one short

94 14 4
                                    

လေတစ်ချက်တိုက်တိုင်း သစ်ပင်ပေါ်က ကြွေကျလာတဲ့ သစ်ရွက်တွေကို ကြည့်ရင်း ကျွန်မစိတ်ပျက်မိသည်။လေလေးတစ်ချက်ဝှေ့တိုင်း ကြွေကျပြီး မြေခဖို့လိုလို့လား။အလကား ပျော့ညံ့လိုက်တာ။တကယ်ဆို ဘယ်လောက်တိုက်တိုက် ခံနိုင်ရည်ရှိသလောက် တောင့်ခံထားရမယ် မဟုတ်လား။

စိတ်ပျက်စရာမြင်ကွင်းကို မျက်ကွယ်ပြုပြီး အခန်းထဲသို့ပြန်ဝင်ခဲ့သည်။ဒါကို သဘာဝအလှလို့ ကျွန်မ မမြင်နိုင်ပါ။ကြွေကျသွားတဲ့ သစ်ရွက်တွေကို ဘယ်သူကများ သဘာဝရဲ့အလှတရားတွေဆိုပြီး ဂရုတစိုက် ယုယပေးဖူးလို့လဲ။တကယ်တော့ လူတွေက သစ်ရွက်တွေ ကြွေကျတဲ့မြင်ကွင်းတွေကိုပဲ သဘောကျတာပါ။

"အဟက်"

အခန်းထဲရောက်ပြန်တော့ စားပွဲပေါ်က ဓာတ်ပုံထဲမှာ ပြုံးနေတဲ့ သူမက ကျွန်မကို လှောင်ရယ်နေပြန်သည်။သူမကို ကြည့်ပြီး အသက်မပါတဲ့ ရယ်သံတွေကို အသက်သွင်းမိသည်။အခန်းထဲမှာ ခြောက်ကပ်ကပ်ရယ်သံတွေက ထိတ်လန့်စရာအတိ။အေးစက်စက်နာရီသံက တစ်ချက်ချက် ကျယ်လောင်စွာ ထွက်ပေါ်လျက်။ခြောက်ကပ်နေတဲ့ သဇင်ပန်းတွေနဲ့ ဘာအလှဆင်တန်ဆာမှ မရှိတဲ့ ဒီအခန်းငယ်ဟာ စိတ္တဇဆန်စွာပင် ကြောက်လန့်ဖွယ်ကောင်းလှသည်။

" ကိုယ့်ကိုထားသွားပြီး ဘယ်နေရာမှာ ပျော်နေတာလဲ အသက်‌။မင်း စခဲ့တဲ့ ဇာတ်လမ်းကို ကိုယ်က အလွမ်းတွေကြားမှာ ဇာတ်သိမ်းပေးနေရတာတော့ အသက် မတရားဘူး မဟုတ်လားလေ"

အမှောင်ချထားတဲ့ အခန်းငယ်က 26နှစ်အရွယ် အမျိုးသမီးတစ်ယောက်အတွက် စိတ်ကူးယဉ်ဆန်ဆန် ပျော်ရွှင်စရာပုံရိပ်များရှိမနေပါ။သွေးမထွက်တဲ့ ဒဏ်ရာတွေကို ဆားသိပ်ရင်း ဒီအခန်းထဲမှာ ကျွန်မကိုယ်ကျွန်မ ဒဏ်ရာတွေကြားလှောင်ပိတ်ထားတာ 3နှစ်ကျော်ခဲ့ပြီ။ချန်ထားခဲ့တဲ့ သူမရဲ့ အထိအတွေ့၊သူမရဲ့နှုတ်ခမ်းပါးပါး၊သူမရဲ့ ဆံနွယ် ဒါတွေအားလုံးဟာ ကျွန်မအတွက် ထပ်မံထိတွေ့နိုင်ဖို့ မျှော်လင့်ခွင့်ရှိမလား မသေချာပေမယ့် ကျွန်မက အဲ့ဒီအရာတွေကိုမှ မက်မက်မောမော။

ဘယ်ဆီဘယ်ဝယ် နားခိုနေမှန်းမသိတဲ့ စွန်ငယ်လေးဟာ သံယောဇဉ်ကြိုးလေးကိုဖြတ်ပြီး အဝေးကို လွှင့်မျောသွားခဲ့ပေမယ့် စွန်ကြိုးကိုင်ထားတဲ့ လူသားကတော့  ပြန်လာမယ့်စွန်ငယ်လေးကိုမျှော်ရင်း နာကျင်စွာနဲ့ ရစ်ဘီးလေးကို မလွှင့်ပစ်နိုင်ခဲ့ဘူးလေ။အရာထင်ပြီး သွေးမထွက်တဲ့ ဒဏ်ရာအတွက် မည်သူ့မှာ အပြစ်ရှိပါသနည်း။နာကျင်ပေမယ့် ဂရုစိုက်မယ့်သူမရှိတဲ့အခါ ဒဏ်ရာတွေကို ထုတ်ဖော်မပြသင့်ဘူးမဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Jun 13, 2022 ⏰

Add this story to your Library to get notified about new parts!

Be beside the pointWhere stories live. Discover now