Chapter 9

3.2K 146 47
                                    

ရိပ် ဒီတစ်နေ့လုံးနီးပါး ပုပ္ပားတောင်ကလပ်နား၌ တည်ရှိ‌‌သော သူ့အဖိုးအိမ်ထဲမှာသာ ရှိနေခဲ့သည်။ သူ့အ‌ကြောင်း သိသွားပြီဖြစ်သည့် တေဇနဲ့ မျက်နှာချင်းဆိုင်ဖို့ သူ အားယူနေမိ၏။

သူ့အခန်းထဲ၌ သူ့ပစ္စည်းက အနည်းငယ်သာ ကျန်သည်။ သူ ဒီအိမ်ကနေ ထွက်သွားခဲ့ရတာ ကြာလှပြီမို့ ငယ်ငယ်က ပစ္စည်းတချို့နှင့် ကိုကို့ပစ္စည်းတွေသာ အဓိက ကျန်သည်။ ငယ်ငယ်ကတည်းက သူ ကိုကိုနဲ့ပဲ တစ်ခန်းတည်းနေ တစ်ကုတင်တည်း အိပ်ခဲ့သူမို့ ကိုကို့အခန်းက သူ့အခန်းသာပင်။

ရိပ် သူ့စာရေးစားပွဲခုံပေါ်က ကိုကို့ဓာတ်ပုံတွေကို ကုတင်ပေါ်မှ ထိုင်ကြည့်နေရင်း သူ သိမ်းထားခဲ့သည့် အံဆွဲထဲက စာရွက်ကို ထုတ်ယူကြည့်သည်။ သူ ဒီစာကို စဖတ်ခဲ့ရချိန်တုန်းက သွက်သွက်ခါ ရူးတော့မလို ဖြစ်သွားခဲ့ဖူးပါ၏။

ရိပ်ထံသို့. . .

ရိပ် ဒီစာကို ဖတ်နေရပြီဆိုရင် ကိုကို ဒီလောကမှာ မရှိတော့တာကိုလည်း သိလိုက်ရတဲ့အချိန် ဖြစ်မှာပါ။ ကိုကို တောင်းပန်ပါတယ်။ ကိုကို ရိပ်ကို အခုလို မထားခဲ့ချင်တာကိုတော့ ယုံကြည်ပေးပါ။ ဒါပေမဲ့ ကိုကို ပန်းအိမ်မရှိတဲ့ ဒီလောကမှာ ဆက်မနေချင်တော့အောင်အထိ၊ အခုချိန် အသက်ရှူရတာတောင် ပင်ပန်းနေတဲ့အထိ နာကျင်နေတယ်။ ကိုကို ပန်းကို တကယ် ချစ်ခဲ့မိတယ်။ လုံးဝ လက်မလွှတ်နိုင်လောက်အောင်ပဲ။ အဲ့အတွက် မလုပ်သင့်တာတွေ ဇွတ်လုပ်မိခဲ့လို့ ပန်းကို ကိုကို အပြီးလက်လွှတ်လိုက်ရပြီ။ ပန်း မရှိတော့ဘူးဆိုတာကို ကိုကို အခုချိန်ထိ လက်မခံနိုင်ဘူး။ ဒီဘဝမှာ ကိုကို ပန်းရဲ့ အချစ်ကို အရင်ဆုံး မရခဲ့ပေမယ့် နောက်ဘဝကျရင်တော့ ပြောင်းလဲနိုင်လောက်တယ်။ ကိုကို သူ့နောက်ကို လိုက်သွားတော့မယ်။

ကိုကို့ကို ခွင့်လွှတ်ပါလို့ ရိပ်နဲ့ အဖိုးကို ကိုကို မပြောရဲပါဘူး။ ဒါပေမဲ့ ကိုကို ဒီ‌လောကမှာ မရှိတော့ရင်တောင် မင်းကို စောင့်ရှောက်ပေးနိုင်ဦးမှာပါ။ ရိပ်စိတ်တွေ အဆင်ပြေသွားခဲ့ရင် ရိပ်ကို ကိုကို ပြဖူးပါတယ်၊ ကိုကို့သူငယ်ချင်း၊ ကိုကို့လူနာဖြစ်ခဲ့ဖူးတဲ့ တေဇဓိရာဇ်ဆိုတဲ့ အမျိုးသားနားကို ရောက်အောင်လာခဲ့ပါ။ ကိုကို ရိပ်ကို တကယ်ချစ်ပါတယ်။ ဒါပေမဲ့ ပန်းအိမ်ကိုတော့ ရိပ်ကိုချစ်တာထက်တောင် ကိုကို ပိုချစ်မိသွားတယ်ထင်တယ်။ ကိုကို ဒီလောကမှာ ဆက်မနေနိုင်တော့ဘူး ရိပ်ရာ။  ။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now