"စီနီယာယွန်း..ကောင်းသောမနက်ခင်းပါ။"
"မတွေ့ရတာတောင်ကြာပြီနော်။ စီနီယာယွန်း။"
"ခဏလေးနေဦး။ မျက်နှာကကြည့်ရတာအခြေအနေမကောင်းဘူး။"
"လာ။ မြန်မြန်လစ်ရအောင်။ မဟုတ်ရင်ချိုင်းထောက်စာမိနေဦးမယ်။"
ပြောရင်းအထက်တန်းပထမနှစ်ကျောင်းသားလေးများသည် အုပ်လိုက်ရှောင်သွားလေတော့သည်။ ကျန်တဲ့သူများသည်လည်း မြင်သည်နှင့် မသိလိုက်မသိဘာသာနှင့် ခပ်ဝေးဝေးက ရှောင်ဖယ်သွားကြသည်သာ။ ခုအခြေအနေက မြင်လို့ နှုတ်ဆက်မိလျှင်လည်း စကားပြန်ပြောဖော်မရတဲ့အပြင် မနှုတ်ဆက်လျှင်လည်း မနှုတ်ဆက်ရကောင်းလားဆိုပြီး ပြဿနာရှာခံရနိုင်သည့် အခြေအနေမဟုတ်ပါလား။ ပြောရရင် ဈေးထဲကရောင်းမကုန်တဲ့ခရမ်းသီးလိုပုပ်သိုးနေတဲ့ မျက်နှာကြီးနဲ့ ဇွန်ဘီးတစ်ကောင်လို စောင်းငမ်းစောင်းငမ်း လမ်းလျှောက်လာတဲ့ ယွန်းဂျောင်ဟန်ပုံစံကြီးက မြင်ကွင်းထဲဖြတ်ဝင်ရုံနဲ့တင် တော်တော်လန့်စရာကောင်းနေပြီ။
"ဝေး။ ဂျောင်ဟန်။"
ဒီအသံပိုင်ရှင်ကိုတော့ လှည့်မကြည့်ချင်တဲ့တိုင် ဂျောင်ဟန့်ပုခုံးတစ်ဘက်က သူ့ဆီဆွဲဖက်ခံလိုက်ရပြီးပြီ။
"ဆေးရုံကဆင်းပြီးတစ်ပတ်ပဲရှိသေးတယ်။ ဒီလောက်လမ်းလျှောက်နိုင်တာမဆိုးပါလား။ ခုခေတ်ဆေးပညာတွေ သိပ်တိုးတက်လာတာပါနော်။"
မျက်စိနောက်စရာ ပန်းရောင်ဆံပင်မွှေးတွေနဲ့ ခပ်ဝေးဝေးနေချင်တာမို့ ဂျောင်ဟန်တွန်းဖယ်ထုတ်လိုက်တဲ့တိုင် အနားလာကပ်ပြောတဲ့ သူ့အသံက နားကြားပြင်းကပ်စရာကောင်းလှသည်။
"ဒါနဲ့ မင်းရဲ့အောက်ကကောင်လေးကရော သေချာပြန်အလုပ်လုပ်နိုင်ပြီလား။"
ဒေါသကထောင်းခနဲ ထွက်သွားတာများ ဆံပင်မွှေးတွေပါ ထောင်ကုန်မလားမှတ်ရသည်။ မျက်ထောင့်နီကြီးနဲ့လှမ်းကြည့်လိုက်တော့မှ ဟူန်းဂျီဆူးရဲ့လက်တွေက ဂျောင်ဟန်ဆီကနေ ဖယ်ခွာသွားတော့သည်။
"နာကျင်သွားစေဖို့ မရည်ရွယ်ပါဘူး။"
ဂျောင်ဟန့်ပုခုံးပေါ်ကဖုန်မှုန့်တွေကိုပါ သူကလက်လေးနဲ့ အသာဖယ်သွားသေး။ တကယ်ပါ။ အဲ့ကောင်အချိုးနဲ့ ဂျောင်ဟန်သာ နဂါးဆိုရင် ဟုန်းဂျီဆူး ပြာကျနေပြီ။ အခုတော့ မျက်စောင်းထိုးရလွန်းလို့ မျက်ရိုးတွေညောင်းတာပဲ အဖတ်တင်သည်။
"လောလောဆယ် ကင်မင်ဂယူ။ အဲ့ကောင်ဘယ်မှာလဲ။"
ညပ်ထားတဲ့ချိုင်းထောက်ကို သေချာနေရာပြန်ချလိုက်ရင်း ဂျောင်ဟန်မေးလိုက်သည်။
"အိုး..ဟိုး..အဲ့ကောင်တွေဘာတွေဖြစ်ကုန်ပါလား။"
ဟုန်းဂျီဆူးက တအံ့တဩဟန်နဲ့ ပါးစပ်အဟောင်းသားလေး ဖြစ်ပြနေသေးသည်။ သက်သက်အပိုလုပ်တာ သိသားပဲ။ ဂျောင်ဟန်ရဲ့အောက်က ကောင်က မထောင်နိုင်ဘူးဆိုတာ သိရင် ကင်မင်ဂယူ ဂျောင်ဟန့်ကို ပစ်ပြေးသွားတဲ့ အကြောင်းကို မသိစရာ အကြောင်းကိုမရှိဘူး။
"အဲ့ကောင်ဘယ်မှာလဲလို့ ငါမေးနေတယ်လေ။"
"နွေဦးပြိုင်ပွဲအတွက် ဘတ်စကတ်ဘောပွဲလေ့ကျင့်နေပြီကြားတယ်။ ဘတ်စကတ်ဘောကွင်းထဲမှာ ရှိမှာပေါ့။"
အင်း..တွေ့ကြသေးတာပေါ့။
အရင်ဆုံး ယွန်းဂျောင်ဟန်လွယ်အိတ်ကို စလွယ်သိုင်းပြီးလွယ်ပစ်လိုက်သည်။ ဆံပင်ရှည်တွေကိုပါ နောက်မှာ စုစည်းလိုက်သေးသည်။ပြီးတော့ အနားကခုံမှာ ခဏထိုင်ပြီး ဖိနပ်ကြိုးကိုပါ သေချာကုန်းချည်လိုက်သေးသည်။ ဘေးကဟုန်းဂျီဆူးသည် ချိုင်းထောက်ကြီးကားယားကားယားနှင့် ဂျောင်ဟန်လုပ်နေသမျှကို မဲ့ကာရွဲ့ကာနှင့် ရပ်ကြည့်နေလေသည်။ အားလုံး ပြင်ဆင်ပြီးသည်နှင့် ဘတ်စကတ်ဘောကွင်းရှိရာသို့ဦးတည်လိုက်ပြီး ဂျောင်ဟန် မာန်ပါပါနှင့်ပြောလိုက်သည်။
"သွားမယ်!"
"ဘယ်ကိုလဲ။"
ဂျောင်ဟန်မှာ မယုံနိုင်တဲ့မျက်နှာနှင့် ဟုန်းဂျီဆူးကို ပြန်လှည့်ကြည့်မိလေသည်။
"ဘယ်ဖြစ်ရမလဲ။ မင်းသူငယ်ချင်းကိုပစ်သွားတဲ့ကောင်ကိုသွားပညာပေးရမယ်လေ။"
"အွန်."
ဟုန်းဂျီဆူးပုံစံက မလှုပ်တုပ် လှုပ်တုပ်နှင့်။ သူဘာတွေးနေလဲ ဂျောင်ဟန်သိသည်။ ခုအခြေအနေနဲ့ လမ်းတောင်မနည်းအသားကျအောင် လျှောက်နေရတဲ့အချိန်မှာ သွားကြုံးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာမျိူး။ ဒါပေမဲ့ ဂျောင်ဟန်ကတော့ မမှုပါ။
Devil Trio အဖွဲ့ခေါင်းဆောင်ဟာ ချိုင်းထောက်ကြီးနဲ့ဖြစ်နေတာတောင် Aura ကကျသွားစရာအကြောင်းကိုမရှိဘူး။ မနက်ကတင် တခြားကောင်တွေအကုန်ထွက်ပြေးသွားတာကိုကြည့်။
"ဂျီဆူးရာ..ကြာတယ်။ လာ..သွားမယ်။"
ဟုန်းဂျီဆူးပုံစံက အခုထိ ရပ်နေရာကနေတစ်လှမ်းမှမရွှေ့။ ရန်ဖြစ်တိုင်းထိပ်ဆုံးကအရင်ပြေးနေကျ ကောင်ဆိုတာသိပေမဲ့လည်း ကိုယ့်သူငယ်ချင်း ကိစ္စမှာတောင် ဒီလိုနောက်တွန့်နေတာကြီးက အဆင်မပြေဘူးလေ။
"ဟေ့ကောင်။ ဂျီဆူး။ မင်းဘာဖြစ်နေတာလဲ။"
ဂျီဆူးက ချက်ချင်းမဖြေ။ နှုတ်ခမ်းကိုအရင်ဆူလိုက်သေးသည်။
"ဘာဖြစ်ရမလဲ။ ကင်မင်ဂယူက ဆော့မင်နီးရဲ့သူငယ်ချင်းလေ။"
"အဲ့တော့.."
"သူ့သူငယ်ချင်းကို ငါကအဲ့လိုကြီးသွားကြုံးရင် ဆော့မင်နီးက ငါ့ကိုစိတ်ဆိုးသွားမှာပေါ့လို့..."
ဂျီဆူးပြောရင်း နှုတ်ခမ်းလေးစူကာ မျက်နှာလေးကိုအောက်သို့ငုံ့လိုက်လေသည်။ ခက်ခက်ခဲခဲပိုင်ဆိုင်ထားရတဲ့ Relationship မှာသူများအတွဲကိစ္စနဲ့ အဖုအထစ်တော့အဖြစ်မခံနိုင်ပါဘူး။
"မင်း...ဂျီဆူး.."
ယွန်းဂျောင်ဟန်မှာတော့ သွေးတက်ပြီး မျက်နှာကြီးတစ်ခုလုံးရဲလာလေသည်။ ဒီကောင်လုံး၀ဘ၀မေ့သွားပြီပဲ။ အဲ့ကောင်လေးကို သူရဖို့အတွက် ဂျောင်ဟန်မှာဘယ်လိုတောင်အချွန်နဲ့ မ,လိုက်ရတာတဲ့လဲ။
"အဲ့တာဆို ဟိုကောင်ဘယ်မလဲ။ ဆွန်းချောဘယ်မလဲ။ အဲ့ကောင်။"
ဂျီဆူးပါမလာရင်တော့ ဆွန်းချောလောက်တော့ ရအောင်ဆွဲခေါ်သွားရမယ်။ ဂျောင်ဟန်တွေးရင်း ကျောင်းဝန်းပတ်လည်တစ်ပတ်ပတ်ကြည့်လိုက်တဲ့အခါမှာပဲ တစ်ယောက်ယောက်ကို လှမ်းမြင်လိုက်တဲ့အခါမှဂျောင်ဟန်ကြက်သေ,သေသွားလေသည်။
"ဂျောင်ဟန်.သက်သာသွားပြီလား.."
ဂျောင်ဟန်ချက်ချင်းပြန်မဖြေနိုင်ပါ။ အနားရောက်လာတဲ့ ချွဲဆွန်းချောကို ခေါင်းစခြေဆုံးအပြန်ပြန်အလှန်လှန်ကြည့်နေမိသည်။ အဖာရာတစ်ထပ်နဲ့ Sneaker သောက်စုတ်အစား ကော့ကျော့နေတဲ့ရှူးဖိနပ်အနက်ရောင်၊ သေသေသပ်သပ်စည်းနှောင်ထားတဲ့ နက်ခ်တိုင်၊ ဝတ်စုံပြည့်ဝတ်ထားတဲ့ ကျောင်းဝတ်စုံယူနီဖောင်း။ နောက်ဆုံးတော့ ချွဲဆွန်းချောရဲ့ ခေါင်းထိပ်မှာ ဂျောင်ဟန့်အကြည့်တွေက ရပ်တန့်သွားလေသည်။
"မင်းဆံပင်အနီတွေက ဘယ်ရောက်သွားတာလဲ။"
"ဪ။ ဒါလား။ ကျောင်းစည်းကမ်းနဲ့မညီညွတ်ဘူးထင်လို့ ငါပြောင်းလိုက်တာ။ ..ဟီး.."
ပေါင်းလာတဲ့တစ်သက်မှ တစ်ခါမှမမြင်ဖူးခဲ့တဲ့ ဟီးဆိုတဲ့ ရှက်ရယ်,ရယ်သံကြီးမှာ ယွန်းဂျောင်ဟန်ထပ်မံငုတ်တုတ်မေ့သွားလေသည်။ တကယ်ရော ချွဲဆွန်းချောရော ဟုတ်ပါရဲ့လား။ ကျောင်းရှေ့မှာအခါတစ်ရာလောက် ဒိုက်ထိုးခဲ့ရလည်း၊ စည်းကမ်းထိန်းသိမ်းရေးမှာ ၁၆ခါလောက်လက်မှတ်ထိုးခဲ့ရလည်း၊ ကျောင်းဝန်းတစ်ပတ် အမှိုက်ဆယ်ခါလောက်ပတ်ကောက်ခဲ့ရလည်း ၃နှစ်တာကာလပတ်လုံး မပြောင်းခဲ့တဲ့ ဆံပင်အနီရောင်က ဂျောင်ဟန်ဆေးရုံတက်နေတဲ့ ၃ပတ်လောက်အတွင်းမှာတင် ပြောင်းလဲသွားတယ်ပေါ့လေ။
"ဆွန်းချော။ မင်းဘယ်လိုတွေဖြစ်သွား..."
ဂျောင်ဟန်စကားမဆုံးခင်မှာပင် ဟုန်းဂျီဆူးက အနားကိုကပ်တိုးလေး လာပြောသည်။
"သူအခုကြိုက်နေတဲ့အလယ်တန်းကျောင်းသားလေးက တိုင်းအဆင့်မှာ အဆင့်၁နဲ့ အထက်တန်းကိုဝင်လာဖို့ လုပ်နေပြီး ကတုံးကိုအိုးမှုတ်ခွက်ကေညှပ်ထားတဲ့ ပုံတုံးတုံးဆိုကတည်းက သူလည်း အခုလိုဖြစ်သွားတော့တာပဲ။"
ကျောင်းပြန်စတက်တဲ့ရက်မှာပဲ မမျှော်လင့်တဲ့အထူးအဆန်းဖြစ်ရပ်တွေကြုံကြီး ယွန်းဂျောင်ဟန်ရဲ့ဦးနှောက်ကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့မယ်ထင်တယ်။
"ငါလေ..ရန်လည်းမဖြစ်တော့ဖို့ ဆုံးဖြတ်ထားတယ်။ အထက်တန်းနောက်ဆုံးနှစ် နောက်ဆုံး Semester ရောက်နေပြီဆိုတော့ စာလည်း သေချာလုပ်တော့မလို့။ သူငယ်ချင်းတို့..မင်းတို့လည်း အလေမလိုက်နေတော့ဘဲ စာသေချာလုပ်ကြတော့။"
ဂျောင်ဟန် ဆွန်းချောဆီကအဲ့စကားကြားလိုက်ရတာ ချက်ချင်းကြီး အော့အန်မိတော့မလိုပဲ။ တစ်သက်လုံး အတူတူအလေလိုက်တုန်းက လိုက်လာပြီး ခုကြမှ တစ်ယောက်တည်း ဘက်ပဲ့ထွက်သွားတော့မယ်လို့ ကြားလိုက်ရတာ နောက်ကျောကို ဓားနဲ့ထိုးခံရတာထက်နာတယ်။
"အဲ့တော့ Devil Trio အဖွဲ့က ပျက်ပြီလား။ဟမ်...ပျက်ပြီလားလို့။"
ဂျောင်ဟန်အော်ပစ်လိုက်တော့ နှစ်ယောက်လုံး တုပ်တုပ်မှမလှုပ်လာ။ အသံလည်း မထွက်လာ။ မျက်လွှာလေးတွေချပြီး ငြိမ်နေကြတဲ့ ဟုန်းဂျီဆူးရော ချွဲဆွန်းချောရောကို ဂျောင်ဟန်စေ့စေ့ကြည့်လိုက်မိသည်။
"အေး..အဲ့တာဆိုလည်း..ဒီမှာ..အားလုံးနားထောင်ကြ!တစ်ကျောင်းလုံး!"
ဂျောင်ဟန်အော်ထည့်လိုက်တော့ ကျောင်းဝန်းထဲမှာ ဖြတ်သန်းသွားလာနေကြတဲ့ ကျောင်းသားကျောင်းသူတွေအကုန်လုံးရဲ့ အကြည့်တွေက ဂျောင်ဟန့်ဆီသို့ရောက်လာကြသည်။ အဆောင်တွေပေါ်ကလှမ်းကြည့်တဲ့သူကကြည့်၊ မုန့်ဈေးတန်းအဆောင်ဘက်က ကြည့်တဲ့သူကြည့်နဲ့ အကုန်လုံးကိုပတ်လည်ကြည့်ပြီး အားလုံး ကြားလောက်တဲ့ အသံမျိုးနဲ့ ဂျောင်ဟန်အော်ပစ်လိုက်သည်။
"ဒီနေ့ကစပြီး Devil Trio အဖွဲ့ပျက်သွားပြီ။ Devil Trio ဆိုတာ မရှိတော့ဘူး။"
ဟုန်းဂျီဆူးရော ချွဲဆွန်းချောရော ခေါင်းတွေထောင်လာကာ ဂျောင်ဟန့်ကို တအံ့တဩမျက်လုံးများဖြင့်မော့ကြည့်ကြသည်။
"ဟယ်။ ဘယ်လိုဖြစ်လို့။"
"သုံးယောက်ကြားပြဿနာတစ်ခုခုတက်ကြတာလား။"
"ခဏ။ခဏ။ ဘာဆက်ပြောမလဲမသိ။စောင့်ကြည့်ဦး။"
ကျွတ်စီကျွတ်စီအသံတွေငြိမ်သွားတဲ့အထိ ဂျောင်ဟန်စောင့်လိုက်သေးသည်။
"အေး။ အဲ့အစား One and Only Devil ဖြစ်သွားပြီ။ ဒီနေ့ကစပြီး မင်းတို့ကြောက်ရမဲ့ကောင်က ယွန်းဂျောင်ဟန်ပဲဆိုတာ မြဲမြဲမှတ်ထားလိုက်ကြ!"
ပြောချင်ရာတွေပြောပြီးတော့ ဂျောင်ဟန် ဆတ်တောက် ဆတ်တောက်နှင့် နေရာကနေထွက်သွားလေသည်။ တစ်ကျောင်းလုံးကကျောင်းသားတွေ ငြိမ်ကျသွားသည်မှာလည်း အသံဆိုလို့ ဂျောင်ဟန့်ချိုင်းထောက်က ထွက်လာတဲ့ တောက် တောက် တောက် တောက်အသံသာကျန်ရစ်လေသည်။ ဟုန်းဂျီဆူးနှင့် ချွဲဆွန်းချောသည် နှစ်ယောက်သား စိတ်လေနေသော အကြည့်များဖြင့် ဂျောင်ဟန့်နောက်ကျောကို ကြည့်ကာ ခေါင်းတခါခါနှင့်သာ ကျန်ရစ်ခဲ့တော့သည်။
***
"သူငယ်ချင်းတွေလည်း အလကားပဲ။ ရည်းစားလည်းအလကားပဲ။ အားလုံးအလကားပဲ။"
ဂျောင်ဟန်ပါးစပ်ကနေ ပွစိပွစိရေရွတ်ရင် ဘတ်စကတ်ဘောကွင်းဆီသို့ထွက်လာလေသည်။ ခါးကလည်းနာနေတာမို့ ဂျောင်ဟန့်ခမျာ ချိုင်းထောင့်နဲ့ လမ်းလျှောက်တာတောင် ထော့ကျိုးထော့ကျိုးနဲ့ရယ်ပါ။ ဘတ်စကတ်ဘောကွင်းကို လှမ်းကြည့်လိုက်တော့ လေ့ကျင့်ရေးပြီးသွားပြီထင်။ ဘယ်သူမှမရှိတော့။
"ဟင်း.."
ဂျောင်ဟန်သက်ပြင်းတစ်ချက်ကိုရှိုက်ထုတ်လိုက်ရင်း အဝတ်လဲတဲ့အဆောင်ဘက်သို့ ဦးတည်လိူက်သည်။ ကျောင်းမတက်သေးတာမို့ ကျိန်းသေပေါက်အဲ့အခန်းထဲမှာပဲ ရှိနေဦးလောက်မည်။
"စီနီယာယွန်း..."
အဝတ်လဲခန်းတံခါးကိုတွန်းဖွင့်လိုက်တာနှင့် အထဲကကျောင်းသားလေးများရဲ့မျက်လုံးတွေက ပြူးကျယ်ကုန်သည်။ အကုန်လုံးက အဝတ်လဲလက်စ အပေါ်ပိုင်းဗလာတွေ၊ တချို့ဆို ဘောင်းဘီချွတ်ရင်းတန်းလန်းကြီးနဲ့ ဂျောင်ဟန်ကို မော့ကြည့်နေတာက ပါသေး။ ဂျောင်ဟန်ကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အတွင်းဘက်ထိ ဝင်လာလိုက်သည်။ အကုန်လုံးကလည်း ဂျောင်ဟန်ကို မြင်သည်နှင့် ကျောင်းဝတ်စုံတွေခပ်သုတ်သုတ်လဲပြီး အပြင်သို့ပြေးထွက်သွားလေသည်။ အကုန်လုံးနီးပါး အဝတ်လဲခန်းထဲကနေ ထွက်သွားတာတောင် တစ်ယောက်တည်း ဘောင်းဘီလဲရင်း အာရုံများနေတဲ့ မင်ဂယူတစ်ယောက်မသိလိုက်။ သူ့နောက်ကျောအထိ ဂျောင်ဟန်ရောက်လာပြီဆိုတာကိုလည်း သူမသိသေး။
"မနက်ဖြန် Training ကလည်းမနက်ပိုင်းပဲ..လာ့..အား!"
ဂျောင်ဟန်ကို မြင်သည်နှင့် ဘောင်းဘီကောက်စွပ်နေရင်းတန်းလန်းကြီးနှင့် မင်ဂယူဖင်ထိုင်ရက်လဲကျသွားလေသည်။
"ခွေးကောင်။ မင်းကိုမိပြီ။"
ထွက်ပြေးမရအောင် ချိုင်းထောက်ကြီးနဲ့ မင်ဂယူ့ကိုကာပစ်လိုက်ပြီး ယွန်းဂျောင်ဟန်ကုန်းအော်ပစ်လိူက်သည်။
"မင်းဘာလို့ ငါ့ကိုGhost သွားတာလဲ။ဟမ်။ ဘာလို့ငါ့ကိုထားပစ်ခဲ့တာလဲလို့။"
ဆေးရုံမှာမိဘတွေကလည်း အနားမှာမရှိ၊ လမ်းကလည်းမလျှောက်နိုင် ၊ ဒီကြားက ဖွားဖက်တော်ကပါ အလုပ်မလုပ်တော့လို့ ယောက်ျားဘ၀ကိုယ်ကျိုးနည်းပါပြီဆိုပြီး အဖက်ဖက်ကပြိုလဲနေရတဲ့အချိန်ကြီးမှာမှ ဂျောင်ဟန်ကို ဒီကောင်က ထားသွားခဲ့တာလေ။
ခုတွေးရင်း တွေးရင်းနဲ့တောင် လူက ငိုချင်လာသလိုပဲ။
"ဒါ..ဒါပေမဲ့ ..ခင်ဗျားကကျွန်တော့်ကိုပြ..ပြလိုက်တာကိုး.."
မင်ဂယူကငိုတော့မလိုအသံနှင့်ပြောတော့မှ ယွန်းဂျောင်ဟန်မှတ်ဉာဏ်ထဲ ဖျတ်ခနဲပြန်ပေါ်လာသည်။ မင်ဂယူသူ့ကိုထားသွားခဲ့တဲ့ ရက်က မြီးညောင့်ရိုးကဒဏ်အရှိန်နှင့် အောက်ကကောင်ပါစပြီး အလုပ်မလုပ်တော့တဲ့ ရက်။ သူနာပြုဆရာမလေးထွက်သွားပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို သတိထားမိပြီး ကြောက်အားလန့်အားနဲ့ ထအော်လိုက်မိတာ။ ဒါပေမဲ့ ဂျောင်ဟန်ထက်တောင် ပိုလန့်သွားတာက မင်ဂယူဖြစ်နေပုံရသည်။ အဲ့ကတည်းကကိုနောက်ပြန်လှည့်ပြီး တချိုးတည်းလစ်ပြေးသွားတော့တာပဲ။
" အဲ့တာ ဘာရှက်စရာပါလို့လဲဟ။ မင်းရော ငါရောပါတာပဲလေ။"
"ပါတယ်ဆိုပေမဲ့ မတူဘူးလေ။ ခင်ဗျားဟာက နည်းနည်း..."
"နည်းနည်းဆိုပြီး ဘာဖြစ်လဲ။ ငါ့ဟာကြီးက ဘာဖြစ်နေလို့လဲ။"
"အား! ကျွန်တော့်မျက်လုံးကြီးထဲအဲ့တာကြီးကပြန်ပေါ်လာပြန်ပြီ။"
မင်ဂယူကထပ်ပြီး မျက်လုံးကိုပိတ်ကာ ကြောက်အားလန့်အားနှင့်အော်ဟစ်ပြန်သည်။
"မင်းပါးစပ်ကိုနည်းနည်းပိတ်ထားလို့မရဘူးလား။ ဟမ်..မင်ဂယူ။ ငါမင်းကိုဘာလုပ်နေလို့လဲ။"
ဂျောင်ဟန် မင်ဂယူ့ကိုကုန်းအော်ပစ်လိုက်သည်။ ပြောလို့မရဘူး။ ကျောင်းသားတွေ အပြင်မှာရှိချင်ရှိနိုင်သေးတာပဲ မဟုတ်လား။ သူ့အသံကြီးနဲ့ ကုန်းအော်နေတာ ဂျောင်ဟန် အနိုင်ကျင့်တယ်လို့ ထင်သွားကြမှာပေါ့။ အနိုင်ကျင့်တဲ့အချိန် အနိုင်ကျင့်တယ်လို့ အသံထွက်တာက အကြောင်းမဟုတ်ပေမဲ့ မဟုတ်ဘဲနဲ့တော့ အပြောမခံချင်ပါဘူး။
"မင်ဂယူ..မင်းပါးစပ်ပိတ်မလား..မပိတ်..."
ဂျောင်ဟန်ပြောရင်း မျက်လုံးကအောက်တစ်နေရာသို့အကြည့်ရောက်သွားချိန်မှာတော့ ပါးစပ်အရင်ပိတ်သွားတာက ဂျောင်ဟန်ဖြစ်သွားလေသည်။ ပြောရရင် မင်ဂယူကလန့်ပြီးဖင်ထိုင်လျက်ကျသွားတာ ဘောင်းဘီလဲနေတုန်းအချိန်ကြီးမဟုတ်ပါလား။ အဲ့တော့ ဘောင်းဘီက ဝတ်လက်စတန်းလန်းကြီးနဲ့ ပေါင်ရင်းမှာ တစ်နေတာ။ အဲ့တာကို ဖင်ထိုင်လျက်ကြီးနဲ့ဆိုတော့ ဂျောင်ဟန်ရဲ့မျက်လုံးရှေ့အောက်တည့်တည့်မှာ မြင်နေရတာက အထုပ်လိုက်အထည်လိုက်။ ဂျောင်ဟန် မျက်နှာကြီးတစ်ခုလုံး ရေနွေးနဲ့ကောက်ပတ်ခံလိုက်ရသလို နွေးသွားလေတော့သည်။
အတွင်းခံဘောင်းဘီကို ဝတ်ထားလျက်ကြီးနဲ့ မြင်လိုက်ရတာ ဒီလောက် Sexy ကျမယ်လို့ ဘယ်သူကထင်မှာလဲ။
"ခင်..ခင်ဗျားဘယ်ကိုကြည့်နေတာလဲ။"
မင်ဂယူခမျာ ဖင်ထိုင်လျက်လေးရှိနေလျက်ကနေ ဂျောင်ဟန်ကို မျက်လုံးလေးဝင့်ကာကြည့်ရင်း မေးလိုက်မိသည်။ သို့သော် ဂျောင်ဟန်မှာ ဦးနှောက်ထဲတွက်ချက်နေတာနဲ့တင် ချက်ချင်းပြန်မဖြေနိုင်။
သေချာတယ်။ အနည်းဆုံးတော့ XLပဲ။
"ခင်ဗျားဘယ်သွား..ယွန်းဂျောင်ဟန်.."
ဘာမှထပ်မပြောတော့ဘဲ ချိုင်းထောက်ကြီး တကားကားနှင့် အိမ်သာထဲရုတ်တရက်ဝင်သွားတဲ့ ယွန်းဂျောင်ဟန်ကို ကြည့်ရင်း မင်ဂယူလှမ်းအော်လိုက်မိသည်။ သို့သော် ဘာအသံမှပြန်မထွက်လာပါ။ မင်ဂယူမှာ အဲ့အခါမှ စိတ်ပူသွားပြီး ဘောင်းဘီကိုဆွဲတင်ကာ သူဝင်သွားတဲ့ အိမ်သာတံခါးကိုအကြီးအကျယ် ခေါက်နေမိတော့သည်။
"ယွန်းဂျောင်ဟန်...ခင်ဗျား..အဆင်ပြေရဲ့လား။"
တံခါးကိုတဒုံးဒုံးထုရိုက်နေမိတဲ့တိုင် အထဲက ဘာမှပြန်မပြော။ တံခါးနားသို့ ကပ်ပြီး နားထောင်ကြည့်ဖို့လုပ်ကာမှ အိမ်သာထဲကနေ ရေဆွဲချသံကြီးကသာ ထွက်ပေါ်လာပြီး တံခါးကြီးက ဝုန်းခနဲ ပွင့်လာတော့သည်။ တံခါးပွင့်ပွင့်ချင်း မြင်လိုက်ရသည်က ရဲရဲနီနေတဲ့ မျက်နှာလှလှလေး။
"အ..အဆင်ပြေရဲ့လား။"
ဆံပင်တွေကိုနောက်မှာ ကပိုကရိုလေးစုစည်းထားတာမို့ မမိတဲ့ဆံနွယ်တချို့က မျက်နှာရှေ့မှာ ကပိုကရိုလေး ဝဲကျလို့။ ဆံပင်နှစ်မွှေးသုံးမွှေးလောက်ကလည်း ချွေးစိုနေတဲ့ နဖူးပြင်ထက်မှာ ကပ်လို့နေသေးသည်။ ဝင့်ကြည့်လာတဲ့ မျက်လုံးလေးတွေနှင့်အတူ မျက်စောင်းတစ်ချက်ကကပ်ပါလာသည်နှင့် မင်ဂယူ့နှုတ်ခမ်းတွေက ချက်ချင်းပူနွေးသွားရလေတော့သည်။ နောက်စက္ကန့်ပိုင်းအကြာမှာတော့ ဘေးပတ်ဝန်းကျင်အရာအားလုံးကို မင်ဂယူမေ့လျော့သွားပြီး သူ့ကျောပြင်လေးကို ခပ်ဖွဖွလေး ဖက်ထားလိုက်မိတော့သည်။ တကယ်ပါ။ ရက်အတန်ကြာထိ မထိတွေ့ခဲ့ရတဲ့ အနမ်းက မင်ဂယူ့နှလုံးသားတွေကို ခုန်လှုပ်သွားစေတာတော့ အမှန်ပင်။
"ရက်တစ်ရာပြည့်ဖို့လိုသေးတယ်။ မင်းငါ့ကိုထပ်ပြီးထားပစ်ခဲ့မယ်မကြံနဲ့။"
အနမ်းတွေဖယ်ခွာသွားသည်နှင့် အမိန့်ပေးသလို ပြောလာတဲ့နှုတ်ခမ်းလှလှလေး။ ပြီးတာနှင့် မင်ဂယူ့ကိုကျောခိုင်းကာ ချာခနဲ လှည့်ထွက်သွားလေတော့သည်။
"ခဏလေး..ကျွန်တော့်ကိုစောင့်ဦးလို့.."
မင်ဂယူမှာ တအောင့်လောက်ထိ ကြောင်ကြည့်နေမိပြီးတော့မှ နောက်ဆုံး လွယ်အိတ်တွေကိုပါ ကောက်လွယ်ကာ ယွန်းဂျောင်ဟန်နောက်ကို အပြေးလိုက်သွားလေတော့သည်။
***