Zawgyi //
တိတ်ဆိတ်မှုနဲ့ခြောက်ခြားစရာကောင်းတဲ့ မာညာတိုင်းရဲ့တရားရုံးတော် ။
မြင်မြင်သမျှအရာတိုင်းဟာ အနီရောင်တို့ဖြင့်ဖုံးလွှမ်းနေပြီး ကြောက်စိတ်ဖြစ်ပေါ်အောင် တမင်ဖန်တီးထားပုံရသည် ။ အနီရောင်ကိုမှ သွေးရောင်ပေါက်နေတဲ့ အနီရောင် ။
တရားရုံးကအမတ်တွေရဲ့ဝတ်ရုံကအစ အနီရောင်တွေဖြစ်ပြီး အရှင့်ရဲ့ဝတ်ရုံတော်ဟာလည်း ယနေ့မှပိုပြီးသွေးနီရောင်လွှမ်းနေသည် ။
" အပြစ်သားကို ဆွဲခေါ်ခဲ့ "
တရားရေးရာအမတ်ရဲ့စကားအဆုံးမှာ ရဲမက်နှစ်ယောက်က သူ့ကိုလက်ပြန်ကြိုးနှင့်တုပ်ပြီး လက်မောင်းရင်းကနေမညှာမတာဆွဲခေါ်ကာ ခုံရုံးရှေ့မှာဒူးတုပ်လျှက် ထိုင်စေသည် ။
" အပြစ်သားဆာရာယောင်း ။ အရှင်ဂျွန်ကိုလုပ်ကြံကြောင်း အသင်ဝန်ခံသလား "
တရားရေးရာအမတ်ရဲ့အမေးကိုမဖြေခင် အရှင့်ရဲ့မျက်နှာအား စေ့စေ့မော့ကြည့်ကာ ပါးတစ်ခြမ်းရွဲ့ပြီး သူပြုံးလိုက်သည် ။
အရှင်သည် သူ့အားစူးရဲစွာစိုက်ကြည့်လို့နေသည် ။ တစ်ဖန် အရှင့်ရဲ့မျက်လုံးတွေသည် အေးစက်စက်နိုင်လှသည် ။
" အရှင်ဂျွန့်ကိုလုပ်ကြံခဲ့တာ မှန်ပါတယ် "
တရားရေးရာအမတ်ရဲ့အမေးကိုဖြေနေသော်လည်း သူသည်အရှင့်ထံမှအကြည့်ကိုမလွှဲမိ ။ အရှင့်အားစိုက်ကြည့်ရင်း ပြုံးပြုံးလေးသာ ပြန်ဖြေမိသည် ။
သနားစရာကောင်းလွန်းတဲ့အရှင်ဟာ လက်သီးကိုတင်းတင်းဆုပ်ပြီး ကျယ်လောင်စွာတောက်ခေါက်လိုက်သည် ။ အရှင့်ရဲ့ပုံစံကိုကြည့်ပြီး သူထပ်ပြုံးလိုက်မိသည် ။ ဒေါသတွေသိပ်ထွက်နေသလား အရှင် ။
" တောက် ... မင်းရဲ့မျက်နှာကို ငုံ့ထားစမ်းဆာရာယောင်း ။ မင်းမှာငါကိုယ်တော်ကိုမော်ဖူးပိုင်ခွင့်မရှိဘူး ။ ငါလိုဘုရင်မင်းမြတ်ကိုစူးရဲစွာစိုက်ကြည့်ပိုင်ခွင့်မင်းမှာမရှိဘူး ဆာရာယောင်း ။ ငါကိုယ်တော်ရဲ့အရှေ့ရောက်ရင် မင်းရဲ့ဦးခေါင်းကိုအမြဲတမ်းဦးညွှတ်ထားရမယ်ဆိုတာ စွဲနေအောင်မှတ်ထားလိုက် ။ "