၉၂။ စွမ်းအင်နဲ့ စွမ်းအား
လင်းချင်းသည် ကားမောင်းနေရင်း လင်းဖန်းနှင့် သူမ၏မိသားစုများအကြောင်း သတင်းကို ဘယ်လိုရနိုင်မလဲ တွေးနေသည်။ သူတို့သည် ဟေးဒီးစခန်းတွင် ရှိခဲ့ကြောင်းကိုတော့ သူမမသိပေ။ သူတို့သည် အခန်းစခန်းတစ်ခုတွင် ရှိနေနိုင်သလို ထွက်သွားနိုင်ပြီကိုတော့ တွက်ချက်ထားခဲ့သည်။ ကောင်းသည်မှာ သူမတွင် လိုသလောက်အချိန်ရှိသည်။ နောက်ဆုံးရလဒ်သည် ဆိုးဝါးနေနိုင်သော်လည်း သူမကတော့ အဖြေကို သိချင်သည်။ သူမသည် ရုပ်ကိုပြန်ထိန်းနိုင်ခဲ့လျှင်. . .
ရုတ်တရက် အတွေးတစ်ခုရကာ သူမသည် ကားဘရိတ်ကို အုပ်လိုက်သည်။ ကားသည် ရုတ်တရက် ရပ်သွားသည်ဖြစ်ရာ သူမနှင့် ချူးလီလီတို့သည် ရှေ့သို့ယိုင်သွားသည်။ ချူးလီလီသည် သူမကိုယ်သူမထိန်းနိုင်လိုက်သည်။ သူမသည် ကိုယ့်ကိုယ်ကို အမြန်ထိန်းကာ လင်းချင်းအား လှည့်ကြည့်လာသည်။ လင်းချင်းက ဘာဖြစ်လို့ ကားကိုရုတ်တရက် ရပ်ပစ်သလဲ သူမမသိပေ။
လင်းချင်းသည် ချူးလီလီကို အာရုံမစိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကန်လည်ကအခြေအနေကို သူမပြန်သတိရသွား၍ ဖြစ်သည်။ ကန်ထဲက ပြန်တက်လာသည့်အခါ သူမ၏ခြေထောက်သည် ပြန်ကောင်းနေကာ အသားပြန်တက်နေခဲ့သည်။ ကန်ရေသည် သူမ၏ရုပ်ကို ပြန်ကောင်းပေးနိုင်ပါက မိသားစုကို ရှာဖွေရာတွင် ပိုလွယ်ကူမှာ ဖြစ်သည်။ သို့သော်လည်း အရင်တုန်းက ကန်ထဲကိုဆင်းဖို့ သူမဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ ကန်ထဲက သူမကိုဆင့်ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင်ဆင်းသွားပါက စွမ်းအားရှိသည့်နွယ်တွေက ထပ်ပေါ်လာမလာ မသိပေ။
ကားရပ်ပြီးသည့်အခါ လင်းချင်းသည် ချူးလီလီအား ဘာမှမပြောဘဲ ကားထဲကထွက်သွားကာ အပြင်ရောက်သည်နှင့် ပျောက်သွားသည်။ ချူးလီလီမှာ နားမလည်စွာ ကျန်ခဲ့သည်။
'ဟမ်? ဘာဖြစ်လို့လဲ?'
နယ်မြေထဲသို့ရောက်သည်နှင့် လင်းချင်းသည် ကန်ဘေးတွင် ရပ်နေသည်။ သူမသည် ကန်ကိုတစ်ချက်ကြည့်လိုက်သည်။ ကျွင်းကျွင်းကို မတွေ့သော်လည်း နယ်မြေလေးထဲတွင် ရှိနေကြောင်း သူမအာရုံခံမိသည်။
သူမသည် နယ်မြေလေးဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးမှ အဝတ်များကို ချွတ်လိုက်သည်။ စွမ်းအင်ဖြင့်နွယ်များသာပေါ်လာပါက သူမ၏အဝတ်များ ထပ်ပြဲကုန်ဦးမှာ ဖြစ်သည်။
လင်းချင်းသည် ကန်ထဲတွင် နေ့တိုင်းရေချိုးသည်။ သူမ၏ကိုယ်က အညစ်အကြေးမထွက်သဖြင့် မညစ်ပတ်သော်လည်း အပြင်ဘက်တွင် ဖုန်များက ဆိုးဆိုးဝါးဝါးထူကာ ရက်အနည်းငယ်နေလိုက်ရုံနှင့် တစ်ကိုယ်လုံးဖုန်ထူနေပြီ ဖြစ်သည်။ ကမ္ဘာပျက်ခေတ်တွင် နေ့တိုင်းရေချိုးနိုင်ခြင်းသည် အလွန်ဇိမ်ခံနိုင်ခြင်းဖြစ်သည်။ စခန်းခေါင်းဆောင်နှင့် အချို့လူများသာ တက်နိုင်တာ ဖြစ်သည်။
အဝတ်များကိုချွတ်ပြီးသည့်အခါ လင်းချင်းသည် သူမ၏ခြေထောက်များကို ကြည့်လိုက်သည်။ သူမ၏ခြေထောက်များသည် ကျန်းမာရေးကောင်းသည့်လူလိုဖြစ်သည်။ အရောင်သာကွာတာ ဖြစ်သည်။ သူမ၏ ဒဏ်ရာမရှိသည့်အသားအရည်သည် ပြာနှမ်းနှမ်းဖြူနေကာ အသားအရည်အသစ်ကတော့ အရမ်းဖြူဖွေးနေသည်။ သူမ၏အသားအရောင်နှစ်ခုသည် အလွန်ကွာလွန်းသည်။
သူမ၏ပေါင်မှဒဏ်ရာများကို ကြည့်လိုက်သည်။ ရေချိုးတိုင်းသူမသည် အနာဖေးများကို သူမဖြည်းဖြည်းချင်းခွာထားသဖြင့် အသားအသစ်ပေါ်နေပြီဖြစ်သည်။ သို့သော်လည်း အသားအရည်ကတော့ ကြမ်းနေဆဲပင်။ ဗိုက်နှင့်ရင်ဘတ်ကတော့ မကြည့်တာပဲ ကောင်းမည်။ သူမ၏ကလီစာများက ထွက်ကြတော့မတက် ဖြစ်နေသောကြောင့် ဖြစ်သည်။
လင်းချင်းသည် ခေါင်းမော့ကာ သက်ပြင်းချလိုက်ပြီးမှ ကန်ထဲသို့ဆင်းလာသည်။ အရင်တစ်ခါကို တွေးမိသည့်အခါ ထိုအချိန်က သူမ၏စိတ်သည် မရှင်းဘဲ ဆင့်ခေါ်ခံလိုက်ရတာ ဖြစ်သည်။ အစက ဘာမှမခံစားရသော်လည်း ကန်အောက်ခြေသို့ရောက်၍ နွယ်များဖြင့်ရစ်ပတ်ခံရမှ သူမ၏စိတ်သည် ရှင်းသွားခြင်း ဖြစ်သည်။ သူမသည် မခံမရပ်နိုင်သည့်နာကျင်မှုနှင့် ဦးနှောက်များပေါက်ထွက်မတက် ဖြစ်ခြင်းကို တွေးမိသည့်အခါ ရင်နာသွားသော်လည်း သူမသည် ဆက်လျှောက်လိုက်သည်။
အစတုန်းက သူမသည် ကျောက်မာမာများပေါ်တွင် လျှောက်နေတာဖြစ်သည်။ သို့သော်လည်း သူမ၏ခြေထောက်များသည် သေနေသလိုဖြစ်နေသောကြောင့် ဘာကိုမှမခံစားရပေ။ ကန်နက်လာသည့်အခါ ရေကသူမအား အပေါ်သို့တင်လာသည်။ ထို့ကြောင့် ရေကူးကာ ကန်အောက်ခြေသို့ သွားလိုက်သည်။ ကန်သည် သိပ်မကြီးသဖြင့် မကြာခင်မှာ ရေကန်အလည်သို့ သူမရောက်လာသည်။ သို့သော်လည်း ရေကန်လည်တွင် ကူးနေရင်းဖြင့် ဘာဆက်လုပ်ရမလဲ သူမမသိတော့ပေ။