ယန်ပေထန်ခန်းမကျယ်ထဲတွင် ခဏလောက်တိတ်ဆိတ်နေခဲ့တယ်။
မိန်းကလေးငယ်က မားမားမတ်မတ် ရပ်နေခဲ့တယ်။ မိန်းမငယ်ရဲ့ ပုံပန်းသဏ္ဍန်က သေးသွယ်သော်လည်း အဆုံးအစမရှိသောစွမ်းအားများစီးဆင်းနေသကဲ့သို့ ထင်ရသည်။ သူမရဲ့အပြုအမူတိုင်းက အရာရာတိုင်း သူမ ဖဝါးအောက်မှာရှိနေသကဲ့သို့ ထင်ရစေတယ်။
ချိုင်လင် တစ်ခဏတော့ ဆွံ့အသွားခဲ့တယ်။
ရှန်းမြောင်ပြောတာကမမှား။ ယခုလို တစ်ယောက်တစ်လှည့် မြှားပစ်ရာမှာ အန္တရာယ်အများဆုံးက သူပဲဖြစ်တယ်။ အကြောင်းက ရှန်းမြောင်ရဲ့မြှားပစ်စွမ်းရည်ဟာ မရှိသလောက်ကို ညံ့ဖျင်းနေတာ။ အနည်းငယ်လေး လွဲချော်သွားရင်တောင် ထိုမြှားဟာ သူ့ရဲ့ဦးခေါင်းခွံကိုဖောက်ထွက်သွားနိုင်တယ်။ ဒါပေမယ့် ချိုင်လင်က ဒီလောက်အများကြီး မတွေးခဲ့ဘူး။ သူကရိုးရိုးလေးပဲတွေးခဲ့တယ်။ သူ မြှားပစ်အတတ်ကို ရွေးချယ်ခဲ့လျင် ရှန်းမြောင်ရဲ့စရိုက်အရ သူမအလွန်ကြောက်လန့်ပြီး မျက်ရည်များရွှဲကာ သူမ ခြေထောက်ပေါ်သူမ မရပ်တည်နိုင်အောင်အားနည်းပြီး သူ့ကိုအသနားခံလာမယ်လို့ ထင်ခဲ့မိတဲ့အတွက်ဖြစ်တယ်။ အဲ့ဒီနောက် သူက ရှန်းမြောင်နဲ့ တစ်ပွဲလောက်ပဲ ကစားပြီး ရှန်းမြောင်ကိုမျက်နှာပျက်အောင်လုပ်မယ်။ အဲ့လိုနည်းနဲ့ ရှန်းယွဲ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်။
အဲ့ဒါတွေပြီးရင် ဖြစ်လာမယ့်အကျိုးတရားတွေကိုတော့ ချိုင်လင်ကမတွေးခဲ့ဘူး။ သူ့ရဲ့စိတ်ထဲမှာ ရှန်းမြောင်က သူမသဘာဝအတိုင်း ကြောက်လန့်သွားလိမ့်မယ်။ အဲ့တော့ သူ့ကိုမြှားပြန်ပစ်ဖို့ ဘယ်လိုလုပ်အားအင်တွေရှိတော့မှာလဲ...။ ထပ်ပြီးတော့ အရင်ကတစ်ခါမှလေးမတင်ဖူးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သူမ လေးကြိုးကိုတောင် ကောင်းကောင်းဆွဲနိုင်မှာမဟုတ်ဘူး အဲ့ဒါက သူမကိုယ်သူမအသိဉာဏ်မဲ့တဲ့ပုံပေါ်စေလိမ့်မယ်။
ချိုင်လင်က ထိုသို့တွေးခဲ့ပေမယ့် ရှန်းမြောင်ရဲ့အမူအရာတွေက သူ့အတွေးတွေကို ဖယ်ရှားပစ်လိုက်တယ်။ သူမက သူ့ကို ငြိမ်သက်စွာပဲကြည့်နေခဲ့တယ်။ ဒီလိုတည်ငြိမ်မှုမျိုးက သူမ အသက်အရွယ်နဲ့တောင်မလိုက်ဘူး။ အဲ့ဒါက ချိုင်လင်ကိုဒေါသထွက်စေတယ်။ [Twinkle - သူတွေးထားတာနဲ့တစ်ခြားစီဖြစ်နေလို့ ဒေါသထွက်တာပါ] ရှန်းမြောင်ရဲ့မျက်ဝန်းတွေက ကလေးတစ်ယောက် သရုပ်ပြနေတာကို ကြည့်နေသကဲ့သို့ ဂရုဏာသက်စွာကြည့်နေခဲ့ပေမယ့် လှောင်ရယ်နေတယ်။
သူဟာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အရွယ်လည်း ဖြစ်တာကြောင့် ချိုင်လင်က နောက်တစ်ခွန်းထပ်ပြောခဲ့တယ်။ "ဘာကို မလုပ်ရဲရမှာလဲ...? သေခြင်း - ရှင်ခြင်း ပဋိညာဉ်ဆိုလည်း သေခြင်း - ရှင်ခြင်း ပဋိညာဉ်ပေါ့... ချုပ်မယ်...!!!"
"ဟင်း....!" အခမ်းအနားရဲ့ အမျိုးသားများအခြမ်းမှာရှိတဲ့ ချိုင်လူကြီးမင်းက သက်ပြင်းမောတစ်ခုချခဲ့တယ်။ သူဟာ ထိုသားသမီးဝတ္တရားမကျေပွန်တဲ့သားကို ချက်ချင်းရိုက်ပြီးမဆုံးမနိုင်တဲ့အတွက် အလွန်မခံမရပ်နိုင်ဖြစ်နေတယ်။ နဂိုကတည်းက ချိုင်လင်ဟာ စည်းကမ်းမဲ့ပြုမူတတ်ပေမယ့် ချိုင်လူကြီးမင်းက သူ့သားဟာ ရှန်းမြောင်ကို စိန်ခေါ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ သေခြင်း - ရှင်ခြင်း ပဋိညာဉ် ကိုထည့်သွင်းစဉ်းစားရင်တောင်မှ ချိုင်လူကြီးမင်းက သူ့သားရဲ့ အန္တရာယ်မကင်းမှာကိုစိတ်မပူဘူး။ ဒါပေမယ့် ချိုင်လင်က ရှန်းမြောင်ကိုလုံးဝမျက်နှာပျက်အောင်လုပ်ပြီး ထိခိုက်မှုတစ်ခုခုဖြစ်အေါင်လုပ်မိမှာကိုပဲ စိုးရိမ်မိတယ်။ ရှန်းရှင်ကိုလူတိုင်းကမဆန့်ကျင်နိုင်ကြဘူး။ ဒီအရိုင်းအစိုင်းကတော့......
ရှန်းယွဲ့စိတ်မသက်သာစွာနဲ့ ပြောခဲ့တယ် "ဘာကြောင့် ပဉ္စမညီမလေးက သေခြင်း-ရှင်ခြင်း ပဋိညာဉ် ချုပ်ဆိုရတာလဲ....? ဘာကြောင့်ဒီလောက်ထိလုပ်ရတာလဲ....? ဒီလိုလုပ်လို့မရဘူးလေ....."
"ဟုတ်တယ်။.....ပဉ္စမမိန်းကလေးက ဘာကြောင့် ဉာဏ်မရှိရတာလဲ?....." ရန်ဝမ်ယွမ်က မျက်မှောင်ကြုတ်နေခဲ့တယ်။ "ဒီလိုပြင်းထန်နေတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောရတာလဲ?.... တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ?...."
ရှန်းမြောင် ဒီလိုရွေးချယ်အောင် ချိုင်လင်ကတွန်းအားပေးတဲ့သဘောမျိုးသက်ရောက်အောင် သူမပြောခဲ့တယ်။ သူမရဲ့အတွေးတွေရှုပ်ထွေးနေတဲ့အတွက် ရှန်းမြောင်ရဲ့စိတ်လိုက်မာန်ပါလုပ်ဆောင်ချက်တွေကိုပိုပြီးပေါ်လွင်စေတယ်။ ချန်ရော့ချိုဟာ ခေါင်းရမ်းလိုက်ပြီး သက်ပြင်းချပြီးပြောခဲ့တယ် "နောက်ဆုံးတော့လည်း အနိုင်ရချင်တဲ့သူမရဲ့ဆန္ဒက တော်တော်လေးအားသန်နေတာပဲ...."
ရှန်းမြောင်အတွက် ဒီလိုဂရုစိုက်မှုတွေ ပူပင်သောကတွေဖြစ်နေတာတွေပြဖို့အတွက် သူတို့ဟာ အခမ်းအနားရဲ့ အမျိုးသားများရှိရာအခြမ်းကိုလည်း အာရုံစိုက်ဖို့မမေ့လျော့ခဲ့ဘူး။
ပထမအဆင့် မင်းသားယွီသည် စိတ်ဝင်စားမှုတွေပြည့်နှက်နေတဲ့ သူ့ရဲ့မသန့်ရှင်းတဲ့မျက်ဝန်းများနှင့် ခရမ်းရောင်ဝတ်ရုံရှည်မိန်းကလေးအား တစိုက်မတ်မတ်ကြည့်နေခဲ့တယ်။ အဲ့ဒါက သားရဲတစ်ကောင်က သူ့ရဲ့အပူဇော်ခံသားကောင်ကိုတွေ့သွားတဲ့ပုံစံနဲ့တူနေပြီး သူ့ရဲ့အကြည့်တွေက စက်ဆုပ်ဖို့ကောင်းတယ်။
"ဒီရှန်းမိန်းကလေးက တကယ့်ကိုပဲ ကရှူးမူးထိုးပြုမူတတ်လွန်းတယ်......" မင်းသားကျိုးက ထောက်ပြရင်းပြောခဲ့တယ် "သေခြင်း-ရှင်ခြင်း ပဋိညာဉ် တောင်ချုပ်ဆိုပြီး.....သူမဘာလုပ်ခဲ့လဲဆိုတာ သူမကိုယ်တိုင်တောင်သိရဲ့လားပဲ....တစ်ခုခုမှားယွင်းသွားခဲ့ရင် ရှန်းရှင်ကဒီကိစ္စအတွက် ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး!....."
"ဖြစ်နိုင်ချေများတာကတော့ ရှန်းမိသားစုရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ဖြစ်လိမ့်မယ်....." ဖုရှိုးယီက စင်ပေါ်မှာရှိနေတဲ့ ရှန်းမြောင်ကိုကြည့်ပြီးပြောခဲ့တယ် "ဘာကိစ္စပဲဖြစ်ဖြစ် ဘယ်သူမှ ကိုယ့်ရဲ့မိသားစုအကြောင်း မကောင်းပြောတာကို နားထောင်ချင်မှာမဟုတ်ဘူး....."
"မမျှော်လင့်ဘဲ ဒီအချက်ကမပြောင်းလဲသေးဘူးဘဲ...." မင်းသားကျင်းက သူ့ခေါင်းကိုရမ်းလိုက်ပြီး "သူမက သူမရဲ့ဆန္ဒကို တော်တော်လေးရှေ့တန်းတင်တတ်တာပဲ.....သူမကို ရိုင်းစိုင်းပြီး အသိဉာဏ်မရှိဘူးလို့ပြောတာ မထူးဆန်းပါဘူး...."
ဖေလန်က စားပွဲပေါ်ရှိ ရေနွေးခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်တယ်။ သူလည်းပဲ ရှန်းမြောင်ရဲ့အပြုအမူက သူမရဲ့ဆန္ဒကိုအရမ်းရှေ့တန်းတင်လွန်းတယ်လို့ ထင်တယ်။ မင်းသားကျင်းရဲ့ စကားလုံးတွေက အရမ်းပြင်းထန်ပေမယ့် ရှန်းမြောင်သာ ရှန်းမိသားစုရဲ့ ဂုဏ်သတင်းကို အမှန်အကန် တွေးတယ်ဆိုရင် ထိခိုက်မှုတစ်စုံတစ်ရာမရှိစေဘဲ ဒီအခြေအနေကနေ လွတ်မြောက်နိုင်တဲ့လမ်းကိုတွေးသင့်တယ်။ အဲ့ဒါက လူပြောစရာဖြစ်ပေမယ့် လူအများရှေ့မှာ သူမကိုယ်သူမ အရူးလုပ်မိတာထက် ပိုကောင်းလိမ့်မယ်။
"ဖေဖေ... မမ လုံးဝနိုင်လိမ့်မယ်..." ဆုမင်လန် သူ့အဖေဘေးနားမှာနေရင်း သူရဲ့လက်သေးသေးလေးတွေကို ဆုပ်မြှောက်ပြီးပြောလိုက်တယ်။
ဆုသခင်ကြီးက သူ့ရဲ့သားအငယ်ဆုံးလေးကိုကြည့်လိုက်တယ်။ ဘာကြောင့်လဲတော့ သူမသိပေမယ့် ဆုမင်လန်က ရှန်းမြောင်ကို တမူထူးပြီး အလေးထားနေတယ်လို့တော့ သူခံစားမိတယ်။ ဆုမင်လန်ရဲ့အမြင်ထဲ သူမတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတာပဲဖြစ်မှာပါလို့ ဆုသခင်ကြီးက ထင်ခဲ့တယ်။ အပြင်းအထန်ပျက်စီးမယ့်အခြေအနေကနေ ရှောင်ဖယ်နိုင်အောင် ဆုမင်လန်က သတိပေးပြီးကတည်းက ဆုသခင်ကြီးက သူ့သားငယ်ကို အလွန်ချစ်ခင်နှစ်သက်စွာ ပြုမူဆက်ဆံခဲ့တယ်။ ဒီနေ့လည်း သူ့သားငယ်ရဲ့ စိတ်အခြေအနေကို မဖျက်စီးချင်ဘူး အဲ့ဒါကြောင့် သူ့ရဲ့မတိကျတဲ့စကားအတိုင်း "အတိအကျပဲ...! သူမလုံးဝနိုင်လိမ့်မယ်...."
ဆုမင်ဖုန်းကတော့ ဆုသခင်ကြီးနဲ့ ဆုမင်လန်တို့ပြောနေတာကို မသိလိုက်ဘူး။ သူသာသိခဲ့ရင် နှာခေါင်းရှုံ့မိလိမ့်မယ်။ အဲ့ဒီ့တုန်းက သူကအပန်းဖြေအိမ်ထဲမှာရှိနေခဲ့တယ်။ အကယ်ဒမီစာမေးပွဲစင်မြင့်ကိုကြည့်ပြီး ပြောခဲ့တယ် "ရှန်းမိသားစုက မိန်းကလေးက သေခြင်း - ရှင်ခြင်း ပဋိညာဉ်ကိုတောင် ချုပ်ဆိုသတ်မှတ်ရဲတယ်!!!..... ရှန်းစစ်သူကြီးက သူမကို စစ်ရေးစစ်ရာတွေပြောနေကျဖြစ်လို့ သူမက ဒီပြိုင်ပွဲကို စစ်ပွဲလို့များ သတ်မှတ်နေတာလား?......"
ဆုမင်ဖုန်းက သူ့အခင်ဆုံးသူငယ်ချင်းကို ဘာမှဖုံးကွယ်ထားလေ့မရှိဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့စကားကိုပြန်လည်ဝေဖန်နေကျ သူငယ်ချင်းဆီကနေ ဘာအသံမှမကြားရတဲ့အတွက် သူ့သူငယ်ချင်းကိုမော့ကြည့်လိုက်မိတယ်။
ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားတဲ့လူငယ်က သူ့လက်ထဲက ကြွေပန်းကိုသာ စိုက်ကြည့်ရင်း တစ်စုံတစ်ခုကိုကြံရွယ်နေတယ်။ နေရောင်ဟာတောက်ပလို့နေတယ်။ လေပြေကလည်း သူ့ဓားမြောင်မှာတပ်ဆင်ထားတဲ့ အလှဆင်ကြိုးတွေလှုပ်ခါရုံလောက်သာ တိုက်ခတ်နေတယ်။ သူ့ရဲ့ခန့်ညားလှတဲ့ မျက်ခုံးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့တစ်စုံတစ်ခုကိုတွေးတောနေတဲ့ သွင်ပြင်ဟာ မြင်တဲ့သူတိုင်းကို အတုမရှိယောက်ျားမြတ်လို့ မြင်စေတယ်။
"ရှဲ့စန်း*..... (ရှဲ့ကျင်ရှင်းအားရည်ညွှန်းသည်) မင်းဘာတွေတွေးနေတာလဲ?...." ဆုမင်ဖုန်း မနေနိုင်တော့တဲ့အဆုံးမေးလိုက်တယ်။
ရှဲ့ကျင်ရှင်းက ကြွေပန်းကို သူ့ရဲ့အင်္ကျီထဲထည့်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်စနဲ့အတူ ချက်ချင်းမတ်တပ်ရပ်လိုက်တယ်။ "စိတ်ဝင်စားဖို့ကောင်းသားပဲ......ငါတို့လောင်းကြေးတစ်ခုလောက်လုပ်ရအောင်....?"
"ဘယ်လိုလောင်းကြေးမျိုးလဲ...?"
"လောင်းရအောင်_" ရှဲ့ကျင်ရှင်းက စင်ပေါ်ကိုညွှန်ပြပြီး ပေါ့ပေါ့ပါးပါးပြုံးလိုက်တယ် "ဘယ်သူနိုင်မလဲလို့ ...?"
"ချိုင်လင်ပဲ နိုင်လိမ့်မပေါ့ အသိသာကြီးကို..." ဆုမင်ဖုန်း မျက်မှောင်ကြုတ်မိလိုက်သည်။ "ဘာလဲ...? မင်းက အခြားတစ်မျိုးတွေးမိလို့လား..."
"ရှန်းမြောင်နိုင်လိမ့်မယ်လို့ ငါလောင်းတယ်.." သူပြောခဲ့တယ်။
စင်မြင့်ပေါ်မှာ ပြင်ဆင်မှုတွေက စနေပြီဖြစ်တယ်။
မြှားပစ်စွမ်းရည်၊ ဒီနေ့စစ်ရေးစစ်ရာခေါင်းစဉ်တွေမှာ လူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ လုံလောက်တယ်။ ဒါပေမယ့် ဒါဟာအကယ်ဒမီစာမေးပွဲမှာ စိန်ခေါ်ရလောက်တဲ့ ခေါင်းစဉ်မျိုးမဟုတ်ဘူး ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ဘဝနဲ့လောင်းကြေးထပ်သင့်တဲ့အရာလည်းမဟုတ်ဘူး။
ကွမ်ဝမ့်ထန်ဟာ တကယ်ပဲ သူတို့ကို သေခြင်း ရှင်ခြင်း ပဋိညာဉ် ချုပ်ဆိုဖို့ခွင့်ပြုလိုက်ရတယ်။ အဖြူရောင်ပိတ်ကားထက်က အနီရောင်စာလုံးဟာ အလွန်အမင်းမျက်စိဖမ်းစားစရာဖြစ်နေတယ်။ ရှန်းမြောင်ဟာ စုတ်တံကိုကောက်ယူလိုက်ပြီး သူမနာမည်ကိုရေးခဲ့တယ်။ သူမဟာ ဒီစာချုပ်ရဲ့အရေးပါမှုကို ဂရုမစိုက်သယောင် သဘာဝကျကျလှပခန့်ညားစွာ ရေးထိုးခဲ့တယ်။
ဒီလိုပဲဖြစ်ရမှာပေါ့။ သူမရဲ့နာမည်ကို သူမ ကြိမ်ဖန်များစွာရေးခဲ့ရတယ်။ ဖုရှိုးယိက ရှောင်းနွီတွေဆီ လက်နက်ချကြောင်း အညံ့ခံစာရေးတဲ့အချိန်၊ ချင်နိုင်ငံမှာ သူမဓားစာခံအဖြစ်သွားရောက်နေတဲ့အချိန်၊ ဝမ်ယွီလက်ထပ်တဲ့အချိန်၊ အိမ်ရှေ့စံမင်းသား နန်းကျတဲ့အချိန်တွေမှာ. . . ဒီ 'ရှန်းမြောင်' ဆိုတဲ့ စာနှစ်လုံးကို သွေးမျက်ရည်တွေနဲ့အတူ ရေးခဲ့ရတယ်။ ဒီစာလုံးလေး ၂ လုံးမှာပါနေခဲ့တဲ့ နောက်ကွယ်က ခံစားခဲ့ရတဲ့ ဝေဒနာတွေ အခက်အခဲတွေကို ဘယ်သူမှနားလည်နိုင်မှာမဟုတ်ဘူး။ [Twinkle - ဒီတစ်ပိုဒ်ပြန်နေရင်းနဲ့ မျက်ရည်လည်မိတယ် 😢😢😢 our poor empress]
ချိုင်လင်ကတော့ ဆန့်ကျင်ဘက်၊ သူ့ခမျာ ပေါ့ပေါ့ပါးပါးမရေးနိုင်ခဲ့ဘူး။
ငယ်ငယ်ရွယ်ရွယ် ခွန်အားပြည့်ဝချိန်ဖြစ်ပေမယ့် ဒီလို သေခြင်း ရှင်ခြင်း ပဋိညာဉ် ချုပ်ဆိုတာ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ ရှန်းမြောင်အခုလို တည်ငြိမ်နေတာက သူ့ရင်ထဲကအကြောက်တရားကို ပိုမိုကြီးထွားလာစေသည်။
စုတ်တံ၏ လေးလံမှုဒဏ်အောက်မှာ သူ ခဲခဲယဉ်းယဉ်းရေးခဲ့ရသည်။ သူ့နာမည်က တွန့်လိမ်ကောက်ကွေးလို့နေသည်။ ရှန်းမြောင်၏ အမည်နှင့် နှိုင်းယှဉ်လျင်တော့ အကွာခြားကြီး ကွာခြားနေသည်ပေါ့။
သူတို့ ကိုယ်စီနာမည်များရေးပြီးနောက် သူ မနေနိုင်တဲ့အဆုံး ရှန်းမြောင်ကိုမေးလိုက်သည်။ "ရှန်းမြောင်... ပထမအချီမှာ ငါချော်ပြီးပစ်မိမှာ နင် မကြောက်ဘူးလား...? ဒုတိယအချီမှာ နင် ငါ့ကို ဒဏ်ရာရစေမှာ စိုးရင် ငါ ပထမအချီမှာကတည်းက နင့်ကိုဒဏ်ရာရအောင်ပစ်လိုက်နိုင်တယ်နော်..."
ရှန်းမြောင် သစ်သီးကိုကောက်ယူမည့်စဲစဲ ထိုစကားများကိုကြားလိုက်ရခြင်း ဖြစ်သည်။ သူမ ပြန်လှည့်လိုက်ပြီး ချိုင်လင်ကို စိုက်ကြည့်လိုက်သည်။ "ချိုင်သခင်လေးက ဒီလိုမျိုး တွေးမိတာလား...? ကျမကတော့ မထင်ပါဘူး..."
သူမ ဆက်ပြောလိုက်သည်။ "သခင်လေးချိုင်ရဲ့ မြှားပစ်စွမ်းရည်ဟာ သာလွန်ထူးကဲတယ်ဆိုတာ လူတိုင်းသိကြတယ်... အဲ့တော့ တမင်ရည်ရွယ်ပြီးလုပ်တာကလွဲလို့ လုံးဝလွဲချော်စရာအကြောင်း မရှိဘူး... ဆိုလိုချင်တာက ချိုင်သခင်လေးသာ ကျမကို ထိအောင်ပစ်ရင် ကျမကိုသတ်ဖို့ ရည်ရွယ်ချက်ရှိထားလို့ပဲ... ဒါပေမယ့် ကျမအတွက်ကတော့ မတူဘူး... ကျမက မြှားပစ်စွမ်းရည်မှာ မသိမတတ်ဘူးဆိုတာကို လူတိုင်းသိကြတယ်... ကျမ ပစ်မှတ်ကိုမထိခဲ့ရင်တောင် အကြောင်းအကျိုးခိုင်လုံတယ်..."
ချိုင်လင် အံ့ဩလွန်းလို့ စကားတောင်မပြောနိုင်ခင် တခဏငေးငိုင်သွားခဲ့ရတယ်။ ကူကယ်ရာမဲ့ ချိနဲ့ခြင်းတို့ သူ့ရင်ကို လှိုင်းလုံးတွေပမာ ရိုက်ခတ်လာခဲ့တယ်။
အဲ့ဒါအမှန်ပဲ။ သူလွဲချော်အောင်ပစ်ခဲ့ရင် တမင်ရည်ရွယ်ပြီးပစ်တာဖြစ်ပြီး ရှန်းမြောင် လွဲချော်အောင်ပစ်ခဲ့ရင်တော့ ပုံမှန်ပဲဖြစ်တယ်။ သူတချက်တလေမှ လွဲချော်လို့မရဘူး ဘာလို့လဲဆိုတော့ လူတိုင်းက ရည်ရွယ်ပြီးပစ်တာလို့ ထင်ကြလိမ့်မယ်။
သူက ရှန်းမြောင်ကို ဘေးကြပ်နံကြပ်အခြေအနေထဲပိတ်မိစေခဲ့ပြီး ယခုတော့ ရှန်းမြောင်က သူ့ကို ထပ်တူညီတဲ့အခြေအနေမျိုး ပြန်ပေးခဲ့လေသည်။
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူ့အမှားပဲဖြစ်နေလိမ့်မယ်။
"ဒုတိယအချီမှာ ငါပစ်တာကို မခံရဖို့အတွက်... သခင်လေးချိုင် ပထမအချီမှာကတည်းက ငါ့ကို ပစ်သတ်လိုက်နိုင်တယ်... သေခြင်း ရှင်ခြင်း ပဋိညာဉ် ရေးထိုးထားတဲ့အတွက် နင် ငါ့ကိုသတ်တဲ့အခါ စိန်ခေါ်ပြိုင်ပွဲရဲ့ ရလာဒ်ပဲဖြစ်တယ်... တစ်လောကလုံးရဲ့ တံတွေးခွက်ထဲမျောရုံကလွဲလို့ အခြားတာဝန်ယူစရာ ဘာမှရှိမှာမဟုတ်ဘူး..."
"ငါဒီမှာရပ်နေတယ်... နင်သတ်ရဲသလား..."
_________________________________
Original Translator Notes:
* ရှဲ့စန်း လို့ခေါ်ရတာနဲ့ပတ်သတ်ပြီး တော်တော်ပြသနာတက်နေတယ် (နောက်ပိုင်းတွင်လည်း ထိုနာမည်ကို အများအပြားတွေ့ရဦးမှာပါ)။ 'ရှဲ့' ဆိုတာ ရှဲ့ကျင်ရှင်းရဲ့ မျိုးရိုးအမည်ဖြစ်ပြီး 'စန်း' ကတော့ (၃) ကိုရည်ညွှန်းတယ်။ ပုံမှန်ဆိုရင်တော့ ရှဲ့မိသားစုရဲ့ (၃) ယောက်မြောက်သား ဒါမှမဟုတ် ဝါအရကြီးစဉ်ငယ်လိုက် တစ်ခုခုဖြစ်တယ်။ ဒါပေမယ့် ရှဲ့ကျင်ရှင်းရဲ့ဝါအရ (၃) ဆိုတာကြီးက အဓိပ္ပါယ်မရှိဘူး . . . .
[Twinkle - ရှဲ့ကျင်ရှင်းက ရှဲ့အိမ်တော်ရဲ့ သားအကြီးဆုံးဖြစ်လို့ပါ] စာရေးဆရာကလည်း ရှဲ့ကျင်ရှင်းရဲ့ ငယ်နာမည်ကို မရှင်းပြထားတဲ့အတွက် အသံထွက်အတိုင်း ဘာသာပြန်ခဲ့ပါတယ် [Twinkle လည်းအသံထွက်အတိုင်း ဘာသာထပ်ပြန်ခဲ့ပါတယ်။ အားလုံးကောင်းခန်းကိုမျှော်နေလောက်မယ်ထင်လို့ ချက်ချင်းပဲ ဘာသာပြန်ပေးလိုက်တယ်နော် ဒီအခန်းအထိတောင် ပွဲမစသေးတာတော့ စိတ်မကောင်းဘူးရယ် 😅😅😅]
[NC - ရှဲ့ကျင်းရှင်းက နောက်ပိုင်းမှာပါလာတဲ့ သမားတော်ရယ်၊ အပေါင်ဆိုင်ရှင်ရယ်နဲ့ သွေးသောက်ဖွဲ့ထားပြီး တတိယနေရာရှိတယ်လို့ ယူဆရတယ်။ သူတို့နှစ်ယောက်က ရှဲ့စန်းလို့ ခေါ်ပါတယ်။ ရှေ့အပိုင်းတွေမှာ ရှဲ့ကျင်းရှင်း ကွမ်ဝမ့်ထန်မှာ စာအုပ်လာယူတုန်းက ပါပါတယ်။ ဒီအပိုင်းမှာ ဆုမင်ဖုန်းကတော့ သူ့ကို ဒီလိုခေါ်စရာအကြောင်းမရှိ၊ author error ပါသွားတာဖြစ်ကောင်းဖြစ်နိုင်]
[Translator - Twinkle]