[
အပိုင်း ၁]
'တို့တွေစတွေ့ချိန်က မင်းရဲ့လက်ကြားထဲ
မီးခိုးငွေ့တွေ ရှိမနေခဲ့
တစ်ခုခုကို လောင်ကျွမ်းစေသူဟာ ကိုယ်ဖြစ်တယ်'
X
ဘဝရဲ့ ထောင့်ချိုးအကွေ့ တစ်နေရာရာမှာ တစ်ယောက်ယောက်ကတော့ ကိုယ်ထင်ထားတာထက်ပိုပြီး ကိုယ့်ကိုချစ်ခဲ့ပါလိမ့်မယ် ။ အတိအကျသတ်မှတ်လို့မရတဲ့အထဲ ချစ်ခြင်းမေတ္တာရဲ့ လမ်းတွေလည်း အသွားအပြန် ပျောက်လေ့ရှိကြတယ် မဟုတ်လား ။
ချစ်ကြောင်းကြိုက်ကြောင်း ကဗျာတွေစာတွေကို သာမန် အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ သူမအနေနဲ့ လွယ်လွယ်ကူကူ နားလည်သဘောပေါက်ခြင်းမရှိခဲ့ ။ ဒီလိုစိတ်ခံစားချက်တွေနဲ့ အဝေးဆုံးအနေအထားမှာ အဖြူစင်ဆုံးရှင်သန်ခဲ့သည့် ပန်းလေးတစ်ပွင့်လို.. ။
စိတ်ကူးယဉ်ဆန်တဲ့ တလှပ်လှပ်သောရင်ဖိုမှုမျိုးကို မျှော်လင့်တောင့်တနေတတ်သည့် မိန်းကလေးတွေကြား သူမကတော့ ခဲတံနဲ့ပုံဆွဲစာအုပ်ပိုက်ကာ လောကကြီးရဲ့ ထောင့်တစ်နေရာ၌ ငြိမ်ငြိမ်သက်သက်လေး ပုံဆွဲရတာကို ပိုလိုချင်တပ်မက်ခဲ့သည် ။
ပျင်းစရာကြီးရယ်ပါလို့ သူများတွေသတ်မှတ်ထားတဲ့ သူမရဲ့ဘဝထဲမယ် တကယ်လည်း စိတ်ဝင်စားစရာမရှိ။ မိဘနှစ်ပါးနဲ့အကိုတစ်ဦးဖြင့် အေးချမ်းစွာနွေးထွေးသော အသိုက်မြုံလေးရှိသည် ။ သုံးနှစ်တာ သက်တမ်းရှိသော သူငယ်ချင်းကောင်း နှစ်ဦးရှိသည် ။
ဒီနောက် ဆေးလိပ်ငွေ့တွေရှိလာသည် ။ စတော်ဘယ်ရီပီကေတွေ ရှိလာခဲ့သည်။ နှလုံးသားကို တစ်စုံတစ်ဦးလက်ထဲ ထည့်ပေးလိုက်ပြီး သူလွှတ်ချလိုက်တာကြောင့် ခဏခဏကြေကွဲရသော မျက်ရည်စတွေ ဘဝထဲရှိလာခဲ့သည် ။
အရာအားလုံးဟာ မိုးရွာတဲ့အင်္ဂါနေ့က စတင်ခဲ့သည် ။
***
လေအားအနည်းငယ်အပြင် တရစပ်ကျသည့် မိုးစက်တွေ။ ကျူရှင်ရောက်လျှင်ပေးရမည့် စာအုပ်တွေတပွေ့တပိုက်နဲ့ မိုးရေထဲပြေးလွှားလို့ မဖြစ်နိုင်ပါ။ ကျောင်းအင်္ကျီအဖြူကို မိုးစိုမယ်ဆိုလျှင် အခြေအနေတွေ ပိုဆိုးကုန်လိမ့်မည် ။
ထီးယူဖို့အမြဲပျင်းသော ကောင်မလေးကို မိုးနတ်မင်းသည် ညှာတာမှုကင်းမဲ့စွာ မိုးတွေ ဆက်ရွာစေခြင်းအားဖြင့် အပြစ်နဲ့နောင်တတို့ကို မသိမသာပေးနေသည် ။
သက်ပြင်းတစ်ခုကို လေးလေးပင်ပင် ချလိုက်တုန်းမှာပဲ လက်ကိုင်ဖုန်းထံသို့ ဖုန်းဝင်လာခဲ့သည် ။
"ဟယ်လို "
စာအုပ်တွေရဲ့လေးလံမှုကို လက်တစ်ဖက်တည်း၌ပင် တောင့်ခံထားရင်း အနည်းငယ်သောလုံခြုံမှုကိုပေးသည့် ဘတ်စ်ကားမှတ်တိုင်တွင် သူမ မိုးခိုနေဆဲ ။
"ငါလာမယ် ဒါပေမယ့် မိုးအရမ်းသည်းနေလို့ ပြီးတော့ ထီးမပါလာဘူး ယူဖို့မေ့ခဲ့တယ် "
တစ်ဖက်က စေတနာဖြင့်အပြစ်တွေတင်တာကို သူမ ခပ်ပြုံးပြုံးဖြင့်သာ ငြိမ်ပြီးနားထောင်နေမိသည် ။ ကားမှတ်တိုင်ရှိ ခုံတန်းရှည်တွေမှာ ထိုင်ဖို့စဉ်းစားတော့ ထိုခုံတွေရဲ့ အအေးဒဏ်ကို သူမ မရင်ဆိုင်ချင်စိတ်ဖြင့် ခေါင်းမာစွာ အပင်ပန်းခံပြီး မတ်တပ်ရပ်နေတုန်း ။
"ရောက်အောင်တော့လာမှာပါ နောက်ကျမှာပဲရှိတယ် ကားငှါးလာဖို့က မုန့်ဖိုးမကျန်တော့လို့ "
ထိုစဉ် ကားမှတ်တိုင်အတွင်းသို့ နောက်အခြားလူတစ်ဦး ခိုဝင်လာခဲ့ပြန်သည် ။ သူမကဲ့သို့ ထီးမပါ၍ မိုးခိုနေသူ မဟုတ်ကြောင်းကို ထိုသူလက်ထဲကိုင်ထားသည့် ခေါက်ထီးအမည်းရောင်က သက်သေပြနေသည် ။
"အင်း ဖုန်းချလိုက်တော့မယ်"
တစ်ဖက်နဲ့ စကားပြောနေတာကို လက်စသတ်ပြီးတော့ မိမိပါတ်ဝန်းကျင်ကို သတိထားနေလိုက်သည် ။ မိုးကအချိန်မရွေးရပ်သွားမည့်ပုံ မပေါ်လာတာကြောင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဘေးလူဆီကို အကြည့်မတော်တဆ ရောက်သွားခဲ့ရသည် ။
မိမိထက် အနည်းငယ်နိမ့်သော အရပ်အမောင်းရယ် ဝတ်ထားသော အနွေးထည် မိုးပြာရောင်အောက်ဆီက ရင်ဘတ်နေရာကြောင့် မိန်းကလေးတစ်ဦးဖြစ်မှန်း သိလိုက်ရတော့ အနည်းငယ် သက်တောင့်သက်သာ စိတ်အေးသွားခဲ့သည် ။
"ဒီမှာ ဒီမှာ "
လူစိမ်းတွေနဲ့ အလွယ်တကူရင်းနှီးတတ်သော လူစားမျိုးထဲ သူမ ဘယ်တုန်းကမှ မပါဝင်ခဲ့ ။ ဒီအတွက်ကြောင့်လည်း ထိုသူစိမ်းက သူမကိုခေါ်သည့်အခါ ချက်ချင်းလှည့်မကြည့်။
"ဒီမှာ ကျောင်းသူ"
ဒုတိယတစ်ခေါက် ကျောင်းသူဆိုသော နာမ်စားကို ထည့်ခေါ်ပုံထောက်လျှင်တော့ မိမိထက် အသက်ကြီးပုံ ပေါ်လောက်သည်ဟု သတ်မှတ်လိုက်ကာ လေးစားမှုဖြင့် တစ်ဖက်သို့ လှည့်လိုက်သည် ။
အသက်အရွယ်ကို ဝေခွဲရခက်စွာပဲ ထိုအမျိုးသမီးက မျက်နှာကို mask ဖြင့် အုပ်ထားသလို မြင်နေရသည့် မျက်လုံးတွေဖြင့်သာလည်း သူ့အသက်အပိုင်းအခြားကို ခန့်မှန်းယူဆကြည့်ဖို့ မဖြစ်နိုင်ပါ ။
"မီးခြစ်ရှိလား"
ဘယ်လိုစဉ်းစားဉာဏ်မဲ့သော မေးခွန်းမျိုးလဲလို့ သူမ ခေါင်းထဲမှာ တွေးမိသွားတယ် ။
"ထားလိုက်ပါတော့ အထက်တန်းကျောင်းသူမှာ ဘယ်လိုလို့မီးခြစ်ရှိပါ့မလဲ ငါကလည်း "
တစ်ယောက်တည်းရေရွတ်နေသလိုမျိုး ထိုအမျိုးသမီးက မျက်နှာလွှဲသွားပြန်သည် ။ ဒါကြောင့် သူမကိုယ်တိုင်လည်း စကားမပြောဖြစ်တော့ဘဲ မိုးရေတွေကိုသာ ငေးမောပြီး အခုနေ ထီးတစ်လက်ပဲဖြစ်ဖြစ် လွယ်အိတ်ထဲက ကားစီးဖို့ပိုက်ဆံ ထွက်လာတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ ကြုံရင်ကောင်းမယ်လို့ စိတ်ကူးယဉ်မိနေတုန်း ။
သူမဖုန်း ထပ်မြည်လာတယ် ။
"အရမ်းနောက်ကျနေပြီမှန်း ငါသိပါတယ် ဒါပေမယ့် အခုထိ မိုးမတိတ်သေးဘူး"
ဘာရယ်မဟုတ် ဘေးကလူဆီကို သူမအကြည့်တွေ ခေတ္တမျှရောက်သွားသည် ။ ဖုန်းထဲက သူငယ်ချင်းကို တစ်ခေါက်ထပ်မံ တောင်းပန်စကား ဆိုလိုက်ပြီးချိန်တွင် သူမတို့ မိုးခိုနေရာ ကားမှတ်တိုင်ရှေ့တည့်တည့်၌ ကိုယ်ပိုင်ကားတစ်စီး လာရပ်လေသည် ။
ကားက ဈေးကြီးပုံပေါ်သလို ကားပေါ်ကဆင်းလာသူ အမျိုးသားကလည်း သပ်သပ်ရပ်ရပ်ရှိသည် ။ ဒါပေမယ့် ကားပိုင်ရှင်ဖြစ်ဟန်မတူ ။ ထိုသူက အနောက်တံခါးကို ဖွင့်လိုက်ချိန်တွင် သူမဘေးက အမျိုးသမီးမှာလည်း လှုပ်ရှားသွားတာကို သိလိုက်လေသည် ။
ဒီနောက် မျက်စေ့ရှိမှာတင် ကားပေါ်တက်သွားတာကို သူမ မြင်လိုက်ရသည် ။ ကားဘီးလေး တစ်လှိမ့်ပြီးတော့ နှစ်လိမ့်.. နောက်ခန်းမှမှန်သည် တစ်ဝက်သာသာကျသွားကာ မျက်နှာတစ်ခုကို မြင်လိုက်ရသည် ။
လှပမှုဆိုတာကို ပုံသေအဓိပ္ပါယ် သတ်မှတ်၍မရနိုင်ဟု သူမက ယူဆယုံကြည်ထားသည် ။
လှပမှုသည် အသံတစ်သံဖြစ်နိုင်သည် ။ လှပမှုသည် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ လှပမှုသည် အကျင့်စရိုက်နဲ့ဝါသနာ ဖြစ်နိုင်သလို လှပမှုသည် စကားလုံးတွေနဲ့ ပန်းချီတစ်ချပ်လည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည် ။
ဒီတစ်ကြိမ်တွင်တော့ လှပမှုသည် မျက်နှာတစ်ခုဖြစ်သည်။
"ဒီမှာ ကလေး"
ကြောင်အစွာပဲ သူမ ဘေးဘီဝဲယာကို လှည့်ကြည့်တော့ စိတ်မရှည်သလို စုပ်သတ်သံကို ကြားရသည် ။
"တို့ မင်းကိုပြောနေတာ "
"ဟုတ် "
"ထီးယူသွား "
ဘာအတွက်လဲ ဘာကြောင့်လဲ ဘယ်တော့ပြန်ပေးရမလဲ အစရှိတဲ့မေးခွန်းတွေ မမေးရသေးခင်မှာဘဲ ထိုကားဟာ ထင်မထားလောက်တဲ့ အမြန်နှုန်းနဲ့ သူမရှေ့ကနေ မောင်းထွက်သွားခဲ့သည် ။
မိုးရွာသော အင်္ဂါနေ့တစ်နေ့တွင် Kang Seulgi ဆိုသည့် သူမကတော့ ခေါက်ထီးတစ်လက်နှင့် ကားမှတ်တိုင်တွင် ကျန်နေခဲ့သည် ။
***
အထုပ်အပိုးသံတွေကို လှေကားတစ်ဝက်ကနေ Seulgi ကောင်းကောင်းကြီး ကြားနေရသည် ။ ပျော့ပြောင်းခြင်း အလျင်းမရှိတဲ့ အမျိုးသမီးသံတစ်သံရော ယောကျ်ားလေး နှစ်ယောက်သုံးယောက်ရဲ့ အသံလည်း ပါဝင်သည် ။
Seulgi တို့အောက်ထပ်ကအိမ်ကို ပြောင်းလာနိုင်ချေ တစ်ရာရာခိုင်နှုန်းမို့လို့ ဘယ်လိုလူမျိုးတွေလဲဆိုတာကို အနည်းငယ်တော့ သိချင်စိတ်ပေါ်မိသည် ။ အပေါ်ယံအနေအထားနဲ့ လူ့စိတ်ကို ခွဲခြားလို့မရနိုင်မှန်း ကောင်းကောင်းကြီးသိပေမယ့်လို့ပေါ့ ။
ဒီလိုနဲ့ Seulgi ရောက်လာတယ် ။ တကယ်တော့ အပေါ်ထပ်ကိုတက်ဖို့အတွက် ထိုအခန်းရဲ့ ရှေ့ကနေဖြတ်ဖို့ လိုအပ်လာတာပါ ။
"ဒီမှာ ပိုက်ဆံ"
အနည်းငယ်မောက်မာပုံရသည့် ထိုလေသံကို Seulgi ကြားဖူးသလိုလိုရှိပေမယ့် သေချာအောင်လုပ်သင့်သလား မလုပ်သင့်ဘူးလား ဆုံးဖြတ်လို့မရ ။ လူတစ်ဦးက ပိုက်ဆံကိုယူပြီး ဦးဆောင်ထွက်သွားတော့ ကျန်သူတွေက နောက်မှလိုက်သွားကြသည် ။
ထိုအချိန်တွင် Seulgi အမှတ်တမဲ့ဖြင့် အိမ်ပြောင်းလာသူ အမျိုးသမီးအား ကြည့်မိတော့ သူမကလည်း Seulgi ကို လှမ်းကြည့်ချိန်နဲ့ ဆုံသည် ။
အသိအကျွမ်းကိုတွေ့သလို ပျော်ရွှင်သွားခြင်းမျိုး မဟုတ်ပေမယ့် တစ်ခါရင်းနှီးဖူးသည့် မျက်နှာမို့လို့ Seulgi သိပ်စိမ်းမနေတော့သလို ခံစားလိုက်ရသည် ။ ခေါက်ထီးအမည်းကို ပေးခဲ့တုန်းကပုံစံနဲ့ မတူတော့ဘဲ ထိုအမျိုးသမီးက အနက်ရောင် suit အပြည့်ဝတ်ထားပြီး အထက်တန်းပိုကျသည် ။
အရင်တစ်ခေါက်ကအတွက် ကျေးဇူးတင်ကြောင်းပြောဖို့ Seulgi နှုတ်ခမ်းတွေဟလိုက်ချိန် ထိုအမျိုးသမီးကတော့ သူမနဲ့ Seulgi ဘယ်တုန်းကမှ မမြင်ဖူးတဲ့လူတွေလိုမျိုး သတ်မှတ်ပြီး အိမ်ထဲဝင်သွားလေသည် ။
"ဘာလဲဟ "
Seulgi တို့ရပ်ကွက်က လူချမ်းသာတွေ မျက်စိကျစရာ နေရာမျိုးတော့ မဟုတ်ပေမယ့် အေးအေးချမ်းချမ်းဖြစ်ပြီး စည်းစည်းလုံးလုံးလည်းရှိသည် ။ တိုက်ကြီးကားကြီးတွေနဲ့ ပြည့်နှက်နေတာမျိုးမဟုတ်ဘဲ နှစ်ထပ်တိုက်လေးတွေသာ ခြံဝန်းကျဉ်းလေးများနဲ့ အစီအရီအခြေကျထားသည် ။
ငွေကြေးအဆင်ပြေနေသူတွေက နှစ်ထပ်တိုက်ကို နှစ်ထပ်စလုံး အပိုင်ဝယ်နေလေ့ရှိပြီး Seulgi တို့လိုမျိုး အဆင်ပြေရုံဆိုသည့် မိသားစုဘဝတွေကတော့ အိမ်ကို အပေါ်ထပ် သို့မဟုတ် အောက်ထပ်သာ ငှါးလျှင်ငှါး မငှါးလျှင် ဝယ်နေရသည် ။ အပေါ်ထပ်ကို ဝယ်ထားလျှင် ဘေးလှေကားမှတဆင့် တက်ရသည် ။
ဒီအမျိုးသမီးက အောက်ထပ်ကို ငှါးလိုက်သည်လော ဒါမှမဟုတ် အပိုင်ဝယ်လိုက်သည်လော.. သူမ မသိ။ ခဏခဏ မြင်ရတော့မည့် မျက်နှာဖြစ်ကြောင်းကိုသာ တွေးတောမိသည် ။
အိမ်ပေါ်ရောက်တော့ ဘယ်သူမှရှိမနေကြောင်း တံခါးကို လုံခြုံစွာခတ်ထားသော သော့ခလောက်ကြီးက သူမကို ဆီးကြိုသည် ။
စိတ်မကောင်းစွာပဲ နွေးထွေးတယ်လို့ သူမဖော်ပြခဲ့ဖူးတဲ့ မိသားစုလေးက ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရသည် ။ မမျှော်လင့်ဘဲ ဖခင်က အမောဖောက်ပြီးဆုံးသွားခဲ့သလို အစ်ကိုဖြစ်သူက စစ်မှုထမ်းနေသည် ။ မိခင်က သူနာပြုမို့ သူမအနားမှာ အချိန်ပြည့်ရှိမနေနိုင်သလို သူမကလည်း ကလေးဆန်စွာ တောင့်တမနေချင် ။
သော့အပိုနဲ့ပဲ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်သည် ။
ရေမိုးချိုး တစ်ခုခုစားသောက်ပြီးတော့ တစ်ဦးဦးက အိမ်တံခါးလာခေါက်သည် ။
"ဘယ်သူလဲ "
"အောက်ထပ်က"
ဘယ်လိုနည်းနဲ့မှ ပျော့ပြောင်းခြင်းမရှိသော လေသံမာကြီး။ Seulgi တံခါးဖွင့်လိုက်တော့ ဘာကြောင့်ရယ်မှန်းမသိ မိမိအသက်ရှူတွေ ခဏလောက်ရပ်သွားသလိုမျိုး ၊ တစ်ယောက်ယောက်က နှလုံးသားကို လက်နဲ့ဆုပ်ပြီး လုံးချေပစ်လိုက်သလိုမျိုး ခံစားသွားရသည် ။
ရှပ်အင်္ကျီ အဖြူလက်ရှည်ကိုမှ တံတောင်ဆစ်အထိပြန်ပြီး ခေါက်ဝတ်ထားရင်း ခုနတုန်းကတွေ့ခဲ့သည့် ဘောင်းဘီ အမည်းရောင်နဲ့ပဲ ရှိနေသေးသော ထိုအမျိုးသမီးက သူ့ဆံပင်နက်မှောင်မှောင်တွေကို ထိုရှပ်အင်္ကျီ အဖြူပေါ် ဖြန့်ကျက်ထားခြင်းဖြင့် Seulgi ကို အကြောင်းပြချက်မဲ့ ထိခိုက်နာကျင်စေသည် ။
အတိအကျ သတ်မှတ်ထားခြင်းမရှိသော စည်းဘောင်ရဲ့ အပြင်ဘက်ကို ကျော်လွန်ပြီး လှပခြင်းမျိုးဟာ သူမကို ထိခိုက်နာကျင်စေနိုင်မှန်း ဒီအမျိုးသမီးနဲ့ပါတ်သတ်လို့ Seulgi နားလည်နိုင်သည် ။
"ဒီမှာ ခေါ်နေတာကြားလား"
"ဟုတ်"
"ဒီရပ်ကွက်မှာ စတိုးဆိုင်အကြီးကြီးလိုမျိုးရှိလား ကုန်တိုက်မဟုတ်ဘဲ ဒီအတိုင်း စတိုးဆိုင်အကြီးကြီး"
ထိုအမျိုးသမီးဆိုလိုသော နေရာကို နားလည်စွာပဲ Seulgi ခေါင်းတဆတ်ဆတ် ငြိမ့်ပြမိသည် ။
"ရှိတယ်? ဘယ်နားလောက်မှာလဲ"
"ညာဘက်ကိုထွက်ပြီး ဟိုဘက်သုံးလမ်းကျော်လောက်မှာ ကုန်တိုက်မဟုတ်ဘဲ စတိုးဆိုင်အကြီးကြီးရှိတယ်"
အမျိုးသမီးက Seulgi ပြောတာကို မျက်ခုံးတစ်ဖက်ပင့်ပြီး နားထောင်နေသည် ။ တမင်တကာပဲလား အကျင့်ပဲလား မသိသော်ငြားလည်း မျက်ခုံးထောင့်နားက မှဲ့လေးကိုတော့ Seulgi သတိထားမိလိုက်သည် ။
"ကျေးဇူးပဲ"
"ရပါတယ် "
"တို့သွားမှာမို့လို့ တစ်ခုခုဝယ်ခဲ့ရမလား"
ဒါဟာ သူ့ကျေးဇူးဆပ်နည်းတစ်မျိုးပဲလို့ ယူဆလိုက်ပြီး Seulgi ခေါင်းခါပြလိုက်တယ် ။
"မဝယ်ခဲ့ပါနဲ့ ရပါတယ် "
"အိုကေလေ "
ဒီလိုနဲ့ Seulgi တံခါးမပိတ်ရသေးခင် ထိုအမျိုးသမီးက အရင်လှည့်ထွက်သွားတာကြောင့် သူ့ဆံပင်တွေဆီက ခေါင်းလျှော်ရည်နံ့ ခပ်သင်းသင်းကို ရလိုက်သည် ။
***
"အောက်ထပ်မှာ လူသစ်ရောက်နေတယ်"
ညစာချက်နေရင်း အမေက သူမကို မသိလောက်သေးဘူး အထင်နဲ့ ဖောက်သည်ချနေတုန်း မီးဖိုချောင်စားပွဲဝိုင်းမှာ Seulgi ကတော့ ပုံဆွဲစာအုပ်တစ်အုပ်နဲ့ဖြစ်သည် ။
ခဲသားကျရာ ပန်းချီဖြစ်စေလို့ဆိုတော့ သူမ ဆွဲနေမိတာ မျက်နှာအတိအကျမရှိသော အမျိုးသမီးတစ်ဦးရဲ့ပုံ ။ ဘယ်သူဖြစ်နေမှန်း မိမိကသိပေမယ့် ဆွဲနေတာကိုမရပ်မိ။
"ထမင်းစား ဖိတ်ကြမလား"
"အာ..အမေကလည်း လူစိမ်းကို"
"အေးပေါ့ အဲ့ဒါမှရင်းနှီးမယ်လေ နောက်လည်း တွေ့နေမြင်နေရမှာ မဟုတ်ဘူးလား"
ပုံဆွဲခဲတံကိုချလိုက်ရင်း စာအုပ်ထဲကပုံကို ပြန်ကြည့်တော့ မျက်နှာအစိတ်အပိုင်းတွေ မရေးခြယ်ရသေးတာကလွဲပြီး အကုန်လုံးပြည့်စုံနေသည် ။ ဆံပင်တွေကို ပစ်စလတ်ခတ် လက်နဲ့ထိုးဖွကာ ထိုင်ခုံကနေထလိုက်တော့ အမေက လှမ်းမေးသည် ။
"ဘယ်သွားမလို့လဲ"
"ထမင်းစားသွားဖိတ်မလို့"
"အေးအေး သေချာပြောပြီးခေါ်ခဲ့နော်"
"ဟုတ်"
သူမ အောက်ထပ်ကို ခြေသံအတိုးနိုင်ဆုံးနဲ့ ဆင်းမိတယ်။ အဲ့အမျိုးသမီးရဲ့မျက်နှာက နှောင့်ယှက်ဖို့မသင့်တော်တဲ့ မျက်နှာထားမျိုးပဲလို့ ယူဆလိုက်မိတာမို့ ။ သို့ပေမယ့် Seulgi ထင်ထားတာနဲ့ လွဲမှားစွာပဲ သူ့ကို အိမ်အပြင်ဘက်မှာ မတ်တပ်ရပ်နေရုံကလွဲလို့ အလုပ်ရှုပ်ပုံ ပေါ်မနေ ။
စတိုးဆိုင်ကနေ ခုနကမှ ပြန်လာပုံပေါ်သည့် အမျိုးသမီးက အထုပ်အပိုးတွေကို အိမ်ထဲမသွင်းသေးဘဲ တံခါးဝမှာတင် ချထားပြီးတော့ ဘောင်းဘီအိတ်ထဲက တစ်ခုခုကို နှိုက်ရှာနေသည် ။ Seulgi အတွက် အံ့သြစရာတစ်ခုက အထုပ်အများကြီးကို သူတစ်ယောက်တည်းသယ်လာခြင်း။
ရှာနေတဲ့ပစ္စည်း ထွက်လာချိန်ကျတော့လည်း Seulgi မှာ အထူးအဆန်း ဖြစ်ရပြန်သည် ။
မိန်းကလေးဖြစ်ပြီး ဆေးလိပ်သောက်တတ်သူတစ်ဦးကို ထမင်းစားဖိတ်သင့် မဖိတ်သင့်ပင် စဉ်းစားသွားရသည် ။ ဒါပေမယ့်လည်း ဆေးလိပ်တစ်ခုတည်းနဲ့ သူ့တန်ဖိုးကို ဖြတ်လို့မရဘူးလို့ ဆုံးဖြတ်ချက်ချပြီးချိန်တွင် သူကတော့ ဘူးကိုဖွင့် ဆေးလိပ်တစ်လိပ်ယူပြီး နှုတ်ခမ်းနှစ်ခုကြားထဲ ခပ်ဖွဖွ ဖိကိုင်ထားပြီးပြီ ။
မီးခြစ်အနီ လှလှလေးတစ်လုံးကို မြင်ရပြန်တော့ လွန်ခဲ့သောနေ့က 'မီးခြစ်ပါလားလို့' အမေးခံရတာကို အမှတ်တမဲ့ သတိရလာမိသည် ။
ဒါပေမယ့်လည်း မီးခြစ်ဖို့ သူကြိုးစားနေတုန်းမှာပဲ Seulgi ရပ်နေတာကို မြင်သွားခဲ့လေသည် ။
"အသံမပေးဘဲ ဘာလုပ်နေတာလဲ "
ထင်ထားတဲ့အတိုင်းပဲ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေက Seulgi တစ်ခုခုကို နှောင့်ယှက်မိကြောင်း သွယ်ဝိုက်လို့ ဖွင့်ပြောပြနေသည် ။
"ထမင်းစား ဖိတ်ခိုင်းလိုက်လို့"
မီးခြစ်ကိုဆေးလိပ်ဘူးထဲ ပြန်ရောထည့်သလိုနှုတ်ခမ်းဝက ဆေးလိပ်ကိုလည်း ထိုဘူးထဲပဲ ရောထည့်လိုက်ပုံကို အသေးစိတ် လက်ချောင်းလှုပ်ပုံကအစ Seulgi မှာ လိုက်ကြည့်နေမိသည် ။
ဆေးလိပ်သောက်တတ်သော ခပ်ချောချော အမျိုးသမီးကို နေရာတိုင်းမှာ မြင်တွေ့နိုင်တာမျိုးမဟုတ် ။
"ဘယ်သူက ဖိတ်ခိုင်းတာလဲ"
"အမေ "
မျက်ခုံးတစ်ဖက် ပင့်သွားပြန်သည် ။ သို့သော်လည်း ခေါင်းငြိမ့်ပြရင်း တံခါးရှေ့ချထားသော အထုပ်တွေထဲက တစ်ခုခုကို နှိုက်ရှာနေတာကြောင့် Seulgi မှာ သူ့ကိုပဲ ရပ်စောင့်ရမလား အပေါ်ပဲပြန်တက်ရတော့မလား မသိ။
"အမေက ဆေးလိပ်သောက်လား"
"မသောက်ပါဘူး! "
အသံအနည်းငယ် ကျယ်သွားတာကြောင့် ထိုအမျိုးသမီးက ပစ္စည်းရှာနေရင်း Seulgi ကို ပြန်ကြည့်လာသည် ။
"မသောက်လည်းပြီးရော အဲ့ဒါဆိုပီကေရောစားလား"
ဘယ်လိုမေးခွန်းမျိုးတွေမှန်း သူမ စဉ်းစားလို့မရတဲ့အချိန် ထိုအမျိုးသမီးက အိတ်ထဲကနေ အဝတ်လျှော်ရင်သုံးတဲ့ အမွှေးဆပ်ပြာရည်ထုပ်ကြီး ထုတ်လာသည် ။
"ပီကေလည်း စားမှာမဟုတ်ဘူး ဒါပဲပေးတော့မယ်"
"အဲ့ဒါ အမေ့ကိုပေးဖို့ပြောနေတာလား"
"တက်လို့ရပြီလား အပေါ်ကို"
မိမိမေးခွန်းကို ဂရုစိုက်ပြီးတောင်မဖြေဘဲ သူကအရင် အပေါ်ထပ်ကို တက်သွားတဲ့အခါ မျက်မှောင်ကျုံ့ရသူက Seulgi ပဲဖြစ်သည် ။
သူရှေ့ကတက်သွားတာကြောင့် ရေမွှေးနံ့ကိုလည်း နှာဖျားဝမှာ သီသီကလေး ကပ်ရလိုက်သည် ။
Seulgi ဝင်ပါလို့ မပြောရသေးခင် ဖိနပ်ချွတ်ပြီး အထဲကို အရင်ဝင်သွားသူ ထိုအမျိုးသမီးကို အမေဆီးကြိုနေသံ အကျယ်ကြီး ကြားလိုက်ရပြန်သည် ။
"ဟယ်.. သမီးလေးက ချောလိုက်တာ"
"မဟုတ်တာ အန်တီ"
ပထမဆုံးအဖြစ် အောက်ထပ်ကအမျိုးသမီး ပြုံးတာကို Seulgi မြင်လိုက်ရပြီး အပြုံးက အစစ်မဟုတ်တာလည်း သတိထားမိလိုက်သည် ။
"လာ ..သမီး အားရပါးရစားနော် သမီးက တက္ကသိုလ်ကျောင်းသူလား"
မိမိကိုပင် ထမင်းစားမစား ဂရုမစိုက်တော့တဲ့ မိခင်ကို မျက်စောင်းတွေ လှိမ့်ထိုးနေလည်း ဖာသိဖာသာပင် အောက်ထပ်က အမျိုးသမီးကို ဧည့်ခံနေသည် ။
"မဟုတ်ဘူး အန်တီ သမီးကအလုပ်နဲ့ပါ"
"ဟယ်.. ဟုတ်လား ငယ်ငယ်လေးရှိသေးတာကို"
"ငယ်တော့မငယ်တော့ပါဘူး သမီးက ဒီနှစ်ထဲမှာသုံးဆယ်ပြည့်မှာလေ"
သူမ စကားတွေကို နားထောင်ဟန်မပြဘဲ နားထောင်ရင်း ထမင်းခူးနေရာမှ မျက်လုံးတွေပြူးသွားခဲ့သည် ။ အသက်သုံးဆယ်အရွယ် မိန်းကလေးတစ်ဦးက အမေနဲ့ Seulgi ရဲ့အမြင်မှာ အရမ်းနုလွန်းသည် ။
"ဒါဆို သမီးက Seulgi နဲ့ ဆယ်နှစ်ကွာတာပေါ့"
"Seulgi ဆိုတာ.. ? "
"ဒီမှာလေ အန်တီ့သမီးပေါ့ သူကအထက်တန်း"
ထမင်းပန်းကန်ကို စားပွဲပေါ်ချချခြင်း ထိုအမျိုးသမီးနဲ့ သူမ မျက်လုံးချင်းဆုံသည် ။ ဒီတစ်ကြိမ်တွင်တော့ Seulgi ကို သူသိတယ်ဆိုတဲ့ အကြည့်မျိုး ။
"အဲ့ဒါဆို ငယ်သေးတာပဲ ကလေးပဲရှိသေးတာပေါ့"
"ဟုတ်တယ် သမီးရေ လူကသာအရပ်လေးရှည်ပြီးတော့ ကြည့်ကောင်းနေတာ ဦးဏှောက်က ကျပ်မပြည့်ဘူး"
"ဟာ! အမေ! "
ပြုံးမလိုဖြစ်သွားတဲ့ နှုတ်ခမ်းတစ်စုံက မပြုံးသွားခဲ့ ။ အမေကတော့ သဘောကျပြီး ရယ်နေသည် ။ ဒီနောက် သူတို့တွေအကုန် ညစာစတင်စားတော့သည်။
"သမီးနာမည်ကရော "
"Irene ပါ အန်တီ"
"Irene..Irene.. အန်တီကြားဖူးတယ်"
Seulgi သူမ အမေကို နားမလည်နိုင်စွာ ကြည့်ပေမယ့် Irene ဆိုသူကတော့ အနည်းငယ်ပြုံး၍ ပြောသည် ။
"သမီးက စာရေးဆရာမပါ "
"သြော်! ဒါကြောင့်ကိုး! အန်တီ သိတယ် သိတယ် Seulgi ဒီအစ်မကို မသိဘူးလား"
"မသိဘူး"
အမေက အောက်ကနေ ပေါင်ကိုလှမ်းရိုက်သည် ။ Seulgi က စာအုပ်ဆိုလို့ ကျောင်းစာအုပ်ရယ် ပုံဆွဲတဲ့ ဗလာစာအုပ်ရယ်နဲ့ပဲ ရင်းနှီးတာ ။ တကယ်တမ်း အဲ့ဒီလို အပြင်စာအုပ်တွေနဲ့ ရင်းနှီးတာက Seung Wan ။
"ကလေးကတော့ ဘယ်သိပါ့မလဲ အန်တီ"
မခေါ်သောစစ်ကူသည် ထိုအမျိုးသမီးထံမှ Seulgi ဆီ ဆိုက်ရောက်လာပြီးနောက် ဟိုပြောဒီပြောဖြင့် အမေနဲ့သူ အတိုင်အဖောက်တွေ ညီနေကြသည် ။
"နောက်လည်း တစ်ယောက်တည်းဆိုရင် လာခဲ့နော် အန်တီက အိမ်မှာအချိန်ပြည့်မရှိပေမယ့် Seulgi က ကျူရှင်ပြီးတာနဲ့ အိမ်မှာရှိတယ် "
တူကိုဘယ်လိုကိုင်ပြီး ဇွန်းကိုဘယ်လိုချပုံတွေ ၊ တစ်သျှူးနဲ့ နှုတ်ခမ်းထောင့်ကို ဂရုတစိုက်သုတ်ပုံတွေ ၊ ဟင်းရည်ကို ဇွန်းတစ်ဝက်ပဲပါအောင် ခပ်သောက်တဲ့ပုံတွေ ။ ဒီအမျိုးသမီးက အနေအထိုင် တအားသပ်ရပ်သည် ။
"အန်တီနဲ့ ကလေးလည်း ပျင်းရင်ဆင်းလာပေါ့ ပျော်ဖို့ကောင်းတာတော့ သမီးဆီမှာ မရှိပေမယ့် စာအုပ်တွေတော့ ငှါးဖတ်လို့ရပါတယ်"
Seulgi ကိုယ့်ကိုယ်ကို ဆယ်နှစ်မပြည့်သေးတဲ့ကလေးလို ထိုအမျိုးသမီးရဲ့ ခေါ်သံကြောင့် ခံစားနေရသည် ။
"ဒါဆို အားနာနာနဲ့ပဲ ငှါးရတော့မယ် သမီးရေ"
"ရပါတယ်.. သမီး ပန်းကန်တွေ ကူဆေးပေးပါ့မယ်"
"ဟယ် မဟုတ်တာ Seulgi ဆေးလိမ့်မယ်"
ထေ့ချင်တာလား ပြုံးချင်တာလား ဒါမှမဟုတ်ရင်လည်း ငါ့ပန်းကန်တွေ ဆေးလိုက်ဆိုတဲ့ သဘောမျိုးနဲ့လားမသိ ထိုအမျိုးသမီးရဲ့ နှုတ်ခမ်းတွေက ကွေးညွှတ်တော့မလိုလို။
"ဒါဆို သမီးဆင်းတော့မယ် အန်တီ ညစာအတွက် ကျေးဇူးပါ သြော်..ဒါနဲ့ ဒီနားမှာ မုန့်ဆိုင်များရှိလားဟင် "
"ရှိတယ် ရှိတယ် သမီး Seulgi အစ်မကို လိုက်ပို့လိုက် ပြန်လာမှပန်းကန်တွေဆေး "
သူမ နည်းနည်းတော့ မကျေနပ် ။ ပြောပြလိုက်ရင် ရနေတဲ့ နေရာတစ်ခုကို လိုက်သွားပေးရဦးမည် ။ ပြီးတော့ ခင်တဲ့လူဆိုတစ်မျိုး အခုက ခင်လည်းမခင်ဘဲနဲ့ ။ ဒါပေမယ့်လည်း ဟုတ်တစ်လုံးတည်းသာပြောပြီး အခန်းထဲ အဝတ်အစားသွားလဲရင်း ပြန်ထွက်လာတော့ အမေက ခုနက အမျိုးသမီး အောက်ဆင်းသွားနှင့်ပြီလို့ ဆိုသည် ။
အောက်ရောက်တော့ Seulgi မေ့တော့မလိုဖြစ်နေတဲ့ မြင်ကွင်းကို ပြန်တွေ့ရသည် ။
အဖြူအမည်း အဝတ်အစားတွေနဲ့ ဆေးလိပ်တစ်လိပ် ။ ဒါပေမယ့်လည်း စောနကလို မီးမရှို့ရသေး ဖြစ်နေဆဲ ။
သူက Seulgi ကိုမြင်တော့ သက်ပြင်းထပ်ချပြီး မီးခြစ်ကို ပြန်သိမ်းဖို့လုပ်သည် ။
"ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် သောက်တာပဲ သောက်လို့ရပါတယ်"
"အထက်တန်း ကျောင်းသူရှေ့မှာလား "
"ကလေးမှ မဟုတ်တော့ဘဲ"
ထိုအမျိုးသမီးက ပြုံးသည် ။ ဘာကိုသဘောကျသွားမှန်း Seulgi တော့ မသိ ။ ဒါပေမယ့် မီးခြစ်ကိုပြန်ထုတ်ပြီး သူကိုင်ထားတဲ့ ဆေးလိပ်ကို လက်ချောင်းကြားကနေ နှုတ်ခမ်းနှစ်လွှာကြား ပြောင်းပြီးမီးညှိဖို့လုပ်သည် ။
သူလက်ဖဝါးဖြူဖြူနဲ့ ဆေးလိပ်ကြားထဲ မီးတောက်ငယ်ကို မြင်လိုက်ရပြီး မျက်လုံးတွေမှာ အလင်းရောင်ပြန်နေသည်။ မီးခြစ်ကို ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်နဲ့ပြန်ထည့်ပြီး ကျန်လက်တစ်ဖက်က ဆေးလိပ်ကို နှုတ်ခမ်းကြားကနေ လွတ်မြောက်ခွင့်ပေးလိုက်သည် ။
ဒီနောက် အလုအယက် တိုးထွက်လာကြသော မီးခိုးရောင် အခိုးအငွေ့များ.. ။
"အတုမယူနဲ့ ဆေးလိပ်သောက်တာမကောင်းဘူး"
သူမ နှာခေါင်းရှုံ့ပြီး ပြန်မေးမိလိုက်သည် ။
"အဲ့ဒါဆို ဘာလို့သောက်နေတာလဲ"
အငွေ့တွေဘက်ကနေ Seulgi ရှိရာဆီကို အမျိုးသမီးက အကြည့်ပြောင်းလာပြီး မျက်ခုံးပင့်ရင်း ပြန်မေးပြန်သည်။
"တို့သောက်နေတဲ့အကြောင်းကို ပြောနေတာလား"
"အင်းလေ မကောင်းဘူးဆို ဘာလို့သောက်နေသေးလဲ"
စတိုးဆိုင်ဘက်ကို ခြေဦးမလှည့်နိုင်သေးဘဲ သူမတို့တွေ အိမ်အောက်ထပ်မှာ ဘာမှမဟုတ်တဲ့ မေးခွန်းတစ်ခုကို အရေးလုပ်နေကြသည် ။
ဒါပေမယ့်လည်း လေထုရယ် ဆေးလိပ်မီးရယ် အခန်းထဲက ပုံဆွဲစာအုပ်ရယ် ခေါက်ထားတဲ့ အင်္ကျီအဖြူလက်ရှည်ရယ် စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် ဒီအမျိုးသမီးကို စကားတွေ ပြောနေချင်တယ် ပြောစေချင်တယ် ။
"တို့ဆေးလိပ်သောက်နေတယ် ဆိုတာက.. "
"..........."
"မင်းခွင့်ပြုလို့လေ"