နေကြာတွေက လှတယ် ၊ ဒါပေမယ့် အထွန်း အတွက်တော့ နေကြာပန်းတွေက ယား တယ် ။အင်္ကျီလက်ရှည်နှင့် ပုဆိုးရှည်ရှည်ကို ဝတ်ကာ ခမောက် တစ်ချပ်ကို ဆောင်းထားသော အထွန်းသည် နေကြာခင်းထဲတွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။
နေကြာဆီ ထုတ်ရန်အတွက် နေကြာခင်းမှ နေကြာတို့ကို ခူးကြရသည် ။ ထို အတွက် အထွန်းတို့ ရသော ငွေက သုံးထောင် ။
တစ်နေ့လုံး နေကြာခင်းထဲ အလုပ်လုပ်နေရသောကြောင့် အထွန်း တစ်ကိုယ်လုံး ယားယံလာရသည်။
"အထွန်း ရရဲ့လား"
လှကြည်က နေကြာပန်းများကို လက်ကပွေ့ကိုင်ရင်း လှမ်းအော်သည် ။
"အေး ရတယ်"
ရတယ်လို့ပဲ ပြန်ပြောရတာပေါ့ ၊ မရ လို့မှ မဖြစ်တာ ။
"အိမ်မှာပဲ သနပ်ခါးလိမ်းနေပါလားကွာ"
"အေးလေ ၊ ဒီကို ဘာလာလုပ်တာလဲ"
လှောင်သလိုကြည့်ရင်း ပြောလိုက်သော စကားသံတို့ ကြောင့် အထွန်း မျက်နှာလေး ညှိုးသွားရသည်။
ထိုစကားကို ကြားလိုက်ရသော လှကြည်က အထွန်း ဆီသို့လျှောက်လာရင်း တစ်ဖက်မှ လူများကို ရန်တွေ့တော့သည်။
"ဟဲ့ နင်တ ကိုယ့်အလုပ်ကိုယ်လုပ်ပါလား"
"ရန်မဖြစ်ပါနဲ့ လှကြည်ရယ် ၊ စိုက်ခင်း ပိုင်ရှင် သိရင် နှင်ထုတ်ခံရလိမ့်မယ်"
ထိုအခါမှ လှကြည်က မျက်စောင်းတထိုးထိုးဖြင့် နောက်ဆုတ်သည်။
"လာ သွားမယ် အထွန်း ၊ အဲ့ကောင်တွေကို ဂရုစိုက်မနေနဲ့ "
အထွန်းလည်း တတ်နိုင်သမျှတော့ ဂရုမစိုက်ဘဲနေပါတယ် ။ ဒါပေမယ့် သူတို့က အထွန်းကို အမြဲ ဒီလိုပဲ ။ အထွန်း ကို ဆိုရင် လှောင်လိုက် ၊ ရယ်လိုက်နဲ့ ။
အထွန်းက ပိုက်ဆံ သုံးထောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းက နေကြာခင်းကို တစ်ချက်ဝေ့ကြည့်သည် ။
စိုက်ခင်းထဲတွင် ကျန်ရှိနေသော အဝါရောင်နေကြာတို့က အနည်းငယ်ပင် ညှိုးနွမ်းကာ ခြောက်ခြောက်သွေ့သွေ့ ။
********
အထွန်း လှကြည်ကို နှုတ်ဆက်ပြီး အိမ်ပြန်လာတော့ ညနေပင် စောင်းနေပြီ။
ဖရဲသီး ရောင်းတာ သုံးရက်လောက်နားပြီး နေကြာခင်းမှာ ပန်းခူးရင် တစ်သောင်းလောက်တော့ ရနိုင်ပါရဲ့ ။
အထွန်း ဒီပိုက်ဆံလေးတွေကို သိမ်းထားရမယ်။ သင်္ကြန်က နီးလာပြီ ၊ သင်္ကြန်ရက်တွေမှာ ဈေးရောင်းလို့ မရတော့ ဒီပိုက်ဆံလေးတွေကိုပဲ သုံးရမှာ။
အထွန်း လမ်းလျှောက်လာရင်းက ဘောလုံးကွင်း နားသို့ပင် ရောက်လာသည်။
ကွင်းရှေ့က အကြော်တဲ ကို တွေ့တော့ အထွန်း တံတွေးမျိုချမိသွားသည်။
အကြော်ပူပူလေး စားချင်လိုက်တာ။
အထွန်းက လက်ထဲမှ တစ်ထောင်တန် သုံးရွက်ကို တစ်လှည့် အကြော်တဲ ကို တစ်လှည့် ကြည့်သည်။
ဟင့်အင်း မစားတော့ပါဘူးလေ ။
"အထွန်း"
ခပ်ကျယ်ကျယ် အသံကြောင့် လှည့်ကြည့်လိုက်တော့ အကို ထက်အောင် ။
ဆက်မသွားဘဲ ရပ်နေလိုက်တော့ ကိုထက်အောင်က စက်ဘီးကို တွန်းရင်း အထွန်းဆီသို့ လျှောက်လာသည်။
"ဖရဲသီး ဝယ်မလို့စောင့်နေသေးတယ် ၊ ဒီနေ့ မထွက်တာလား"
အထွန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ် အထွန်း နေကြာခင်းဘက်သွားနေရလို့ပါ"
"ဪ ဒါဆိုလည်း နောက်နေ့မှပဲ ဝယ်ရတော့မှာပေါ့ ၊ မနက်ဖြန်ရော ထွက်မှာလား"
"ဟင့်အင်း မနက်ဖြန်က အထွန်း နေကြာခင်း သွားရဦးမှာ ၊ သန်ဘက်ခါမှ ပဲ"
"အင်းပါ သန်ဘက်ခါဆိုလည်း သန်ဘက်ခါပေါ့ ဂရုစိုက်ဦးနော် "
"ဟုတ်"
အထွန်းကို ဂရုစိုက်ဦး တဲ့ ၊ အထွန်း ဒီလိုစကားမျိုး ကြားရတာ ပျော်လိုက်တာ ။
******
အိမ်ပြန်ရောက်ရောက်ချင်းပင် အပြေးအလွှားရေချိုးရသည်။
ယားလိုက်တာ ၊ နေကြာပန်းတွေက လှရဲ့သားနဲ့ ဘာလို့ ယားရတာလဲ ။
အထွန်း ဆပ်ပြာတိုက်ရင်း နေကြာခင်းကို မြင်ယောင်မိတော့ လက်တို့က ပိုလို့ပင် ယားလာပြန်သည်။
အမေ့ရှေ့မှာတော့ ဘာမှ မဖြစ်သလိုနေမှပါ။ အမေက အထွန်း နေကြာခင်း သွားတာကို သိပ်ကြိုက်တာမဟုတ်ဘူး ။
"အထွန်း ရေချိုးတာ မကြာနဲ့လေ "
"ပြီးပြီ အမေရဲ့ "
အမေ့ ခေါ်သံကြားမှ အထွန်း ရေမြန်မြန်လောင်းကာ အိမ်ပေါ်သို့ ပြေးတက်ရသည်။
သနပ်ခါးပါးပါး လိမ်းကာ စွပ်ကျယ် အဖြူလေးနှင့် ဘောင်းဘီ တိုလေးကို ဝတ်ပြီး ထွက်လာတော့ အမေက ထမင်းပင် ခူးပြီးနေပြီ။
"အမေ ပိုက်ဆံ "
အထွန်းက ပိုက်ဆံသုံးထောင်ကို ပေးတော့ အမေက မယူဘဲ လက်ကာသည်။
"နေပါစေ အထွန်းရယ် ၊ အမေက အသက်ကြီးနေပြီ။ ဘာမှ သုံးစရာ စွဲစရာ ရှိတာမဟုတ်ဘူး "
အမေက မယူဘူး ဆိုတော့လည်း အထွန်းသိမ်းထားရုံပေါ့ ၊ သင်္ကြန်တွင်း ဥပုသ်စောင့်သွားမှ အမေ့ကို ကန်တော့ လို့ရတာပဲ။
အထွန်းက သင်္ကြန်ရက်ကို သဘောကျသည် ။ အိမ်ရှေ့မှ ဖြတ်သွားသမျှကို လိုက်ကြည့်ရင်း ဟိုဟိုသည်သည် တွေးနေတတ်သည် ။
သိကြားမင်းက ဘယ်က ဆင်းလာတာလဲ ။
လူ့ပြည်ရောက်ရင် လူတွေနဲ့ အတူတူ လျှောက်သွားနေတာပဲလား။
ဒါမှမဟုတ် ရွှေရောင်ဝတ်စုံကြီး ဝတ်ပြီး လူတွေ မမြင်အောင် ကိုယ်ယောင်ဖျောက်ထားတာများလား ။အမေ့ကို မေးကြည့်မိတော့လည်း မျက်စောင်းထိုးခံရသည်။
အထွန်း ကိုမိုးကို မေးကြည့်ဦးမှပါ ။
ဒါနဲ့ ကိုမိုး နဲ့ အထွန်း မတွေ့ရတာတောင် တစ်ပတ်လောက်ရှိနေပြီပဲ ။********
21.1.2021တိုသွားတာ သိပါတယ်
နက်ဖြန်မှာ စောစော အိပ်ပုဒိတ်ပါ့မယ်ရှင်