Ep -23
" ကိုကိုအိပ်ပုတ်် ထတော့ ။ "
သူ့ရင်ဘတ်ပေါ်ကနေ ဝမ်းလျားမှောက်ပြီး နှာခေါင်းကိုလာဆွဲသည့် လက်နုနုလေး။နာသည်တော့မဟုတ်ပေမဲ့ အိပ်ပျော်နေသူအဖို့ အနှောက်အယှက်သေးသေးလေးဖြစ်နေခဲ့သည်။
" ခဏလေးပါ သားသားရာ ။ ကိုကို အိပ်ရေးမဝသေးလို့ "
" ဟင့်အင် မရဘူး ။ အခုထ ။ သားတောင် နိုးနေပြီကို ။ ကိုကိုက အခုထိအပျင်းကြီးနေတယ်။ထပါကိုကိုရာ ။ မကြီးမျှော်နေလိမ့်မယ် "
ပါးစပ်ကလည်း တတွတ်တွတ်ပြောနေသလို လက်ပိစိတွေကလည်း အငြိမ်မနေ။သူ့မျက်လုံးတွေကို ဖြဲလို့ဖြဲ ။ သူ့ပါးတွေ ဖဲ့လို့ဖဲ့နဲ့ အလုပ်ရှုပ်နေတော့တာပဲ။
" ကလေးလေးရာ ။ မဆိုးစမ်းပါနဲ့ ။ ခဏလေးပါဆိုကွာ "
သူ့မျက်နှာပေါ်က လက်သေးသေးဖောင်းဖောင်းတွေကို အတင်းဖယ်ချပြီး ဘေးကိုစောင်းလိုက်တော့ သူနှင့်အတူလိမ့်ပါလာသော ကိုယ်လုံးပြည့်ပြည့်ကလေး။အသံတို့ကတော့ တိတ်ကျသွားသည်။
ညကညဥ့်နက်မှအိပ်ရသည်ကြောင့် မျက်လုံးတို့ကကျိန်းဖန်ပြီး အောင့်နေသည်။ထို့ကြောင့် နွေးအိနေသည့်ပေါက်စီလုံးလေးအား ပွေ့ပိုက်ရင်း ထပ်ပြီးအိပ်စက်ပစ်လိုက်၏။အဆိုးလေး၏အသံစာစာကို မကြားရတော့ပေမဲ့ ငြိမ်နေပေးသောကြောင့်လည်း သူအများကြီးမတွေးဖြစ်ခဲ့။တကယ်တော့ အသံလေးဆိတ်သွားခြင်းဟာ သူ့ရင်ကိုမုန်တိုင်းဝင်မွှေဖို့ အချက်ပေးလိုက်သည်မှန်း အဲ့အချိန်က သူမရိပ်မိခဲ့ပေ။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
သူအိပ်ရာနိုးတော့ မနက်၁၀ နာရီရှိနေပြီဖြစ်သည်။ထို့ကြောင့် ရေချိုးခန်းအမြန်ဝင်ကာ ခပ်သုတ်သုတ်ရေချိုးရတော့သည်။ရေချိုးပြီး ပြန်ထွက်လာတော့ သူ့အိပ်ရာတွေသိမ်းနေသည့်အမေ့ကို တွေ့ရ၏။
" သားသားတော့ အပြင်ထွက်သွားပြီ သားနွေရေ ။ အမေ့လည်း ဘာမှပြောမသွားဘူး။ဘာလဲ? ညီအစ်ကိုတတွေ စိတ်ကောက်ကြပြန်ပြီလား? "
" ဗျာ! သားသား အပြင်တစ်ယောက်တည်း သွားတယ် ။ ဟာကွာ..ဒီကောင်လေး "
သူ အဝတ်အမြန်ဝတ်ပြီး အမေ့စကားကိုတောင်ပြီးအောင်နားမထောင်တော့ဘဲ အပြင်သို့သာထွက်ခဲ့လိုက်တော့သည်။ဆိုင်ကယ်လည်းမမောင်းတတ် ၊ ကားလည်းမမောင်းတတ်သည့်သားသားကြောင့် သူပိုပြီးစိတ်ပူရသည်။သားသားဘာမှမလုပ်တတ်တာလည်း သူ့ကြောင့်ပင်။ဘယ်နေရာမဆို တစ်ယောက်တည်းစိတ်မချသည်ကြောင့် စက်ဘီးစီးတောင်သူမသင်ပေးခဲ့။ထို့ကြောင့်လည်း အမေ့ရဲ့ဆူပူမှုကို သူခဏခဏခံရမြဲ။
အခုလည်း ကားတစ်စီးဖြင့် ရပ်ကွက်ပတ်နေရပြန်သည့်သူ့အဖြစ်။တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် မျက်လုံးညောင်းသည်အထိရှာနေပါသော်လည်း အခုထိပေါက်စီလုံးလေး၏အရိပ်အယောင်လေးကိုပင်မတွေ့ရသေး။
စိတ်ပူလှပြီ ကလေးရာ!
ကိုကို မင်းကို ဘယ်အချိန်ထိရှာနေရဦးမှာလဲ?
ကိုကို့နှလုံးသားတွေ ကျင်ထုံနေပြီမို့ မြန်မြန်လေးကိုကိုကို့ထံ ရောက်လာခဲ့ပါတော့။ရုတ်တရက် မျက်လုံးထောင့်မှဖျတ်ခနဲတွေ့လိုက်ရသည့် အရိပ်လေး။သူ ကားကိုချက်ချင်းရပ်ပစ်ပြီး ထိုလမ်းကြားလေးထဲ အပြေးဝင်လာခဲ့လိုက်သည်။မှတ်မှတ်ရရ။ဒီလမ်းကြားဟာ သားသား၏အိပ်မက်ဆိုးတွေစတင်ပေါက်ဖွားခဲ့သည့် နေရာတစ်ခုဖြစ်သည်။
" ကလေးလေး! "
လမ်းဘေးနေရာလေးမှာ ဒူးလေးပိုက်ထိုင်နေသည့်သားသားက သူ့ခေါ်သံကြောင့် ခေါင်းလေးမော့ကာကြည့်လာသည်။လခြမ်းကွေးလေးများမှာတော့ မျက်ရည်စတို့ဝေ့သီနေလျက်။
" ဘာလို့ ဒီနေရာကိုရောက်နေတာလဲ? လာ ကိုကိုနဲ့ပြန်လိုက်ခဲ့ "
သူ တကယ်ကိုစိတ်ပူသွားခဲ့သည်။အရုပ်ကလေးလိုငြိမ်သက်နေသည့်ကသားသားက ဘာလို့များ ဒီနေရာကိုမှထိုင်နေရသလဲ?ဒီလမ်းကြားကအဖြစ်အပျက်ကြောင့် နှစ်ရက်လောက်ထိကယောင်ချောက်ချားဖြစ်သွားတာကို ဒီကလေးမမှတ်တော့လို့များလား? သူတွေးရင်း စဥ်းစားမရဖြစ်လာခဲ့တော့သည်။
" ကိုကို့.."
ထိုစဥ် ခေါ်သံတိုးတိုးလေးတစ်ခု။သူမေးငေါ့ပြီး စိုက်ကြည့်လိုက်တော့ ဖြူဖွေးဖောင်းလုံးနေသည့်လက်ကလေးတစ်ဖက်က သူ့လက်တစ်ဖက်ကို ဖြည်းဖြည်းလှမ်းဆွဲလာသည်။