဖြစ်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အဆောင်သူတွေကို ပြန်ခွဲပေးချင်ပါတယ်တဲ့...."
ကောင်းမြတ်နဲ့ မလှမ်းမကမ်းမှာ အတာ ရပ်နေတာ တွေ့တော့ အိတ်ကပ်ထဲက စာရွက်ကို ထုတ်ယူလိုက်သည်။
"အတာ..ဒါက လက်ဆောင် စာရင်းပါ....ကျွန်တော်နဲ့ ဆုဆု ပြန်ပေါင်းတာကို ခင်ခင်က တက်နိုင်တာနဲ့ ဂုဏ်ပြုတာမို့ အမှတ်တရ သဘောနဲ့ လက်ဆောင်လေးတွေ ခွဲေ၀ ယူပေးလိုက်ကြပါဗျာ...ကျွန်တော့် ညီမလေးကိုလည်း အထင်မလွဲကြပါနဲ့တော့.... '
'ဟယ်...တကယ်လား...ကျေးဇူး...'
'ငါ့ကို နင့်မိတ်ကပ်ဘီဒိုလေး ပေးနော်...'
'ခု သွားယူလိုက်မယ်လေ...တော်ကြာ သူများ ဦးသွားဦးမယ်...'
'ငါ က အကျီ ၤလေးယူချင်တာ...'
'........'
ကောင်မလေးတွေ အဆောင်ဘက်ကို ပြေးကြတော့ ခင်ခင် တစ်ယောက် အနောက်က ပြေးလိုက်သွားတော့သည်။
'ဘာတွေ လျှောက်လုပ်တာလဲ...'
ကောင်းမြတ် လက်မောင်းကို ဆွဲပြီး ခေါင်းစောင်းကာ ပြောတော့ နှုတ်ခမ်းတွန့် ပြုံးမိသွားသည်။
'သူ့ေ-ာက်ကျင့်က သူ့အလိုလို ပေါ်လာမှာပဲ..နင့်ညီမကို လူတွေ အထင်လွဲမှာ နင် ကြောက်တယ်မလား...ငါကတော့ တစ်စက်မှ စေတနာ မရှိလို့ သူ့ကိုလည်း အထင်မလွဲအောင် ငါ့ပစ္စည်းတွေလည်း သူမရအောင် စီစဉ်လိုက်တာလေ...'
'ဘာမဟုတ်တာကိုပဲ...ဟိုမှာ သူ့အဘွားထိုင်နေတယ်...'
'ဘာဖြစ်လဲ...ကူညီသူပါလို့ ပြောပေးတာလေ...'
'ဟင်း...အကြံပက်စက်ချက်ကတော့ မနိုင်တော့ပါဘူး..'
ကောင်းမြတ်ကို ဘာမှ မပြောတော့ပေမဲ့လည်း ကောင်းမြတ်ကတော့ ပြောချင်နေသည်။
'ဆုဆု နင် ငါ့ကို ဘယ်တုန်းကတည်းက လက်တွဲချင်နေတာလဲ....လူကြီးတွေရှေ့မှာ အဲလောက်ကြီး မဆွဲနဲ့လေ..."
ကောင်းမြတ် ခပ်တိုးတိုး ပြောလိုက်သော်လည်း ကြားဖြစ်အောင် ကြားပြီး လက်မောင်းကို မသိမသာ ဆိတ်နေသေးသည်။
ကောင်းမြတ် သူ့ကို လက်ချိတ်လျက်သားဖြင့် သူ့မိသားစု ရှိတဲ့ စားပွဲဝိုင်းကို အရင်သွားလိုက်သည်။
'ဆုဆု့ကို ကျွန်တော်နဲ့ ပြန်ပေါင်းခွင့်ပေးလို့...အဖေနဲ့အမေကို ....ကျေးဇူးတင်ပါတယ်.....အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ်..'
ကောင်းမြတ် ပြောလိုက်ရသော်လည်း စိတ်ထဲတော့ အတော်လေး နင်နေပါသည်။
မိန်းမတွေက အဲလို ဟန်ဆောင်တက်တာကိုပဲ ကြိုက်တော့ အခက်သား..။
ခင်ဗျား ေ-က်ခွက်ထိုးခဲ့တဲ့ ကောင်က ခင်ဗျား ညီမကို ထပ်ယူလိုက်ပြီ...ဘာလုပ်ချင်လဲ...###ဖြစ်လားဆိုပြီး စိန်ခေါ်..တစ်ပွဲတစ်လမ်း ပြန်နွဲ...ထပ်ခွပြီး ဆွဲထိုး..ဒီတစ်ခေါက်တော့ မမူးတဲ့ ငါ နိုင်မှာပါ..။
"ငါတို့ကသာ ကျေးဇူးတင်ရမှာပါ..."
"အမေနဲ့ သမီးကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် သားရယ်..."
"ငါတို့ မရှိတုန်း ညီမလေး နဲ့ အမေ့ကို ကူညီပေးထားတာ ကျေးဇူးတင်ပါတယ်...ငါတို့ အတွက်လည်း မင်းကူညီပေးတာပဲ..."
"ဟုတ်ပါတယ်...အစ်မတို့ မိသားစုကို မောင်လေး ကယ်တင်ပေးတာပါ"
"ရပါတယ်ဗျာ...ဆုဆု မိသားစုက ကျွန်တော့်မိသားစုပါပဲ..."
ကောင်းမြတ် လက်ကို ဖျစ်ဆုပ်ကိုင်လိုက်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးနဲ့ လှပတဲ့ အပြုံးလေးကို ကြည့်ကာ ဟန်ဆောင်လိုက်ရတာလည်း တန်ပါသည်လို့ ဆုံးဖြတ်လိုက်သည်။
'.........'
နောက်ထပ် စားပွဲကတော့ ကျက်သရေ မရှိသော ဝိုင်း..။
ကိုပိုင့်ယောက်ဖတော်က ထမင်းစားပြီး ရေခဲမုန့်ခွက်ကို ကိုင်ထားတော့ ကောင်းမြတ် ခြေလှမ်းမြန်မြန် နဲ့သွားလိုက်သည်။
'ဘာဖြစ်တာလဲ..ချော်လဲတော့မယ်..ကောင်းရဲ့...'
'ဟာ...ညီ...စားတက်ရဲ့လား..ဖိတ်ကုန်မယ်နော်...သူ့ကို ခွက်ကြီးပေးရင် ကောင်းမယ်..'
'ဗျာ..ရပါတယ်ဗျ...စားတက်ပါတယ်.."
'ဪ..မစားတက်မှာ စိုးလို့ပါ...'
ဟိုကောင်က အူကြောင်ကြောင်နဲ့ ရပါတယ် အခါခါ ပြောပေမဲ့ အထာပေါက်တဲ့ ဆုမြတ်မွန်ကတော့ ကောင်းမြတ်ကို တခြားဝိုင်းတွေဆီ ဆွဲခေါ်သွားသည်။
အဆောင်က မိန်းကလေးတွေနဲ့ တွတ်ပီတို့ အဖွဲ့ပဲ တက်ရောက်သည့် ဒီပွဲလေးက ရန်ကုန်မှာလုပ်ရတဲ့ စည်စည်ကားကား ခမ်းခမ်းနားနား ပွဲကြီးထက် ပိုပျော်ဖို့ကောင်းသည်လို့ ထင်ရပါသည်။
သွားအစုံပေါ်အောင် ပြုံးရယ်နေတဲ့ ဘေးက အရူးမလေးကို ကြည့်ရင် သိသာနေတာပဲလေ..။
ပျော်ရင် အရူးမလိုပဲ ရယ်ပဲနေတက်တာ..။
ကိုယ်ကလည်း သူရယ်နေတာ တွေ့ရင် အရူးလိုပဲ ပြုံးမိပြန်ရော..။
အရာရာ အန္တရယ်ကင်းသွားပြီဆိုသော်လည်း ကိုယ်ချစ်သူရဲ့ အထိမ်းအမှတ် လခြမ်းပဲ့လေးကတော့ နားအောက်မှာ လှုပ်နေတုန်းပါပဲ..။
ဆယ်နှစ်ကျော် အရွယ်တုန်းက ကိုယ့်ကို အတင်းလိုက်ကပ်နေတဲ့ ရုပ်ဆိုးဆိုးနဲ့ မုန်းစရာကောင်မလေးရဲ့ သင်္ကေတလေး..။
နှစ်ဆယ်ကျော် အရွယ်တုန်းက ကိုယ့်အတွက် နဲ့ ငိုကြွေးနေခဲ့တဲ့ နားလည်ရခက်တဲ့ သနားစရာကောင်မလေးရဲ့ သင်္ကေတလေး..။
သုံးဆယ်ကျော် အရွယ်မှာ ကိုယ့်ဘေးမှာ ရပ်ပြီး ကိုယ့်ကို ပြုံးစေတဲ့ ချစ်ရပါသော ကောင်မလေးရဲ့ သင်္ကေတလေး..။
ငယ်ငယ်တုန်းကလို အလင်းရောင် အပြည့်အ၀ ပေးတက်တဲ့ လပြည့်ကြီးကို မကြိုက်တော့တဲ့အကြောင်း မေ့ကို ပြောပြချင်သည်။
ကောင်းမြတ် အခု အသည်းနှလုံးထဲမှာ မြတ်မြတ်နိုးနိုးနဲ့သဘောကျနေမိတာ လှုပ်ရမ်းနေတဲ့ လခြမ်းပဲ့လေးသာ..။
ပြီးပါပြီ.
06060707
════•❤ ☾⋆*・゚❤•════
လခြမ်းပဲ့ စ.ဆုံး
PDF File
https://www.mediafire.com/file/k1j0cz06tbjes1c/The_crescent_moon-2.pdf/file
ခုလို ဇာတ်သိမ်းလိုက်တာ စာဖတ်သူတွေကို အားနာပါတယ်။
ဇာတ်သိမ်းနဲ့ ဇာတ်လမ်းက ထင်သလို မဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်။
လွမ်းနေတော့မှာပါပဲ။
စာဖတ်ပေးသူလေးတွေ တစ်ယောက်ချင်းစီရဲ့ တွန်းအားကြောင့် အဆုံးသတ် နိုင်ခဲ့တာပါ။
ကျနော် လို လူရေးတဲ့ စာတွေကို Facebook အခက်အခဲကြားကနေ အချိန်တစ်ခု ပေးပြီး ဖတ်ပေးလို့ ကျေးဇူး အထူးတင်ရပါတယ်။
Like Comment Vote တွေက တဆင့် အားဖြစ်ခဲ့ရလို ကျေးဇူးအထူးပါနော်။
Like Vote Com မပေးဖြစ်လည်း စိတ်ညစ်စရာ စာတွေကို ဖတ်ပေးတာပဲ ကျေးဇူးအထူးပါနော်။
ကျနော်စိတ်ထဲရှိသလိုတွေ ရေးမိတဲ့စာတွေကို အချိန်ပေးပြီး လိုင်းမကောင်း VPN မရတဲ့ကြားက ဖတ်ပေးကြတဲ့ စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်။
စာကျော်တာ စာလုံးပေါင်း သတ်ပုံ ဝါကျ မမှန်တာလေးတွေ ရှိရင် တောင်းပန်ပါတယ်နော်။
ကျနော်က အတန်းပညာမတက် တဲ့ သာမာန်လူတန်းစားမို့ စာတွေထဲမှာ စာလုံးပေါင်းသတ်ပုံ အမှားတွေနဲ့ လူနေမှု ဘဝ ဖော်ပြတဲ့အခါ အလွဲအချော် အဆင်မပြေ မအပ်စပ်တာတွေ ပါရင် နားလည် ခွင့်လွှတ်ပေးပါနော်။
မိုးအေးတော့ ကျန်းမာရေး နဲ့ အစစ အရာရာ ဂရုစိုက်ကြပါနော်..။
စစ်ဘေးရှောင်နေရသူတွေ အဆင်ပြေကြပါစေ။
လူသားတိုင်း ငြိမ်းအေးချမ်းပါစေ။
ကမ္ဘာကြီးကို ချစ်ပါ..။
ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ..။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ..။
ပလတ်စတစ် လျော့သုံးပါ...။
အချိန်ပေးပြီး စာတွေဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်..။
ဂရုစိုက်ကြပါနော်။
Love U All ❤️
✎ᝰ SpicaLin
#စပိုက်ကာလင်း
Photo Credit
)