ရှိန်းကခရစ္စကိုသဘောမကျပေမယ့် ခရစ္စကဇီ့အတွက်သူငယ်ချင်းကောင်းတစ်ယောက်လိုပါပဲ။ ဇီ့ကိုသူသဘောကျနေတယ်ဆိုပေမယ့် သူဘယ်တော့မှဇီနေရခတ်အောင်မလုပ်ဘူး။ အရိပ်တကြည့်ကြည့်နဲ့ ဘာလိုအပ်နေလဲအမြဲစောင့်ကြည့်နေတယ်၊ ကူညီပေးတယ်။ တွမ့်ကဇီနဲ့စိတ်ထားချင်းတူလို့ပေါင်းလိုရတဲ့သူငယ်ချင်းမျိုးဆိုရင် ခရစ္စကဇီ့အပေါ်အနစ်နာခံပြီးပေါင်းပေးတဲ့သူငယ်ချင်းမျိုးပါပဲ။
ပြခန်းတာဝန်ခံမမကပြောသည် ဇီမလာခင်ကခရစ္စကသိပ်ပျင်းတာပဲတဲ့ ဇီရောက်လာမှဇီ့အလုပ်တွေလျော့အောင်သူပဲနှစ်ဆတိုးလုပ်ပေးရှာသည်။ ဟိုးအရင်ကဇီသူ့ကိုကြည့်မရဘူး မုန်းတယ်လို့တောင်မေမေ့ကိုပြောဖူးသည်။ ဒီစကားတွေကအဲ့ဒီ့တည်းကဇီ့ရင်ထဲကလာခဲ့တာတွေမဟုတ်သည့်တိုင် ပြန်တွေ့တဲ့အချိန်မှာ ဇီသူ့ကိုတော်တော်လေးသဘောကျမိပါတယ်။ ခရစ္စရဲ့ပြယုတ်က အမြဲယဉ်ကျေးပြီးအမှန်တရားဘက်ကနေသည်၊ ပျော်တတ်သည်၊ နည်းနည်းလေးပျင်းပေမယ့် တပါးသူကိုကူညီပေးဖို့ဝန်မလေးဘူး။
ရှိန်းရဲ့မင်္ဂလာသတင်းတွေကြောင့်ဇီအတုံးအရုံးပြိုလဲနေချိန် သူပဲဘေးကနေဖေးမပေးသည်။ ဇီ့ကိုယ်ဇီတောင်စွန့်ပစ်လိုက်တဲ့အချိန်တွေမှာသူပဲဇီ့အနားမှာရှိနေပြန်သည်။ ဇီကတော့သူ့အတွက် ဘာများပြန်ပေးခဲ့ပါသလဲ ထရီးကိုအတူသွားပြီးရင် ဇီသူ့ကိုအဖြေတစ်ခုပေးပါမည်ဟု ကတိအတုတစ်ခုကိုသာခေါင်းငြိမ့်ခဲ့သည်။ ခရစ္စကသိပ်ကောင်းတဲ့လူဖြစ်ပါရဲ့ ရှိန်းကလွဲပြီးဇီ့အနာဂါတ်ကိုစိတ်ကူးမယဉ်ကြည့်နိုင်ဘူး၊ ရှိန်းဘေးမှာရှိနေသလို ဘယ်သူအနားမှာမှအသက်ရှင်နေတယ်လို့မခံစားရပါဘူး။ ရှိန်းအနားမှာရှိပါမှ ဇီအသက်ရှုနေတာကိုလည်းသတိထားမိပြီး နှလုံးခုံနေသေးတာကိုလည်းသိရပါသည်။
အထုတ်တွေနဲ့ဇီရောက်လာတော့ ပြခန်းရှေ့မှာပဲခရစ္စကရပ်စောင့်နေသည်။ ဇီ့အငှါးယာဉ်ရပ်လိုက်တာနဲ့ သူရောက်လာပြီးတံခါးဖွင့်ကာအထုတ်တွေဝိုင်းကူသယ်ပေးသည်။
"ကျေးဇူးပဲ ခရစ္စ..ဇီနောက်ကျသွားလား..."
"ဟင့်အင်း နောက်မကျပါဘူး.."
ဇီဘေးကနေယှဉ်မလျှောက်ပဲ အရှေ့ကနေသာခပ်လှမ်းလှမ်းနေတတ်တာသူ့ရဲ့အကျင့်တစ်ခုပါပဲ။ ခေါင်းငိုက်စိုက်နေတဲ့ခရစ္စရဲ့မျက်နှာကို တစောင်းအနေထားကနေဇီတွေ့လိုက်ရပါသည်။
"ခရစ္စ...နေမကောင်းဘူးလား "မျက်ကွင်းတွေညိုတွေက အတော်ဆိုးနေသည်။ ဇီ့ကြောင့်ညအိပ်မရဘူးလို့ ဇီကောက်ချက်ချရင်ကိုယ်ဘက်ဆွဲတွေးရာမကျပါဘူး။ ဇီ့ဖုန်းကရာဂဏန်းနားကပ်နေတဲ့ Misscallတွေကသက်သေပဲလေ။
အချိန်ကြာကြာဇီမပြတ်သားပဲဆွဲထားမိရင် သူ့ကိုထိခိုက်စေမှာစိုးရိမ်ပါသည်။ သူငယ်ချင်းတစ်ယောက်ကိုမဆုံးရှုံးချင်ပေမယ့်၊ မပြတ်မသားလုပ်နေတာက လုံးဝအဖြေမဟုတ်ဘူး...။ သူဇီ့ကိုတန်ဖိုးထားသလောက်မဟုတ်ရင်တောင် မိတ်ဆွေတစ်ယောက်အနေနှင့်ဇီကသူ့ရဲ့ကောင်းရာကောင်းကျိုးကိုသာလိုလားပါသည်။
"ခရစ္စ...ဇီတို့စကားခဏလောက်ပြောရအောင်"
ခရစ္စကခေါင်းငြိမ့်သည်။ ပြခန်းထဲကိုမဝင်သေးပဲအရှေ့ထိုင်ခုံတန်းလေးမှာ အထုတ်တွေတင်လိုက်သည်။ သူကထိုင်ခုံအလွတ်တစ်ခုမှာဝင်ထိုင်လိုက်သည် ။ သူ့ဘေးကနေရာကသစ်ရွက်ခြောက်လေးတွေကိုရှင်းပေးပြီးဇီထိုင်ဖို့ပြင်ပေးသည်။
"ဇီ...ခရစ္စကိုစဉ်းစားပေးပါ့မယ်လို့ပြောခဲ့တယ်...အဲ့တာအခုပြောချင်လို့"
ခရစ္စကသက်သောင့်သက်သာထိုင်နေရာကခါးကိုမတ်လိုက်ပြီးဇီ့ကိုလှည့်ကြည့်လာသည်။ ဇီလည်းခရစ္စဘက်ကိုမျက်နှာမူလိုက်ပြီး သူ့မျက်လုံးတွေကိုကြည့်လိုက်သည်။ သူကဇီနဲ့အကြည့်ချင်းမဆုံပဲခေါင်းသာငုံ့နေသည်။
"ဇီ...ခရစ္စကိုမချစ်နိုင်ဘူး...ခရစ္စကြောင့်မဟုတ်ပါဘူး ဇီဘယ်သူ့ကိုမှချစ်နိုင်မှာမဟုတ်ဘူး"
"ဇီ...ကျွန်တော်ပြောတယ်မဟုတ်လား..."
"လောဖို့မလိုဘူးလို့ကျွန်နော်တို့ဖြေးဖြေးချင်းပဲအချိန်ယူကြမယ်လို့ ဇီကျွန်တော့်ကို...ချစ်..ချစ်ဖို့လဲမလိုသေးပါဘူး "
"ဇီသိပါတယ်...ခရစ္စကအရမ်းကောင်းတဲ့လူပါ...။ ဒါပေမယ့်ဇီကသူကလွဲရင်ဘယ်သူ့ကိုမှချစ်နိုင်မှာမဟုတ်ဘူး..."