"ကျွန်မ ရောက်နေပြီနော် ဂျီဆူးရှီး"
" --- "
အရေးတကြီး ပြောစရာရှိလို့ဆိုပြီး လီဆာ့ဆီ ဖုန်းဆက်ချိန်းကာ ဆေးရုံနားက ကော်ဖီဆိုင်လေးကို လာခဲ့ရန် ဂျီဆူးကပြောလာတော့ Duty ပြီးတာနဲ့ တန်းပြီးလာခဲ့မိတယ်။ ဂျီဆူးက ရောက်ခါနီးပြီလို့ ပြောပေမယ့် အသံအနေအထားက သိပ်မဟုတ်ချင်တော့ စိတ်ထဲ နေမထိ ထိုင်မသာ။
ဂျီဆူးအသံက တုန်တုန်ရီရီနဲ့ တခုခုကို စိုးရိမ်နေသလိုမျိုးဆိုတာကို လီဆာ ခန့်မှန်းမိလိုက်တယ်။ ၁၀မိနစ်လောက်ကြာတော့ ဆိုင်ထဲဝင်လာတဲ့ ဂျီဆူးက လီဆာကို လှမ်းတွေ့ပြီး စားပွဲနားကိုလာကာ အရှေ့တည့်တည့်က ထိုင်ခုံလေးပေါ် ဝင်ထိုင်တယ်။
" ဘာသောက်မလဲ ဂျီဆူးရှီး"
"ရေခဲရေဘဲ သောက်မယ် "
လာချပေးတဲ့ ရေအေးအေးတွေကို တစ်ခွက်လုံးနီးပါး သောက်ချလိုက်တဲ့ ဂျီဆူးရဲ့ အပြုအမူကြောင့် အံ့ဩသင့်နေမိသည်။ ဘာတွေများ ဒီလောက်တောင် ရင်ပူလာရသလဲ။
ရေခွက်ကို စားပွဲခုံပေါ်လှမ်းတင်ပြီး ပိုက်ဆံအိတ်ထဲက စာရွက်တရွက်ကို ထုတ်ကာ လီဆာ့အရှေ့ကို ဂျီဆူးက ကမ်းပေးလာတယ်။
"ဒီ စာရွက်လေးကို တစ်ချက်လောက် ကြည့်ကြည့်ပါလား လီဆာရှီး "
" ဒီစာရွက်ကဘာလဲ ဂျီဆူးရှီး"
စာရွက်လေးကို လှမ်းယူပြီး ဂျီဆူးကို ပြောလိုက်ရင်းနဲ့ စာရွက်အခေါက်လေးကို ဖွင့်ကြည့်လိုက်တော့ စာရွက်ထဲမှာ ရေးခြစ်ထားတဲ့ ဆေးစစ်ချက်အဖြေကိုမြင်ပြီး ဂျီဆူးအား အလန့်တကြားနဲ့ လှမ်းကြည့်လိုက်မိသည်။
"ဒါဘယ်သူသောက်တဲ့ ဆေးလဲ။ မဟုတ်မှ ဂျီဆူး သောက်နေရတာလား "
" ကျွန်မ မဟုတ်ပါဘူး"
ပြောလက်စ,စကားကို ဆက်မပြောဘဲ ဂျီဆူးတစ်ယောက် အရှေ့မှာချထားတဲ့ ရေခွက်ကိုလှမ်းယူပြီး သောက်ချလိုက်ပြန်သည်။ ပြီးတော့ ဖုန်းကိုထုတ်ကာ လီဆာ့ရှေ့ကို ချပေးရင်း ပုံတစ်ပုံကို ပြလာတယ်။
"ဟင် ဒါ မမ သောက်နေတဲ့ဆေးဗူးမလား"
အဖြူရောင် ဆေးဗူးလေးကို ဓာတ်ပုံရိုက်ထားတဲ့ ပုံအား ဂျီဆူးက ပြလာတော့ ဘာကိုဆိုလိုမှန်း တကယ်ကို နားမလည်နိုင်ခဲ့။
"အဲ့စာရွက်က လွန်ခဲ့တဲ့ နှစ်,နှစ်ကျော်ကနေ အခုချိန်ထိ ဂျဲန်း သောက်နေခဲ့တဲ့ ဆေးရဲ့အဖြေပါ"
ကိုင်ထားတဲ့ကော်ဖီခွက်ဟာ ကြမ်းပြင်ပေါ်သို့ အစပ်စပ်အမွှာမွှာ ကျကွဲသွားရသည်ထိ ကြောက်လန့်တကြားနဲ့ တုန်ရီသွားခဲ့ရလေသည်။ လက်ထဲက ဆေးစစ်ချက်စာရွက်ကို အသည်းအသန်ပြန်ဖတ်ရင်း မျက်ရည်တွေဟာလည်း တားဆီးလို့ မရနိုင်လောက်အောင် ကျဆင်းလာခဲ့ရသည်။
"ဂျဲန်းရဲ့ ကျန်းမာရေးအခြေအနေက အရင်ကထက်ပိုပိုဆိုးလာတယ် လီဆာ။ သူ့ဆီမှာ ဒီရောဂါရှိနေမှန်း ကျွန်မလဲ မသိခဲ့ဘူး။ ဒီတိုင်းအားနည်းလို့ ရင်ဘတ်အောင့်တယ်ဘဲ ထင်နေခဲ့တာ။ ဂျဲန်းကလေ အရမ်းကို လျှို့ဝှက်လွန်းတယ်။ သူခံစားနေရတဲ့ ဝေဒနာတွေကို ဘယ်သူ့ကိုမှ ထုတ်ဖော်ပြလေ့မရှိဘူး"
မျက်ရည်တွေကို ပြန်သုတ်ရင်း စာရွက်လေးအား ပိုက်ဆံအိတ်ထဲသို့ ခေါက်ထည့်လိုက်သည်။
"ကျွန်မ ရအောင်ကုမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မမကို ရအောင်ကယ်မယ်"
"ကျေးဇူးပြုပြီး ဂျဲန်းကို အသက်ဆက်ရှင် နိုင်အောင် လုပ်ပေးပါ လီဆာရယ်။ ကျွန်မလဲ အစွမ်းကုန်ကူညီပါ့မယ် "
"မမ အသက်ရှင်ရမှာပေါ့။ သေချာပေါက်"
စကားတောင် ဆက်မပြောနိုင်ဘဲ ပါးစပ်ကိုလက်နဲ့အုပ်ကာ အရမ်းငိုနေတဲ့ လီဆာ့ကိုကြည့်ပြီး ဂျီဆူးကိုယ်တိုင်လဲ ဆို့နစ်မှုများနဲ့ မျက်ရည်တွေ စီးကျနေခဲ့မိသည်။
ဂျီဆူးတောင် ဒီလောက်ကြေကွဲနေရတာ ဂျဲန်းကို ငုံ့ထားမတက်ချစ်တဲ့ လီဆာသာဆို ဘယ်လောက်ထိတောင် နာကျင်ခံစားနေရမလဲ ဂျီဆူး ခန့်မှန်းကြည့်လို့ရပါတယ်။
"ကျွန်မကိုခွင့်ပြုပါဦး။ အခုလို ပြောပြပေးတဲ့ ဂျီဆူးကိုလဲ ကျေးဇူးတင်ပါတယ်"
"ရပါတယ် လီဆာရယ်။ မလိုပါဘူး "
ဆိုင်ထဲကနေ အပြင်ဘက်သို့ ပြေးထွက်ကာ ကားပေါ်သို့ လာခဲ့မိတဲ့ ခြေလှမ်းတွေသည် စိုးရိမ်ပူပန်ခြင်းများစွာနဲ့။
မမဆီ ဖုန်းဆက်လိုက်ပေမယ့် ဖုန်းကမကိုင်။ ရင်ထဲ တောက်လောင်လာတဲ့ မီးကြောင့် အိမ်ကို ဘယ်လို ရောက်လာမှန်း မသိရလောက်အောင် ကားကို ခပ်မြန်မြန်နဲ့ မောင်းလာခဲ့မိတာ။
မျက်ရည်တွေကြားထဲကနေ အိမ်ထဲသို့ ပြေးဝင်ရင်း မမကို နေရာအနှံ လိုက်ရှာပေမယ့် ဘယ်မှာမှမတွေ့ရ။ မမရဲ့ အဝတ်အစားတွေကတော့ ဒီအတိုင်းရှိနေခဲ့တာဆိုတော့ စိတ်သက်သာရာရပေမယ့် ကျန်းမာရေးမကောင်းတဲ့ မမကို စိုးရိမ်ပူပန်ရတဲ့ သောကမီးတွေက သူ့ အလိုလိုဝင်ရောက်လာခဲ့ပြန်ပါတယ်။
ဘယ်လိုမှ ကြံရာမရတဲ့အဆုံး မမ ရှိနိုင်မယ့် နေရာဆီသို့ ကားမောင်းကာ ထွက်ခဲ့လိုက်တော့သည်။
🍁
လက်ထဲဆုပ်ကိုင်ထားတဲ့ အဖြူရောင်စာရွက်လေးတစ်ရွက်ဟာ မိမိရဲ့ နှလုံးသားတွေကို တစစီဖြစ်သွားအောင် ဖြိုခွင်သွားနိုင်ခဲ့တယ်။ ဂျဲန်းနီရဲ့နှလုံးက Heart Failure ဆိုတဲ့ နောက်ဆုံးအဆင့်ကို ရောက်နေခဲ့ရပြီတဲ့လေ။ မိမိရဲ့ပေါ့ဆမှုတွေကြောင်ပေါ့။
လီလီသာ သိသွားခဲ့ရင်ဆိုတဲ့အတွေးတွေကို တကိုယ်ကောင်းဆန်ဆန် မောင်းထုတ်ရသည့်အခါ နာကျင်နေတဲ့ နှလုံးသားက ပိုမိုကာ နာကျင်လာရသည်။
လီလီနဲ့ စတွေ့ခဲ့တဲ့ နေရာလေးသဖြင့်လဲ အတူတူထိုင်ဖြစ်နေကျဖြစ်တဲ့ မေဘယ်လ်ပင်လေးအောက်က ဖြူလွလွ ခုံတန်းလျားလေးပေါ် လာထိုင်နေမိသည်။ မသေချင်သေးဘူးလို့ အော်ဟစ်နေပေမယ့် မိမိကိုယ်တိုင်က လက်လျော့ချင်နေခဲ့ပြီ။ လီလီ ကြေကွဲဝမ်းနည်းနေမှာကို မမြင်ရက်လို့ ဘာဆိုဘာမှမပြောတော့ဘဲ ဒီတိုင်းလေးသာ နေလိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့သည်။
တကိုယ်ကောင်းဆန်တာဟာ ချစ်ခြင်းမေတ္တာမမည်ပေမယ့် လီလီ့အပေါ်ကိုတော့ တကိုယ်ကောင်းဆန်ချင်နေမိသည်။ သူလေးကို သိပ်ချစ်တာမို့။ မိမိရဲ့မျက်စိရှေ့မှာ မိမိကြောင့်နဲ့ လီလီ ပူဆွေးသောက ရောက်နေတာမျိုး ဝမ်းနည်းကြေကွဲနေတဲ့ ပုံရိပ်တွေကို မြင်နိုင်ရန် အင်အားတွေဟာ တကယ်ကို မရှိပါဘူး။
တဖြုတ်ဖြုတ်ကြွေကျလာတဲ့ မေဘယ်လ် သစ်ရွက်လေးတွေ။ ကျဆင်းနေတဲ့ မျက်ရည်ဥတွေ။ နှုတ်ကနေ ထွက်ကျလာတဲ့ စကားတစ်ခွန်းဟာ ရင်ကွဲနာ ကျစွာဖြင့်။
"တောင်းပန်ပါတယ်ကွယ်။ မမ တောင်းပန်ပါတယ်။
နှလုံးသားရဲ့ စေညွန်းအရာအတိုင်း မမ ရှိနိုင်မယ့်နေရာသို့ လာခဲ့လိုက်သည့်အခါ အဝေးကနေ လှမ်းမြင်နေရတဲ့ မမဟာ စတွေ့တုန်းက ပုံစံလေးအတိုင်း မျက်လုံးတွေကိုမှိတ်ပြီး မျက်နှာကို အပေါ်သို့မော့ကာ သက်ပြင်းတွေချလို့ နေပြန်သည်။
အရင်တုန်းကတော့ ဘာလို့များ ဒီလိုပြုမူရသလဲ သေချာမသိခဲ့ပေမယ့် အခုတော့ မမ ဘာအတွက်ကြောင့် စိတ်ညစ်နေရသလဲဆိုတာ လီဆာသိခဲ့ရပါတယ်။
ခုံတန်းလျားလေးနားသို့ ဖြေးဖြေးချင်းသွားရင်း မမရှေ့မှာ မတ်တပ်လေးရပ်လိုက်မိသည်။ ခြေဖဝါးအောက် ရောက်ရှိနေတဲ့ မေဘယ်လ် ရွက်ကြွေလေးတွေကို အားနာမိတဲ့ စိတ်နဲ့ငုံ့ကြည့်လိုက်မိပေမယ့် မကောက်မိခဲ့ဘူး။
မျက်လုံးတွေ မှိတ်ထားဆဲဖြစ်တဲ့ မမဟာ စိတ်တွေပျံ့လွင့်နေပုံပါဘဲ။ လီဆာ ရောက်နေတယ်ဆိုတာကိုတောင် သတိပြုမိပုံ မပေါ်ဘူး။
မမရှေ့မှာ ဝမ်းနည်းနေတဲ့ အမူအယာတွေကို မပြချင်တာကြောင့် မျက်နှာကိုအတက်နိုင်ဆုံး ပြန်တည်ကာ နာနာကျင်ကျင်နဲ့ အပြုံးတစ်ခုကို မျက်နှာထက် ဖန်ဆင်းလိုက်ရသည်။
ခါးလေးကိုင်းကာ ခေါင်းလေးငုံ့ပြီး မမရဲ့ မျက်နှာလေးကို လေနဲ့မှုတ်လိုက်သည့်အခါ လွှင့်ခနဲဖြစ်သွားတဲ့ ဆံနွယ်စတစ်ချို့ရယ် တဖြေးဖြေးချင်း ဖွင့်ကြည့်လာတဲ့ မျက်လုံးလေးတွေနဲ့အတူ မမက လီဆာ့ကို နှစ်လိုဖွယ် ပြုံးပြလာပြန်ပါတယ်။
မမရဲ့ ဒီအပြုံးဟာ အရမ်းကို ဝမ်းနည်ကြေကွဲနေတဲ့ အပြုံးမျိုးပေါ့။ မျက်ဝန်းအိမ်ထဲမှာလဲ အရည်ကြည်တွေဟာ တလဲ့လဲ့။
"မမ ဒီမှာရှိနေတယ်ဆိုတာ လီလီဘယ်လိုသိလဲ"
မမရဲ့ဘေးကို ဝင်ထိုင်လိုက်ပြီး လက်လေးကို လှမ်းယူကာ နှလုံးသားရှိရာ ဝဲဘက်ရင်အုံဆီသို့ ဖိကပ်ထားလိုက်သည်။
"သူ လမ်းညွန်းပေးတာ။ သူ့ရဲ့ပိုင်ရှင် ဘယ်မှာရှိသလဲဆိုတာ သေချာသိနေပုံရတယ်"
မမက လီဆာ့ရဲ့ ပုခုံးပေါ် ခေါင်းလေးမှီချရင်း မျက်လုံးတွေ မှိတ်ထားပြန်ပါတယ်။ မမ ထိုင်နေတဲ့ ထိုင်ခုံရဲ့အစွန်းမှာ တင်ထားတဲ့ စာရွက်အဖြူလေးကို ဘာရယ်မဟုတ် အကြည့်ရောက်မိတော့ ဆက်ခနဲလှမ်းယူကာ ဖတ်ကြည့်လိုက်မိသည်။
ကမ္ဘာပျက်တယ်ဆိုတာ ဘယ်လိုပုံစံလဲ လီဆာမသိဘူး။ လီဆာ့ရဲ့ကမ္ဘာကတော့ ဒီစာရွက်ပေါ်က ဆေးစစ်ချက်အဖြေတွေကြောင့် တစ်စစီအစိတ်စိတ်အမွှာမွှာနဲ့ ကွဲကြေကာ ပျက်သုန်းသွားခဲ့ရပါတယ်။
ရင်ထဲစို့နင့်မှုတွေနဲ့အတူ နာကျင်သွားတဲ့ နှလုံးသားကြောင့် မျက်ရည်မကျမိအောင် အတက်နိုင်ဆုံးထိန်းချုပ်ရင်း
" မမ ဒါက ဘာလဲ"
ပုခုံးပေါ် မှီနေရာကနေ အလန့်တကြားနဲ့ လီဆာ့လက်ထဲက စာရွက်လေးကို မမ ကဆက်ခနဲ လှမ်းယူပြီး ပိုက်ဆံအိတ်ထဲ လုံးချေကာ ထိုးထည့်လိုက်သည်။
"ဘာ ဘာမှမဟုတ်ပါဘူး လီလီရဲ့ "
"မပင်ပန်းဘူးလား မမ ရယ်။ ကျွန်မကို အခုလိုမျိုးလိမ်နေရတာ နည်းနည်းလေးမှ မပင်ပန်းဘူးလားဟင်"
အံ့ဩသလို အကြည့်တွေနဲ့ မမက လီဆာ့ကို ကြည့်ရင်း မျက်ရည်တွေ စီးကျလာပြန်ပါတယ်။
" လီလီ သိနေခဲ့တာလား "
တုန်ရီနေတဲ့ နှုတ်ခမ်းတွေနဲ့ လီဆာ့ကိုငေးကြည့်ရင်း မမ ကပြောလာတော့ မျက်ရည်တွေကြားထဲကနေ ခေါင်းငြိမ့်ပြရသည်။
"ဒီနေ့မှ အကြောင်းစုံသိခဲ့ရတာပါ။ အဲ့တာကြောင့် ခလေးယူမယ်လို့ပြောတာလား။ ကျွန်မကို မမရဲ့ကိုယ်ပွားလေးနဲ့ ထားခဲ့တော့မယ်ဆိုပြီး တွေးနေခဲ့တာလား။ ဟမ်"
မမအပေါ် ဒေါသမထွက်မိအောင် အတက်နိုင်ဆုံး ထိန်းချုပ်ရင်း မျက်ရည်တွေကြားထဲကနေ ခပ်ကျယ်ကျယ်အသံနဲ့ ပြောလိုက်မိသည်။
"ဟုတ်တယ် လီလီ။ အဲ့တာ မမရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါ"
လီဆာ့ဆီမဟုတ်တဲ့ အခြားနေရာကို ကြည့်နေရင်း မမ ကပြောလာတော့ စိတ်တိုမိပေမယ့်လဲ နှလုံးသားက မရက်စက်နိုင်ခဲ့ပြန်။ ဒေါသတွေကို စိတ်ရှိတိုင်းပေါက်ကွဲပစ်လိုက် ချင်ပေမယ့် သေမတက်ချစ်ရတဲ့ မမအပေါ်ကို တစ်စက်ကလေးမှ မပြုမူရက်။
မမရဲ့ခန္ဓာကိုယ်လေးကို ညင်သာစွာ ဆွဲလှည့်လိုက်ရင်း ရင်ခွင်ထဲထည့်ကာ အနူးညံ့ဆုံး ပွေ့ဖက်ထားပေးမိတယ်။ မမရဲ့ ဆံနွယ်တချို့နဲ့ ဖုံးလွှမ်းနေတဲ့ နဖူးပြင်လေးကို အမြတ်တနိုးဖြင့် နမ်းရှိုက်ရင်း ထိုစကားတွေကို နာကျင်စွာ ဆိုမိသည်။
"ဘာလို့လဲဟင်။ ကျွန်မအနားမှာ အခုလိုမျိုးလေး နေနိုင်ဖို့အတွက် အကြောင်းပြချက်လေး တစ်ခုကိုတောင် မမ ဘာလို့များ မရှာနိုင်ရတာလဲ"
ရင်နာနာနဲ့ မေးလိုက်ခြင်း ဆိုပေမယ့်လည်း ငိုသံတွေနဲ့အတူ မမကိုချစ်တဲ့အချစ်တွေကြောင့် နူးညံ့မှုတွေကပါ ရောစပ်ကာ ပါဝင်နေခဲ့ပြန်သည်။
"မမ ရှာခဲ့ပါတယ် လီလီရယ်။ ဒါပေမယ့် ဘယ်လမ်းကိုဘဲ ရွေးချယ်ရွေးချယ် နာကျင်မှုက ပုံစံတူတွေဘဲ ဖြစ်နေခဲ့တယ်"
"အဲ့တော့ ဒီတိုင်း နှုတ်ဆိတ်ပြီးနေတော့မယ်လို့ မမ ဆုံးဖြတ်ထားခဲ့တာလား။ ကျွန်မ အနားကနေ တိတ်တဆိတ်နဲ့ ထွက်သွားဖို့များ မမ ကြံရွယ်နေခဲ့တာလား။ ဟမ် ဖြေလေ မမ"
ဂျဲန်းနီရဲ့ပုခုံးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လီလီတစ်ယောက် ဒေါသတွေ ထွက်နေပေမယ့် ဂျဲန်းနီကို ကြည့်နေတဲ့ အကြည့်တွေမှာတော့ အချစ်ရိပ်တွေ စိုးရိမ်စိတ်တွေ ဖြတ်ပြေးနေမှန်း မြင်တွေ့လိုက်ရပါတယ်။
နီရဲနေတဲ့ မျက်ဝန်းတွေအောက်က အဆက်မပြတ် ကျဆင်းနေတဲ့ လီလီ့ရဲ့ မျက်ရည်စက်လေးတွေကို လက်ချောင်းတွေနဲ့ သုတ်ယူလိုက်သည်။
"နာကျင်ရမယ်မှန်း သိသိကြီးနဲ့ မမ ကိုယ်တိုင်ကရော ဖွင့်ပြောရက်ပါ့မလား။ အခုတောင် မမကြောင့် လီလီ ခံစားနေရပြီလေ"
ဖက်ထားရာကနေ ပြန်ခွာရင်း မမရဲ့ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်မိုးကာ လက်ချောင်းလေးတွေဖြင့် မျက်ရည်တွေကို သုတ်ပေးနေမိသည်။
"နောက်မကျသေးပါဘူး မမ ရယ်။ ဆေးရုံမှာ ခွဲစိတ်မှုလုပ်ကြရအောင်နော်။ ကျေးဇူးပြုပြီး ကျွန်မ စကားကိုနားထောင်ပေးပါ"
"ခွဲစိတ်မှုက အောင်မြင်နိုင်ခြေ ၅၀ ၅၀ ဆိုတာကိုရော လီလီ သိရဲ့လား။ မမ မလုပ်ချင်ဘူး။ အသက်ရှင်ခွင့်ရနေသေးတဲ့ ဒီအချိန်လေးမှာ လီလီ့အနားမှာဘဲ နေချင်တယ်"
ခွဲစိတ်မှုလုပ်လိုက်လို့ တစ်ခုခုလွဲချော်သွားမှာကို တွေးပူပြီး မမ အရမ်းကြောက်နေမှန်း လီဆာသိနှင့်နေခဲ့ပါတယ်။ ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပေးပြီး မမနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်စေလိုက်သည်။
"ကျွန်မကိုဘဲ ကြည့်နေပေးပါ။ ယုံကြည်ပေးပါ။ မမ ဘေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်လေ။ မမ မရှိတဲ့ ဒီလောကကြီးထဲမှာ ကျွန်မကရော ဘယ်လို နှလုံးသားမျိုးနဲ့ အသက်ဆက်ရှင်ရမှာလဲ။ ကျေးဇူးပြုပြီး ခွဲစိတ်မှုလုပ်ဖို့အတွက် လက်ခံပေးပါ မမရယ်"
"ဟင့်အင်း။ တခုခုလွဲချော်သွားမှာ ကြောက်တယ်။ မမ မသေချင်သေးဘူး။ လီလီနဲ့အတူတူ ဒီတိုင်းလေး ရှိနေချင်သေးတယ်။ လက်ရှိအနေအထားလေးအတိုင်းဘဲ နေသွားကြရအောင်နော်"
"ကျွန်မ ကိုယ်တိုင် မမကိုခွဲစိတ်ပေးမှာပါ။ အဲ့တာကြောင့် လက်ခံပေးပါနော်။ ကျေးဇူးပြုပြီး ကျွန်မအတွက် မမ အသက်ရှင်ပေးပါ မမရယ်"
" လီလီရယ် မမ ဘယ်လိုလုပ်ရပါ့မလဲ"
လီလီ့ရဲ့ စကားလုံးတွေဟာ ငိုသံတွေကြောင့် လုံးထွေးနေခဲ့ပေမယ့် ဂျဲန်းနီကတော့ ရှင်းလင်းစွာ ကြားခဲ့ရပါတယ်။ မိမိတို့နှစ်ယောက်စလုံး မျက်ရည်တွေ ကြားထဲကနေ အပြန်အလှန်ပွေ့ဖက်ထားရင်း တစ်ယောက်ပုခုံးပေါ် တစ်ယောက်ကမှီကာ နာကျင်မှုတွေကြောင့် ငိုကြွေးနေခဲ့မိတယ်။
"ကျွန်မအတွက် အသက်ရှင်နေရမယ်လေ မမရယ်"
ဂျဲန်းနီကိုဖက်ပြီး အော်ငိုနေတဲ့ လီလီဟာ သိပ်ကို နာကျင်ခံစားနေရတယ်။ လောကကြီးက ရက်စက်လိုက်တာ။ ကျွန်မတို့နှစ်ယောက်ကိုမှ နည်းလမ်းအမျိုးမျိုးနဲ့ ခွဲခွာခြင်းတွေပဲ ဖန်တီးပေးနေခဲ့တယ်။
မိမိတို့ နှစ်ယောက် စတင်တွေ့ရှိခဲ့တဲ့ ဒီမေဘယ်လ်သစ်ပင်လေးအောက်မှာပဲ တစ်ယောက်ကို တစ်ယောက် တင်းကြပ်နေအောင်ပွေ့ဖက်ထားရင်း ရှိုက်ကြီးတငင်ငင် ငိုကြွေးနေမိတဲ့ ဒီပုံရိပ်လေးကို ဒီတစ်သက် ဘယ်တော့မှမေ့နိုင်တော့မည်မထင်ပါဘူး။
အမှတ်တရတွေက နာကျင်ရတယ်ဆိုပေမယ့်လည်း သတိရနေချင်လို့ နာကျင်မယ်မှန်းသိသိရက်နဲ့ မှတ်ထားနေခဲ့မိတာ။
အသက်ရှင်ရမည်။ လီလီ့အတွက် အသက်ရှင်နေချင်သည်။ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို လီလီ့အတွက် ဖန်တီးပေးချင်သေးသည်။
"အိမ်ပြန်ရအောင်နော် မမ "
ဂျဲန်းနီရဲ့ ပါးပြင်ပေါ်သို့ ကျဆင်းနေခဲ့တဲ့ မျက်ရည်စတွေကို သုတ်ပေးလာရင်း နဖူးပေါ်သို့ တယုတယနဲ့ ကျရောက်လာတဲ့ လီလီ့ရဲ့ နှုတ်ခမ်းတစ်စုံ။ အနွေးထွေးဆုံးပြုံးပြလိုက်တော့ မျက်ရည်တွေ ကြားထဲကနေ လီလီကလဲ တဖန် ပြုံးပြလာသည်။
ခုံတန်းလျားလေးပေါ်ထိုင်နေတဲ့ ဂျဲန်းနီကို လီလီက ဆွေ့ခနဲ ပွေ့ချီကာ ကားထားခဲ့တဲ့ နေရာဆီသို့ခေါ်ဆောင်သွားပြန်တော့ လီလီ့ရဲ့ လည်ပင်းလေးကို တင်းကြပ်နေအောင် ဖက်တွယ်ထားမိပြန်တယ်။
လီလီ့ဆီက မျက်ရည်တွေကိုမမြင်ချင်တာကြောင့် ပုခုံးပေါ်မျက်နှာအပ်ထားပေမယ့် ဂျဲန်းနီကိုယ်တိုင်လည်း အသံတိတ်ငိုကြွေးနေခဲ့မိတယ်။ နာကျင်ရပါတယ်။ သိပ်ကို နာကျင်ရတယ်။ သို့ပေမယ့် ဂျဲန်းနီ ခံံစားနေရတဲ့ဝေဒနာတွေဟာ လီလီ့ရဲ့ နာကျင်နေမှုတွေကို မမှီနိုင်ပါဘူး။
ဘဝမှာ သံယောဇဉ်ရယ်ဆိုလို့ လီလီဆိုတဲ့ ဒီမိန်းခလေးတစ်ယောက်ထဲဘဲရှိတာပါ။ တစ်ကောင်ကြွက် တစ်မျက်နှာဆိုတဲ့ မိမိရဲ့ဘဝထဲကို ရူးမိုက်စွာ တိုးဝင်လာရဲခဲ့တဲ့ လီလီ့လိုလူမျိုးကို ကျွန်မကရော ထားခဲ့ရက်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ လီလီ့စိတ်ကို မိမိသာ အသိဆုံး။ ကျွန်မ မရှိဘဲ လီလီ ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ သို့ပေမယ့်လည်း ရှေ့ဆက်ပြီး ရှင်သန်နိုင်အောင်တော့ အမှတ်တရတွေများစွာ ထားခဲ့ချင်ပါသေးတယ်။
ထိုအမှတ်တရတွေကို ပြန်တွေးရင် နာကျင်ရပေမယ့်လည်း ရှင်သန်ချင်လာအောင် ဖြောင်းဖြချင်ပါသေးတယ်။ ဒါဟာ တကိုယ်ကောင်းသိပ်ဆန်တဲ့ အချစ်ပဲပေါ့လေ။
ခက်ခဲတဲ့ရွေးချယ်မှု ဖြစ်နေခဲ့ရင်တောင် ကျွန်မ သိပ်ချစ်ရတဲ့ ဒီမိန်းကလေးကိုတော့ နေ့ရက်တစ်ရက်တာမှာ ခဏတာလောက်ပဲဖြစ်ဖြစ် စိတ်ချမ်းသာစွာနဲ့ ပျော်ရွင်နေစေချင်တယ်။ ဒါ သူ့အပေါ်ထားရှိတဲ့ နူးညံ့တဲ့မေတ္တာတရားတွေပါ။
ဒီအချစ်ကြောင့်မို့ဘဲ ကျွန်မရဲ့ဘဝဟာ အသစ်တဖန် ပြန်လည်ရှင်သန်လာတာဖြစ်တာမို့ ဒီအချစ်ကြောင့်ဘဲ ရှေ့ဆက်ပြီး အသက်ရှင်နေချင်သေးတယ်။
အချိန်အပိုင်းအခြား တစ်ခုလောက်ပဲ ဖြစ်ဖြစ်ပေါ့လေ။ ရှင်သန်ခွင့် ရသလောက်လေးတော့ ရှင်သန်ချင်ပါသေးတယ်။ ဒီအချစ်ကြောင့်။ ဒီမိန်းကလေးကြောင့်။ ဒီမိန်းကလေးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်။
🍁
ဆက်ရန်ရှိသေးသည်။
၉ ရက်နေ့။ ဇန်နဝါရီလ။ ၂၀၂၀။