ကူစူးလန်တစ်ခုလုံး တိတ်ဆိတ်နေသည်။
သာမန် တိတ်ဆိတ်ခြင်းမျိုးကားမဟုတ်.. ။ အားလုံးရဲ့မျက်နှာမှာ ပူပင်သောကတွေနှင့်။
မတွေးရဲသော.. မတွေးဝံ့သော အဖြေတစ်ခုကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေကြရသည်။
လန်ရှီးချန် ကျောက်စိမ်း ပုလွေရိုးကိုတင်းတင်းဆုပ်ကာ မေးကိုတင်းတင်းစေ့ထားသည်။ လန်ချီရန်လည်း အံကြိတ်ကာ လက်ကိုတင်းတင်းဆုပ်ရင်း မျက်စိရှေ့က မြင်ကွင်းကိုရင်နင့်စွာကြည့်နေသည်။
တစ်ဆောင်လုံး အပ်ကျသံမျှမကြားရလေအောင် တိတ်ဆိတ်နေကြပေမယ့်.. အခန်းထဲမှာ လူခြောက်ယောက်ရှိနေသည်။
လန်ချီရန်..လန်ရှီးချန်..မကြာသေးခင်ကမှ တရောသောပါးရောက်လာသည့် ယွင်မုန့်ကျန်း ဂိုဏ်းချုပ် ကျန်းဝမ်ရင်.. စစ်ကျွေး.. ကျင်းရီ....။
နောက်တစ်ဦးကတော့ ညောင်စောင်းလေးပေါ်မှာ အသက်ရှုသံ မမှန်တော့ပဲ.. မျက်နှာ ဖြူဖျော့ကာဝေဒနာကို အပြင်းအထန်ခံစားနေရသည့်..ဟန်ကွမ်းကျွင်းခေါ်..လန်ဝမ့်ကျီးရယ်ပါ။
အားလုံးရင်ထဲက မချိတင်ကဲအော်သံတွေက..
တကယ်ပဲ မကယ်နိုင်တော့ဘူးလား...?
စစ်ကျွေး တစ်ယောက် အံကြိတ်ကာ မျက်ရည်သုတ်ရင်း ဟန်ကွမ်းကျွင်း၏ နဖူးပြင်မှချွေးစတို့ကို သုတ်ပေးနေသည်။
ခေါင်းရင်းက အမွှေးတိုင်လေးက တစ်လက်မခန့်မျှကျန်သော မီးစာလေးသာကျန်တော့သည်။
သုံးတိုင်မြောက် နောက်ဆုံးအမွှေးတိုင်လေး...
သို့မဟုတ်..
ဟန်ကွမ်းကျွင်း ရဲ့ နောက်ဆုံးသော အသက်ရှင်သန်နိုင်ခွင့် အချိန်အတိုင်းအတာတစ်ခု။
ဟန်ကွမ်းကျွင်း ရဲ့ လက်ထဲမှာတော့ အစ်ကိုတော် ဝေ့ ပေးခဲ့သည့် ဆံထိုးလေးကိုတင်းတင်းဆုပ်ထားသည်။ နာကျင်လာလေ..တင်းတင်းဆုပ်ထားလေပင်။ ပါးစပ်ကတော့ တည်ကြည်သောကျောက်စိမ်းအရှင်ပီသစွာ..ညည်းသံသဲ့သဲ့မှ မထွက်ပါပေ။
မစောလွန်းဘူးလား ကံကြမ္မာရယ်...!
၃၇ နှစ် မည်သည် နုပျိုသည့်စွမ်းအင်ခွန်အားတို့နှင့် ဝေဆာနိုင်သေးသည့်အရွယ်ပါ။
ရုတ်တရက် အသက်ရှုသံမြန်လာပြီး..တဖြည်းဖြည်းဖျော့တော့သွားသည်...။
စစ်ကျွေးအလန့်တကြားနှင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
စိုးရိမ်တကြီးနှင့် ဇယ်ဝူကျွင်းဘက်မော့ကြည့်တော့လည်း မျက်ရည်တွေနှင့် သူ့ညီငယ်ကို မချိတင်ကဲကြည့်နေရာက အနားကိုပြေးလာပြီး လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"ဝမ့်ကျီး..! ညီလေး..!"
ဆံထိုးကို ကျစ်နေအောင်ဆုပ်ထားသည့် လက်က ပြေလျော့သွားပြီး..အနိမ့်အမြင့်ဖြစ်နေသည့် ရင်ဘက်ကငြိမ်သက်သွားသည်။
တုန်ယင်နေသည့် လက်ချောင်းတို့ဖြင့် ညီငယ်၏နှာဝအနီးသို့ လက်လှမ်းလိုက်သည်။
"ဝမ့်ကျီးရယ်...."
မချိတင်ကဲ ရေရွတ်လိုက်သံနှင့်အတူ ညီငယ်၏ ရင်ဘတ်ပေါ်သို့ မျက်ရည်တစ်စက်ကြွေကျသွားသည်။
ကျန်းချန်အံကြိတ်ကာ ဓားရိုးကိုတင်းတင်းဆုပ်ထားသည်။
စစ်ကျွေး နှင့် ကျင်းရီတို့ ငိုရှိုက်သံကို မထိန်းနိုင်ကြတော့။
ဦးရီးတော် လန်ချီရန် လည်း မျက်ရည်တွေကျကာအံကြိတ်ထားသည်။
"အစ်ကို ဝေ့..ကို မစောင့်တော့ဘူးလား..
ဟန်ကွမ်းကျွင်းရယ်...."
ကျင်းရီ ၏ မချိတင်ကဲ ရေရွတ်သံ...။
တိမ်လွှာနန်းမြိုင်၏... ရင်နင့်ဖွယ်ရာ ခွဲခွာခြင်းမှာ..ပုလွေသံလေးတိတ်ဆိတ်နေသလို..ပုလွေပိုင်ရှင်လေးလည်း ရှိမနေခဲ့ပါပေ..။
"ဝေ့ သခင်လေးကို အစ်ကို ဘယ်လိုပြောရပါ့မလဲ ဝမ့်ကျီးရေ...! "
လက်ထဲက နဖူးစည်းလေးကိုတင်းတင်းဆုပ်ကာ မျက်ရည်တွေကျနေရင်း...
"လန်ကျန့် ကို ဇယ်ဝူကျွင်းလက်ထဲ ခဏအပ်ထားမယ်နော်...ပြန်လာမှ ပြန်ရွေးတော့မယ် .!"
မသွားခင်က ရယ်မောကာ ပြောသွားခဲ့သည့် ဝေ့ သခင်လေး၏ စကားသံများကို ပြန်ကြားမိသည်။
"အခါနှောင်းသွားပြီ ဝေ့ သခင်လေးရယ်..."
စမ်းချောင်းလေးအနီးက သစ်ပင်လေးတစ်ပင်အနီးမှာ အုတ်ဂူဖြူဖြူလေးတစ်ခုက တစ်စုံတစ်ဦးကို တိတ်တဆိတ် စောင့်မျှော်နေသည့် အသွင်ဖြင့်ငြိမ်သက်စွာရှိနေသည်။
တိမ်လွှာနန်းမြိုင်က လန်ဝမ့်ကျီး၏ ဆန္ဒအတိုင်း ထိုနေရာလေးမှာ မြှုပ်နှံပေးခဲ့သည်။
အုတ်ဂူလေးပေါ်မှာတော့...
ဟန်ကွမ်းကျွင်း၏ အမည်နှင့်အတူ... အစ်ကိုတော် လန်ရှီးချန်၏ အောက်မေ့သတိရစာသားလေးပါ ရှိနေသည်။
🥀 ရင်နှင့်အမျှ လွမ်းဆွတ်ရသည်
မျှော်ရစ်လေဦးတော့ ချစ်ညီငယ်...🥀
မျှော်ရလေသူက အုတ်ဂူလေးဆီ..ပြန်မလာခဲ့ပါ...။
၅ နှစ်.. ၁၀ နှစ် .. အနှစ် ၂၀ အထိကြာသွားခဲ့သည်။ ဝေ့ဝူရှန်း ပြန်မလာခဲ့...။
သိုင်းလောကမှပါ အပြီးအပိုင်ပျောက်ကွယ်သွားသည်မို့...
ဟန်ကွမ်းကျွင်းရဲ့ သေဆုံးခြင်းကို သူ သိသွားခဲ့လေသလား...? အသက်ရှင်လျက်ရော ရှိသေးရဲ့လား.... ဘယ်သူမှမသိကြ။
ဟန်ကွမ်းကျွင်း ၏ ဈာပနမတိုင်ခင်အထိ ကျန်းချန် ရော ဝမ်းနင်ပါ မြေလှန်မတတ် ရှာပါသော်လည်း ဝေ့ဝူရှန်း ကို ရှာမတွေ့ပါ။
.........
သတင်းအစအနတစ်ခုတစ်လေမှ မရဘဲ
ပျောက်ကွယ်သွားတာ အခုဆို အနှစ် ၂၀ လုံးလုံးပင် ရှိခဲ့ပြီ။
ကျင်းလင်ဆို အခု ဒုတိယဂိုဏ်းချုပ်ပင် ဖြစ်နေပြီ။ ဦးလေးဖြစ်သူကို မရပ်မနားရှာဖွေဆဲပင်။
ဟန်ကွမ်းကျွင်း၏ အုတ်ဂူကိုနေ့တိုင်း သန့်ရှင်းရေးလာလုပ်သည့် စစ်ကျွေး နှင့် ကျင်းရီ။
အုတ်ဂူဆီ ခါတိုင်းလိုရောက်လာကြတော့ အုတ်ဂူနားက မြက်ခင်းလေးပေါ်မှာ အနီရောင် ပန်းတစ်စည်းကို တွေ့ရသည်။
အဲဒီလူ လာသွားပြန်ပြီလား..?
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။
ဒီ နှစ် ၂၀ အတောအတွင်း..သူတို့ နေ့တိုင်းရောက်လာပေမယ့် ထိုလူကိုဘယ်တော့မှ မတွေ့ခဲ့ရ..။
ဘယ်လိုလူမျိုးမို့ ဟန်ကွမ်းကျွင်းဆီ နှစ် ၂၀ လုံးလာ .. ပန်းစည်းတွေထားပြီး...လူကိုတော့ တစ်ခါမှ မတွေ့ရတာလဲ..?
(နာမည်က မြန်မာလိုရေးရခက်လို့ ပုံလေးနဲ့ပြမယ်နော်.. ဒီပန်းလေးကိုသဘောကျလို့ ဒီပန်းကိုပဲရွေးဖြစ်တာပါ။ အဓိပ္ပာယ်လေးပါ ထည့်ထားပါတယ်)
*********
လွန်ခဲ့သော နှစ် ၂၀ က ...
ဝေ့ဝူရှန်း တစ်ယောက် ဟန်ကွမ်းကျွင်းကို ပေးမည်ဟူသော အတွေးနှင့် မြက်ခင်းစိမ်းစိမ်းပေါ်ထိုင်ကာ လက်ထဲက စန္ဒကူးသားလေးကို ဓားတိုလေးနှင့်ထွင်းနေသည်။ တစ်ခုလုံးကို အနုစိတ်ထွင်းနေရင်း.. အစွန်းတစ်ဖက်မှာ တိမ်တောင်တက်လခြမ်းပုံစံလေးကို အသေအချာအချောသတ်ရင်း အလုပ်ရှုပ်နေသည်။
အနားမှာ ယုန်ဖြူလေးတွေ ပတ်လည်ဝိုင်းရင်း သူ့ပေါင်ပေါ်ခုန်တက်သည့်ကောင်နှင့်... သူ့လက်တစ်ဖက်ကို နှာခေါင်းလေးတရှုံ့ရှုံ့နှင့် လာတိုးနေသည့်ကောင်နှင့်။
လက်ကိုလာတိုးနေသည့် ကောင်ကလေးကိုမကာ အောက်သို့ချလိုက်ပြီး
"ကဲ..မရှုပ်ပါနဲ့ကွာ..မင်းတို့ အဖေကြီးအတွက် လုပ်နေတဲ့ဟာကို မရှုပ်နဲ့နော် လိမ္မာတယ်..."
ယုန်လေးကို မောင်းထုတ်ရင်း ဟန်မပျက်ဆက်ထွင်းနေသည်။
ဟန်ကွမ်းကျွင်းမသိအောင်လုပ်ချင်တာကြောင့် ကျောင်းပြန်ဖွင့်မည့်ကိစ္စ.. သူ့ အစ်ကိုတွေ ဦးလေးတွေနှင့် တိုင်ပင်နေတုန်း မြက်ခင်းဘက်ထွက်လာပြီး လုပ်နေခြင်းဖြစ်သည်။
ပုံစံလေးပေါ်လာပြီး အချောသတ်ကိုင်ပြီးဖြစ်တာမို့ ဆံထိုးလေးကို မျက်စိရှေ့ထားကာ သေချာကြည့်နေစဉ်...
"ဝေ့ရင်း..".
ညင်သာသောခေါ်သံနှင့်အတူ ခပ်အေးအေးလျှောက်လာသည့် စန္ဒကူးရနံ့လေးကြောင့် ဆံထိုးလေးကို ခပ်သွက်သွက်နှင့် ရင်ဘတ်ကြားသို့ထိုးထည့်လိုက်သည်။
"လန်ကျန့်.."
"ဘာလုပ်နေတာလဲ.."
"ဒီမှာလေ.. မင်း ကလေးတွေနဲ့ စကားပြောနေတာ.."
ယုန်လေးတွေကိုမေးငေါ့ပြရင်း ပြောလိုက်သည်။ လန်ဝမ့်ကျီးက နူးညံ့စွာပြုံးရင်းခေါင်းကိုအသာလေး ပွတ်ပေးသည်။
"ကျောင်းက ပြန်ဖွင့်တော့မှာလား..?"
"အင်း..နောက် ၂ ပတ်လောက်ကြာရင်.."
ဝေ့ရင်းက ခေါင်းညိတ်ရင်း တစ်ခုခုကိုသတိရသွားသလို တွေးရင်းပြုံးသွားသည်။
မကြာခင် တိမ်လွှာနန်းမြိုင်လည်း ကလေးတွေနှင့် ပြန်လည်စည်ကားလာတော့မည်။
သူ့အတွေးတွေကိုသိနေသည့်ဟန်ဖြင့် လန်ကျန့်က ခပ်ပြုံးပြုံးသာကြည့်နေသည်။
"နေ့လည်စာ စားကြမယ်လေ.."
နှစ်ယောက်သားလက်တွဲကာ အဆောင်ဆီပြန်လျှောက်လာကြသည်။
"ဒါနဲ့ လန်ကျန့်.. အားချင်ဆီ သွားမယ့်ကိစ္စ.. မင်း လိုက်လို့ဖြစ်ရဲ့လား...?"
လန်ကျန့်က နှုတ်ဆိတ်ရင်း စဉ်းစားနေဟန်ရှိသည်။
"မအားရင်လည်း တကူးတကလိုက်မပို့ပါနဲ့...အခုက မင်္ဂလာဆောင်မှ မဟုတ်သေးတာ..စေ့စပ်ရုံပဲဆိုတော့ ငါတစ်ယောက်တည်းသွားလည်း ဖြစ်ပါတယ်.."
" ဝေ့ရင်း.."
"မင်္ဂလာဆောင်မှ လိုက်တော့...နော်.. အခုက ကျောင်းပြန်ဖွင့်ဖို့ကိစ္စ ဂိုဏ်းကိစ္စတွေနဲ့..အချိန်လုလုပ်နေရတာမျိုး ငါလည်းမဖြစ်စေချင်ဘူး..ငါ့ဘာငါပဲ သွားလိုက်မယ်..နှစ်ရက်ပဲဟာ.. နော်.."
လန်ကျန့်က ခေါင်းညိတ်သည်။
"လိမ္မာတယ်..."
လန်ကျန့် ပါးလေးကိုပွတ်ရင်း သူပြုံးကာပြောလိုက်သည်။
......
"ဂရုစိုက်နော်.."
ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"လန်ကျန့်..."
ပြောပြောဆိုဆိုနှင့် သိုင်းဖက်လိုက်ရင်း ခေါင်းမှာ ဆံထိုးလေးကိုစိုက်ပေးလိုက်သည်။
"ဝေ့ရင်း..ဒါက.."
လန်ကျန့်က ခေါင်းကိုပြန်စမ်းရင်း အံ့သြသလိုလေးနှင့် ကြည့်နေသည်။
"မင်းအတွက် ငါကိုယ်တိုင်လုပ်ထားတာ...ငါမရှိတဲ့စပ်ကြား..ငါ့ကိုသတိရနေအောင်လို့..သတိရမှာလား ပြော..!"
သူက ရွှတ်နောက်နောက်ပြောတော့ လန်ကျန့်က ခပ်ပြုံးပြုံးနှင့် ခေါင်းညိတ်ပြသည်။
ထွက်ခါနီး ဇယ်ဝူကျွင်းပါ လာနှုတ်ဆက်သည်မို့ သူပြန်ပြီး ကျီစယ်လိုက်သေးသည်။
"လန်ကျန့် ကို ဇယ်ဝူကျွင်းလက်ထဲ ခဏအပ်ထားမယ်နော်...ပြန်လာမှ ပြန်ရွေးတော့မယ် .!"
ဇယ်ဝူကျွင်းကလည်း ရယ်သည်။
တချို့သော နှုတ်ဆက်ခြင်းတွေဟာ..တစ်ဘဝစာဖြစ်မယ်မှန်း သူ သိခဲ့ရင်...(သို့မဟုတ်) သူတို့ အားလုံးသာ သိခဲ့ရင်..ဒီခရီးကို သူထွက်ခဲ့မိမည်မဟုတ်ပါ..။
*******
လန်ဝမ့်ကျီးတစ်ယောက် ဂိုဏ်းအနီးဝန်းကျင်ကို ချထားသည့်စည်းတွေကို သေချာလိုက်လံစစ်ဆေးနေသည်။
လုပ်ရိုးလုပ်စဉ်မို့ သူတစ်ယောက်သာ ဆင်းလာခဲ့ခြင်းဖြစ်သည်။ ဝေ့ရင်းသာရှိနေရင်တော့ နှစ်ယောက်အတူပေါ့..။
"လန်ကျန့်..!"
နားထဲမှာ ဝေ့ရင်း၏ ခေါ်သံလိုလို ကြားလိုက်ရသည်။
ညနေစောင်းမို့ နေကဝင်ကာစ..ပတ်ဝန်းကျင်က မှောင်ရီပျိုးအချိန်..။
ဆတ်ကနဲ ပြန်လှည့်ကြည့်မိပေမယ့်.. သူ ဘာမှမတွေ့ ။
"လန်ကျန့်.. !"
အသံက အဝေးကလိုလို..အနီးမှာလိုလိုနှင့် ပဲ့တင်ထပ်နေသလိုမျိုး..။
ဓားရိုးကို တင်းတင်းဆုပ်ရင်း..သူ အာရုံကိုစုစည်းထားသည်။ ဝေ့ရင်းကို သူလွမ်းဆွတ်သည်မှန်ပေမယ့်..ထင်ယောင်ထင်မှား ကြားမိလောက်အောင်အထိတော့...ဟန်ကွမ်းကျွင်းက သတိလွတ်တတ်သူမဟုတ်။
မကောင်းတာတစ်ခုခုက ဝေ့ရင်း အသံကိုသုံးပြီး သူ့ကိုလှည့်စားတာမျိုးလားဟုသာ..သူ တွေးလိုက်သည်။
ချီရှန်းဝမ်ဂိုဏ်းကျဆုံးပြီး.. ကျင်းကွမ်းယောင် သေဆုံးပြီးသည့်နောက်ပိုင်းကစပြီး ကြီးကြီးမားမား မကောင်းဆိုးဝါးကောင်မျိုး သူ မတွေ့မိသေး..။
မရှိတာမျိုးကား မဟုတ်။ လောကမှာ သူ မကြုံတွေ့ဖူးသေးသည့် မိစ္ဆာမျိုး မကောင်းဆိုးဝါးမျိုးလည်း ရှိနေတတ်သည်ပဲ။
မျက်လုံးစုံမှိတ်ထားရင်း အသံ၏ဇစ်မြစ်ကို အာရုံခံကြည့်သည်။
"လန်ကျန့်..ငါပါ.."
"ဝေ့ရင်း..!"
သူ့ အရှေ့တည့်တည့်က အသံမို့ဓားကိုအသင့်ပြင်ရင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့ရှေ့တည့်တည့်က အခိုးအငွေ့လိုလို.. လေဟာနယ်တစ်ခုလိုလို..အမဲရောင်ကြေးမုံပြင်မှာ ပေါ်နေသည်က ဝေ့ရင်း မှ ဝေ့ရင်းပါပေ..။
"လန်ကျန့်...ပြန်တော့.. အခုချက်ချင်း ပြန်တော့.."
သူ့ကို စိုးရိမ်တကြီး သတိပေးနေသည့် လူက သူ့ရဲ့ ဝေ့ရင်းမှန်း သူသေချာသိသည်။
"ဝေ့ရင်း..ဘယ်လိုဖြစ်တာလဲ...?..ဒါက...."
"အချိန်မရှိဘူး လန်ကျန့်.... အပေါ်ကို မြန်မြန်တက်.... ဘာသံကြားကြား နောက်ပြန်လှည့်မကြည့်နဲ့..... ငါဖြစ်နေရင်တောင် ပြန်မကြည့်နဲ့...!!"
ပြောပြီး သူ့အရှေ့က မြင်ကွင်းက ပြန်ပျောက်သွားသည်။
ဝေ့ရင်းက စိုးရိမ်တကြီးအသံဖြင့် သူ့ကိုပြောနေခြင်းဖြစ်သည်။
မနက်ကမှ သူကိုယ်တိုင် တောင်အဆင်းအထိ လိုက်ပို့ခဲ့တာပဲ...အခု ဝေ့ရင်းက သူ့အရှေ့ကိုပြန်ပေါ်လာပြီး သတိပေးနေတာက..ဘယ်လိုကိစ္စမျိုးလဲ..?
ဝေ့ရင်း..တစ်ခုခုဖြစ်နေပြီ..!!
ဓားကိုတင်းတင်းဆုပ်ရင်း ဖြစ်လာတော့မည့်တစ်ခုခုကို သူ အဆင်သင့်စောင့်နေသည်။
မကြာမီ လေကိုထိုးခွင်းလာသံနှင့်အတူ အနားမှာ အမဲရောင်အငွေ့တွေက အရှိန်နှင့်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
တိုက်ခိုက်သံလိုလို အငွေ့တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး.....
ထိုအငွေ့ကြားထဲမှ တိုးထွက်လာသည့် ဓားသွားတစ်လက်..!!
သူ ထိုဓားသွားကို သူ့ဓားနှင့်ခတ်ထုတ်ပစ်လိုက်သည်။
"အ..!"
လွင့်စင်သွားသံနှင့်အတူ တစ်ဖက်က ညည်းသံက....
"ဝေ့ရင်း..!"
တကယ် ဝေ့ရင်း အသံပါပေ။
ဒါဖြင့်..အစောက ဓားပိုင်ရှင်က ဝေ့ရင်းလား..!?
လန်ဝမ့်ကျီး ဓားကိုပြန်ရုတ်လိုက်ပြီး ထိုပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် အမဲရောင်ကြေးမုံပြင် ထပ်ပေါ်လာမည့်အချိန်ကို စောင့်သည်။
ပုံရိပ်တွေက အထပ်ထပ်..ဝေဝေဝါးဝါးကြားမှာ အုတ်ဂူတစ်ခု ကို သူလှမ်းမြင်ရသည်..။
ပြီးတော့ ကျောခိုင်းထားသည့် အင်္ကျီ မည်းနှင့် လူကြီးတစ်ယောက်..။
ဘာတွေလဲ..!!?
သူ သေချာမစဉ်းစားနိုင်ခင်..ထိုပုံရိပ်ကပြန်ပျောက်သွားပြီး...ဓားသွား နှစ်ခုထိခတ်သံနှင့်အတူ သူ့ဆီပြေးဝင်လာသည့် ဓားတစ်လက်..။
သူ ဓားနှင့်ပြန်အချိန်မှာ မျက်စိရှေ့မှာပေါ်လာသည်က ဝေ့ရင်း၏ ဓားကိုင်ထားသည့်ပုံရိပ်။
ထိုပုံရိပ်က သူ့ဆီကို အားနှင့် ပြေးဝင်လာနေသည်ကို သူ မင်သက်ကာကြည့်မိစဉ် မြန်လွန်းသည့် ဓားက သူ့နှလုံးသားဆီမှာ ဖောက်ထွင်းကာစိုက်သွားသည်။
"လန်ကျန့်..!!"
ဓားကိုင်ထားသည့် ဝေ့ရင်း ၏ တုန်လှုပ်ခြောက်ခြားသော အော်သံနှင့်အတူ.... စူးအောင့်လာသည့် နာကျင်မှုက သူ့ကိုလဲကျသွားစေသည်။
သူ သတိမလစ်ခင် နောက်ဆုံးတမိသည်က
"ဝေ့ရင်း.."
~~~
တစ်ဖက်မှာ...ခရီးထွက်လာရင်း သချိုင်းဟောင်းဖြစ်ခဲ့ဖူးသည့် ကွင်းပြင်ကိုအဖြတ်မှာ..လေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည့် ဝေ့ဝူရှန်း...။
ဒီနေရာက ဘယ်နေရာလဲ..။
သူ့လက်ထဲမှာ ပုလွေ နှင့် အင်းကွက်ကလွဲ ဘာမှရှိမနေ..။
ပုလွေကို တင်းတင်းဆုပ်ရင်း ထို မကောင်းသော အငွေ့အသက်တွေ ရနေသည့် ဒီနေရာက... အမဲရောင်အငွေ့တွေ လွှမ်းနေသည့် ခြောက်ကပ်နေသော လွင်တီးခေါင်မြေလို..နေရာမျိုး..။
မကြာမီ အရှေ့မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ပုံရိပ်ယောင်တွေက တဖျပ်ဖျပ်နှင့်...။
"လန်ကျန့်..!"
ပုံရိပ်ထဲမှာ လန်ကျန့်ပုံရိပ်တွေကိုလည်း မြင်ရသည်။
အတိတ်က ပုံရိပ်တွေရော...သူ မမြင်ဖူးသည့် နေရာဒေသတွေရော..လူတွေရော တဖျတ်ဖျတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ကြေးမုံလို ပုံရိပ်ယောင်များ...။
ဒါက ဘယ်လိုနေရာလဲ..?
ထိုစဉ် သူ့ဆီ ပြေးဝင်လာသော ဓားတစ်လက်ကြောင့် သူကဗျာကယာ ကိုယ်ကိုယိမ်းကာ ရှောင်တိမ်းလိုက်ပေမယ့် လက်မောင်းကို ရှပ်ကာထိပြီး သွေးတချို့ လွင့်စင်သွားသည့် ပုံရိပ်တစ်ခုမှာ လန်ကျန့်ပုံကို မြင်လိုက်ရသည်။
ဂိုဏ်းအနီးတောစပ်တစ်နေရာမှာ လှည့်လည်စစ်ဆေးနေသော ပုံမျိုး..။
ဘာမှန်းမရေရာသေးခင်မှာပင်.. ခေါင်းမှာ သူ မနက်ကမှ စိုက်ပေးခဲ့သည့် ဆံထိုးလေးကိုမြင်လိုက်ရတာကြောင့် လက်ရှိအချိန်ကိုဖော်ပြနေမှန်း သူသိလိုက်သည်။
"လန်ကျန့်..!"
ဒါဖြင့်..သူ တကယ်ပဲ လန်ကျန့်ကို လှမ်းမြင်နေရတာလား။
လန်ကျန့်က သူ့ဘက်လှည့်လာစဉ် မြင်ကွင်းက ပြန်ဝါးသွားသည်။
သူ စိုးရိမ်သွားမိသည်။
ဘာကြောင့် လန်ကျန့်ဘက်ကို လှမ်းမြင်နေရသလဲ..?
လန်ကျန့် တစ်ခုခုများ ဖြစ်တော့မှာလား သူစိုးရိမ်သည်။
ဒီတိုင်းဆို ထိုနေရာမှာနေလို့ လန်ကျန့်အတွက် ကြာကြာမလုံခြုံနိုင်..။
"လန်ကျန့်..!"
သူ နဲ့ လန်ကျန့် နဲ့ ကြားက အချိတ်အဆက်က ဘာကြောင့်များ ဖြစ်ပေါ်လာရသလဲ..သူအဖြေမထုတ်တတ်။ သေချာတာက လန်ကျန့်အတွက် အန္တရာယ် ရှိနေနိုင်သည်ပင်။
သူ ထင်သည့်အတိုင်းပင်...သူ့ဆီပြေးဝင်လာသည့် ဓားသွားတွေကို ရှောင်တိမ်းရင်း တရိပ်ရိပ်ပြေးနေသည့် ကြေးမုံပြင်မှာ မြင်လိုက်ရသည်က ဓားကိုင်ထားသည့် သူ့ပုံစံက သူကိုယ်တိုင်မဟုတ်သလို ကောက်ကျစ်သည့်မျက်နှာပေးနှင့် လန်ကျန့်အနီးမှာ လှည့်ပတ်ကာကြည့်နေသည်ကို မြင်ရသည်။
မဖြစ်ဘူး..!!
ဖျတ်ကနဲ ပြန်ပေါ်လာသည့် ကြေမုံပြင်တစ်ခုမှာ လန်ကျန့်ကိုမြင်ရသည်က မျက်စိမှိတ်ကာ အာရုံခံနေသည့် ဟန်မျိုး..ဘယ်အချိန်ပြန်ပျောက်သွားနိုင်မလဲ မသိတာကြောင့်
"လန်ကျန့် ငါပါ..!!"
"ဝေ့ရင်း..!"
လန်ကျန့်က ဓားကိုအသင်ပြင်ရင်း မျက်လုံးဖွင့်ကြည့်လာသည်။
"လန်ကျန့်...ပြန်တော့.. အခုချက်ချင်း ပြန်တော့.."
လန်ကျန့်က သူ့ကို အံ့သြကာကြည့်နေရင်း စိုးရိမ်တကြီးနှင့် မေးလာသည်။
"ဝေ့ရင်း..ဘယ်လိုဖြစ်တာလဲ...?..ဒါက...."
"အချိန်မရှိဘူး လန်ကျန့်.... အပေါ်ကို မြန်မြန်တက်.... ဘာသံကြားကြား နောက်ပြန်လှည့်မကြည့်နဲ့..... ငါဖြစ်နေရင်တောင် ပြန်မကြည့်နဲ့...!!"
ပြောလို့ပင် မပြီးသေး သူ့အရှေ့က မြင်ကွင်းက ပြန်ပျောက်သွားပြန်သည်။
ပြေးဝင်လာသည့် ဓားသွားတွေက အဖက်ဖက်မှ လာနေသည်။ သူ ရှောင်းရင်း တိမ်းရင်း ဓားတစ်လက်ကိုသူရိုက်ချလိုက်ပြီး ကောက်ကိုင်လိုက်သည်။
ထိုစဉ်ပုံရိပ်အားလုံး ပျောက်ကွယ်သွားပြီး ဝုန်းကနဲပြန်ပေါ်လာသည့် အမဲရောင်အခိုးအငွေ့ကြားမှ ထွက်လာသူက.....
လန်ကျန့်..!!
လန်ကျန့်က သူ့ကို ဓားနှင့်ယမ်းလာတာကြောင့် သူရှောင်တိမ်းလိုက်ရသည်။ ဘာမှန်းမသိ၍ ပြန်လည်းမတိုက်ရက်နိုင်။
ရှောင်လိုက်ပေမယ့် သူ့ရင်ဝကို ပစ်ကန်လိုက်သည့်ကန်ချက်ကြောင့်....
"အ..!"
နာကျင်သွားပေမယ့် သူ့ရှေ့က ဓားကိုင်ထားသည့် လန်ကျန့်ကမျက်နှာမပျက်..မျက်လုံးတွေက ရက်စက်သည့် သဘောကိုဆောင်နေသည်။
ဒါ...လန်ကျန့် မဖြစ်နိုင်..။
သူ သေချာမစဉ်းစားနိုင်ခင်မှာပင်..အရှိန်နှင့်ပြေးဝင်လာသည့် လန်ကျန့်ဓားကို သူပြန်ခတ်ထုတ်ပစ်လိုက်တော့ ထိခတ်သံနှစ်ခုက ကျယ်လောင်စွာထွက်ပေါ်လာသည်။
တစ်ဖက်က ပုံရိပ်မှာ လန်ကျန့်ကိုနောက်ကျောက ဓားကိုင်ရင်းချဉ်းကပ်နေသည့် သူ့ကိုယ်ပွားပုံစံကြောင့် လန်ကျန့်အတွက် စိုးရိမ်စိတ်က ဆောင့်တက်သွားပြီး ပြေးသွားဖို့လုပ်စဉ်...
အရှေ့မှာ လန်ကျန့်ကိုယ်ပွားက ရပ်ကာပိတ်နေသည်။ ဒီပုံရိပ်ကို ရှင်းပစ်နိုင်မှသာ လန်ကျန့်ကိုကယ်နိုင်မည်ကို သိလိုက်တာကြောင့် တစ်ဖက်က ဓားနှင့်ချိန်ကာဝင်လာသည့် လန်ကျန့်ကို သူ့ဘက်ကလည်း မျက်လုံးစုံမှိတ်ကာ ဓားကို ချိန်ရွယ်ရင်း ပြေးတွေ့လိုက်ပေမယ့်...
အနီးရောက်မှ ဖျတ်ကနဲ ပျောက်ကွယ်သွားသည့် အဖြူရိပ်အစား... ခန္ဓာကိုယ်တစ်ခုကို စိုက်မိသည့် အထိအတွေ့ကြောင့် အလန့်တကြားဖွင့်ကြည့်လိုက်တော့
"လန်ကျန့်..!!"
လန်ကျန့်၏ နှလုံပေါ်ကို စိုက်ဝင်နေသည်က သူကိုင်ထားသည့် ဓားဖြစ်နေသည်။
လန်ကျန့်ကနာကျင်စွာဖြင့် မျက်နှာရှုံ့သွားပြီး သူ့ကို အံ့အားတသင့်ကြည့်ရင်း လဲကျသွားသည်။
"ဝေ့ရင်း...."
သတိမမေ့ခင် ခေါ်သွားသည့်အသံလေးနှင့်မရှေးမနှောင်းပင် ပုံရိပ်က ပြန်ပျောက်သွားသည်။
"လန်ကျန့်..!!"
သူ ရင်နင့်စွာ အော်ဟစ်မိသည်။ လက်ထဲက လန်ကျန့်သွေးတို့ စွန်းပေနေသည့် ဓားကိုသူနာကျည်းစွာကြည့်မိသည်။
"ငါ..ငါ လန်ကျန့်ကို သတ်လိုက်တာ..ငါ သတ်လိုက်တာ.....!!..လန်ကျန့်..လန်ကျန့်..!! .."
ကယောင်ချောက်ချားနှင့် ရေရွတ်ရင်း ဓားကိုင်ထားသည့် လက်တွေက ဆတ်ဆတ်တုန်လာသည်။
ထိုစဉ် ဟက်ဟက်ပက်ပက် ရယ်မောသံကြီးက သူ့ဝန်းကျင်မှာ ပဲ့တင်ထပ်လာပြီး အစောက မကောင်းဆိုးဝါးလန်ကျန့်ပုံက သူ့ရှေ့မှာဓားကိုင်ရင်း ပြန်ပေါ်လာသည်။
"မင်း..!!"
ဓားနှင့် ချိန်ရွယ်ထားပေမယ့်..သူမထိုးနိုင်..။ အရှေ့က လန်ကျန့်ကတော့ လက်နောက်ပစ်ကာရပ်နေရင်း မထီတထီပြုံးကာ ကြည့်နေသည်။
"ဘာလဲ...! ထိုးချင်လို့လား..လာလေ..မင်း လုပ်ရက်ရင် လုပ်လိုက်ပေါ့..!"
ဟန်ကွမ်းကျွင်းနှင့် မလိုက်ဖက်စွာ အသံရော ဟန်ရောက ကောက်ကျစ်စဉ်းလဲဟန်အထင်းသား ပေါ်နေသည်။
"မင်း..!! မင်း..ဘာလို့ လန်ကျန့်ကို..!!"
"ဟား..ဟား..သေချာစဉ်းစားပါဦး ဝေ့ဝူရှန်း ရဲ့.. မင်းရဲ့ လန်ကျန့်ကို မင်းပဲသတ်လိုက်တာလေ.. ငါ ဘာမှ မလုပ်ရသေးပါလား..."
"မကောင်းဆိုးဝါးကောင်..ဟန်ဆောင်မနေနဲ့.. သတ္တိရှိရင်..မင်း ပုံစံအမှန်ကိုပြလိုက်စမ်း..!!"
"ဟား..ဟား..ဟား..ဟား..."
သဘောတကျ ခေါင်းမော့ကာ ဟားတိုက်ရယ်လိုက်သံနှင့်အတူ အရှေ့က အဖြူရောင်နှင့် လန်ကျန့်ပုံရိပ်က ပျောက်ကွယ်သွားပြီး ပေါ်လာသည်က သူမသိသည့် လူတစ်ယောက်..ပုံစံ။
ပုံပျက်ပန်းပျက်နှင့် သူ့ပုံစံက ခက်ထန်တင်းမာမှု နှင့် မုန်းတီးစက်ဆုပ်မှုတွေက.. မျက်လုံးတွေမှာပေါ်နေသည်။
"မင်းက..?"
"အေးပေါ့..ပြုလုပ်သူက မမေ့ပေမဲ့..ခံရတဲ့သူကတော့ ဘယ်မေ့လိမ့်မလဲ.... "
"မင်းက ဘယ်သူလဲ..!! ဘာလို့ ငါတို့ကိုဒီလိုလုပ်တာလဲ..ပြောစမ်း..!!"
ဓားနှင့် ချိန်ထားရင်း နာကျင်စွာမေးလိုက်သည်။
" ရိလင်လောင်ဇူဘဝနဲ့ သောင်းကျန်းခဲ့တုန်းက.... မင်းကြောင့် သေခဲ့ရတဲ့သူတွေ ဘယ်လောက်များခဲ့တယ် ထင်သလဲ ဝေ့ဝူရှန်း...!? မင်း အခုတောင် ငါ့ကို မှတ်မိလို့လား..ငါ့ကိုသိလို့လား....!! ငါက..အဲလိုသေခဲ့ရတဲ့ သူတွေထဲကတစ်ယောက်ပဲ.. ! ငါ့ရဲ့ မကျေမချမ်းနိုင်တဲ့ စိတ်ကြောင့်မကောင်းဆိုးဝါးဘဝနဲ့ စောင့်ခဲ့သမျှ.... အခုတော့ မင်းက ငါ့အခွင့်အရေးထဲကို တန်းဝင်လာတာပဲ...ဟား..ဟား..."
သူ ဘာမှပြန်မပြောနိုင်..မှတ်လဲမမှတ်မိ..။
သူ မှားခဲ့သမျှတွေက..ပြန်မတွေးချင်လောက်အောင် များပြားခဲ့သည်ကိုး..။
ဒါပေမဲ့..သူ့ကြောင့်နဲ့ လန်ကျန့်ကို ထိခိုက်ရတာတော့..!!!
"မင်း မကျေနပ်ရင် ငါ့ကိုလုပ်လေ..!!! ဟန်ကွမ်းကျွင်းက ငါ့အပြစ်နဲ့ ဘာမှမဆိုင်တဲ့သူ.. မင်းရဲ့ သေဆုံးခြင်းနဲ့လည်း ဘာမှမဆိုင်တဲ့သူပဲဟာ..!! မင်း ဘာလို့ သူ့ကိုပါ.."
" ငါလည်း သူ့ကို မလုပ်ချင်ပါဘူး.. ဒါပေမယ့် သူကလည်း မင်းဘက်က ပါခဲ့တဲ့သူပဲ.. အပြစ်ကြီးတဲ့ မင်းကို သိသိလျက်နဲ့ ကာကွယ်ခဲ့တဲ့သူပဲ.... အခု ငါက မရည်ရွယ်ပဲ သူပါပါသွားရုံလောက်ပဲ..မဆိုးပါဘူး..ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိတာပေါ့..!!"
"မင်း..!!"
"အဲဒီ တံခါးကို ဖွင့်ခဲ့တာ မင်းပဲ ဝေ့ဝူရှန်း.. မင်းပဲ မင်းသွေးနဲ့ဖွင့်ခဲ့လို့ သူ့ဘက်ကိုပါ ရောက်သွားခဲ့တာ..ဒီနေရာက ဘာလဲဆိုတာရော မင်းသိရဲ့လား..!! သေခြင်းနဲ့ ရှင်ခြင်းကြားက ကြားခံနယ်မြေကို မင်းရောက်နေတာပဲ ဝေ့ဝူရှန်း .... မင်း အစောကမြင်ခဲ့တာတွေက မင်းရဲ့ ကံကြမ္မာတံခါးချပ်တွေပေါ့.. အားလုံးက မင်းရဲ့အချိန်ကာလနဲ့ အဖြစ်အပျက်ကိုပဲ ပြနေချိန်မှာ ထွက်သွားခဲ့တဲ့ မင်းရဲ့ သွေးတချို့ကြောင့် လက်ရှိအချိန်မင်းစိတ်ကအမြင်ချင်ဆုံးသူဆီမှာ တံခါးချပ်က ပွင့်သွားခဲ့တာ.... ငါက အဲဒီအပေါ်မှာ နည်းနည်းလှည့်စားလိုက်ရုံပဲ.... "
"မဖြစ်နိုင်ဘူး .. ငါ ဒီနေရာကို မရောက်ခင်က သွေးမှမထွက်ခဲ့တာ..."
တုန်လှုပ်ရင်း ရေရွတ်မိသည်။ သူ့ဆီကို နောက်ကျောမှာ ဓားဖွက်ရင်း လျှောက်လာသည့် ထိုလူကို သူအာရုံမစိုက်နိုင်...။
"ဒီကို ရောက်လာတာတော့ .. မင်း သွေးကြောင့် မဟုတ်ပါဘူး...မင်း နဲ့ သက်ဆိုင်တဲ့သူက သွေးကိုသုံးပြီး ဖွင့်ခဲ့လို့သာ ဒီနေရာက မင်းဆီမှာ ပွင့်လာတာပဲ... "
သက်ဆိုင်သူ..? ဘယ်သူက သက်ဆိုင်သူလဲ..?
တစ်လှမ်းချင်းတိုးလာသည့် ခြေလှမ်းနှင့် ထိုလူ့ ပြောစကားတွေက သူ့ခေါင်းထဲ ချာချာလည်နေသည်။
"အဟင်း..ကြည့်ရတာ မင်းရဲ့ အမျိုးအဆွေထဲမှာတောင် မင်းကိုမုန်းတီးနေတဲ့သူ ရှိနေတာထင်ပါရဲ့..ငါက အခွင့်အရေးကို အခန့်သင့်ကြုံခဲ့တာပဲ..ကဲ.. အခု.."
ပြောရင်း ဓားကိုမြှောက်ကာ စိုက်ချတော့မည့်ထိုလူ၏ လက်ကိုသူ မင်သက်ကာကြည့်နေမိစဉ် ထိခတ်သံတစ်ခုနှင့်အတူ.. လွင့်ထွက်သွားသည့် ထိုလူကို အမည်းရောင်အင်္ကျီ နှင့် လူကြီးတစ်ဦးက ဓားနှင့်အားကုန်သုံးကာ ထိုးစိုက်လိုက်တာကြောင့် ..နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုလူ့ကိုယ်က အခိုးအငွေ့အဖြစ်ကို ပျောက်ကွယ်သွားသည်။
"သွားကြမယ် ကောင်လေး.."
ထိုလူကြီးက ပြောပြီး သူ့ကို လှည့်မကြည့်ပဲ အရှေ့ကထွက်သွားသည်။
"ခင်..ခင်ဗျားက ဘယ်သူလဲ..! ကျွန်တော်က ဘယ်ကိုသွားရမှာလဲ..!?"
အနောက်က တရောသောပါးပြေးလိုက်ရင်း မေးလိုက်သည်။
"ငါ ဘယ်သူလဲ မင်းသိဖို့မလိုဘူး..အဓိကက မင်း အပြင်ပြန်ထွက်ဖို့ပဲ မဟုတ်ဘူးလား.."
"ခင်..ခင်ဗျား အပြင်ပြန်ထွက်လို့ရမယ့်နည်းကို သိတယ်ပေါ့....?"
သူ ဝမ်းသာအားရ မေးလိုက်သည်။ သူ လန်ကျန့်ဆီ ပြန်နိုင်တော့မည်..!
"နှစ် ၂၀ လုံး ရှာခဲ့ရတာပဲ....သိပြီပေါ့.."
"နှစ် ၂၀ ..!! ခင်ဗျားက ဒီထဲမှာ နှစ် ၂၀ တောင်ကြာခဲ့တာလား..ဘယ်လိုဖြစ်တာလဲ..? ဒါဖြင့် ကျွန်တော်ဘယ်လို ရောက်လာတာလဲဆိုတာရော ခင်ဗျားသိတာလား....? အစောက..."
"ကျစ်..မင်း တကယ်များတဲ့ကောင်ပဲကွာ.."
ထိုလူကြီးက အရှေ့ကနေ စိတ်လိုက်မာန်ပါသွားနေရာမှ သူ့ဘက်ကို ဆတ်ကနဲ ပြန်လှည့်လာပြီး စိတ်ဆိုးမာန်ဆိုးပြောသည်။
မျက်နှာဖုံးအုပ်ထားသည်မို့ မျက်နှာကို မမြင်ရပေမယ့်... သူ့ကိုကြည့်နေရင်း မျက်လုံးထဲက စိတ်မရှည်သည့် အရိပ်အယောင်တွေက ပြေလျော့သွားပြီး...
"အေးလေ.... မင်းလည်း အပြစ်တင်လို့မရပါဘူး......ငါပဲ ဟာကို.."
"ဘယ်လို..ခင်ဗျား ပြောတာ ကျွန်တော်နားမလည်ဘူး...ခင်ဗျားက.."
"ကောင်လေး.. ငါ စိတ်မရှည်ဘူးကွ.. အချိန်က အရေးကြီးနေတဲ့ဟာ မင်းစကားတွေ ငါ ပြန်မဖြေနိုင်ဘူး.. မင်း လန်ကျန့်ကို မကယ်ချင်ဘူးလား...!!"
"လန်ကျန့်..ခင်ဗျားက လန်ကျန့်ကို သိနေတာလား....? ခင်ဗျားက ဘယ်လိုလုပ်သိနေရတာလဲ....!? ဒီနေရာက ခင်ဗျားနဲ့ ဘယ်လိုပတ်သက်.."
"ကျစ်..ပါးစပ်ပိတ်ထားစမ်းပါကွာ..!! "
ပြောပြောဆိုဆို နှင့် လက်ဖျောက်တစ်ချက်တီးကာ သူ့ကိုငြိမ်သက်စေပြီး ကျောက်ရုပ်ဖြစ်သွားသည့် သူ့ကို ထိုလူကြီးက ပုခုံးပေါ်တင်ကာ ထမ်းသွားသည်။
"အခုမှ စကားများတာ ဘယ်လောက်နားညည်းမှန်း ငါသိတော့တယ်.. ဟန်ကွမ်းကျွင်း ဘယ်လိုများ သည်းခံခဲ့ပါလိမ့်...?"
ထိုလူကြီးက သူ့ကိုထမ်းရင်း ပါးစပ်က ညည်းညူသည့်အပြောကို သူပြန်မပြောနိုင်..ဒီလူကြီးက လန်ကျန့်ကို ဘာလို့ရင်းနှီးသလိုပြောနေရတာလဲ.... ?
မကြာမီ တစ်နေရာသို့အရောက် သူ့ကိုပုခုံးပေါ်မှ ချလိုက်သည်။
မိုးကုတ်စက်ဝိုင်းစွန်းလိုနေရာမျိုး... အရောင်တွေတဖိတ်ဖိတ်လက်နေသည်။
ထိုလူကြီးက သူ့လက်ကိုကိုက်ဖောက်ကာ သွေးစက်တွေပက်လိုက်တော့ ထိုနေရာမှာ အစောက မကောင်းဆိုးဝါးကောင်ပြောခဲ့သည့် တံခါးချပ်တွေပေါ်လာသည်။
သူတို့အတိတ်က ကျောင်းတက်နေသည့်ပုံ..ရေသရဲဖမ်းနေသည့်ပုံ..တောထဲမှာ အမဲလိုက်နေသည့်ပုံ...စသည်ဖြင့်..တစ်နေရာအရောက် သူမြင်လိုက်ရသည့် အရာက....
"ဒါက..!!"
"ဟုတ်တယ်..သူပဲ..."
"သူ့ဆီ သွားလို့ရမလား..? ဦးလေး ခုနကပြောတာ ပြန်ထွက်လို့ရတယ်ဆိုတော့.. သူ့ဆီကိုလည်း သွားလို့ရလောက်မလားလို့.."
" အကြာကြီးတော့ နေလို့မရဘူး.. အချိန်က သိပ်မကျန်တော့ဘူး"
"ကျွန်တော် သူနဲ့ ခဏလောက် စကားပြောရုံလေးပါ.."
"အချိန်သိပ်မရဘူး ကောင်လေး.. တစ်ကနေ ၃၀ အထိရေပြီးရင် မင်းပြန်လာရမယ် ..
သူ ခေါင်းညိတ်ပြလိုက်သည်။
ထို လူကြီးက သူ့သွေးနှင့် ထိုပုံရိပ်နေရာကိုပက်လိုက်တော့ ပုံရိပ်နေရာကတံခါးချပ်က လူတစ်ကိုယ်စာ ရှည်လျားသော ဝင်ပေါက်လိုဖြစ်သွားသည်။
သူ ကျေးဇူးတင်စွာ ဦးညွှတ်လိုက်ပြီး ပြေးဝင်လိုက်သည်။ အချိန်သိပ်မရဘူးမလား..။
"ကောင်လေး.."
သူ့ရှေ့မှာ ဒူးထောက်နေသည့် အသက် ၆ နှစ်အရွယ်ကောင်ကလေးကို သူ ညင်သာစွာခေါ်လိုက်သည်။
ကောင်ကလေးက သူ့ကိုမော့ကြည့်လာသည်။ အံ့သြဟန်မျက်လုံးလေးတွေက သူရင်းနှီးနေသည့် မျက်လုံးလေးတွေပါပဲ..။
"ဒီလိုနေရင် အအေးမိမှာပေါ့ကွာ.. မင်း မေမေလည်း ဘယ်စိတ်ကောင်းပါ့မလဲ... မေမေက အခု ပိုကောင်းတဲ့နေရာတစ်ခုကို ခရီးထွက်သွားတာပါ..."
ကောင်လေးအနားမှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
"ပိုကောင်းတဲ့နေရာ..?"
"အင်း... အဲဒီနေရာမှာ မေမေက မင်းကိုကြည့်နေတယ်.. ဦးကိုလွှတ်ပြီး ပြောခိုင်းလိုက်တာ..ဝမ့်ကျီးလေးကို ဒီနေရာမှာအကြာကြီး မနေခိုင်းပါနဲ့တဲ့.. အအေးမိမှာစိုးလို့တဲ့.."
"မေမေက ပြောခိုင်းတာလား..?"
"အင်း..ဝမ့်ကျီးလေးရဲ့ မေမေက ဝမ့်ကျီးကိုသိပ်ချစ်တာ..သူက နေ့တိုင်း မင်းကိုရော..မင်းကိုကို ကိုရော ကြည့်နေရှာတာ...မေ့မေ့စကားကို နားထောင်လိုက်နော်..မဟုတ်ရင် သူ စိတ်မကောင်းဖြစ်သွားလိမ့်မယ်.."
ကောင်ကလေးက ဒူးထောက်နေရာမှ ထရပ်လိုက်တော့ သူ့မျက်နှာနှင့်တစ်တန်းတည်း ဖြစ်သွားသည်။
"ဦးက ဘယ်သူလဲ..?"
"ဦးက.... ဝေ့ရင်းတဲ့..မေ့မသွားနဲ့နော်..မှတ်ထားရမယ် ကြားလား..နောင်တွေ့ရင် ဒီနာမည်ပဲ ခေါ်ရမှာနော်.."
ကောင်လေးက နားမလည်သလိုကြည့်ရင်း ခေါင်းလေးညိတ်ပြသည်။
"ဦး သွားရတော့မယ်..ဝမ့်ကျီးလေးက စကားနားထောင်မယ်မလား..?"
ကောင်ကလေးက ခေါင်းညိတ်ပြသည်။
ဝမ့်ကျီးပေါက်စလေး၏ခေါင်းကလေးကို ညင်သာစွာပွတ်ကာ နောက်ပြန်ဆုတ်ရင်း တံခါးပေါက်ဆီ ပြန်လျှောက်လာခဲ့သည်။
ကလေးငယ်က သူ့ကိုငေးကြည့်ရင်း ရပ်ကျန်ခဲ့သည်။
သူ လက်ပြရင်း တရွေ့ရွေ့ ပြန်ဆုတ်လာသည်။
"လန်ကျန့်.... မင်းရဲ့ ဖြူစင်တဲ့အတိတ်ကလေးမှာကအစ....ငါက နာကျင်မှုကင်းစေချင်တာပါ..."
သူ ပြန်ထွက်လာပြီး မကြာမီ တံခါးပေါက်ကပိတ်သွားသည်။
သူ ထွက်လာပေမယ့် အနက်ရောင်ဦးလေးကြီးကမရှိ။
ဘယ်များရောက်သွားသလဲ..?
ငါ့ ကိုထားခဲ့ပြီလား..!?
ငါ လန်ကျန့်ဆီ ပြန်ရဦးမယ်လေ..!?
"ဦးလေး..!! ဦးလေးကြီး..!! ဦးလေးကြီး ကျွန်တော့်ကို မထားခဲ့နဲ့လေ..!! ကျွန်တော် လန်ကျန့်ဆီ ပြန်ရဦးမယ်လေ..!! ဦးလေး...."
"တိတ်စမ်း..!!တယ် ဆူညံတဲ့ကောင်ပဲ..!"
သူ့ကို ငေါက်ငန်းရင်း တံခါးတစ်နေရာက ထွက်လာသည့် ဦးလေးကြီးကြောင့် သူ စပ်ဖြဲဖြဲ ပြန်ရယ်ပြလိုက်ရသည်။
ဘာကြောင့်မှန်းမသိ..ဒီလူကို သူရင်းနှီးနေသလို ခံစားရသည်။ ငေါက်ငန်းခံ..အဆူခံနေရလည်း သူစိတ်မဆိုးမိ။
"ဦးလေးကြီး ဘယ်ကပြန်လာတာလဲ..ဧကန္တ.. "
"ဧကန္တ ဘာဖြစ်လဲ...?!"
ထိုလူကြီးက စိတ်မရှည်သလို ပြန်ပြောသည်။ မျက်မှောင်ကြီးကြုတ်ထားပုံကိုက ချစ်စရာကောင်းနေသလိုပင်။
"ဦးလေးကြီးလည်း အချစ်ဟောင်းကို သွားတွေ့တာလားလို့ပါ .. ပြောရောပေါ့ ဦးလေးရယ်...."
"မင်းဟာလေ...."
ပြောရင်း လက်ရွယ်လိုက်တာကြောင့် သူ့ခေါင်းလေးပုဝင်သွားသည်။
ထိုလူကြီးက သူ့ကိုကြည့်ရင်း မရိုက်တော့ပဲ ခေါင်းကို ခပ်ဖွဖွပုတ်ကာ
"တော်တော်ရှုပ်တဲ့ကောင်ပဲ.."
ဟုသာ ရေရွတ်သည်။
သူ ရယ်ပြလိုက်တော့ ဦးလေးကြီးဆီမှ ရယ်သံတစ်ချက်ထွက်လာသည်။
ပြီးမှ ပြန်ထိန်းလိုက်သလိုနှင့်
"ကဲ..အချိန်မရှိဘူး.. မင်း အခု အတိတ်..အနာဂတ်..လက်ရှိ..တစ်နေရာကိုပဲ ရွေးခွင့်ရှိမယ်..ဘယ်ကိုရွေးမလဲ.."
သူ ပုံရိပ်တွေကို လိုက်ကြည့်ရင်း
"အနာဂတ်မှာ လန်ကျန့် ရှိနိုင်ပါဦးမလား..ဦးလေး.."
ထိုလူကြီးက သက်ပြင်းချပြီး ခေါင်းခါသည်။
"ကျွန်တော် ခရီးမထွက်ခင် ၃ ရက်အလိုက တစ်ရက်ကိုရွေးမယ်.."
ထိုနေ့က သူ ယုန်လေးတွေနှင့်ထိုင်ရင်း လန်ကျန့်အတွက် ဆံထိုးလေး ထွင်းပေးနေခဲ့သည်။
ထိုလူကြီးက ခေါင်းညိတ်ပြီး
"နောက်တစ်ခါ ထပ်မမှားစေနဲ့တော့.."
ပြောပြောဆိုဆိုနှင့် သူ့ကို အင်္ကျီ မှဆွဲပြီး တစ်နေရာသို့ပစ်ထုတ်လိုက်သည်။
သူနောက်ပြန်လှည့်ကြည့်ကာမြင်လိုက်ရသည်က မျက်နှာဖုံးချွတ်ထားပြီး ကသူ့ကိုပြုံးကာလက်ပြနေသည့် ထိုလူကြီးက နှုတ်ခမ်းမှာ မှဲ့လေးနှင့်..ခန့်ညားနေသည့် အသက် ၅၀ ကျော်အရွယ်...ဝေ့ဝူရှန်းရယ်ပါ။
ကြည့်နေရင်း ထိုလူကြီးက သူ့ရင်ဘတ်ကို ဓားနှင့်စိုက်ချလိုက်တော့ သွေးတွေက တံခါးဝဆီ အန်ထွက်သွားပြီး ပေါက်ကွဲသံလိုအသံကြီးနှင့်အတူ... တံခါးက ထာဝရပိတ်သွားခဲ့သည်။
ပေါက်ကွဲမှုကြောင့် လွင့်စင်ပြီး လေဟာနယ်ကို ဖြတ်သန်းနေစဉ်မှာပင်...သူ့ခေါင်းထဲအစီအရီပေါ်လာသည့်ပုံရိပ်တွေက....
ခရီးထွက်သည့် မနက်က လန်ကျန့်ခေါင်းကို ဆံထိုးစိုက်ပေးခဲ့သည့်သူ့ပုံ.....။
ခရီးထွက်ရင်း သင်္ချိုင်းမြေတစ်နေရာအရောက်... အော်သံတစ်ခုကြားရတာကြောင့် ပြေးဝင်ကြည့်မိစဉ်..
မိန်းကလေးတစ်ယောက်ကို ဆွဲလွဲနေသည့်လူတစ်စုကိုမြင်ရတာကြောင့် သူဝင်ကူရင်း မတော်တဆ..လက်မောင်းကိုဓားထိကာ သွေးတချို့ မြေကျခဲ့ရသည်...။
ထိုစဉ်မှာပင် အနက်ရောင်ကမ္ဘာဆီသို့ ဆွဲယူ ခံရပြီး... ထိုလူနှင့် တိုက်ခိုက်ရင်း....ထိုသူကို သုတ်သင်လိုက်နိုင်သော်လည်း တံခါးက ပြန်ပိတ်သွားခဲ့တာကြောင့်..ပြန်ထွက်ဖို့ နည်းလမ်းအမျိုးမျိုး ရှာခဲ့ရသည်။
ရှာရင်း ရှာရင်း... ကံကြမ္မာတံခါးပေါက်တွေကို တွေ့ခဲ့ပေမဲ့ သူ ပြန်သွားလို့ရသည့် အခြေအနေမျိုး မဟုတ်ခဲ့။
ကြိုးစားနေစဉ်အတွင်း.. လန်ကျန့်၏ အုတ်ဂူကို သူကြည့်ရင်း ရင်နင့်စွာငိုခဲ့ရသည်။
ခံစားခဲ့ရသည်။
အကြာကြီးမနေနိုင်သော်ငြား..လန်ကျန့်၏ အုတ်ဂူဆီကို နေ့စဉ်သွားပြီး သန့်ရှင်းရေးလုပ်ပေးပြီး..ပန်းစည်းလေးတွေ ထားထားပေးခဲ့သည်။
ထိုသို့နေရင်း အသက်တွေကြီးပြီးမှ နည်းလမ်းတစ်ခုကို သူရှာတွေ့ခဲ့သည်။
တံခါးကို ပြန်ဖွင့်ဖို့..သူ့နေရာဆီ ပြန်နိုင်ဖို့ စတေးခံမည့် တစ်ယောက်ယောက်ကို လိုအပ်သည်။ ထိုသူက သူနဲ့ သက်ဆိုင်သည့် လူလည်းဖြစ်ရဦးမည်..။
လောကမှာ သွေးသားရင်းချာမရှိတော့သည့် ဝေ့ဝူရှန်းအတွက်..သူကိုယ်တိုင်သာ သူ့အတွက် သွေးသားရင်းချာပင်။
အကြိမ်ကြိမ်ကြိုးစားရင်း ကျင့်ကြံရင်း..ဒီနေရာကို ရောက်ရှိပြီး အနှစ် ၂၀ အကြာမှာ တပတ်ပြန်လည်နိုင်သည့် ကံကြမ္မာစက်ဝန်းကို ဖန်တီးနိုင်ဖို့ အခွင့်အရေးကြုံလာခဲ့သည်။ ထိုအခွင့်အရေးက တစ်ခါသာရမည်မို့ ... အတိတ်က ဝေ့ရင်းကို ပြန်ရောက်အောင် ဆွဲခေါ်ပြီးအားလုံးကို အဆုံးသတ်နိုင်အောင် ကြိုးစားခဲ့ရသည်။
ငယ်ရွယ်သည့် ဝေ့ရင်းက ဝမ့်ကျီးအငယ်လေးဆီ သွားနေစဉ်မှာ...လန်ကျန့် အုတ်ဂူဆီသို့ သူ အပြေးသွားပြီး သူ့အပြစ်အတွက် အဖန်ဖန်တောင်းပန်ရင်း ငိုကြွေးခဲ့ရပြန်သည်။
လန်ကျန့် ဘယ်လောက်တောင် အထီးကျန်ခဲ့လိမ့်မလဲ..။
သူ ဘယ်လောက်တောင် စောင့်မျှော်ခဲ့ လိမ့်မလဲ..။
တောင်းပန်ပါတယ် လန်ကျန့်ရယ်....
ငါ သူ့ကို မင်းဆီ ပြန်ပို့ပေးပါ့မယ်..
ငါ ပြန်လာခဲ့ပါ့မယ်ကွာ...။
မျက်ရည်တွေနှင့် အုတ်ဂူကိုဖက်ကာငိုကြွေးရင်း ထာဝရအချစ်အတွက်အမှတ်တရ အနီရောင်ပန်းစည်းလေးကို အုတ်ဂူလေးပေါ်တင်ရင်း အနမ်းတစ်ပွင့် ပေးခဲ့သည်။
"ငါ့ကို စောင့်နေပါ လန်ကျန့်..~~"
.......
မျက်ရည်တွေစီးကျရင်း မျက်လုံးကိုစုံမှိတ်ကာ ရင်နင့်အောင် ငိုကြွေးမိသည်။
ထိုစဉ် သူ့ပေါင်ပေါ်ကိုတစ်ခုခုခုန်တက်လာသလို အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့.. မြက်ခင်းပေါ်ရောက်နေသည်ကို သတိထားမိလိုက်သည်။
သူ ပြန်ရောက်လာခဲ့ပြီလား..။
"ဝေ့ရင်း..~~~"
သူ ဆတ်ကနဲ ပြန်လှည့်ကြည့်လိုက်တော့.. လန်ကျန့်က သူ့ကိုပြုံးကာကြည့်နေသည်။
ပြီးမှ စိုးရိမ်သည့် အကြည့်တွေနှင့် ပြေးလာပြီး....
"ဝေ့ရင်း ငိုနေတယ်..! ဘာဖြစ်လို့လဲ..? ငါ့ကိုပြော..တစ်ခုခုဖြစ်လို့လား..?"
လန်ကျန့်က သူ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာမေးပေမယ့်..သူ ပြန်မဖြေနိုင်ပဲ မျက်ရည်တွေနှင့်သာ လန်ကျန့်ကို တမ်းတမ်းတတ ကြည့်မိသည်။
လွမ်းလိုက်ရတာ လန်ကျန့်ရယ်..ငါ အနှစ်နှစ်ဆယ်တောင် ကြာခဲ့တယ် မင်းသိလား....~~
သူ လန်ကျန့်ကို ပစ်ကာဖက်လိုက်ရင်း တဝကြီးငိုမိသည်။
"လန်ကျန့်.."
"ပြောလေ..ဝေ့ရင်း.. "
လန်ကျန့်က သူ့ကျောကိုပွတ်ပေးရင်း..ချော့မော့ကာ နှစ်သိမ့်နေသည်။
"ငါ မင်းကို အရမ်းလွမ်းတာပဲသိလား.."
လန်ကျန့်ကတော့ မနက်ကမှ အစည်းအဝေးတက်ဖို့ ခဏထွက်သွားသည့် သူ့ကို ဝေ့ရင်းကချွဲနေသည်ဟု ထင်ပေလိမ့်မည်။
"အင်း..သိတယ်.."
"ငါတို့ ဘယ်တော့မှ မခွဲဘူးနော်...."
"အင်း ဘယ်တော့မှမခွဲဘူး..~~"
လန်ကျန့်က သူ့ခေါင်းလေးကို အသာနမ်းရင်း ပြန်ပြောသည်။
သူ့ကို ပြန်ခွာကာ မျက်ရည်တွေသုတ်ပေးပြီး
"မငိုနဲ့တော့.. ဗိုက်ဆာရောပေါ့..စားစရာတွေ အဆင်သင့်ဖြစ်ပြီ.. သွားရအောင်.."
"ငါ့ကို..ကုန်းပိုး.."
လန်ကျန့်က ပြုံးရင်း သူ့ ရှေ့မှာ ထိုင်ချပေးသည်။
လန်ကျန့် ကျောပေါ်မှာလိုက်ပါလာရင်း လန်ကျန့်ကို သူတင်းတင်းဖက်ထားသည်။
ငါတို့ ဘယ်တော့မှမခွဲတော့ဘူး လန်ကျန့်..~~
*****************
ဒီ အပိုင်းလေးနဲ့ ဟန်ကွမ်းကျွင်း နဲ့ ရိလင်လောင်ဇူ တို့ကို နှုတ်ဆက်လိုက်ပါတယ်ရှင်။