Unicode
" မောင့်ကို မင် မုန်းလိုက်တော့မှာ..."
မရေရာခြင်းများနှင့် ဖွဲ့သီထားသည့် ဝါကျသံ အဆုံး၌ ညိုရင့်ရင့် မျက်ဆံပိုင်ရှင်သည် အပြုံးရေးရေးအား ဖြစ်တည်စေ၏...။ နှုတ်ခမ်းထောင့်စွန်းကလေး ကွေးရုံမျှပင် ဖြစ်လင့်ကစား မောင့်မျက်နှာကျမ်းအား အစဆုံးကြေသည့် မင်ကတော့ အရိပ်အကဲအား ဖမ်းလိုက်မိပါရဲ့...။ ၇၈ခါမြောက် ကြားရအပြီးမှာတော့ မောင့်အတွက် ထိုစကားသည် အနှစ်မရှိတော့...။ ပေါ့ပျက်ပျက်နိုင်လွန်းသွားပြီ...။ ကြည်တောက်တောက် မျက်ဝန်းများ၌ စိတ်ထက်သန်မှုတို့ လျော့ရဲသွား၏...။
တစ်ခါသားက သူငယ်ချင်းတစ်ယောက်က မင့်ကို စိတ်အလွန်ဆိုးဖူးပါရဲ့...။ ဘယ်လောက်ထိများဆို မင့်ကို မခေါ်ဖို့ နှစ်ပတ်တိတိ စိတ်ဆုံးဖြတ်ထားပါသတဲ့...။ ထိုသူငယ်ချင်းကို အသဲမာလိုက်တာ ဆုံးဖြတ်ချက်ခိုင်မာလိုက်တာဟူ၍ မင်အားကျခဲ့သည်။ အားကျမြဲဖြစ်သည်။ ဒါသည် မင့်စိတ်အားနည်းမှုအား ပြသနေမှန်း ရိပ်စားမမိခဲ့ရိုး အမှန်ပါ...။ မောင်နှင့်မတွေ့ခင်အချိန်အထိပေါ့...။
အချစ်သည် ဘာနှင့်တူပါသလဲဟု သိချင်ဇောနှင့် အမြဲတဂျီဂျီမေးတတ်သည့် မင်က တကယ်တမ်း အချစ်နှင့် နှဗူးတွေ့ ဒူးတွေ့ ,တွေ့သည့်အခါ၌ 'အော်....အချစ်ဆိုတာ ဒါမျိုးပါကလား'ဟူ၍သာ ပင့်သက်ရှိုက်မိ၏...။
အချစ်သည် အစပိုင်း၌ ပျော်ရွှင်ခြင်းတို့ဖြင့် အတိပြီးပါ၏...။ သူ့အသံတစ်စသည်ကပင် ရင်အစုံ တသိမ့်သိမ့် တုန်စေ၏...။ အကြည့်တစ်ပေါက်၌ အသဲအသက်တို့ ပျော်ဝင်ကုန်၏...။ အရာရာသည် ကြည်နူးမှုတို့ဖြင့် ရွှင်ပျလန်းဆန်း၍နေ၏...။
ထိုသို့ဆိုက ဘယ်အချိန်မှစ၍ ပြောင်းလဲကုန်သတည်းဟုဆိုသော် မင်လဲ အမှန်တကယ် မသိရိုးပါ...။ မောင့်သူငယ်ချင်းများနှင့် ပါပါသွားကာ တစ်ယောက်တည်း ထားပစ်ခဲ့သည့် အချိန်မှစ၍လား...။ မောင့်အနား အမြဲရစ်ဝဲနေတတ်သည့် အိမ်နီးချင်း ကောင်မလေးကြောင့်လား...။ မောင့်အတွေးများထဲ၌ မင်နှင့် ဘဝတစ်ခု ထူထောင်ဖို့ အစီစဉ်သည် ပါဝင်မနေကြောင်း သိရှိလိုက်ရသည့် အချိန်မှစ၍လား...။ သေချာသည်မှာ မောင်သည် ဆေးမကုတတ်သော ဆရာဝန်နှင့်တူ၍ မင်သည် လှောင်ချိုင့်ထဲက ငှက်ငယ်လေးနှင့် သဏ္ဍန်တူ၏...။
________
ပေါ်တော်မူလေး ပြန်ပေါ်လာပါပြီလို့🤣
_
_
_" တောင်....!!!!! " 🔔
ဘလော့ထားသော နံပါတ်တစ်ခုမှ အဆက်မပြတ်ဝင်နေသော အဝင်ကောမက်ဆေ့ပေါင်းများစွာ...။ ဖွင့်ကြည့်စရာပင် မလိုပါဘဲ မည်သူဖြစ်ကြောင်း အတတ်သိပါ၏...။
မောင့်ဆီမှ ထွက်သွားတော့မည်ဖြစ်ကြောင်း အမြဲတစေ ကြေငြာမောင်းခတ်လေ့ရှိသော မင့်ကို သူငယ်ချင်းတစ်ယောက်က ဤသို့ဆို၏...။
" တကယ်ထွက်သွားဖို့ဆန္ဒမရှိရင် အဲ့ဒီလို ခဏတိုင်း မလုပ်ကောင်းဘူး တစ်ဖက်လူက အရင်ထားသွားတတ်တယ်..."
နားထဲ သံမှိုသမျှ စွဲထင်နေသော ထိုစကားအား ဒီကနေ့၌ ပြန်ဖြေနိုင်ခဲ့ပါပြီ...။ အဘယ်ကြောင့်ဆို မောင့်ကို အမှန်တကယ်ပင် ထားရစ်နိုင်ခဲ့ပြီဖြစ်၏...။ လွှတ်ချတော့မည်ဖြစ်ကြောင်း တဖွဲ့တနွဲ့တို့နှင့် အခေါက်ပေါင်းမနည်း နှုတ်ဆက်စကားဆိုခဲ့ဖူးသော မင်သည် တကယ်တမ်း လက်တွေ့ ခွဲခွာချိန်၌ အသိပေးခြင်း မယ်မယ်ရရပင် မရှိခဲ့...။
လှောင်အိမ်တံခါးသည် အစကတည်းမှပင် ပွင့်လျှက်သားပါ...။ မင်သည်ကသာ ချည်ကြိုးမျှင်မျှင်လေးအား ဖက်တွယ်ထားခဲ့ခြင်း...။ အေးမြကြည်လင်သော လေထုအစုံ၏ သာယာဖွယ်ခံစားမှုသည် နောင်တကင်းသော ရွေးချယ်မှု ဖြစ်ပါကြောင်း သက်သေတည်၍ မောင်ဆိုသော အတိတ်ပုံရိပ်လွှာလေးအား ခဝါချခဲ့ပါ၏...။
_____________________________________
Unicode