(Suggest song : Right time,
on Chapter XIII )
သူ တကယ်ပဲ စိတ်ပူနေခဲ့ပါတယ် ။ အခုလို အခြေအနေတွေ ဖြစ်ပြီးနောက်ပိုင်း ကိုကို နောက်တစ်ကြိမ် ထပ်ပျောက်သွားမှာကို.
အဲဒါမို့ အတူရှိချိန်တိုင်း ကိုကို့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တာ. ကိုကိုက ထပ်ပျောက်မသွားတော့ပါဘူးလို့ သူ့ကိုယ်သူ အယုံသွင်းချင်တာမို့..
မုန်တိုင်းပြီးရင် လေပြေလာသင့်တယ် မဟုတ်လား.
နှစ်နှစ်တာ အချိန်အတွက် လောကကြီးက တစ်ခုခု ပြန်ပေးသင့်ပါတယ်လေ.
ကိုကို့ကို သူ့လက်ထဲ အပြီးအပိုင် အပ်လိုက်တာမျိုးပေါ့ ။
_________
*Alarm ringing*
သေစမ်း! သေလိုက်ပါတော့..
ဒီနေ့ သူ ကိုကိုနဲ့ ရုပ်ရှင်သွားကြည့်ဖို့ ချိန်း ထားတာကို.
ညက ညနက်တဲ့ထိ ဂိမ်းဆော့နေလို့ အိပ်ရာဝင်နောက်ကျတယ်. အိပ်ရာဝင်နောက်ကျတော့ အခု အိပ်ရာထပါ နောက်ကျ.. ။
တောင်ဆွဲ မြောက်ဆွဲနဲ့ ရေချိုးခန်းထဲဝင်၊ မျက်နှာသစ်နေတုန်းပဲ အိမ်ရှေ့က မေမေ့ အသံကြားလိုက်ရတယ်.
ဧည့်သည် ရောက်နေတာ ထင်တယ် ။ ယိပေါ်ရေ လာပါဦး မလုပ်ဖို့ ဆုတောင်းရမှာပဲ.
သူ နောက်ကျနေပြီ . ကိုကို စောင့်နေရတော့မှာ
သူ့အထင်တွေ လွဲခဲ့ပါတယ်. ဧည့်သည်မဟုတ်တဲ့ ကိုကိုက သူ့ အခန်း ထဲတောင် ရောက်လာခဲ့ပြီ.
ချစ်သူသက်တမ်း (၂) လအတွင်း ကိုကို သူ့အိမ်ရောက်တာ ဒါနဲ့ဆို သုံးကြိမ်မြောက်.. ။
ကိုကို ထပ်ပျောက်သွားမှာကြောက်လို့ ချစ်တယ် မပြောခဲ့ပေမယ့် ကိုကို့လက်ကို တရားဝင်ကိုင်ခွင့်ရတာ ချစ်သူမဟုတ်လို့ ဘာလဲ ။
ရေချိုးခန်းထဲက ရေစက်လက်နဲ့ ထွက်လာတော့ ကုတင်ပေါ်မှာ ငုတ်တုပ်လေး ထိုင်နေတဲ့ ကိုကို.. ။
" ယိပေါ်.. ဒီဂိမ်းက အသစ် ဝယ်.. ဝယ်- "
ကိုကိုက ခေါင်းအုံးနဲ့ လှမ်းပေါက်ပြီး မျက်နှာလွှဲသွားတယ်.
" အင်္ကျီ မြန်မြန် ဝတ်စမ်းပါဟ! "
" ရော် အတူတူချင်းကို ရှက်နေပြန်ပြီ "
သူ့ ကုတင်ပေါ်မှာ ထိုင်ပြီး ပါးမို့မို့လေးတွေနဲ့ ရှက်နေတဲ့ ကိုကို..
ပြန်တွေ့စမှာ အရက်တွေ သောက်နေတာ ဘယ်သူလဲ..
ဆေးလိပ်ကို လက်ဖျားမချခဲ့တာ ဘယ်သူလဲ..
ကိုကိုမှာ အစွန်းနှစ်ဖက်ရှိတာကို သူ သိခဲ့ရတယ်.
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဖက်လုံးကို ချစ်ရပါတယ်.
အဲဒါတွေက ကိုကို့ကို မထိခိုက်ဘူးဆိုရင်ပေါ့.. ။
သူ သက်သက်ညစ်ချင်တာနဲ့ ရေကို စိမ်ပြေနပြေ သုတ်နေလိုက်တယ်.
" ဝမ်ယိပေါ် မပြီးသေးဘူးလား "
ကိုကိုက ကျောခိုင်းနေရာက အသံထွက်လာတယ်။
" ဘာတွေရှက်နေတာလဲလို့ ကျွန်တော့်မှာ ကိုကို့ဆီမှာ မရှိတာတွေတောင် ရှိတယ်
တစ်ခါလောက် လှည့်ကြည့်ကြည့် "
ထပ်ပြီး လွင့်ပျံလာတဲ့ ခေါင်းအုံးတစ်လုံး...
သူ အော်ရယ်လိုက်မိတယ်. တကယ်ပဲ ပိုတယ် ။
ဒီလိုဆို မင်္ဂလာဆောင်ပြီးရင် ဘယ်လိုလုပ်မှာလဲ .
ဘုရားရေ.. ။ သူ မင်္ဂလာဆောင်မယ်လို့ တွေးလိုက်တာလား. အတွေးနဲ့တင် ပါးတွေပူလာလို့ အင်္ကျီ မြန်မြန် ဝတ်ချလိုက်ရတယ် ။
" ဒီကိုလာ ခေါင်းသုတ်ပေးမယ်
ဒီလောက် အေးနေတာကို ခေါင်းလျှော်တယ်..
ဖျားချင်လို့ "
သူ အင်္ကျီ ဝတ်ပြီးပြီလားလို့ မျက်လုံးထောင့်ကပ်ပြီး ခိုးကြည့်တဲ့ ကိုကိုက ချစ်စရာ.
သူ ကြမ်းပြင်မှာ ထိုင်ချလိုက်ပြီး တဘက်ကို ကမ်း ပေးလိုက်တော့ ကိုကိုလက်ချောင်းတွေက သူ့ဆံပင်တွေထဲ ဖွဖွလေး တိုးဝင်လာခဲ့တယ်.
ခါးကို လက်နှစ်ဖက်လုံးနဲ့ သိုင်းဖက်လိုက်တော့ တောင့်တင်းသွားတဲ့ ကိုယ်လုံးလေး ။
သူ ပြုံးလိုက်မိတယ်။ တကယ်ပဲ.. သူက ဘာလုပ်မှာမို့လို့လဲ. မျက်ရည်တစ်စက်ကျရင်တောင် နေစရာ မရှိတဲ့ သူက ကိုကို့ကို ဘာထိခိုက်အောင် လုပ်မယ် ထင်နေလို့လဲ ..
အဲဒီနေ့က သူ့ကြောင့် ရုပ်ရှင်မမီတော့ဘူး။ အိမ်မှာ မေမေ လုပ်ပေးတဲ့ မနက်စာ စားပြီး ကိုကို့ကို ချော့တဲ့အနေနဲ့ အိမ်နားက ဘုရားကျောင်းကို အတင်းခေါ်ခဲ့တယ် ။
အဲဒီ ဘုရားကျောင်းမှာလည်း ပီယာနိုလေး ရှိတယ်. တခြား တယောတို့၊ ukelele တို့လည်း ရှိတယ်.
ကိုကို့ကို တီးပြပြီး ချော့ရမယ်လေ ။
သူ တစ်နေကုန် စိတ်ကောက် မခံနိုင်ပါဘူး ။
လမ်းတစ်လျှောက်က နှင်းတွေ ဝေနေတာပဲ.. ။
ဘုရားကျောင်းလေးက သာသာယာယာ ရှိတယ်. ကျောင်းပတ်လည်မှာ ခြုံပုတ်အသေးစားလေးတွေ၊ နောက်ပြီး တခြား အပင်ကြီးတွေရော..။ ပတ်ဝန်း ကျင်နဲ့ သီးသန့်လေး ဖြစ်အောင် လုပ်ပေးထားသလိုပဲ.
" ယိပေါ်.. ငါ ကင်မရာပါမလာဘူး "
" ဖုန်းနဲ့ ရိုက်မယ်လေ "
" ဖုန်းနဲ့က ရုပ်ထွက်မကောင်းဘူး "
" ကြီးကျယ်နေလိုက်တာ..
ကင်မရာမရှိခင်က ဖုန်းနဲ့ပဲ ရိုက်နေပြီး "
ပြောရင်းနဲ့ ကိုကိုပါးကို လိမ်ဆွဲလိုက်တယ်.
" မင်းကတော့... "
ကိုကိုက လက်ရွယ်တယ်.
" ရိုက်လေ.. ရိုက်
ရိုက်ရက်လို့လား "
" ဘာလို့ မရိုက်ရက်ရမှာလဲ. "
ကိုကိုက ကျောပြင်ကို တဖုန်းဖုန်း ချတယ် ။
နာလို့ ရှုံ့မဲ့သွားရတယ် .. တကယ် ရိုက်မယ်မှ မထင်ထားတာလို့ .
" နာသွားလား "
" နာတာပေါ့ သူ့အသား မဟုတ်တိုင်း မညှာမတာ "
" Gomen.. "
ကိုကိုက ပြောပြီး ဖွဖွလေး ပြန်ပွတ်ပေးတယ်.
" အဲ့နား မဟုတ်ဘူး. ဒီနား "
သူ အကြံနဲ့ နှဖူးကို ထိုးပြလိုက်တယ် ။
" လူလည်ကောင်. "
ကိုကိုက သူ့အနားကို တိုးလာတယ်.
သေချာတာပေါ့ ။ ကိုကို ပြုံးနေတာ တစ်လောကလုံးမှာ အလှဆုံးပဲ..
နှဖူးပေါ် ကျလာတာက ထင်ထားသလို နူးနူးညံ့ညံ့ အထိအတွေ့ မဟုတ်တဲ့ လက်ခလယ်ရဲ့ တောက်ချက်ကလေး .
ကိုကိုက ရယ်နေတယ်. ခံလိုက်ရပြီ ဆိုတဲ့ ပုံနဲ့ ။
ဒီတစ်ခေါက် ကင်မရာ မယူလာမိလို့ ကျိန်ဆဲလိုက်မိတဲ့လူက သူဖြစ်သွားပြီ. ဒီအပြုံးတွေကို မှတ်တမ်း တင်ထားချင်တယ်.
ကိုကိုဟာ အရိပ်မည်းတွေဆီက လွတ်မြောက်တော့မယ် ထင်ပါရဲ့ .. ။
_
ဘုရားကျောင်းထဲ ရောက်တော့ အရင်ဆုံး ခုံတန်းမှာ ထိုင်ပြီး ဘုရား ဝတ်ပြုကြတယ်.
ကိုကိုနဲ့ အမြဲတူတူ ရှိနေရပါစေ.. လို့ ဆုမတောင်းခဲ့ပါဘူး။ သူက သေချာပေါက် ရှိနေပေးမယ်လို့ ယုံကြည်ခဲ့တာမို့ .
မျက်စိမှိတ်ပြီး ဘုရားဝတ်ပြုနေတဲ့ ကိုကို့ပုံရိပ်ကိုတော့ တစ်ဝကြီး ငေးကြည့်ပြီး မှတ်တမ်းတင်ခဲ့တယ် ။ ဖုန်းနဲ့ရော.. နှလုံးသားနဲ့ပါ ။
ဖုန်းနဲ့က ကိုကို့ကို ဘယ်အချိန်ရှာရှာ ပြန်ရှာလို့ ရအောင်လို့..
နှလုံးသားနဲ့က နောင်တစ်ချိန် ဖြစ်လာမယ့် ဒီမှတ်ဉာဏ်တွေမှာ သူ့ကိုယ်သူ ပြန်ရှာချင်ခဲ့လို့...
နောက်တော့ သီးသန့်ခန်းလေးထဲမှာ သူက ပီယာနိုတီးတယ်. ကိုကိုက သူ့ရှေ့က ခုံလေးမှာ ထိုင်ပြီး နားထောင်တယ် ။
တစ်ချိန်က Kurashiki မှာတုန်းက အတိုင်း..
ကိုကို့ ပေါင်ပေါ်တင်ထားတဲ့ ကြောင် မရှိတော့တာက လွဲလို့.
ukelele မဟုတ်ခဲ့တာက လွဲလို့.
ကိုကို့ အခန်းကျဉ်းကျဉ်းလေး မဟုတ်ခဲ့တာက လွဲလို့.
တီးပြတဲ့ သီချင်းဟာ Aitowa မဟုတ်တာက လွဲလို့.
အရာအားလုံးဟာ အရင်အတိုင်း..
စန္ဒယားရဲ့ အဖြူအမည်း ခလုတ်တွေပေါ်မှာ သူ့လက်ချောင်းတွေက ခပ်သာသာ ပြေးလွှားနေခဲ့တယ်.
သံစဉ်တွေကလည်း အပြင်မှာ ကျဆင်းနေတဲ့ နှင်းတွေလို ညင်ညင်သာသာ..
" Hora, ano oka o koeta basho he
Tomo ni doko made mo "
သူ ခလုတ်တွေကို တစ်ချက်ဖိဆွဲပြီး အဆုံးသတ်လိုက်တယ်.
ကိုကို့က လက်ခုပ်တီးတယ် ။
ကိုကို့ အပြုံးက ကြည်ကြည်သာသာလေး.
ပထမတန်းမှာ ဆုရတုန်းက လက်ခုပ်သံတွေထက်..
ကျောင်းပေါင်းစုံ ဘတ်စ်ကတ်ဘော ပြိုင်ပွဲတုန်းက ရခဲ့တဲ့ လက်ခုပ်သံတွေထက်...
သူ့ ဘဝတစ်လျှောက်လုံးမှာ ရခဲ့ဖူးတဲ့ လက်ခုပ်သံတွေထက် ဒီလက်ခုပ်သံလေးက နွေးထွေးလွန်းလို့.. အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့ ထိုက်တန်နေခဲ့တယ်။
~
ဘယ်အချိန်ကမှန်း၊ ဘယ်သူက စလိုက်မှန်း မသိတဲ့ အထိအတွေ့ပါးပါးလေး တစ်ခုက ဦးနှောက်တွေကိုတောင် ပြောင်းပြန်လှန်သွားစေတယ်.
ခေါင်းတွေ အလိုအလျောက် စောင်းသွားတယ်.
နှုတ်ခမ်းတွေက နူးနူးညံ့ညံ့အရာတစ်ခုကို ခပ်ဖွဖွလေး စုပ်ယူနေတာ.
လှလိုက်တဲ့ အချိန်လေး။ နှမြောလွန်းလို့ ကုန်ဆုံးသွားရမှာတောင် ကြောက်တယ်.
အခုနေ သူ့ရဲ့ တစ်ခုတည်းသော အကြောက်တရားဟာ ကိုကိုပဲ။
သူ့အင်္ကျီကို ဆုပ်ထားတဲ့ ကိုကို့လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်.
ထပ်ပြီး.. မလွှတ်ပေးနိုင်တော့ဘူး.. ။
အခန်းထောင့်က ပီယာနိုလေးဟာ ငြိမ်ငြိမ်သက်သက် ။
_____________
ကိုကို့အိမ်ကို ပထမဆုံး ရောက်တဲ့အချိန်ဟာ သူမျှော်မှန်းထားသလို တစ်ခုမှ မဟုတ်ခဲ့ပါဘူး ။
သူတို့ Ueno ပန်းခြံကို သွားမယ့်နေ့မှာ ကိုကို မရောက်လာခဲ့ဘူး။ ဖုန်းဆက်တော့လည်း မကိုင် ။
သူ စိတ်ဆိုးဆိုးနဲ့ ပစ်ထားလိုက်တယ်.
ညဘက် ဆိုင်ကို သွားကြိုဖို့ ပြန်စဉ်းစားမယ် ။
သူ အခွေတွေကို အမျိုးအစားလိုက် ခွဲနေတဲ့ အချိန်မှာပဲ ကိုကိုက အလောတကြီး ဖုန်းဆက်လာခဲ့တယ်.
ကိုကို့အသံဟာ ပုံမှန်ထက် အများကြီး အက်ကွဲနေခဲ့တယ် ။
သူ့ဆီ အခုလာခဲ့လို့ ရမလား.. တဲ့
ရင်တွေ ပူလာတယ်. ဟိုတစ်နေ့ကပဲ အကောင်းကို ဘာဖြစ်တာလဲ.
ဆိုင်က အမကို အရေးကြီး ကိစ္စပေါ်လာတဲ့အကြောင်း ပြောပြီး စက်ဘီးကို ကောက်ဆွဲပြီး အရှိန်ကုန်နင်းလာခဲ့တယ်.
ဘာတွေဖြစ်နေတာလဲ.
ဘယ်သူတွေနဲ့ တွေ့လို့လဲ.
ရင်တွေပူနေတာ မခံစားနိုင်တော့ဘူး ။
သူ ရောက်သွားတော့ ကိုကိုက တိုက်အောက်က ခုံတန်းလေးမှာ ထိုင်နေတယ်
သူ့ကို မြင်တော့ ကလေးတစ်ယောက်လို အတင်းပြေးဖက်ပြီး ငိုတော့တာပဲ
" ကိုကို.. ကိုကို ဘာဖြစ်တာလဲ
ပြော ကျွန်တော့်ကို ပြော "
" ယိပေါ်...
မေမေ.. မေမေလေ..
ဆုံးပြီ.. "
လွန်ခဲ့တဲ့ နှစ်နှစ်က တစ်ခါပဲ မြင်ဖူးခဲ့တဲ့ ကိုကို့မေမေရဲ့ ပုံရိပ်က ခေါင်းထဲပေါ်လာတယ်..
သူ မှတ်မိနေတာက ကိုကို့မျက်လုံးတွေက အန်တီ့ဆီက အမွေရထားတာမို့..
" ဘယ်လို ဖြစ်တာလဲ "
" မသိဘူး လှေကားထဲမှာ သွေးတွေနဲ့လဲနေတာ "
ကိုကို ရှိုက်သံတွေ ပိုကျယ်သွားတယ်.
" အခုရော.. အန်တီ ဘယ်မှာလဲ "
" ဆေးရုံက အအေးခန်းထဲမှာ
ဖေဖေ.. ဖေဖေလည်း မေမေ့ကို ဆေးရုံပို့ပြီးတည်းက ဘယ်ရောက်နေလဲ မသိဘူး "
ကိုကိုက သူ့ကို ဖက်ထားတာမှ တင်းကြပ်နေတာပဲ.
ဒါဆို နေ့လည်က.. နေ့လည်က သူ့ဆီမလာနိုင်တာ အဲ့ဒါကြောင့်ပေါ့ ?
သူ့ကိုယ်သူ ဆယ်ချက်လောက် ဆွဲထိုးပစ်လိုက်ချင်စိတ်တွေ ပေါက်လာတယ်.
ကိုကို ကူကယ်ရာမဲ့နေတဲ့ အချိန်မှာ သူ ရှိနေရမှာပေါ့ ။ အခု သူက အရေးမပါတာတွေကို လုပ်နေခဲ့သေးတယ် ။
" ကိုကို.. မကြောက်နဲ့တော့နော်
ကျွန်တော် ရောက်နေပြီ.. နော် "
တုန်နေတဲ့ ကိုကို့ကို ဖက်ပြီး ခေါင်းကို သာသာလေး ပုတ်ပေးလိုက်တယ်.
" ဘာလို့ အစောကြီးတည်းက ကျွန်တော့်ကို ဖုန်း မဆက်တာလဲ "
ကိုကိုက အသည်းအသန် ငိုနေတုန်းပဲ.
ကိုကို အရမ်းကြောက်နေခဲ့မှာပေါ့ ။
ဝ အောင် ငိုလိုက်ပါ..
ကျွန်တော် ရှိနေပေးမယ်.
~
တဖြေးဖြေး လင်းလာတဲ့ လမ်းမီးတွေ ။
ဒီည ကြယ်တွေစုံလားတော့ သူမသိဘူး။ အပြင်မှာ ကြာကြာ ထိုင်လို့မကောင်းဘူး အေးတယ်.
ဒါပေမယ့် အားရပါးရ ငိုပြီးသွားတဲ့ ကိုကိုကတော့ ခံစားချက်မရှိတဲ့အတိုင်း နေရာက
တစ်လက်မမှ မရွေ့ပဲ မလှုပ်မယှက် ထိုင်နေတယ်.
မုန်တိုင်းပြီးကာစ ငြိမ်သက်နေတဲ့ အခြေအနေလိုမျိုး..
သူ စောင်းငဲ့ကြည့်လိုက်မိတယ်. အအေးဒဏ်ကြောင့် ရဲနေတဲ့ ပါးတွေနဲ့ ငိုထားလို့ ရဲတောက်နေတဲ့ မျက်လုံးတွေ.
ဒီအခြေအနေအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။
ကိုကို့ ဖေဖေကိုလား..
နေ့ခင်းကြောင်တောင်ကြီးတောင် လူသတ်မှုကျူးလွန်လို့ရတဲ့ ဂျပန်နိုင်ငံရဲ့ ဥပဒေကိုလား..
နောက်ဆုံးမှာ ကံတရားကိုပဲ တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်မိတယ်။
အပြစ်မရှိတဲ့လူကိုပဲ ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ..
သူ ပြိုလဲကျနေတဲ့ ဒီလူကို ဘယ်လောက်တောင် ပြန်တည်ဆောက်ပေးထားခဲ့ရလဲ.
ဒီလိုပုံစံမျိုး ထပ်မမြင်ရတော့ဘူးလို့ ထင်နေခဲ့တာ.
" ဖေဖေ့ကြောင့် ဖြစ်တာ "
ကိုကို ဆီက ပထမဆုံးထွက်လာတဲ့ နာနာကျင်ကျင် စကားသံ ။
သူ ဘာပြောရမှန်းမသိဘူး. သူ့ နှလုံးသားဟာလည်း ကိုကိုနဲ့အတူ နာကျင်နေခဲ့တာမို့.
".. ဖေဖေကြောင့်၊ ငါသိတယ်
အဲဒါ ဖေဖေရဲ့ ဟိုလူတွေ လက်ချက်.
ပေကျင်းကို ပြန်လာပြီး အဖမ်းမခံလို့ ချောင်းတိုက်တာ.
လူယုတ်မာတွေ... "
ခုံတန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ကိုကို့ရဲ့ လက်တွေ ။ လက်ဆစ်တွေတောင် ရဲနေခဲ့ပြီ.
" ..တကယ်တော့ မေမေ့မှာ ဘာအပြစ်မှ မရှိဘူး
ငါ့ကို ဂရုမစိုက်ခဲ့တာပဲ ရှိတာပါ. ကျန်တာ ဘာမှ မပြစ်မရှိဘူး.. "
ဆုပ်ထားတဲ့ လက်တွေကို သူဖြေးဖြေးချင်း ပြေလျော့စေလိုက်တယ်.
" လက်ဆစ်တွေ နာနေလိမ့်မယ် "
ကိုကိုက သူ့လက်ထဲက လက်ကို ဆောင့်ရုန်းလိုက်တယ် ။ နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့.
" ယိပေါ်.. မင်း အခုဘာပြောလိုက်တာလဲ.
မေမေ တစ်ယောက်လုံး ဆုံးသွားတာကို ငါ ဘာမှမတတ်နိုင်ခဲ့လိုက်ဘူး.
ဖေဖေလည်း ပျောက်နေတယ်
ငါကတော့ ဒီနေရာမှာ သောက်ရူးလို ထိုင်ငိုနေတယ်
အဲ့လို.. အဲ့လို လူကို မင်းက အခု လက်ဆစ်နာမယ် ပြောနေတာလား.. "
ကိုကိုက သူ့ ရင်ဘတ်ကို ထုရိုက်တယ်. မျက်လုံးအိမ်မှာ မျက်ရည်တွေ ထပ်ဝေ့လာတယ်.
ကိုကို ခံစားနေရတာတွေ သက်သာမယ်ဆို ရိုက်ပါစေ. ဘယ်လောက် နာနာ ကိစ္စမရှိဘူး.
" ...ယိပေါ်ရာ ဝမ်ယိပေါ် ငါ့ကို တစ်ခုခု ပြောလိုက်ပါလား
ငါက ဘာမှအသုံးမကျတဲ့ကောင်
ခုချိန်ထိ ဘာမှ မယ်မယ်ရရ မလုပ်တတ်ပဲ
ကိုယ့်အိမ်အောက်မှာ မေမေ အသက်ခံရတာကိုတောင် မကာကွယ်ပေးနိုင်လောက်တဲ့ ကောင် ..
ငါ.. ငါက ဘယ်နေရာမှ မကောင်းဘူး "
ပြောနေရင်း ကိုကို့မျက်လုံးတွေ အရောင်ပြောင်း သွားတယ်. လက်တွေရဲ့ ဦးတည်ရာကလည်း သူ့ကိုယ်သူဆီ ပြောင်းသွားခဲ့တယ်.
ကိုကိုရယ် ။
သူ နာကျင်ရလွန်းလို့ ဘာအသံမှတောင် မထွက်နိုင်တော့ဘူး ။ ဒီလူ့ကို ကာကွယ်ပေးမယ် ဆိုတာ သေချာခဲ့ရဲ့လား. ရက်စက်တတ်တဲ့ ကံကြမ္မာဆီကလေ ။
ကိုကိုရဲ့ ဒီလို ပုံစံကို မြင်နေရတာ သူ့အတွက် ငရဲပဲ ။
" ...ငါက သောက်သုံးမကျတဲ့ ကောင် "
ကိုကိုက နာကျင်ရတယ်ဆို သူလည်း အဲဒီ့ နာကျင်မှုတွေနဲ့ ထပ်တူ နာကျင်နေခဲ့ရတာပါပဲ။ အဲဒါတောင် သူ ကိုကို့ ဒဏ်ရာတွေကို ခွဲယူလိုက်ချင်တယ် ။
ကိုယ့်ကိုကိုယ် ထုရိုက်နေတဲ့ လက်တွေကို အတင်း ဖမ်းချုပ်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်.
နည်းနည်းလောက်ဖြစ်ဖြစ် အနာသက်သာစေချင်တဲ့ စိတ်နဲ့..
ကိုကိုက " ငါက ဘယ်နေရာမှ မကောင်းဘူး.. " ဆိုပြီး တတွတ်တွတ်ရွတ်နေတုန်းပဲ ။
သူ ရောက်လာတာ အချိန်ကိုက် ဟုတ်ရဲ့လား ။
ခုနေ သူမရှိရင် ကိုကို ဘယ်လိုလုပ်မလဲ.
ရှိတော့ရော.. ကိုကို နာကျင်နေတာတွေ တကယ် သက်သာသွားရဲ့လား.
ကိုကို့ မျက်ရည်တွေအောက် သူ့ ရှိုက်သံတိုးတိုးလေး လွင့်စင်သွားခဲ့တယ် ။
သေချာပေါက် အဲဒီ့ညက ကြယ်ရောင်မစုံခဲ့ဘူး ။
_________