နိုးလာလာချင်း ဝန်းရံခရဲ့နံ့ဘေးမှာကွေးကွေးလေး အိပ်ပျော်နေတဲ့နိုင်းကို တွေ့လိုက်ရတော့ အိပ်မူံစုံမွှားဖြစ်နေတဲ့ ကြားထဲက ဝန်းရံခ အသာအယာပြုံးလိုက်မိသည်။ ဒီကောင်လေးဟာ အိပ်ပျော်နေတဲ့ အချိန်ဘယ်လောက်တောင် အပြစ်ကင်းလိုက်လေသလဲ။
ဝန်းရံခဘက်ကို ခပ်စောင်းစောင်းလေးမျက်နှာမူကာ လက်တစ်ဖက်ကို ခေါင်းအုံးအောက်ဖိအိပ်ပြီး ကျန်လက်တစ်ဖက်ကိုတော့ ဝန်းရံခရဲ့ကိုယ်ပေါ် တင်ထားတဲ့အပြင် ခြေတစ်ဖက်ကပါ ဝန်းရံခကို တက်ခွထားလေသည်။ ညအိပ်တုန်းက မပိတ်ဖြစ်ခဲ့တဲ့ ပြတင်းပေါက်ဆီက လေတွေကလည်း တဝူးဝူးတိုက်ခတ်နေလျှက်ရှိရာ အဖြူရောင်လိုက်ကာစဟာ ခပ်ပါးပါးလူပ်ခတ်လျှက်။ ဒီမှာက တစ်ခြံနှင့် တစ်ခြံ အတော်လှမ်းလှမ်းမှာ တည်ရှိနေတဲ့ အပြင် အိမ်အနောက်ဘက်မှာက ဘောလုံးကွင်းကြီးဆိုတော့ လေတော့ အင်မတန်တိုက်သည်။
အခန်းထဲထိ မွှေ့ရမ်းတိုက်ခတ်လာတဲ့ လေပြည်နှင့်အတူ နိုင်းရဲ့ပန်းနုရောင် ဆံပင်လေးတွေက တစ်ချက်တစ်ချက် လူပ်ခတ်သွားရသည်။ မျက်ခမ်းစပ်ထဲ ဆံစတွေဝင်ပြီး စူးကုန်တော့မှာဘဲ။ ဝန်းရံခမှာ စိတ်ထဲကတွေးရင်း ဆံပင်တွေ လှုပ်ရမ်းခါသွားလေတိုင်း မျက်နှာပေါ်ကနေ သပ်တင်ပေးနေရလေသည်။ နိုင်းရဲ့ဆံပင်တွေက အရောင်တွေချွတ်၊ ဆေးတွေဆိုးလွန်းလို့လားတော့ မသိ။ ပျော့အိလို့တော့ မနေ။
ဆံပင်တွေကတော့ ကြမ်းရှရှဆိုပေမဲ့ နိုင်းရဲ့မျက်တောင်တွေ၊ မျက်ခုံးတွေကတော့ ထိလိုက်ရုံနဲ့ နူးညံ့ပျော့စင်းလို့။ မျက်တောင်လေးတွေဆို မထူဘဲ ခပ်ပါးပါးနှင့် အရောင်ဖျော့ပြီး ရှည်ရှည်လေးတွေ။ အပေါ်ကိုကော့တက်မနေဘဲ အောက်ကို စိုက်ကျနေတဲ့ မျက်တောင်မျိုး။ အသားအရည်ကလည်း ပါးလျလွန်းတာမို့ အတော်နီးနီးကပ်ကပ် ကြည့်လိုက်လျှင်ပင် ပါးပေါ်က ခရမ်းရောင် သွေးကြောမျှင်လေးတွေကအစ တွေ့ရသည်။ သွေးကြောမျှင်လေးတွေခပ်ရေးရေး ပေါ်နေတဲ့ အရေပြားတလျှောက် ကို ဝန်းရံခ လက်ဖျားလေးတွေနဲ့ တို့ထိနေမိရင်း ဒီကောင်လေးဟာ အရမ်းပိန်မနေရင် ပါးလေးက ပေါင်မုန့်တစ်လုံးလိုအိပြီးဖောင်းနေမှာဘဲ လို့တွေးလိုက်မိတော့ ဝန်းရံခ အသည်းယားသွားမိသည်။
ဘယ်လောက်ဘဲ ခက်ထန်ပြီး တလောကလုံးကို ဂရုမစိုက်ဟန်ဖမ်းထားပေမဲ့လည်း အိပ်နေချိန်ဆို နိုင်းက တကယ့်ကလေးလေးအတိုင်းပင်။ ထားပါ။ ဆယ့်ခုနှစ်နှစ်ဆိုတော့လည်း ကလေးပါဘဲလေ။ လူကြီးမှမဟုတ်သေးတာ။ ဒီကလေးလေးနဲ့ အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် အနမ်းတွေခြွေချရင်း တစ်ညတာလုံးကို ဖြတ်သန်းခဲ့တာကိုလည်း ပြန်အမှတ်ရလိုက်မိရော ဝန်းရံခ အူတွေအသည်းတွေယားပြီး တစ်ယောက်တည်း ပြုံးရယ်နေမိပြန်သည်။ အတွေးတွေကို လတ်စသတ်တဲ့အနေနဲ့ ဝန်းရံခ နိုင်းရဲ့နှာခေါင်းလေးကို ဖွဖွလေး ဖိနမ်းလိုက်ရင်း ကုတင်ပေါ်က ဆင်းလိုက်လေသည်။
ဗိုက်ဆာလာပြီလေ။ မိုးလင်းတာနဲ့ ဗိုက်ကဆာလာပြီဆိုတော့ နိုင်းရဲ့အနားမှာ မနေနိုင်တော့။ နိုင်းကတော့ အိပ်မောကျနေဆဲ..။
အဝတ်တွေကို ကောက်ဝတ်ပြီး ဝန်းရံခ အခန်းထဲက ထွက်လာတော့ အိမ်ကြီးက တိတ်ဆိတ်ခြောက်ကပ်လျှက်ပင်။ ပြတင်းပေါက်တွေကနေ တဝူးဝူးတိုးဝင်နေတဲ့ လေသံတွေက လွဲလျှင် တခြားအပ်ကျသံတောင် မကြား။ သဘာဝအလင်းရောင်က ပြတင်းပေါက်တွေကနေ တိုးဝင်နေလို့သာ တော်ရော့သည်။ မဟုတ်လျှင် တိတ်ဆိတ်မူမှာ မှောင်မိုက်မူပါ ကပ်ပါလာလျှင် ခြောက်ခြားစရာကောင်းမည်ဆိုတာ သေချာပေါက်ပင်...။
ဝန်းရံခ လှေကားတလျှောက် ဆင်းလာရင်း နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံတွေကို လိုက်ပတ်ကြည့်နေမိသည်။ မနေ့က နိုင်းဆွဲခေါ်သွားတာနဲ့ ဝန်းရံခမှာ သေချာမကြည့်ခဲ့ရ။ ဓာတ်ပုံတွေဟာ လှေကားတစ်ဖက်နံရံမှာတောက်လျှောက် စီတန်းချိတ်ထားတာမျိုး။ ကြည့်နေရင်းမှာဘဲ ဝန်းရံခသတိထားမိတော့သည်။ နိုင်းတို့ရဲ့မိသားစုဓာတ်ပုံလည်း မတွေ့ပါလား။
တခြားဝန်းရံခ မမြင်ဖူးတဲ့လူတွေရဲ့ မျက်နှာတွေ၊ ဦးမင်းမဟာရဲ့ ခပ်ငယ်ငယ်ကပုံကိုတောင် တခြားသူတွေနဲ့ ကြိုကြားကြိုကြားတွေ့လိုက်သေးသည်။ ဒေါ်မြမျက်ခြယ်ရဲ့ ပုံကတော့ အများဆုံးပင်။ ကြည့်ရင်း ဦးမင်းမဟာနဲ့ ဒေါ်မြမျက်ခြယ်တို့ လက်ထပ်တုန်းက ပုံကိုတွေ့လိုက်တော့ ဝန်းရံခ မိနစ်ဝက်လောက် သေချာကြည့်မိသေးသည်။ မိနစ်ဝက်ကြာသွားတယ်ဆိုတာ တခြားမဟုတ်။ မင်္ဂလာဆောင်ဓာတ်ပုံထဲမှာ မျက်မှောင်ကြီးချိုးချကာ မူန်ကုတ်နေတဲ့လူက ဦးမှဟုတ်ရဲ့လား လို့ သေချာစမ်းစစ်လိုက်ရခြင်းဖြစ်သည်။ ဝန်းရံခ သိထားတဲ့ ဦးကတော့ အမြဲလိုတက်ကြွရွှင်လန်းနေတတ်တဲ့သူလေ။ ချိတ်ထဘီအပွင့်ကြီးကြီးနှင့် အဖြူရောင်ဝမ်းဆက်ဝတ်ထားတဲ့ ဒေါ်မြမျက်ခြယ်ကတော့ ပန်းတွေဝေနေအောင်ပန်ထားပြီး မျက်နှာမယ်လည်း အပြုံးတွေဝေဆာလို့။