( 10 )
"ကိုစစ်...နေကြီးနေမကောင်းလို့တဲ့"
"ဟင်...ဟုတ်လား...ကြက်ခြံကနေ ခေါ်လာတာလား"
"ကြက်ခြံက ဟိုတခါပြန်လာကထဲက မသွားတော့တာလေ....အခုဆေးရုံသွားကြတယ်ဆိုလားပဲ"
ကိုစစ်တစ်ယောက်နေကြီးသတင်းကြားရတော့မယုံနိုင်ဖြစ်နေသည်။ နေကြီးအမမအေးမြကလည်းတမနက်လုံးဈေးထဲတွေ့နေရပေမဲ့နေကြီးအကြောင်းဘာမှမပြော...မထူးပါဘူးကိုယ်တိုင်သွားကြည့်မယ်ဆိုသည့် အတွေးနှင့်အတူ...
"အမ...နေကြီးနေမကောင်းလို့တဲ့..."
"အေး...ဟုတ်တယ်လေ...နင်ဈေးအပေါ်ထပ်သွားနေတုန်း....အေးမြ ပိုက်ဆံလာချေးသွားတယ်...သူ့မောင်ကို ဆေးရုံတင်မယ်ဆိုပြီးပြောသွားတယ် နင်သိတယ်မှတ်နေတာ...ကိုစစ်ရဲ့"
ကိုစစ်တစ်ယောက် နေပူကျဲကျဲထဲမှာ အပြေးတပိုင်းဖြင့် နေကြီးအိမ်သို့ထွက်လာခဲ့သည်။
"ဦးလေး...နေကြီး....ဟင်...ကြိုးတွေက ဘာလုပ်တာလဲ"
"ကိုစစ်...ဘာလာလုပ်တာလဲ...မင်းပြန်ကွာ "
"ဟင့်အင်း...ဘာဖြစ်တာလဲ လက်နှစ်ဘက်ကိုပူးပြီးကြိုးဘာလို့ချည်ထားတာလဲ"
"အဖေ...ကျုပ်...အိမ်သာတက်လိုက်ဦးမယ်"
နေကြီးအိမ်နောက်သို့ထွက်သွားတာ ငေးနေချိန်
"ငါ့တူကိုစစ်...မင်းကောင် ခွေးရူးပြန်ချင်သလို ဖြစ်နေလို့"
"ဆေးရုံတက်ဖို့သွားကြတယ်ဆို..."
နေကြီးအဖေရဲ့မျက်နှာကွက်ကနဲပျက်သွားသည်။ အရပ်ထဲမှ လူတချို့ အိမ်ထဲဝင်လာပြီး နေကြီးအဖေနှင့်တီးတိုးတီးတိုးပြောနေကြသည်။
"အဖေ....ကျုပ်တအားယားတယ်ကုတ်ချင်ဖဲ့ချင်နေတဲ့စိတ်ကထိန်းမရဘူးအဖေ"
"နေကြီး...ဘာဖြစ်တာလဲ...လက်ကိုချည်ထားတဲ့ကြိုးတွေဖြည်ရအောင်လေ..လာကွာ..."
လက်ကိုဖမ်းဆွဲဖို့ပြင်လိုက်သည့်ကိုစစ်ရဲ့လက်ကိုရှောင်တိမ်းသွားသည့် နေကြီးရဲ့လက်ဖျံမှာကုတ်ခြစ်ထားသလိုဖြစ်သောပွန်းပဲ့ဒဏ်ရာတချို့ကို မြင်လိုက်ရတော့စိတ်ပူပန်ခြင်းများစွာဖြင့် ရှေ့သို့တိုးလိုက်ချိန်....
"အဖေ...ကိုစစ်ကို ပြန်ခိုင်းလိုက်တော့လေ"
ဒေါသသံထွက်နေသည့် အသံအက်ကွဲကွဲဖြင့် ပြောလိုက်သည့် နေကြီးစကားအဆုံးမှာ ကိုစစ်မျက်နှာ ကွက်ကနဲပျက်သွားသည်။
"ဘာလို့ပြန်ရမှာလဲ...မင်းကြိုးတုပ်ခံထားရလောက်အောင် နေမကောင်းဖြစ်နေတာ..."
"နားငြီးတယ်...သွားကွာ....အဖေ...အဖေ..ကျုပ်...ကျုပ်...."
အိမ်ခန်းလေးအတွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"လာ...ကိုစစ် အပြင်ထွက်နေ " "အေးမြရေ...ဟဲ့အေးမြ..."
"အဖေ...ကားမလာသေးဘူးလား...ကျုပ်လည်းလိုက်ချင်တယ်..."
"မလိုက်ပါနဲ့ဆိုနေမှငါ့သမီးရာ...နင်ကတမှောင့်...ကိုစစ်ကိုခေါ်ပြီးသူ့အိမ်လိုက်ပို့လိုက်..."
နေကြီးအဖေရဲ့ ငိုသံလိုလို အံကြိတ်သံလိုလိုတို့ကို မြင်တွေ့ကြားသိနေရတဲ့ ကိုစစ် ရင်ထဲမှာ စိုးရိမ်သောကများ ဝင်ရောက်လာသည်။
"ဟင့်အင်း...ဦးလေး...ကျွန်တော်..."
"စကားမရှည်နဲ့ အေးမြ သူ့ကိုခေါ်သွားတော့..."
ခပ်ငေါက်ငေါက်လေသံအဆုံးမှာ အေးမြရဲ့လက်တဘက်ကကိုစစ်ကိုဆွဲကိုင်ပြီး အပြင်သို့ထွက်လိုက်သည်။
အပြင်ဘက်တန်းလျားခုံပေါ်ထိုင်နေသော အရပ်ထဲမှလူတချို့ရဲ့မျက်နှာတွေက ခပ်ငေးငေးဖြင့် တိတ်ဆိတ်နေကြတာ မြင်ရတော့ ကိုစစ်စိတ်ထဲ တမျိုးကြီးဖြစ်သွားသည်။
"ဟော...ကားလာပြီ"
မုံရွာ_မန္တလေးပြေးဆွဲသည့် ဒိုင်နာကားအိမ်ရှေ့သို့ထိုးရပ်လာတာ မြင်လိုက်ရတော့ကိုစစ်လက်ကိုဆွဲထားသောအေးမြရဲ့လက်တို့ပြေလျောသွားသည်။
"အေးမြ...နင့်မောင် အခြေအနေမကောင်းဘူးဆို"
"ဟုတ်တယ်အကိုရေ...ကြက်ခြံကိုနေသိပ်မကောင်းဘူးဆိုပြီးမသွားတာတပတ်လောက်ရှိုပြီ...မနက်တုန်းကဈေးထဲခနလိုက်လာပြီးဆိုင်မှာခင်းထားတဲ့ ပင်စိမ်းပင်ကိုင်လိုက်ပြီးကထဲက ယားချင်သလိုလိုပဲဆိုပြီး ဟိုကုတ်ဒီကုတ်နဲ့ဆောင့်အောင့်ပြီးအိမ် ပြန်သွားတာလေ...အိမ်ရောက်တော့ သူ့လက်တွေက ကုတ်ချင်ဖဲ့ချင်နေတာထိန်းမရဘူးဆိုပြီး ဒေါသတွေထွက်လာလိုက် အော်လိုက်လုပ်နေရာက...."
"ကဲ...ကားပေါ်တက်...အေးမြ...ညည်းနေခဲ့...ညည်းအမေတို့ညတွင်းချင်းလိုက်လာမှာ..."
အေးမြရဲ့ရှင်းပြနေသည့်လေသံတို့အဆုံးမသတ်ခင်မှာ ကားရှေ့ခန်းထဲသို့ နေကြီးကို ထည့်လိုက်သည်။
"အဖေ...ကျုပ်...ကျုပ်...သေမှာလား...အဖေ...ကျုပ်...ကြောက်တယ်အဖေရ...ကြောက်တယ်...ဟီးဟီး...ယားလည်းယားတယ်...အဖေ...ကျုပ်ကို...သေချာကြိုးနဲ့ချည်ထား...ချည်ထားနော်...."
နေကြီးရဲ့ငိုသံကြောင့် ကိုစစ်ရင်ဘတ်တခုလုံး တင်းပုတ်နဲ့အထုခံလိုက်ရသလို နာကျင်ကြေကွဲစွာ ခံစားလိုက်ရသည်။
"ဦးလေး....ခု ဘယ်သွားမှာလဲကျွန်တော်လိုက်ခဲ့မယ်"
"ရွာမကခွေးရူးရောဂါမန်းကုတဲ့ဆီသွားပြမလို့နောက်ဆုံးကျည်ဆန်ပေါ့ကွာ...မင်းမလိုက်ခဲ့နဲ့...နေခဲ့နော်...ကဲ...သွားပြီ"
"ဒုန်း...."
ကားတံခါးပိတ်သံ ခပ်ပြင်းပြင်းထွက်ပေါ်လာခြင်းနှင့်အတူ..
"နေကြီး....ငါ....ငါ...မင်းအိမ်ကနေစောင့်ေနမယ် သိလား..."
မျက်ရည်စက်တွေကြားမှ နေကြီးကို မော့ကြည့်ကာပြောနေသည့်ကိုစစ်ရဲ့စကားသံအဆုံးမှာ....
"အဖေ...ကျုပ်စိတ်တွေလွတ်သွားရင် ကိုစစ်ကိုအနားမကပ်စေနဲ့...သူ...သူ..ကျုပ်စိတ်လွတ်ကိုယ်လွတ်ဝေဒနာ ခံစားနေရလည်း...သူ့ကိုမမြင်...မမြင်စေနဲ့...သူ့ကို အိမ်အလာမခံနဲ့နော်အဖေ..."
ကြိုးဖြင့်ချည်ထားသော လက်တစုံကို ပွတ်သပ်နေရာမှ ပြောလိုက်သည့် နေကြီးရဲ့စကားကြောင့် ကိုစစ်တစ်ယောက် မိုက်ကနဲ ဖြစ်သွားသည်။
ကားစက်နှိုးသံနှင့်အတူ အရှိန်ပြင်းစွာဖြင့်
မောင်းထွက်သွားသော ကားကို ငေးကြည့်ရင်း
ကိုစစ် စိတ်တွေလေးလံထိုင်းမှိုင်းသွားသည်။