(ဘယ်မှာလဲ)
(ဘယ်ချိန်ပြန်လာမှာလဲ)
(ဖုန်းကိုင်လေ ငါစိတ်တိုလာပြီနော်)
(စိတ်ပူနေပြီ ဘယ်ရောက်နေတာလဲ)
(တခုခုဖြစ်နေတာလား ငါလာခဲ့မယ်)
ပြန်စာမရှိတဲ့ စာတွေရော ဝင်ပါရဲ့နဲ့ မကိုင်တဲ့ ဖုန်းခေါ်ဆိုမှုတွေရောကြောင့် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတဲ့ ကြမ်းခင်းတောင် ကျွံသွားမလားပဲ။ နာရီလက်တံတွေ ပိုရွေ့လာလေ စိတ်တွေပိုပြီး အစိုးမရလာလေပဲ။ တခုခုများ ဖြစ်နေတာလား။ အိမ်ပြန်နောက်ကျရင် ကြားနေကျ အသံလေးဟာ နာရီလက်တံ ဆယ်ဂဏန်း ကိုရောက်တဲ့အထိ ပေါ်မလာခဲ့ဘူး။
ငါ့ရင်ဘတ်ထဲမှာ ရှိနေတာ မင်းပါ
အစွဲလမ်းကြီးခဲ့တာလည်း
မင်းလေးတစ်ယောက်သာ
"ဟယ်လို ဘယ်မှာလဲ
ဘာလို့ဖုန်းဆက်တာကို မကိုင်တာလဲ
စိတ်ပူနေမယ်ဆိုတာ မသိလို့လား"
သီးသန့်ဖုန်းသံနဲ့အတူ စိုးရိမ်စကားတွေက ခရားရေလွှတ် ထွက်လာတော့တာပဲ။
"ဇီ ဆိုတာလား အခု သူမူးနေလို့ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ကိုလာပို့တဲ့လမ်းမှာပါ ဖုန်းက အရမ်းဝင်နေလို့ အရေးကြီးတဲ့ဖုန်းထင်လို့ ကိုင်လိုက်တာပါ"
"ဟုတ်ကဲ့ အိမ်အောက်မှာ စောင့်နေပါ့မယ် အခုဘယ်နားရောက်နေပြီလဲ မသိဘူးနော်"
"ကျွန်တော်တို့ ပဲခူးကလပ်ကို ကျော်လာပါပြီဗျ အရမ်းလည်း စိတ်မပူပါနဲ့ "
ထုံးစံအတိုင်း ဘော်ဒါတွေနဲ့ သွားသောက်ပြန်တဲ့ ဇိုးပေါက်စ။သွားသောက်တာကို အပြစ်မပြောပေမယ့်လို့ အိမ်ပြန်နောက်ကျတာရယ် ဖုန်းမကိုင်တာရယ်ကတော့ ဒီတစ်ယောက် အရမ်းများသွားပြီ။
"လိုက်ပို့ပေးလို့ ကျေးဇူးပါ။"
ငမူးလေးကို လက်လွှဲယူလိုက်ပြီး ကျေးဇူးတင်စကား ခပ်ပြတ်ပြတ်ပြောကာ မီးမှိန်နေတဲ့လှေကားဆီ ခြေလှမ်းတွင်ဖို့ အားထုတ်ရပြန်တယ်။
နဂိုကတည်းက နှစ်ယောက်လုံးကို ပြောချင်ဆိုချင်ကြတဲ့ ရပ်ကွက် ပတ်ဝန်းကျင်ကြောင့် လက်ဝဲဘက်မှာမှီတွဲလာတဲ့ လူမှန်း သူမှန်းမသိနေတဲ့ ငမူးလေးကို မျက်မှောက်ကျုံ့ပြီး ကြည့်မိတယ်။အသက်ဝဝရှုပြီး အခန်းရှိရာအထပ်ကို သတိနဲ့ အသံတိတ်နိုင်သမျှတိတ်အောင် ကြိုးစားဆွဲခေါ်ခဲ့ရသေး။
လှေကားနံရံမှာ ခပ်သေးသေး ကိုယ်လေးကို ပေးမှီထားပြီး တံခါးဖွင့်ဖို့ သော့ထုတ်လိုက်တယ်။
"ဂျိ"
စလာပြီ။ အမူးတောင် အမူးပါးနော်။အိမ်ရှေ့ရောက်တော့မှ ထပြုံးပြီး လှမ်းခေါ်တာ။ဒုတိယအကြိမ်ကိုတော့ သူသိအောင် မျက်မှောင်ကိုတစ်ဆုံးကျုံ့ပြလိုက်တယ်။
သူ့ပုံစံအတိုင်း လက်ညှိုးကို နှုတ်ခမ်းထက်တင် ဇက်လေးပုသွားအောင် ငုံ့ချပြတယ်။
ပြီးတော့မှ "ဟီး" ဆိုပြီး ရှိသမျှသွားအကုန်ပေါ်အောင် ရယ်ပြတယ်။
စိုးရိမ်စိတ်တွေလည်း ချလိုက်တဲ့ သက်ပြင်းတွေနဲ့ အတူ အိမ်ရှေ့တံခါးဝမှာ ပြုတ်ကျကုန်ရော။
ပြောပါတယ်။ ဒီလူသားရဲ့စူပါ ပါဝါကခန့်မှန်းလို့မရအောင် ကြောက်ဖို့ကောင်းပါတယ်ဆိုတာ။
အခန်းထဲတစ်ခါတည်း သယ်ခဲ့ပြီး သက်တောင့်သက်သာဖြစ်အောင် အပေါ်ထပ် ရှပ်အင်္ကျီအကွက်ကို ချွတ်။ ခါးက ခါးပတ်ကို ဖြုတ်၊ နာရီကိုချွတ်ပေး၊ ကိုယ်လက်သန့်စင်ပေးဖို့ရာအတွက် ထပ်ပြီးလုပ်ငန်းစ။
တကယ်ပြောတာ သူကသာ သောက်တာ ဒီလူက အမြဲစိတ်ပူရ ဘာရနဲ့။
ရေစင်အောင်ညစ်ထားတဲ့ မျက်နှာသုတ်ပုဝါကြောင့် လည်ပင်းကိုပွတ်ပြီး တစ်ဖက်ကိုလှည့်သွားပြန်တယ်။ လုပ်လည်းလုပ်ပေးရသေးတယ် နိုးသွားမှာလည်းစိုးရသေးတာ။
သွေးကြောစိမ်းတွေနဲ့ ရှည်သွယ်သွယ်လက်လေးကို တယုတယကိုင်ပြီး သေချာ သန့်ရှင်းပေးနေမိတယ်။ ခံစားလို့ကောင်းလို့ထင်တယ် ဒီဘက်ပြန်လှည့်လာပြီး ကိုယ့်ရဲ့လက်ကို ပုဝါပေါ်ကနေ ထပ်ကိုင်လာတယ်။ သူပြောလိုက်တဲ့စကားကြောင့် ကိုယ့်လှုပ်ရှား မှုတွေဟာ ရပ်တန့်လို့။
" ချစ်တယ် ဇီ
ငါ့သူငယ်ချင်းလေး "
ချစ်တယ်တဲ့ အဲဒီ့စကားက မျှော်လင့်ထားတဲ့စကားဖြစ်ပေမယ့် နောက်ဆက်တွဲအနေနဲ့အသိစိတ်လွတ်ပြီး ထွက်ကျလာတဲ့ စကားကိုတော့ မူးနေချိန်မှာတောင် ကိုယ်နားမထောင်ချင်ခဲ့ဘူး။
ကိုယ်က သူငယ်ချင်းမှ မဖြစ်ချင်တာပဲ။
...........................................................................
ဒီညတော့ ထုံးစံအတိုင်း ညဉ့်နက်ဦးမယ်ထင်တယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကိုယ်ဟာ အယ်လ်ကိုဟောနဲ့ မတည့်သလို ကိုယ်တိုင်ကလည်း မကြိုက်လို့ မသောက်ဖြစ်။ စိတ်ညစ်စရာတို့ စဉ်းစားစရာတို့ ရှိလာရင်တော့ ကော်ဖီကြမ်းလေးတစ်ခွက်ဖျော်ပြီး
ဝရံတာမှာ ထိုင်ဖြစ်တယ်။ နားကြပ်လေး ကောက်တပ်ပြီး သီချင်းလေးဖွင့် လိုက်ညည်းနေမိတယ်။
နင်းလျှောက်ပါစေ မင်းခြေဖဝါး အသည်းကို
အချစ်တစ်ခုအတွက် ပေးဆပ်ရဲတာ
ဘဝမှာ အစားအလျော်မရှိပါ။
အယ်လ်လွန်းဝါရဲ့ အေးချမ်းတဲ့အသံချိုလေးထဲနစ်မျောလို့ သန်းခေါင်ကျော်သွားခဲ့တယ်။အဲဒီညက သီချင်းတစ်ပုဒ်ဟာ ထပ်ခါထပ်ခါလာနေခဲ့ပြီး ကောင်းကင်မှာ ကြယ်တွေစုံနေခဲ့တယ်။
...........................................................................
"ဇီရေ အားးးး ခေါင်းကိုက်လိုက်တာ"
ညဆယ်နာရီ ပြန်ရောက်တဲ့ ငမူးလေးဟာ မနက်ဆယ်နာရီမှာနိုးလာခဲ့တယ်။လူအရင်
မလာဘဲ အသံအရင် လာတဲ့ ဒီလူသားလေး အိပ်ရာထဲက လေးဘက်ကုန်းပြီး ထလာရဦးမယ်လို့တွေးမိပြီး ခေါင်းယမ်းလိုက်မိတယ်။
ခုံတွန်းလိုက်တဲ့အသံကြောင့် ရေချိုးခန်း
တန်းမဝင်ဘဲ ငုတ်တုပ်ထိုင်ပျင်းနေဦးမယ့်
ငမူးလေးကြောင့် မပြောဘူးလို့တွေးထားတဲ့ ပါးစပ်က စကားအချို့ထွက်သွားပြန်တယ်။
"ရေမချိုး မျက်နှာမသစ်ရသေးဘဲနဲ့
ငါ့ထမင်းစားပွဲမှာ လာမထိုင်နဲ့"
ရယ်တယ်။
ဖြူဖြူစင်စင်လေးနဲ့ကို ရယ်ပြနေတယ်။
"အင်း ဇီ ဘာဟင်းချက်နေတာလဲ
ဒီနေ့ off တာလား"
"ဟင် ဟင်လို့ စကားလည်း ပြန်မပြောဘူး စိတ်ကောက်နေတာလား"
"ဟိုးထား ဟိုးထားဆရာ သွားပြီနော်
ရေချိုးခန်းထဲအခုချက်ချင်းသွားပါပြီနော်"
ကိုယ်ရဲ့အကြည့်တစ်ချက်မှာ စကားတွေပေါက်ပေါက်ဖောက်ပြီး ရေချိုးခန်းထဲဝင်သွားတဲ့ စာကလေးကြောင့် ပိတ်ရက်မနက်ခင်းဟာ သက်ဝင် အရောင်စုံလာပြန်တယ်။
အရက်နာကျနေတဲ့ ငမူးလေးဖို့ အသင့်နှပ်ထားတဲ့ ကော်ဖီပူထဲ သံပုရာရည်ညှစ်ထည့်ပြီး ပေါင်မုန့်ကို ထောပတ်သုတ် မီးအေးအေးနဲ့ ကင်လိုက်ပေးထားလိုက်တယ်။နေ့လည်စာအတွက် ဟင်းချိုအိုး လက်စသတ်ပြီးချိန်မှာ ရေချိုးခန်းထဲကနေ ယုန်ဖြူလုံးလေးဟာ ပြန်ထွက်လာခဲ့တယ်။
အဝတ်အစားလဲပြီးရင် မနက်စာစားတော့မှာ သိလို့ ဧည့်ခန်းထဲမှာ စာအုပ်ဖတ်ရင်းနဲ့ ညတုန်းကကိစ္စ အခဲမကျေကြောင်း ဆန္ဒပြရသေး။
"အယ် စာတွေရော missed call တွေရော အများကြီးပဲ"
ပေါင်မုန့်ကိုကိုက်ရင်း ဖုန်းစစ်နေတဲ့ သူ့ဆီမှ အသံထွက်လာတယ်။ကိုယ့်ဘက်လှည့်လာပြီး မျက်နှာငယ်လေး နဲ့ပြောလာတယ်။
"ညက ဖုန်းဆက်မယ်ဆိုပြီး မေ့သွားလို့"
ခုနကတင် ရယ်နေပြီး အခုတော့
စိတ်မကောင်းတဲ့ပုံနဲ့ အတော်လည်းတတ်နိုင်တယ်။ အော်စကာ ဒင်းကို ပေးရမှာ။
တကယ်ပြောတာ ဖတ်နေတဲ့စာတွေလည်း သူထမင်းစားပွဲမှာ စထိုင်လိုက်ကတည်းက ဘယ်ဆီနေမှန်းမသိတော့ ။စာအုပ်က ဆန္ဒပြနေကြောင်း ပေါ်လွင်အောင် ဟန်ပြကိုင်ထားတာ။
အိကျသွားတဲ့ ဆိုဖာကြောင့် ကိုယ့်ဘေး သူရောက်လာမှန်း မကြည့်ဘဲ သိလိုက်ရတယ်။လက်မောင်းကို လာကိုင်တဲ့ လက်ဖဝါးနုနုလေးဟာ ဂရုစိုက်မခံရတဲ့အတွက် ပိုပြီးတင်းကျပ်သွားတယ်။
"ဇီ တကယ်တောင်းပန်တယ်ဟာ
ငါကို စိတ်မဆိုးပါနဲ့နော်"
"မနေ့က ငါ ကိုင်ရတဲ့ site က ပိုင်ရှင်ကိုအပ်တာလေ သူဌေးက သဘောကျပြီး ငါ့ကို လစာလည်း တိုးပေးလိုက်တယ်
ဘောနပ်စ်လည်ပေးသေးလို့ ပျော်ပြီး
အလုပ်ကဘော်ဒါတွေနဲ့ သွားသောက်ဖြစ်တာ"
"စိတ်မဆိုးနဲ့ကွာ ဇီ စိတ်ဆိုးရင် ငါမနေတတ်တာသိရဲ့နဲ့"
စာအုပ်ကိုင်ထားတဲ့ လက်ကြားထဲကနေ တိုးဝင်လာတဲ့ခေါင်းသေးသေးဟာ ကိုယ့်ရဲ့ပေါင်ပေါ်မှာ နေသား တကျ။ ကြောင်လေးတွေ သခင့်ပေါင်ပေါ်ဝင်ခွေနေသလိုမျိုး။
ရစ်ဝိုင်းလာတဲ့ မျက်ရည်ကြည်တွေကြောင့် ကိုယ့်မှာ စာအုပ်ကို ဟန်ပါပါနဲ့ဆက်မကိုင်နိုင်တော့ဘူး။
"နောက်ဆို နောက်ကျမယ်ဆို ဖုန်းဆက်
ကိုးနာရီအထိပဲ အပြင်ထွက်ခွင့်ရမယ်"
နဖူးပေါ်က ဆံပင်လေးကို သပ်တင်ပေးရင်းပြောတော့ ပြုံးနေတဲ့ ပါးချိုင့်လေးဟာ တကယ်အမြင်ကတ်စရာ။ အသည်းယားလာလို့ နဖူးတောက်မိတော့ ငရစ်ကောင်က ပြန်ပေါ်လာရော။
"နာတယ် သူ့အသားမဟုတ်တိုင်း" တဲ့
ညတုန်းက ကြယ်တွေကို မေးမိတယ်
သူငယ်ချင်းကို ချစ်မိရင် အပြစ်ရှိလားလို့
မဖြစ်သင့်တဲ့သူကို ချစ်မိရင် ဒဏ်ခတ်ခံရမှာလားလို့ပေါ့ မနေ့ညက ကြယ်သေတွေနဲ့အတူ အိပ်ရာဝင်နောက်ကျခဲ့တယ်။